ဝမ်ပေါင်လဲ့မှာ မီးအိမ်လှော်တက်လေးကို ဆုပ်ကိုင်ကာ အနက်ရောင်ဝတ်ရုံအား ဆင်မြန်းလိုက်ပြီးနောက် မျက်လုံးများမှိတ်၍ မြေအောက်ကမ္ဘာကြီးထဲတွင် မတ်တတ်ရပ်နေလိုက်၏။ သူ၏ အသိစိတ်ထဲတွင်မူ မိုးခြိမ်းသံများ မြည်ဟည်းနေသကဲ့သို့ ဖြစ်နေပြီး သူ၏ အတွေးထဲ၌ ပုံရိပ်တစ်ခုပေါ်ပေါက်လာ၏။
သူသည် ဧရာမလှေကြီးတစ်စင်းကို မြင်လိုက်ရ၏။ ၎င်းမှာ မြေကြီးအောက်တွင် နစ်မြုပ်နေပြီး ကိုက်ရာပေါင်းများစွာ ရှည်လျားကာ အစမှအဆုံးအထိ အနက်ရောင်ဖြစ်နေ၏။ ထိုလှေကြီး တစ်စင်းလုံးနီးပါးမှာ ရစရာမရှိအောင် ပျက်စီးနေပြီဖြစ်ပြီး ဧရာမ အက်ကွဲကြောင်းကြီးများဖြင့် ပြည့်နှက်နေ၏။
ထိုအက်ကွဲကြောင်းများထဲမှ အမှောင်ချီများ အဆက်မပြတ် စိမ့်ထွက်နေပြီး မြေကြီးများနှင့် တစ်သားတည်း ပေါင်းစည်းသွားသောကြောင့် ထိုမြေအောက်နယ်မြေကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိနေ၏။ ထို့ကြောင့် ထိုနယ်မြေကြီး တစ်ခုလုံးမှာ အမှောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုမြင်ကွင်းကြီးမှာ လုံးဝယုတ္တိမရှိပေ။ ကိုယ်ထည်တစ်ခုလုံး၏ ကိုးဆယ်ရာခိုင်နှုန်းနီးပါး ပျက်စီးနေပြီဖြစ်သော လှေတစ်စင်းမှာ ရှေးယခင်ကတည်းက တစ်စစီ ပြိုလဲပျက်စီးသွားရမည်သာ ဖြစ်သည်။ သို့သော် သူ၏ အသိစိတ်ထဲတွင်ရှိနေသော ထိုလှေကြီးမှာမူ တမူထူးခြားသော စွမ်းအားတစ်ခုကြောင့် မပြိုမပျက်ဘဲ ရှိနေသေးသည့်ပုံပင်။ ၎င်းမှာ ရစရာမရှိလောက်အောင် ထိခိုက်ပျက်စီးနေသည့်တိုင်အောင် လှေတစ်စင်း၏ ပုံပန်းသွင်ပြင်အတိုင်း ရှိနေဆဲပင်။
ထို လှေကြီးမှာ အမှောင်သဗ္ဗန်ကြီး တစ်စင်းပင် ဖြစ်သည်။
၎င်းမှာ အင်္ဂါဂြိုဟ်၏ မြေကြီးအောက်တွင် နစ်မြုပ်နေခဲ့သောကြောင့် ဂြိုဟ်ကြီးတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များအပေါ် အကျိုးသက်ရောက်မှုရှိနေ၏။ မြေကြီးအောက်တွင် ပျံ့နှံ့နေခဲ့သည် အမှောင်ချီများမှာ ဂြိုဟ်တစ်ဝက်တိတိကို ဖုံးလွှမ်းနေပြီဖြစ်သည်။ ထိုအမှောင်ချီများကြောင့် ဆင့်ကဲဖြစ်စဉ် တိုးတက်ပြောင်းလဲမှုများနှင့် သန္ဓေပြောင်းလဲမှုဖြစ်စဉ်များ အမြောက်အမြား ပေါ်ပေါက်လာရ၏။ ၎င်းမှာ သားရဲစီးကြောင်းများ ပေါ်ပေါက်လာရသည့် အကြောင်းအရင်းပင်ဖြစ်သည်။
၎င်းမှာ ရုပ်အလောင်းများအပေါ်တွင်ပါ အကျိုးသက်ရောက်မှုရှိသောကြောင့် သားရဲစီးကြောင်းများထဲတွင် ရှေးဟောင်းရုပ်အလောင်းကြီးများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိုအခြင်းအရာအားလုံး ဖြစ်သွားခဲ့ရသည်မှာ အမှောင်သဗ္ဗန်ကြီး၏ အံ့သြမှင်တက်ဖွယ်ရာ စွမ်းအားတစ်ခုထဲကြောင့်တော့ မဟုတ်ပေ။ အခြားအကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ အင်္ဂါဂြိုဟ်မြေကြီးအောက်၌ နစ်မြုပ်နေသည့် အမှောင်အဆောင်ပစ္စည်းမှာ အမှောင်သဗ္ဗန်ကြီးတစ်ခုတည်း ဖြစ်မနေသောကြောင့်ပင်။
မီးအိမ်လှော်တက်တစ်ချောင်းနှင့် အနက်ရောင်ဝတ်ရုံကြီးတစ်ခုလည်း ရှိနေသေးသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲရှိ အမှောင်သဗ္ဗန်ကြီး၏ဘေး၌ ၎င်းနီးပါး ကြီးမားနေသော ဧရာမလှော်တက်ကြီးတစ်ချောင်းကို မြင်လိုက်ရ၏။ ထိုလှော်တက်ကြီးမှာ ပို၍ပင် ထိခိုက်ပျက်စီးနေသည်ဖြစ်ပြီး အစိတ်အပိုင်း အနည်းငယ်မျှသာ ကျန်ရစ်တော့သည်။ ၎င်း၏ မီးအိမ်နှင့် လက်ကိုင်များမှာလည်း မရှိတော့ဘဲ ပြုတ်ထွက်သွားခဲ့သည့်ပုံပင်။
အမှောင်သဗ္ဗန်ကြီး၏ အခြားတစ်ဖက်တွင်မူ အနက်ရောင်ဝတ်ရုံကြီး ရှိနေ၏။ အလားတူပင် ၎င်းမှာလည်း အစိတ်အပိုင်း အနည်းငယ်မျှသာ ကျန်တော့သည်ဖြစ်သလို ၎င်း၏ အခြားအစိတ်အပိုင်းများမှာလည်း မည်သည့်နေရာသို့ ရောက်နေကြမှန်း မသိပေ။
ထို အမှောင်အဆောင်ပစ္စည်း သုံးခုမှာ အမှောင်ဂိုဏ်းမှ အမှောင်ကလေးငယ်တစ်ယောက် ပိုင်ဆိုင်သည့် အမှောင်အဆောင်ပစ္စည်းများ ဖြစ်ကြပေသည်။
” ဒီလောက်အထိ ထိခိုက်ပျက်စီးနေတာတောင်…
အင်္ဂါဂြိုဟ်မြေအောက်ကမ္ဘာကြီးနဲ့ အင်္ဂါဂြိုဟ်ပေါ်က မျိုးစိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေကိုပါ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေတဲ့ စွမ်းအားမျိုးတွေကို ပိုင်ဆိုင်ထားသေးတာပါလား…. ပြီးတော့ အင်္ဂါဂြိုဟ်ပေါ်မှာ အထပ်သုံးထပ်ရှိတဲ့ မြေအောက်ကမ္ဘာကြီးတစ်ခုကိုတောင် ဖန်တီးခဲ့သေးတာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ အသက်ပြင်းပြင်း ရှူမိသွား၏။ သူသည် မည်သည့်နေရာသို့ ရောက်နေမှန်း သိသွားပြီဖြစ်သည်။ သူသည် အမှောင်အဆောင်ပစ္စည်း၏ အတွင်းပိုင်းထဲသို့ ရောက်ရှိနေခြင်းဖြစ်၏။ ထိုနေရာတွင် နယ်မြေကြီးများကိုပင် တွန့်လိမ်ပုံပျက်သွားအောင် လုပ်နိုင်စွမ်းရှိသည့် မန္တန်တစ်ခု ရှိနေပြီး ထိုမန္တန်ကြီးကြောင့် ယခုလို အထပ်သုံးထပ်ရှိသော သုံးမြေအောက်ကမ္ဘာကြီး ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ အရွယ်အစားမှာ အံ့ဩမှင်တက် ဖွယ်ရာကောင်းလှပေသည်။
ဝမ်ပေါင်လဲ့မှာ အဆောင်ဝိညာဉ်သုံးခုအား တံဆိပ်ရိုက်နှိပ်ပြီးသွားပြီဖြစ်ရာ ယခုတွင် သူသည် အမှောင်အဆောင်ပစ္စည်း၏ သခင်အဖြစ်သို့ ရောက်သွားပြီဖြစ်သည်။ ထို အမှောင်အဆောင်ပစ္စည်း သုံးခုမှာ အရွယ်အစား ကြီးမားလွန်းနေသောကြောင့် ထိခိုက်ပျက်စီးသွားခဲ့ရပြီးနောက် ၎င်းတို့၏ အရွယ်အစားကို ပြန်၍သေးငယ်သွားအောင် မလုပ်နိုင်တော့ခြင်း ဖြစ်နိုင်ကြောင်း သူက တွေးမိလိုက်၏။ ၎င်းတို့အား အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြင်ဆင်ပြီးသွားသည်နှင့် အတွေးတစ်ချက်တည်းဖြင့် ၎င်းတို့၏ အရွယ်အစားကိုပါ ပြုပြင်နိုင်စွမ်းရှိနေမည်ဖြစ်သည်။
” အဲဒီ အမှောင်အဆောင်ပစ္စည်းသုံးခုသာ အရင်တုန်းကလို ထိပ်ဆုံးအဆင့်အထိ ရောက်သွားရင် ဘယ်လောက်များ အစွမ်းထက်နေမလဲမသိဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိသွားသောအခါ အံ့ဩတုန်လှုပ်သွားတော့သည်။ သူသည် အဖြေကို သိနေပြီးသားဖြစ်၏။ သူ၏ အမှောင်အိပ်မက်ထဲတွင် လေ့လာခဲ့သည့် အမှောင်အဆောင်ပစ္စည်းများနှင့် ပတ်သတ်သော အကြောင်းအရာများ အရဆိုလျှင် အမှောင်အဆောင်ပစ္စည်းများကိုသာ အဆုံးထိ ပြုပြင်ပေးနိုင်မည်ဆိုပါက ၎င်းမှာ အမှောင်ကလေးငယ်တယောက်အား စကြာဝဠာကြီးထဲ၌ လှည့်လည်သွားလာရာတွင် ကူညီပေးနိုင်မည့် အစွမ်းထက်လက်နက်များအဖြစ် ပြောင်းလဲသွားကြမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကြောင့် စိတ်လှုပ်ရှားလာရပြီးနောက် တစ်အောင်ခန့်ကြာပြီးမှ အသက်ပြင်းပြင်းရှူကာ ရုတ်တရက်ဆိုသလို ဆိုလိုက်၏ ” အဆောင်ဝိညာဉ်တွေ။ မင်းတို့ရဲ့ သက်ဆိုင်ရာ အမှောင်အဆောင်ပစ္စည်းတွေရဲ့ ထိခိုက်ပျက်စီးမှုနှုန်းတွေကို ငါ့ကို တင်ပြကြစမ်း ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ အဆောင်ဝိညာဉ်များ၏ အသံများမှာ သူ၏ခေါင်းထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ၎င်းတို့မှာ ရိုသေလေးစားမှုအကြည့်ရှိပြီး ထိတ်လန့်တုန်လှုပ်နေကြသည့် လေသံများဖြင့် ပြန်ဖြေလိုက်ကြ၏။
” သခင်။ မီးအိမ်လှော်ကလေးရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းတိတိက ပျက်စီးသွားပါပြီ။ အဲဒီ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေက ဘယ်နေရာမှာ ရှိနေမှန်းကိုလည်း အာရုံမခံနိုင်ပါဘူး။ လက်ကျန် လေးဆယ်ရာခိုင်နှုန်းကလည်း ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးနေပြီ။ ဥပဒေသစွမ်းအားကြောင့်သာ အဲဒီလှော်တက်လေးက တစ်စစီ ဖြစ်မသွားဘဲ အကောင်းအတိုင်း ရှိနေသေးတာပါ ”
” သခင်။ အမှောင်ဝတ်ရုံကလည်း အတူတူပါပဲ။ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ မရှိတော့ပါဘူး… ကျန်တေသေးတဲ့ အစိတ်အပိုင်း တော်တော်များများကလည်း ထိခိုက်ပျက်စီးနေပါပြီ ”
ကောင်ကလေးနှင့် တော်ဝင်ညွှန်ကြားရေးမှူး၏ ဖြေများကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲသွားရ၏။ အမှောင်အဆောင်ပစ္စည်း သုံးခုမှာ ရစရာမရှိလောက်အောင် ပျက်စီးနေကြသည်မဟုတ်ပါလော။ အထူးသဖြင့် အနက်ရောင်ဝတ်ရုံကြီးမှာဆိုလျှင် ဝတ်ရုံနှင့်ပင် မတူတော့ပဲ အဝတ်စများနှင့်ပင် တူနေပြီဖြစ်သည်…
” သုံးစားမရပါလား။ ငါ စိတ်လှုပ်ရှားမိခဲ့တာ အလကားပဲ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွား၏။
” သခင်။ ကုန်ကြမ်းပစ္စည်းတွေ အလုံအလောက်ရှိမယ်ဆိုရင် အမှောင်အဆောင်ပစ္စည်းတွေက သူ့အလိုလို ပြုပြင်နိုင်စွမ်းရှိပါတယ်။ ဘယ်အမှောင်အဆောင်ပစ္စည်းပဲ ဖြစ်ဖြစ် ဆယ်ရာခိုင်နှုန်းလောက် အလုပ်လုပ်နိုင်စွမ်းရှိရုံနဲ့ ထာဝရဝိညာဉ်အဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ တိုက်ကွက်တွေကို ခုခံနိုင်စွမ်းရှိတဲ့ အကာအကွယ်ဒိုင်းကာတစ်ခုကို အမြဲတမ်း ဖန်တီးပေးထားနိုင်မှာပါ ” အမှောင်အဆောင်ပစ္စည်း၏ ထိုစကားကြောင့် ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက်များ ပြန်လည်ရှင်းသန်လာရ၏။ ထို့အပြင် သူသည် အမှောင်အဆောင်ပစ္စည်းများ၏ စွမ်းအားကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။
” ဆယ်ရာခိုင်နှုန်းတည်းနဲ့ အဲ့လောက်အထိ ရတယ်ပေါ့။ အဲ့ထက် ပိုမြင့်နေမယ်ဆိုရင်ရော ”
” အမှောင်သဗ္ဗန်ကြီးကို သုံးဆယ်ရာခိုင်နှုန်းအထိ ပြုပြင်ပေးနိုင်မယ်ဆိုရင် ထာဝရဝိညာဉ်သာလွန်အဆင့်ရှိတဲ့ တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ စွမ်းအင်တော့ အများကြီးသုံးရမယ်။ ဒုတိယတစ်ကြိမ် ထပ်ပြီးတော့ အသုံးပြုချင်တယ်ဆိုရင် ပြုပြင်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ ပိုပြီးတော့လိုအပ်မှာ။ မီးအိမ်လှော်တက်နဲ့ အမှောင်ဝတ်ရုံကြီးရဲ့ နဂိုမူလ အစိတ်အပိုင်းတွေက မရှိတော့တာမလို့ အမှောင်သဗ္ဗန်ကြီးကို အရင်ဆုံးပြုပြင်ဖို့ ကျနော် အကြံပေးပါရစေ ” အမှောင်သဗ္ဗန်ကြီး၏ အဆောင်ဝိညာဉ်က ထိုသို့လျှောက်တင်လိုက်ပြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများအား စာရင်းပြုစုထားသည့် စာရင်းတစ်ခုကို ဝမ်ပေါင်လဲ့ဆီသို့ ပေးလိုက်၏။
ယခင်တုန်းကသာဆိုလျှင် ကောင်ကလေးနှင့် တော်ဝင်ညွှန်ကြားရေးမှူးတို့မှာ အမှောင်သဗ္ဗန်ကြီး၏ အဆောင်ဝိညာဉ်အား ကန့်ကွက်ကြမည်ဖြစ်ပါသော်လည်း ယခုတွင်မူ သူတို့မှာ အခြားရွေးချယ်စရာ မရှိသောကြောင့် အလျှော့ပေးလိုက်ရပြီး အမိန့်များကို တဝေမသိမ်း နာခံလိုက်ရတော့သည်။ လက်ရှိတွင် အမှောင်သဗ္ဗန်ကြီးမှစ၍ ပြုပြင်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေသည် မဟုတ်ပါလော။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရ၏။ သို့သော် သူသည် လိုအပ်သော ကုန်ကြမ်းပစ္စည်းစာရင်းကို ဖတ်ရှုပြီးသွားသောအခါ သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်မိလိုက်တော့သည်။ အမှောင်သဗ္ဗန်ကြီးအား ပြုပြင်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ အလွန်အင်မတန်မှ များပြားလွန်းနေ၏။ ၎င်းတို့ထဲမှ အများစုမှာ ရှားပါးပစ္စည်းများဖြစ်ကြပြီး အချို့မှာဆိုလျှင် ကြယ်တာရာရင်းမြစ်များပင် ဖြစ်နေကြ၏…
ဝမ်ပေါင်လဲ့တစ်ယောက် ဓမ္မလက်နက်များ သန့်စင်ရာ၌ အသုံးပြုခဲ့ဖူးသည့် ကုန်ကြမ်းပစ္စည်းများအားလုံးမှာ ဤစာရင်းထဲတွင်ရှိနေသော ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုး၏ တစ်သောင်းပုံတစ်ပုံပင် မရှိပေ။ ထို့ကြောင့် သူသည် သက်ပြင်းချလိုက်ရ၏။
” ဒီလို ကုန်ကြမ်းပစ္စည်းတွေနဲ့သာဆိုရင် ငါ နတ်ဘုရားလက်နက်တွေတောင် ဖန်တီးလို့ရနေပြီ ”
” သခင်။ ရတာကတော့ ရတာပေါ့။ ဒါပေမဲ့ အဲဒီလက်နက်တွေမှာ ဥပဒေသစွမ်းအားတွေ ရှိနေမှာမဟုတ်ဘူး။ အဲ့တာမလို့ သူတို့က အဆင့်နိမ့် နတ်ဘုရားလက်နက်တွေပဲ ဖြစ်နေမှာ ” တော်ဝင်ညွှန်ကြားရေးမှူးက သူ၏ အသုံးဝင်မှုကို ထုတ်ပြနိုင်ရန် လှေဝိညာဉ်ကြီး စကားတစ်ခွန်းမှ မပြောနိုင်ခင် အရင်ဦးအောင် ပြောလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အရောင်လက်သွား၏။ သူသည် အမှောင်အိပ်မက်ထဲတွင် ရှိခဲ့စဉ်တုန်းက စာအုပ်ပေါင်းမြောက်မြားစွာကို ဖတ်ရှုခဲ့ပါသော်လည်း နတ်ဘုရားလက်နက်များနှင့် ပတ်သက်သည့် အချက်အလက် တစ်ခုတလေကိုပင် ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ထပ်မေးမိလိုက်၏။
” အဆင့်နိမ့် နတ်ဘုရားလက်နက် ဟုတ်လား ”
” ဟုတ်ပါတယ် သခင်။ နတ်ဘုရားလက်နက်တွေကို အဆင့်နိမ့် နတ်ဘုရားလက်နက်၊ အလယ်အလတ်အဆင့် နတ်ဘုရားလက်နက်၊ အဆင့်မြင့် နတ်ဘုရားလက်နက်နဲ့ ထိပ်ဆုံးအဆင့် နတ်ဘုရားလက်နက်ဆိုပြီး အဆင့်တွေ ခွဲထားတာပါ။ အဲဒီအဆင့် တစ်ခုချင်းစီက မိုးနဲ့မြေလို ကွာခြားပါတယ်။ ” ကောင်ကလေးမှာ အကယ်၍ သူတို့သာ အမှောင်သမ္ဗန်ကြီးမှစ၍ ပြုပြင်လိုက်မည်ဆိုပါက သူ၏တန်ဖိုးမှာ လျော့ကျသွားနိုင်သည်ဖြစ်ကြောင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည်လည်း အလောတကောနှင့် ဝင်ပြောလိုက်ခြင်းဖြစ်သည်။
” မင်းတို့တွေ ပြည်ထောင်စုကြီးရဲ့ နတ်ဘုရားလက်နက်ကို မြင်ဖူးလား။ အဲဒီ နတ်ဘုရားလက်နက်ကရော ဘာအဆင့်လဲ ” ဝမ်ပေါင်လဲ့မှာ ချက်ချင်း မေးလိုက်၏။
” မြင်တော့မမြင်ဖူးဘူး။ ဒါပေမဲ့ အာရုံတော့ခံဖူးတယ်။ အဲ့တာ အဆင့်နိမ့် နတ်ဘုရားလက်နက်တစ်ခုပါ ”
” အဆင့်နိမ့် နတ်ဘုရားလက်နက် ဟုတ်လား။ အဲ့တာဆို အမှောင်အဆောင်ပစ္စည်းကရော ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာရတော့သည်။
” အမှောင်အဆောင်ပစ္စည်း သုံးခုစလုံးက အလယ်အလတ်အဆင့် အဆောင်ပစ္စည်းတွေပါ။ သူတို့သုံးခုစလုံးကို အဆုံးအထိ ပြုပြင်နိုင်မယ်ဆိုရင် အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုရဲ့ အစွမ်းကို ထုတ်လွှတ်နိုင်မှာ ဖြစ်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုအဖြေကို ကြားလိုက်ရသောအခါ အလွန်အမတန်မှ စိတ်လှုပ်ရှားသွားရပြီး အသားများပင်တုန်ရီလာတော့သည်။ သူ၏ မျက်ဝန်းများမှာ စူရှတောက်ပလာပြီး သူ၏ နှလုံးသားထဲတွင်လည်း မီးမုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင်။ သူသည် လမ်းဘေးသို့ရောက်နေသည့် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားသော ရတနာတစ်ခုကို ကောက်ရလိုက်သကဲ့သို့ပင်။ သူသည် ပြည်ထောင်စုကြီး၏ နတ်ဘုရားလက်နက်မှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အလွန်အင်မတန်မှ အစွမ်းထက်သော လက်နက်ကြီးတစ်ခု ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော်လည်း ၎င်းမှာ အဆင့်နိမ့် နတ်ဘုရားလက်နက်တစ်ခုသာ ဖြစ်နေသည်။ သူ၏ အမှောင်အဆောင်ပစ္စည်းမှာမူ အဆုံအထိ ပြုပြင်ပြီးသွားပါက အဆင့်မြင့် နတ်ဘုရားလက်နက်အဖြစ်သို့ ရောက်ရှိသွားမည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် လိုအပ်သော ကုန်ကြမ်းပစ္စည်းများအားလုံးကို ချက်ချင်းပင်စုစည်းကာ သူ၏ အမှောင်အဆောင်ပစ္စည်းအား အကောင်းပတိအတိုင်း ပြန်ဖြစ်သွားအောင် ပြုပြင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရပြီး မျက်လုံးများ နီမြန်းလာရတော့သည်။ သူသည် နှစ်ပေါင်းတစ်ထောင်တိတိ အစာရေစာ ငတ်ပြတ်နေခဲ့သော ဖုတ်ကောင်ကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။ ထို့နောက် သူသည် သူ၏ နီရဲရဲ မျက်ဝန်းကြီးများဖြင့် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။
” ကုန်ကြမ်းပစ္စည်းတွေ… ငါ ကုန်ကြမ်းပစ္စည်းတွေ အများကြီးလိုတယ် ” ဝမ်ပေါင်လဲ့မှာ တတွတ်တွတ် ရေရွတ်နေတော့သည်။ ထိုအခိုက်အတန့်တွင် လူသုံးယောက်၏ ပုံရိပ်မှာ သူ၏ အတွေးထဲ၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အခြားဂြိုဟ်မှ ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးယောက်ပင် ဖြစ်သည်။
” သူတို့ဆီမှာ ကုန်ကြမ်းပစ္စည်းတွေအများကြီး ရှိနေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏နှုတ်ခမ်းအား လျှာဖြင့်လျှက်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူနှင့် အမှောင်အဆောင်ပစ္စည်း၏ ကြားရှိ ဆက်သွယ်မှုကြောင့် သူသည် ၎င်းမှာ ၎င်း၏ အရွယ်အစားကို သေးငယ်သွားအောင် လုပ်နိုင်မည်မဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ပြင်ပကမ္ဘာထဲတွင် ၎င်းတို့အား အသုံးပြုရန် အခက်တွေ့နေရမည် ဖြစ်ရာ ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မည် မဟုတ်ပေ။ သို့သော် အမှောင်အဆောင်ပစ္စည်းထဲရှိ ၎င်းဖန်တီးထားသော အထပ်သုံးထပ်ပါရှိသည့် ကမ္ဘာကြီးထဲတွင်မူ… သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။
သူသည် အလွန်အင်မတန်မှအစွမ်းထက်သော ကျင့်ကြံသူများကို ယှဉ်နိုင်မည် မဟုတ်သော်လည်း အဆောင်ဝိညာဉ်များ၏ အစွမ်းများကို စုစည်းလိုက်မည်ဆိုပါက ထို ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးယောက်ကိုမူ ယှဉ်ပြိုင်တိုက်နိုင်ပေသည်။
” သွားကြစို့။ အမှောင်သမ္ဗန်ကြီးကို ပြုပြင်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေ သွားယူကြမယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးလိုက်ပြီး သူ၏ လက်ထဲတွင်ရှိနေသည့် ပုံရိပ်ယောင် လှော်တက်မီးအိမ်ကြီးကို ရှေ့သို့ညွှန်ပြလိုက်၏။ ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲ၌ ထစ်ချုန်းသံများပေါ်ထွက်လာပြီး အထပ်သုံးထပ်ပါသော မြေအောက်ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွားတော့သည်။ ထို့နောက် တစ်ပြိုင်နက်တည်း ဆိုသလိုပင် နယ်မြေပေါင်းမြောက်များစွာမှ အလင်းရောင်များ ထွက်ပေါ်လာကြ၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ပခုံးပေါ်တွင်ရှိနေသော ပုံရိပ်ယောင် အနက်ရောင်ဝတ်ရုံကြီးမှာ လေထဲတွင် တလူလူလွင့်နေပြီး သူ၏ခြေထောက်အောက်တွင် ရှိနေသော အမှောင်သမ္ဗန်ကြီးမှာလည်း စတင် ရွေ့လျားလာတော့သည်။ ထိုသို့ဖြင့် သူတို့မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကောင်းကင်ယံထဲသို့ ပျံတက်သွားကာ ချောက်နက်ကြီးထဲသို့ ဝင်ရောက်သွားကြပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။
မိုက်ပြီ