အပိုင်း(၂) အင်မော်တယ်များ
ရထားလုံးက လမ်းတစ်လျှောက်တွင် မြန်ဆန်စွာ ရွေ့လျားနေရာ ဝမ်လင်း၏ ခန္ဓာကိုယ်ကလည်း ကြမ်းတမ်းသော လမ်းကြောင့် မငြိမ်မသက် လိုက်ပါ လာရသည်။ သူ၏ လက်တွင်ကား သူ့မိဘများ၏ မျှော်လင့်ချက်များ ပါဝင်သည်။ သူကား ဆယ့်ငါးနှစ်ခန့် နေထိုင်ခဲ့သော သူ၏ ရွာမှ ထွက်ခွာ လာခဲ့ရသည်။
ခရီးက တာရှည်ရာ ဝမ်လင်းက ရထားလုံးထဲတွင်ပင် အိပ်ပျော်သွားခဲ့သည်။ သူ ပြန်နိုးလာသော အခါ အချိန်မည်မျှ ကြာမြင့် သွားသည်ကို သူ မသိတော့ပေ။ သူက မျက်လုံးကိုဖွင့်ကာ ဦးလေးလေးကို လှမ်းကြည့်သည်တွင် ဦးလေးလေးက ပြုံးလျက် ပြောလိုက်သည်။
“ ထေ့ကျူး … အိမ်က ပထမဆုံး ထွက်လာတာ ဘယ်လိုနေလဲ … ”
ဝမ်လင်းက ရထားလုံး ရပ်တန့်သွားသည်ကို သတိထားမိကာ ပြုံးသည်။
“ သိပ်ပြီးတော့ အထွေအထူး မရှိပါဘူး … ကျွန်တော့ကို အင်မော်တယ်တွေက ရွေးပါ့မလား ဆိုတာကိုပဲ စိုးရိမ်နေတာ … ”
ဦလေးလေးက ရယ်မောကာ ဝမ်လင်း၏ ပခုံးကို ပုတ်လျက်ပြောသည်။
“ သိပ်အများကြီး မတွေးနဲ့ … ဒါက ဦးလေးရဲ့အိမ်ပဲ … အရင်ဆုံး သွားနားလိုက် … မနက်ဖြန် မနက် ငါမင်းကို မိသားစုဆီကို ခေါ်သွားမယ် … ”
ဝမ်လင်းက ရထားလုံးပေါ်မှ ဆင်းသည်နှင့် အုတ်ကြွပ်မိုး အိမ်တစ်လုံးကို တွေ့လိုက်ရသည်။ ဦးလေးလေးက ဝမ်လင်းအား အခန်းတစ်ခုသို့ ခေါ်သွားသည်။ ဝမ်လင်းက အိပ်ရာတွင် ထိုင်ကာ အိပ်မရ ဖြစ်နေသည်။
သူ၏ မိဘများ၊ ရွာနှင့် ဆွေမျိုးများ၏ အကြောင်းများ သူ့အာရုံထဲကို ဝင်ရောက်လာသည်။ သူက သက်ပြင်းချသည်။ အင်မော်တယ် တစ်ယောက်၏ တပည့်ဖြစ်ရန်က သူ့အတွက် ကြီးလေးသော တာဝန်တစ်ခု ဖြစ်လာသည်။
အချိန်များ ကုန်ဆုံးသွားသည်။ မနက်ခင်း၏ နေရောင်ခြည်က အခန်းထဲကို စွေစောင်း၍ ကျလာသည်။ ဝမ်လင်းက တစ်ညလုံး ကောင်းကောင်း အိပ်စက်ခဲ့ခြင်း မရှိသည့်တိုင် နံနက်ခင်းတွင် လွန်စွာ တက်ကြွလန်းဆန်း နေသည်။ ကြောက်စိတ် အနည်းငယ်မျှဖြင့် သူက ဦးလေးလေးနှင့် အတူ ဝမ်မိသားစု၏ ပင်မအိမ်တော်သို့ လိုက်ပါလာခဲ့သည်။
ဝမ်လင်းအတွက် ဤမျှ ကြီးမားသော အိမ်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ဦးလေးလေးက လမ်းလျှောက်နေရင်းက ပြောသည်။
“ ထေ့ကျူး … မင်းက မင်းအဖေ ဂုဏ်ယူရအောင် လုပ်ရမယ် … ဆွေမျိုးတွေဆီမှာ အောက်မကျစေနဲ့ … ”
ဝမ်လင်း၏ စိတ်က ပိုမို၍ တင်းမာလာခဲ့သည်။ သူကနှုတ်ခမ်းကို အနည်းငယ် ကိုက်ကာ ခေါင်းညိတ်သည်။
မကြာမီ ဦးလေးလေး က သူ့အား မြေကွက်လပ်ကျယ်ကြီး တစ်ခုသို့ ခေါ်သွားသည်။ ထေ့ကျူး၏ ဦးလေးတစ်က ထိုနေရာတွင် ရပ်နေသည်။ သူက ထေ့ကျူးကို မြင်သည်တွင် ခေါင်းညိတ်ကာ ပြောသည် ။
“ ထေ့ကျူး … အင်မော်တယ်တွေ လာတဲ့အခါ ပရမ်းပတာ မလုပ်နဲ့ … မင်းရဲ့ အစ်ကိုဝမ်ကျောက် အတိုင်းသာလုပ် … ”
လူကြီး၏ လေသံက အနည်းငယ် တင်းမာနေဟန် ရသည်။
ဝမ်လင်းက တိတ်ဆိတ်နေသည်။ သူက ပတ်ဝန်းကျင်ကို စွေကြည့်လျှင် ဝမ်ကျောက်၏ ဘေး၌ နောက်ထပ် လူငယ် တစ်ယောက်ကိုလည်း တွေ့ရသည်။ လူငယ်၏ အသားအရေက အနည်းငယ် မဲနက်ကာ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံက အနည်းငယ် ကြီးထွားသန်မာပြီး သူ၏ မျက်လုံးများက ညဏ်ကောင်းပုံရသည်။ သူ၏ အကျီက အနည်းငယ် ဖောင်းနေကာ တစ်စုံတစ်ခုအား ဝှက်ထားဟန်ရ၏။
သူက ထေ့ကျူးအား ကြည့်ကာ ပြေးလာပြီး နှုတ်ဆက်သည်။
“ဒါဆို မင်းက ဦးလေးနှစ်ရဲ့ သားပေါ့ … ငါ့နာမည်က ဝမ်ဟို … ”
ဝမ်လင်းက ပြုံးကာ ခေါင်းညိတ်သည်။
ဝမ်လင်းက သူ့အား လျစ်လျူရှု ထားသည်ကို လူကြီးက မြင်သည်တွင် ကြိမ်းမောင်းမည် လုပ်သည်။
ထိုအခိုက်တွင်ပင် ကောင်းကင်မှ တိမ်များ ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ဓားအလင်းတစ်ခုက လျှပ်စီးအလား ဆင်းသက်လာသည်။ အလင်း ပျောက်ကွယ် သွားသောအခါ စူးရှသော မျက်လုံးနှင့် လူငယ်တစ်ယောက်က ရပ်နေသည်ကို မြင်ကြရ၏။ သူ၏ အေးစက်သော မျက်လုံးက လူငယ်သုံးယောက်ထံကို ရောက်သွားသည်။ သူက အေးစက်စွာ မေးသည်။
“ သူတို့တွေက ဝမ်မိသားစုက ထောက်ခံပေးတဲ့ သုံးယောက်လား…”
“ဒါက အင်မော်တယ်ပဲ … ”
သူ၏ အကြည့်အောက်တွင် ဝမ်လင်းက ချမ်းစိမ့်စိမ့် ခံစားရသည်။ အင်မော်တယ် တစ်ယောက်အား ကြည့်ရင်း သူ၏ နှလုံးက တုန်ခါသွားကာ မျက်နှာက ပြာနှမ်းလာသည်။
အသားမည်း လူငယ်က အင်မော်တယ်အား မြင်သည်တွင် သူ၏ လက်ကို ဘောင်းဘီအိတ် အနီးတွင် ထားကာ အလွန် လေးစားသော အမူအရာကို ပြသသည်။
ဝမ်ကျောက် တစ်ယောက်သာ တခြားလူများကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။
ဝမ်ကျောက်၏ အဖေက လျင်မြန်စွာပင် ရှေ့ကို တက်လာကာ လေးစားစွာ ပြောသည်။
“ အင်မော်တယ် … ဒီသုံးယောက်က ဝမ်မိသားစုက ထောက်ခံပေးတဲ့ သုံးယောက်ပါ…”
လူငယ်က ခေါင်းညိတ်ကာ စိတ်မရှည်သော အမူအရာဖြင့် ပြောသည်။
“ ဝမ်ကျောက်က ဘယ်သူလဲ … ”
လူကြီး၏ မျက်နှာက ပျော်ရွှင်သော အမူအရာ ဖြစ်ပေါ်လာသည်။ သူက ဝမ်ကျောက်ကို လက်ဆွဲလျက် ပြောသည်။
“ အင်မော်တယ် … ဒါက ကျုပ်သား ဝမ်ကျောက်ပါ … ”
အင်မော်တယ် လူငယ်က ဝမ်ကျောက်ကို သေသေချာချာ အကဲခတ်သည်။ သူ၏ မျက်နှာက ဝင်းလက်သွားကာ သူက ခေါင်းညိတ်သည်။
“ ဝမ်ကျောက်က တကယ်ပဲ ပါရမီပါတယ် … ဂိုဏ်းတူ ဦးလေးက သူ့ကို သဘောကျတာ မထူးဆန်းဘူး … ”
ဝမ်ကျောက်က ဝမ်လင်းအား ဂုဏ်ယူ ဝင့်ကြွားစွာ ကြည့်ပြီးမှ အင်မော်တယ် လူငယ်ကို ပြောသည်။
“ ဒါက ပုံမှန်ပါပဲ … အင်မော်တယ် တစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ လိုတယ် … ”
လူငယ်က မျက်မှောင် ကြုတ်သွားသည်။ သို့သော် ချက်ချင်း ပျောက်ကွယ်သွား၏။ သူက အနည်းငယ် ပြုံးကာ ဝမ်ကျောက်အား ပြုံးကြည့်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ လူငယ် သုံးယောက်အား ခေါ်၍ ကောင်းကင်ပေါ်သို့ ပျံတက် ပျောက်ကွယ်သွားသည်။
ဦးလေးလေးက ကောင်းကင်ကို ကြည့်လျက် ရေရွတ်လိုက်၏။
“ ထေ့ကျူး … မင်းက အရွေးခံရမှ ဖြစ်မယ် … ”
ခန္ဓာကိုယ်က တင်းမာလာပြီး လေတိုးသောကြောင့် မျက်နှာကလည်း နာကျင်မှုကို ဝမ်လင်းက ခံစားနေရသည်။ သေသေချာချာ ဂရုစိုက်ကြည့်ပါက သူတို့အားလုံး လူငယ်၏ လက်မောင်း အောက်တွင် ရှိနေသည်ကို မြင်ရသည်။ သူတို့အားလုံး ကောင်းကင်တွင် မြန်ဆန်စွာ ပျံသန်းနေကြ၏။ သူတို့၏ မြင်ကွင်းတွင် ရွာက သေးငယ်သော အစက်ကလေး ဖြစ်သွားသည်။
အချိန် အနည်းငယ် အတွင်းမှာပင် သူတို့၏ မျက်လုံးများက နီရဲကာ မျက်ရည်များ ထွက်လာ၏။
“မင်းတို့ မကန်းချင်ရင် မျက်လုံးကို မှိတ်ထားကြ …
လူငယ်က အေးစက်စွာ ပြောသည်။ ဝမ်လင်း၏ စိတ်က တင်းကြပ်သွားကာ လူငယ် ပြောသလိုပင် မျက်လုံးကို မြန်ဆန်စွာ မှိတ်လိုက်သည်။
အချိန် အနည်းငယ် ကြာသောအခါ လူငယ်၏ အသက်ရှူ နှုန်းက တိုတောင်းလာပြီး သူတို့၏ အမြန်နှုန်းက စတင် နှေးကွေးလာသည်ဟု ဝမ်လင်း ခံစားရသည်။ လျှပ်တစ်ပြက်မှာပင် လူငယ်က အောက်ကို ဆင်းသက်လိုက်သည်။ သူတို့က မြေပြင်ပေါ်ကို ရောက်ခါနီးတွင်ပင် လူငယ်က လက်ဝှေ့ယမ်း လိုက်သည်နှင့် သူတို့သုံးယောက် မြေပြင်ပေါ်ကို ကျသည်။
ကံကောင်းစွာပင် သူတို့ကျသော အမြင့်က တစ်ပေပင် မပြည့်ရာ လူငယ်သုံးယောက်က မြန်ဆန်စွာပင် ထရပ်ကြသည်။ ဝမ်လင်း၏ ရှေ့တွင်ကား တောင်ကုန်း တောင်တန်းများ၊ သစ်ပင် ပန်းမန်များ၊ မြစ်တစ်စင်း စသော နတ်ဘုံ နတ်နန်းကဲ့သို့ မြင်ကွင်းက ဆီးကြို နေသည်။
ရှေ့တည့်တည့်တွင်ကား မိုးထိုးနေသော တောင်တစ်လုံးကို မြင်ရပြီး တောင်ထိပ်က တိမ်များ ဖုံးလွှမ်းနေကာ တကယ့် သွင်ပြင်ကို မြင်ရန် ခက်ခဲလှသည်။ သားရဲများ၏ အော်မြည်သံ များကိုလည်း ရံဖန်ရံဖန် ကြားရ၏။ သူတို့နှင့် မလှမ်းမကမ်းတွင် တောင်ပေါ်သို့ တက်နိုင်သော လှေကားထစ် လမ်းကလေး တစ်ခုကို မြင်နိုင်၏။
အလွန်ဝေးကွာသော တစ်နေရာတွင်ကား တောင်ပေါ် ဘုံကျောင်းတစ်ခုကို မြင်နိုင်ပြီး တိမ်များ ဖုံးလွှမ်းထားသည့်တိုင် ထိုနေရာမှ လာသော အရောင်အဝါများကြောင့် လူအများအား ကိုးကွယ် ဆည်းကပ်လိုသော စိတ်သဏ္ဌာန် ဖြစ်ပေါ်စေသည်။
ထိုဘုံကျောင်း၏ ဘေး၌ကား တခြား တစ်တောင် ထိပ်တစ်ခုကို ဆက်သွယ်ထားသော လခြမ်းကွေးပုံစံ တည်ဆောက်ထားသော ငွေရောင်တံတား တစ်ခုကို မြင်ကြရသည်။
ဤသို့သော သဘာဝ အလှအပများကြောင့် သည်နေရာကား ဟုန်ယွီဂိုဏ်း ဟူသော နာမည်နှင့် အလွန်ပင် လိုက်ဖက်ပေသည်။ ဟုန်ယွီဂိုဏ်းကား ကျောက်တိုင်းပြည် အတွင်း၌ ရှိသော အနည်းငယ်သော တန်ခိုးရှင် ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးရာခန့်က ကျောက်တိုင်းပြည်၏ ဦးစီးဦးဆောင် ဂိုဏ်းတစ်ခုလည်း ဖြစ်ခဲ့ကာ များစွာသော စဦးဝိညာဉ်အဆင့် မွန်းစတား အိုကြီးများကို ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း အချိန်ကာလ ကြာညောင်း လာသည်နှင့်အမျှ သူတို့၏ အင်အားများကလည်း တဖြည်းဖြည်း ယုတ်လျော့ လာခဲ့ကာ တန်ခိုးရှင် လောကတွင် ရပ်တည်နိုင်ရုံ အဆင့်မျှလောက်သာ ကျန်ရစ်တော့သည်။
သို့သော်လည်း လူသားများ အတွက်မူကား ဟုန်ယွီဂိုဏ်းက ကြီးမြတ်သော နေရာတစ်ခု ဖြစ်နေဆဲပင်။
“ ညီလေးကျန်း … ဒီသုံးယောက်က ဝမ်မိသားစုက ထောက်ခံပေးလိုက်တဲ့ သုံးယောက်လား … ”
သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က တောင်ထိပ်မှ ပျံသန်း ဆင်းသက်လာကာ မေးသည်။
လူငယ်က လေးစားစွာ ပြန်ပြောသည်
“ အစ်ကိုသုံး … သူတို့က ဝမ်မိသားစုက ထောက်ခံပေးလိုက်တဲ့ သုံးယောက်ပါ … ”
သတ်လတ်ပိုင်း လူက လူငယ် သုံးယောက်ကို ကြည့်သည်။ သူက ဝမ်ကျောက်ကို သေချာစွာ ကြည့်ပြီးမှ အင်မော်တယ် လူငယ်ကို ပြုံးလျက် ပြောသည်။
“ မင်းက အဆင့်တက်တော့မယ်ဆိုတာ ငါသိတယ် … စမ်းသပ်တာကို ငါလုပ်လိုက်မယ် … မင်းသွားလေ့ကျင့်ချေ … ”
လူငယ်က သဘောတူလိုက်ပြီး မျက်လုံးတစ်မှိတ် အတွင်း၌ပင် တောင်ပေါ်သို့ တက်ရောက် ပျောက်ကွယ်သွားသည်။
ဝမ်လင်းက လွန်စွာ စိတ်လှုပ်ရှား နေ၏။ ထိုစဉ်မှာပင် လူတစ်ယောက်က သူ၏ အင်္ကျီစအား ဆွဲနေရာ ဝမ်လင်းက နောက်ကို လှည့်ကြည့်လိုက်သည်။ သူကား ဝမ်ဟိုဖြစ်၏။ ဝမ်ဟိုကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒါက အင်မော်တယ်တွေ နေတဲ့နေရာပဲ … သေစမ်း … ဘာပဲဖြစ်ဖြစ် ငါ … ဝမ်ဟို.. က အရွေးခံရမှဖြစ်မယ် … ”
ထိုသို့ပြောရင်း သူက အင်္ကျီထဲတွင် ဝှက်ထားသော အရာကို အပေါ်မှ ထိကိုင် ကြည့်သည်။
This is very good.👍