Switch Mode

အခန်း(၁)

အိမ်မှထွက်ခွာခြင်း

အပိုင်း( ၁) အိမ်မှ ထွက်ခွာခြင်း

ထေ့ကျူးက ရွာလမ်းကလေး၏ ဘေးတွင် ကောင်းကင်ကို တွေဝေမိန်းမောစွာ ကြည့်လျက် ထိုင်နေသည်။ ထေ့ကျူးကား သူ၏နာမည်အရင်း မဟုတ်ပေ။ သို့သော် ငယ်စဉ် ကတည်းက အားနည်းသော ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ကျန်းမာရေး အားနည်းမည်ကို စိုးရိမ်သော သူ၏အဖေက ထေ့ကျူး ဟူသော ရိုးရာနာမည်ကို ပေးထားခဲ့သည်။
သူ၏နာမည်အရင်းကား ဝမ်လင်းဖြစ်သည်။ သည်အနီး တစ်ဝိုက်တွင်ကား ဝမ်မိသားစုက အနည်းငယ် ဩဇာအာဏာ ရှိသည်ဟု ဆိုနိုင်သော လက်သမား မျိုးရိုး မိသားစုဖြစ်၏။ ဝမ်မိသားစုကား ဤအနီးတစ်ဝိုက်တွင် နာမည်ကျော်ကြားကာ ပရိဘောဂဆိုင် အနည်းငယ်ကို ပိုင်ဆိုင်သည်။
ထေ့ကျူး၏ အဖေက မိသားစု၏ ဒုတိယသားဖြစ်၏။ သူက မယားငယ် တစ်ယောက်ထံမှ မွေးသော သားဖြစ်ရာ မိသားစု စီးပွားရေး လုပ်ငန်းကို ဦးဆောင်နိုင်ခွင့် မရှိပေ။ ထို့ကြောင့် သူက အိမ်မှ ထွက်ကာ လက်ထပ်ပြီး ဤရွာတွင် လာရောက် အခြေချခဲ့သည်။
သို့သော်လည်း သူ၏အဖေက လက်သမား ပညာတွင် ကျွမ်းကျင်ရာ ထေ့ကျူးတို့ မိသားစုကား ချောင်လည်ပြီး အစားအစာနှင့် အဝတ်အစားတို့ အတွက် ပူပင်နေစရာ မလိုပေ။ သူတို့က ရွာထဲတွင်လည်း လူအများက လေးစားရသူများ ဖြစ်ကြ၏။
ထေ့ကျူးက ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူ ဖြစ်သည်။ သူက စာအုပ်စာပေများ ဖတ်ခြင်းကို သဘောကျ နှစ်သက်ပြီး သူက ထူးခြားထက်မြက်သူ ဖြစ်ကြောင်း တစ်ရွာလုံးက လက်ခံကြ၏။ တစ်စုံတစ်ယောက်က ထေ့ကျူးအား ချီးကျူးသည်ကို သူ၏အဖေက ကြားတိုင်း အလွန်ကျေနပ် နှစ်သက်လေ့ရှိသည်။
သူ၏အမေကလည်း ထေ့ကျူးကို လွန်စွာ ဂရုစိုက်သည်။ သူက မိဘများ၏ အချစ်ဖြင့် ကြီးပြင်းလာရသူဟု ပြောလျှင်လည်း မမှားပေ။
သူ၏မိဘများက သူ့အပေါ် မျှော်လင့်ချက် ကြီးမားသည်ကိုလည်း သိသည်။ သူ့အသက်အရွယ်၌ တခြားကလေးများက စိုက်ခင်းများတွင် သွားရောက် အလုပ် လုပ်ကိုင်နေချိန်တွင် ထေ့ကျူးကား အိမ်၌ စာထိုင်ဖတ်နေရသည်။
စာဖတ်ခြင်း၏ နောက်တွင် အကြံကောင်းများက အလိုအလျောက် လိုက်ပါလာသည်သာ။ သူက ရွာအပြင်ဘက်မှ ကမ္ဘာကြီးကို စိတ်ကူးဖြင့် ပုံဖော်လေ့ရှိသည်။ ထေ့ကျူးက ခေါင်းမော့ကာ လမ်းအဆုံးကို တစ်ချက် လှမ်းကြည့်ပြီး သက်ပြင်းချ လိုက်၏။ ထို့နောက် စာအုပ်ကို ပိတ်ကာ ထရပ်ပြီး အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။
သူ၏အဖေကား အိမ်ထဲတွင် ထိုင်နေသည်။ ထေ့ကျူးက တံခါးပေါက်မှ ဖြတ်၍ အတွင်းသို့ ဝင်လာသည်တွင် သူ၏ အဖေက ပိုက်လုံးတစ်လုံးကို ကိုင်ကာ သက်ပြင်းရှိုက်လျက် ပြောလိုက်သည်။
“ ထေ့ကျူး စာဖတ်တာ ဘယ်လိုလဲ…”
သူက ဖြတ်သွားရင်းဖြင့် စာလုံးအနည်းငယ်ကို ရွတ်ပြသည်။ သူ၏အဖေက ပိုက်လုံးထဲမှ ဖုန်မှုန့်များကို ခါထုတ်ကာ ပြောသည် … “
ထေ့ကျူး … မင်းက ကြိုးစားရမယ် … နောက်နှစ်မှာ ဒေသစာမေးပွဲရှိတယ် … မင်းရဲ့ အနာဂတ်က ဒီစာမေးပွဲအပေါ်မှာ မူတည်နေတယ် … ငါ့လို ရွာမှာ ဘဝဆုံးရမယ့် လူလိုမျိုး မဖြစ်စေနဲ့ … ”
“ ယောက်ျား … ရှင်က ဒါကိုပဲ နေ့တိုင်း ပြောဆိုနေတာပဲ … ကျွန်မကိုမေးလေ … သားလေးက ဒေသစာမေးပွဲကို သေချာပေါက် အောင်မှာ … ”
ထေ့ကျူး၏အမေက စားစရာ အနည်းငယ်ကို ပြင်ဆင်ပြီး စားပွဲပေါ်ကို တင်လိုက်၏။ သူမက နှစ်ယောက်လုံးကိုလည်း လာစားရန် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြလိုက်သည်။
ထေ့ကျူးက လှမ်းလာကာ စားပွဲရှေ့၌ ထိုင်ပြီး စားစရာများကို ကောက်စားသည်။ သူ၏အမေက သူ့အား ချစ်ခင်ကြင်နာစွာ ကြည့်ပြီး အသားစ အနည်းငယ်အား ကမ်းပေးလိုက်၏။
“ အဖေ … ဦးလေးလေး ရောက်တော့မလား … ”
ထေ့ကျူးက ခေါင်းမော့ကာ မေးသည်။
“အချိန်ကို မှန်းကြည့်ရင် နောက်ရက် နည်းနည်းဆို ရောက်လောက်ပြီ ထင်တာပဲ … မင်းရဲ့ ဦးလေးလေးက မင်းအဖေထက် ပိုပြီး အောင်မြင်တယ် … ထေ့ကျူးအမေ … ညီငယ်လေးအတွက် ပြင်ဆင်ထားတဲ့ တောင်ပေါ်စာတွေ အဆင်သင့် ထုပ်ပိုးထားပြီးပြီလား…”
ဦးလေးလေးနှင့် ပတ်သက်၍ ပြောသည်တွင် ထေ့ကျူးအဖေ၏ မျက်နှာတွင် စိတ်မကောင်းသော အငွေ့အသက် တချို့ကို မြင်ရသည်။
သူ၏အမေက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ထေ့ကျူး … မင်းရဲ့ ဦးလေးလေးက လူကောင်းတစ်ယောက်ပဲ … ဒီနှစ်ပိုင်းတွေမှာ မင်းအဖေရဲ့ လက်ရာတွေ စျေးကောင်း ရနေတာ သူ့ကျေးဇူးတွေပဲ … တကယ်လို့ အနာဂတ်မှာ မင်းက အောင်မြင်မှု ရခဲ့ရင် မင်းရဲ့ ဦးလေးလေးကို ပြန်ပြီး ကျေးဇူးဆပ်ရမယ် … ”
ထေ့ကျူး၏ အမေက ပြောနေစဉ်မှာပင် အိမ်အပြင်ဘက်မှ မြင်းဟီသံ တစ်ချက် နှင့်အတူ ရယ်မောသံ တစ်ခုကို ကြားကြရသည်။
“ အစ်ကိုနှစ် … တံခါးဖွင့်ပါဦး.. ”
ထေ့ကျူးက အံ့အားသင့် သွားသည်။ သူက ချက်ချင်းပင် တံခါးပြေး ဖွင့်လိုက်ရာ စူးရှသော မျက်လုံး အစုံဖြင့် သန်မာသော လူကြီးတစ်ယောက် အပြင်ဘက်၌ ရပ်နေသည်ကို မြင်သည်။ သူက ထေ့ကျူး၏ နာမည်ကို ခေါ်ကာ ရယ်မောလျက် သူ၏ ခေါင်းမှ ဆံပင်ကို ဖွလိုက်ပြီး ပြုံးလျက်ပင် သူက ပြောသည်။
“ ထေ့ကျူး … မင်းကို တစ်နှစ်လောက် မတွေ့ရ သေးတာနဲ့ အရပ်က ရှည်လာပြန်ပြီ … ”
ထေ့ကျူး၏ မိဘများက ချက်ချင်း ထရပ်လိုက်ပြီး သူ၏ အဖေက ပြုံးလျက် ပြောသည်။
“ ညီလေး … မင်း ရောက်လာ တော့မယ်လို့ ငါထင်နေတာ … ထေ့ကျူး … မင်း ဦးလေးအတွက် ထိုင်ခုံသွားယူ … ”
ထေ့ကျူးက ပျော်ရွှင်စွာ ပြေးသွားသည်။ သူက ထိုင်ခုံ တစ်လုံးကို ယူလာကာ စားပွဲ၏ ဘေးတွင် ချပေးလိုက်၏။ ထို့နောက် ထိုင်ခုံကို အင်္ကျီလက်စဖြင့် သုတ်ကာ သူ၏ ဦးလေးအား မျှော်လင့်ချက် ကြီးစွာ ကြည့်သည်။
ထေ့ကျူး၏ ဦးလေးက သူ့အား မျက်လုံး မှိတ်ပြကာ လှမ်းစသည်။
“ ထေ့ကျူး … မင်းက အရမ်း ဇွဲရှိနေပါလား … နောက်ဆုံး တစ်ခေါက် ငါလာတုန်းက ဒီလို မဟုတ်ပါလားကွ … ”
ထေ့ကျူး၏ အဖေက ထေ့ကျူးကို ကြည့်ကာ ပြောလိုက်သည်။
“ ကောင်စုတ်လေးက မင်း ဘယ်တော့ရောက်မလဲပဲ မေးနေတာ … ”
ထေ့ကျူး ရှက်သွားသည်ကို မြင်လျှင် ဦးလေးလေးက ရယ်သွမ်းသွေးကာ ပြောလိုက်သည်…“
ထေ့ကျူး … မင်းဦးလေးက မင်းကိုပေးထားတဲ့ ကတိ မဖျက်ပါဘူးကွ…”
ထို့နောက် သူက အင်္ကျီ ရင်ဘတ်ထဲမှ စာအုပ် နှစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ်ကို တင်သည်။
ထေ့ကျူးက ပျော်ရွှင်စွာဖြင့် စာအုပ်ကို လှန်လှော ဖတ်ရှုသည်။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင် စိတ်လှုပ်ရှား ဟန်များ အထင်းသား တွေ့ရ၏။
ထေ့ကျူး၏ အမေက သူမ၏ သားအား ကြင်နာစွာ ကြည့်လိုက်သည်။ ထို့နောက် ထေ့ကျူး၏ ဦးလေးကို ပြောသည်။
“ အစ်ကိုလေး … ရှင့်ရဲ့ အစ်ကိုကြီးက အမြဲတမ်း ရှင့်အကြောင်းပဲ ပြောနေတာပဲ … ဒီတစ်ခေါက် ရက်နည်းနည်း ပိုနေသင့်တယ်။ … ”
ထေ့ကျူး၏ ဦးလေးလေးက ခေါင်းယမ်းကာ ပြောသည်။
“မရီးနှစ် … ဒီရက်ပိုင်း ကျုပ်မှာ မိသားစု ကိစ္စတွေ အများကြီး ရှိနေတယ် … ကျုပ်က မနက်စောစော ပြန်မှ ဖြစ်မယ် … အလုပ်ကိစ္စတွေ အေးသွားတဲ့အခါမှ နောက်တစ်ခေါက် ပြန်လာပြီး အေးအေးဆေးဆေး လာတွေ့ဦးမယ် … ”
ထေ့ကျူး၏ အဖေက သက်ပြင်း ချလိုက်သည်။
“ငါ့မိန်းမ ပြောတာကို နားမထောင်နဲ့ … မနက်ဖြန် ပစ္စည်းတွေကို သေချာ ထုပ်ပိုးသွား … မိသားစု ကိစ္စတွေက အရေးကြီးတယ် … ငါတို့ နောက်တစ်ခေါက် တွေ့မယ် … ”
ထေ့ကျူး၏ ဦးလေးလေးက ထေ့ကျူး အဖေကို ကြည့်ကာ မေးလိုက်၏။
“ အစ်ကိုနှစ် … ထေ့ကျူးက အခု ဆယ့်ငါးနှစ် ပြည့်ပြီ … ဟုတ်တယ်မလား … ”
ထေ့ကျူး၏ အဖေက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ဒီနှစ်ပြီးရင် ဒီကောင်စုတ်လေးက အသက် ဆယ့်ခြောက်နှစ် ဖြစ်တော့မယ် … ခဏလေးနဲ့ အချိန် ဆယ်နှစ်ကုန်သွားတယ် … ”
သူက သူ၏ သားကို ချစ်ခင်စွာ ကြည့်သည်။
ထေ့ကျူး၏ ဦးလေးလေးက အနည်းငယ် စဉ်းစားပြီးမှ လေးနက်စွာ ပြောသည်။
“ အစ်ကိုနှစ် … မရီးနှစ် … ကျုပ် ပြောစရာ တစ်ခုရှိတယ် … ဟိန်ယွီဂိုဏ်းက အခု တပည့် လက်ခံတော့မယ် … ဒီနှစ် ကျုပ်တို့ မိသားစုက နေရာ သုံးနေရာစာ အတွက် အကြံပေး ထောက်ခံနိုင်ခွင့် ရပြီး ကျုပ်ကို ဒီအထဲက ကျုပ် တစ်နေရာရတယ် … ”
ထေ့ကျူး၏ အဖေက အံ့အားသင့် သွားကာ မေးသည်။
“ ဟိန်ယွီဂိုဏ်း … ဒါပေမဲ့ ဟိန်ယွီဂိုဏ်းက အင်မော်တယ်တွေ မဟုတ်ဘူးလား … ”
ထေ့ကျူး၏ ဦးလေးလေးက ပြုံးလျက် ခေါင်းညိတ်သည်။
“ အစ်ကိုနှစ် … သူတို့က အင်မော်တယ်တွေပဲ … ကျုပ်တို့ မိသားစုက ဒီဒေသမှာ ဩဇာရှိတဲ့ မိသားစု ဆိုတော့ သူတို့ ဂိုဏ်းအတွက် ကနဦး တပည့်စာရင်း အဆိုတင်သွင်းရာမှာ သုံးနေရာ တင်သွင်းဖို့ အခွင့်အရေး ရတယ် … အစ်ကိုလည်း ကျုပ်သားကို သိတာပဲ … သူက တကယ်တမ်း စာပေပညာမှာ အထုံပါရမီ အားနည်း ပြီးတော့ ဓားတွေ လက်နက်တွေနဲ့ပဲ ဆော့ကစား နေတာ … ဒီနေရာက တော်တော် တန်ဖိုးရှိတယ် … ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းတာ ကျုပ်သိတယ် … သူက အခွင့်အရေး ရှိနိုင်တယ် … ”
ထေ့ကျူး၏ အမေက အလွန်အမင်း ပျော်ရွှင်စွာဖြင့် ပြောသည်။
“ အစ်ကိုလေး … ဒါက … ”
ထေ့ကျူး၏ ဦးလေးလေးက ထေ့ကျူး၏ ခေါင်းကို ပွတ်ကာ ပြောသည်။
“ အစ်ကိုနှစ် … မရီး နှစ် … ကျုပ်အမြင်မှာ ဒီလိုလုပ်တာ အသင့်တော်ဆုံးပဲ.. ထေ့ကျူး ကြိုးစား ကြည့်ပါစေ … သူ အောင်မြင်ခဲ့ရင် ဒါက သူ့ ကံကောင်းမှုပဲ … ”
ထေ့ကျူးက သူ့မိဘများနှင့် သူ့ဦးလေးကို နားမလည်စွာ ကြည့်သည်။ ဘာဖြစ်နေသည်ကို သူ နားလည်နိုင်စွမ်း မရှိပေ။
“ အင်မော်တယ်တွေ … အင်မော်တယ်တွေက ဘာတွေလဲ …
ထေ့ကျူးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
ထေ့ကျူး၏ ဦးလေးလေး၏ မျက်နှာက ပိုမို၍ လေးနက် သွားသည်။ ထေ့ကျူးအား ကြည့်ကာ သူက ပြောသည်။
“ ထေ့ကျူး … အင်မော်တယ်တွေက ကောင်းကင်မှာ ပျံသန်းနိုင်တယ် … သူတို့တွေက ငါတို့ လူသားတွေ နားလည်နိုင်တဲ့အရာတွေမဟုတ်ဘူး … ”
ထေ့ကျူးက ပိုမို၍ စိတ်ဝင်စားသွားသည်။
ထေ့ကျူး၏ အဖေက စိတ်လှုပ်ရှားစွာဖြင့် ထေ့ကျူး အမေကိုပါ ဆွဲထူ၍ ထရပ်သည်။ ထို့နောက် ထေ့ကျူး၏ ဦးလေးလေးကို ပြိုင်တူ ဦးညွှတ်လိုက်၏။ ထေ့ကျူး၏ ဦးလေးလေးက သူတို့ နှစ်ယောက်အား ပြန်လည် တားဆီးကာ ပြောသည်။
“ အစ်ကိုနှစ် … ဘာတွေ လုပ်နေတာလဲ … ကျုပ်အမေက အစောကြီး ကတည်းက သေသွားတယ် … အစ်ကိုနှစ်ရဲ့ အမေသာ ကျုပ်ကို ဂရုမစိုက် ပေးခဲ့ရင် ကျုပ်က ဒီနေ့ ဒီအရွယ် ရောက်လာမှာ မဟုတ်ဘူး … ထေ့ကျူးက ကျုပ်တူအရင်းပဲ … ဒါကလည်း ကျုပ်လုပ်ပေးနိုင်တာပဲ … ”
ထေ့ကျူး၏ အဖေက စတင်၍ ငိုကြွေးသည်။ ထို့နောက် ခေါင်းညိတ်ကာ ထေ့ကျူးကို ပြောသည်။
“ ဝမ်လင်း … မင်းရဲ့ ဦးလေးက မင်းအပေါ် လုပ်ပေးခဲ့တာကို ဘယ်တော့မှ မမေ့နဲ့ … မဟုတ်ရင် ငါက မင်းကို သားလို့သတ်မှတ်မှာ မဟုတ်ဘူး … ”
ထေ့ကျူး၏ စိတ်နှလုံး တုန်ယင်သွားသည်။ သူက အင်မော်တယ်များနှင့် ပတ်သက်၍ ဘာမှ မသိ နားမလည် သော်လည်း သူ့မိဘများ၏ အမူအရာမှ သည်ကိစ္စက အလွန်တရာ အရေးပါသည်ကို သိလိုက်၏။ သူက ဦးလေးလေး၏ ရှေ့တွင် ဒူးထောက်ကာ ကန်တော့သည်။
ထေ့ကျူး၏ ဦးလေးလေးက ထေ့ကျူးအား ဆွဲထူကာ ချီးကျူးသည်။
“ လိမ္မာတဲ့ ကလေးပဲ … မင်း အဆင်သင့် လုပ်ထားနော် … လကုန်တဲ့အခါ ဦးလေး လာခေါ်မယ် … ”
ထိုညတွင် ထေ့ကျူးက စောစော အိမ်ရာဝင်ခဲ့သည်။ သူ၏အဖေနှင့် ဦးလေးတို့ စကား ပြောနေသည်များကိုလည်း ညနက်သည် အထိ ကြားရသည်။
ထေ့ကျူး၏ အဖေက မသောက်တတ် သော်လည်း ယနေ့ ညတွင်ကား ဦးလေးလေး နှင့်အတူ သူက ခွက်အနည်းငယ် သောက်ခဲ့သည်။
အင်မော်တယ်များ သူတို့က ဘယ်သူတွေလဲ … ထေ့ကျူးကား လွန်စွာ စိတ်လှုပ်ရှားနေသည်။
သည်အခွင့်အရေးက သူ့အား လောက အပြင်ဘက်ကို ကြည့်ခွင့်ရမည့် ရှားပါးသော အခွင့်အရေး ဖြစ်သည်ကို သူသိသည်။
ဦးလေးလေးက မနက် စောစောတွင် ပြန်ထွက်ခွာ သွားခဲ့သည်။ ထေ့ကျူးနှင့် သူ၏ မိဘများက ရွာအဝင်ဝ အထိ သွားရောက် လိုက်ပို့ခဲ့ကြသည်။ အပြန်လမ်းတွင် သူ၏ အဖေက ပိုမို၍ ငယ်ရွယ်နုပျို သွားသည်ဟု ထေ့ကျူး ထင်မိသည်။ သူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
သည်တစ်ခေါက် မျှော်လင့်ချက်များက ဒေသစာမေးပွဲကို အောင်မြင်ခွင့် ရရန်ထက် ပိုမိုသည်။
ရွာတွင် လျှို့ဝှက်ချက် ဟူသည် မရှိပေ။ မကြာမီ ရွာသားများက ထိုသတင်းကို ကြားသိ ကြရသည်။ အိမ်နီးချင်းများ အားလုံးက လာရောက် သတင်းမေးကြကာ ထေ့ကျူးကို မနာလိုခြင်း၊ အားကျခြင်းများဖြင့် ကြည့်ကြသည်။
“ဝမ်မိသားစုက သားကောင်း တစ်ယောက်ကို မွေးခဲ့တာပဲ … သူ့ကို ဟိန်ယွီဂိုဏ်းက တပည့်အဖြစ် လက်ခံလိုက်တယ် … ”
“ကျုပ်က ထေ့ကျူးကို ငယ်ကတည်းက ထိန်းလာခဲ့တာပဲ … သူက ငယ်ကတည်းက ဉာဏ်ကောင်းတယ် … အခု သူက ဟိန်ယွီဂိုဏ်း တပည့်ဖြစ်ပြီ … သူ့မှာ ကောင်းမွန်တဲ့ အနာဂတ် ရှိနေတယ် … ”
“ထေ့ကျူး … မင်းက ပါရမီ ကောင်းတယ် … အနာဂတ်မှာ အောင်မြင်ရင် ငါတို့ဆီကို ပြန်လာလည်ဖို့ မမေ့နဲ့ … ”
ထေ့ကျူးက ဟိန်ယွီဂိုဏ်းတပည့် ဖြစ်နေသည့် အလား ထို စကားများက ထေ့ကျူး၏ နားထဲကို အဆက်မပြတ် ဝင်ရောက် နေသည်။ သူ၏ မိဘများက ထို စကားများကို ကြားကာ အဆက်မပြတ် ရယ်မောပျော်ရွှင် ကြရသည်။ သူတို့၏ မျက်နှာများပေါ်မှ အရေးကြောင်းများမှာလည်း ပိုမို နည်းပါး လာခဲ့ကြသည်။
ထေ့ကျူးက ရွာထဲတွင် တစ်ယောက်တည်း လမ်းလျှောက်သည့် အခါတိုင်းတွင်လည်း ရွာသားများက သူ့အား ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြသည်။ သူတို့၏ ကလေးများကို ထေ့ကျူးအား စံနမူနာယူရန်လည်း ပြောဆိုဆုံးမကြသည်။
လဝက်ခန့်က မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသည်။
ထေ့ကျူးက ဟိန်ယွီဂိုဏ်း တပည့် ဖြစ်သွားသည့် သတင်းက တစ်ရွာလုံးကို ပျံ့နှံ့နေပြီး ဖြစ်သည်။ ရွာသားများ အားလုံးက ထေ့ကျူးကို လာကြည့်ကြသည်။
လာရောက် သူတိုင်းက လက်ဆောင်ပဏာများ ယူဆောင် လာကြသည်။ ထေ့ကျူး၏ မိဘများက ထိုလက်ဆောင်များကို မငြင်းပယ်နိုင်ရာ သူတို့ အပြန်တွင် အိမ်ပြန် လက်ဆောင်များ ပြန်ပေးရသည်။
ထေ့ကျူး၏ အဖေက ပြန်ပြောသည်မှာ …
“ ကျုပ်တို့ သားက အင်မော်တယ် တစ်ယောက် ဖြစ်လာတော့မယ် … ဒါကြောင့် တခြား လူတွေ အပေါ်မှာ ကျေးဇူးကြွေး တင်လို့မရဘူး … ဒါကြောင့် လာရောက် လည်ပတ်သူတွေကို ပြန်ပြီး လက်ဆောင်ပေးရမယ် … ”
မကြာမီ ထေ့ကျူး၏ ဦးလေးလေးက ထေ့ကျူးအား နေရာ တစ်နေရာ ပေးခဲ့သည်ကို ဝမ်မိသားစုက သိရှိသွားသည်။ တစ်ယောက်ပြီး တစ်ယောက် သူတို့က လာရောက် ဂုဏ်ပြုစကား ပြောကြသည်။
ထေ့ကျူး၏ အဖေက လာရောက် လည်ပတ်သော ဆွေမျိုးမိတ်ဆွေများအား အလွန် အလေးထားသည်။ ထိုလူများထဲတွင် ယခင် နှစ်များစွာက သူ့ကို အထင်သေး အမြင်သေး ဆက်ဆံခဲ့သူ အများအပြား ပါဝင်ပေသည်။
သို့သော် သူနှင့် သူ့ဇနီးတို့က အားလုံးကို ကောင်းကောင်းမွန်မွန် ဧည့်ခံရန် ဆွေးနွေး ခဲ့ကြသည်။ သူတို့က ငွေအနည်းငယ်သုံးကာ ရွာ၏ ဆရာကို အကူအညီ တောင်းပြီး ဆွေမျိုးများ ထံသို့ ဖိတ်ကြားစာများ ရေးသား ပေးပို့ကြသည်။
ရွာ၏ ဆရာက သူတို့ငွေကို လက်မခံပေ။ ထေ့ကျူးက သူ၏ လက်အောက်တွင် သင်ကြား ကြီးပြင်းလာသည့် အချက်ကိုသာ အသိအမှတ် ပြုပေးရန် တောင်းဆိုသည်။ ထိုအချက်က အမှန်တရားဖြစ်ရာ ထေ့ကျူးကလည်း ငြင်းပယ်ခြင်းမရှိပေ။
ဖိတ်ကြားစာများက ဝမ်မိသားစုဝင်များ အားလုံးကို ရောက်ရှိ သွားပြီးနောက် ထေ့ကျူးက ရွာမှ လူများ အကူအညီဖြင့် ဧည့်ခံပွဲ တစ်ခုကို စီစဉ်ကာ အစားအသောက်များဖြင့် တည်ခင်း ကျွေးမွေးသည်။
ရွာသားများကလည်း စိတ်ပါလက်ပါ ကူညီကြသည်။ သူတို့က အချင်းချင်း စကားပြောတိုင်း ထေ့ကျူးကို ချီးကျူးကြ၏။
ထေ့ကျူး၏ အဖေက သူ၏ဇနီးနှင့် ထေ့ကျူးကို ခေါ်ကာ ရွာအဝင်ဝ၌ ဧည့်သည်များကို ကိုယ်တိုင် လက်ခံတွေ့ဆုံသည်။
“ဒါက မင်းရဲ့ အဘိုးသုံးပဲ … မင်းရဲ့ အဖေ အိမ်က ထွက်သွားတုန်းက မင်းအဘိုးသုံးက အများကြီး ကူညီ ပေးခဲ့ဖူးတယ် … မင်းက ဒါကို မှတ်ထား ရမယ် … ”
ဆံပင်များ ဖြူဖွေးကာ အိုမင်းနေသော အဘိုးအို တစ်ယောက်အား ကြိုဆိုရင်းက ထေ့ကျူးကို ပြောသည်။
ထေ့ကျူးကလည်း မြန်ဆန်စွာပင် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ အဘိုးအိုက ထေ့ကျူးကို ကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်သည်။
“ လောင်အာ … အချိန်ကုန်တာ မြန်လိုက်တာ … မင်း သားတောင်မှ ဒီလောက် ကြီးနေပြီပဲ … သူ့အနာဂတ်က မင်းထက် ကောင်းမှာသေချာတယ်…”
ထေ့ကျူး၏ အဖေကား ပြုံးရွှင် နေသည်။
“ ဦးလေးသုံး … ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းတယ် … သူက ကျုပ်ထက် အောင်မြင်မှာ သေချာတယ် … မိန်းမ … ဦးလေးသုံးကို ကူညီ ပေးလိုက်ပါဦး … ”
ထေ့ကျူး၏ အမေက လျင်မြန်စွာပင် အဘိုးအိုအား ကူညီကာ စားပွဲဝိုင်း တစ်ခုသို့ ခေါ်ဆောင် သွားသည်။
အဘိုးအို ထွက်သွားသည်တွင် ထေ့ကျူး၏ အဖေက တီးတိုးပြောသည်။
“ ထေ့ကျူး … အဲဒီ အဘိုးအိုက မင်းအဖေ ငယ်ငယ်တုန်းက အထင်သေး အမြင်သေးနဲ့ နှိမ့်ချ ဆက်ဆံခဲ့တဲ့ သူတစ်ယောက်ပဲ … အခု မင်းက အနာဂတ် ကောင်းနေတော့ လာပြီး ဂုဏ်ပြုစကား ပြောနေတယ် … သူက ဒီလိုလူမျိုးပဲ … ”
ထေ့ကျူးက ခေါင်းညိတ်ကာ မေးသည်။
“ ဦးလေးလေး လာတော့မလား … ”
ထေ့ကျူး၏ အဖေက ခေါင်းယမ်းသည်။
“ မင်းရဲ့ ဦးလေးလေးက စာပို့လိုက်တယ် … သူက လကုန်ခါနီးအထိ လာလို့ မရသေးဘူးတဲ့ … ”
ထိုအခိုက်တွင် နောက်ထပ် ရထားလုံးတစ်စီး ရွာအဝင်ဝကို ရောက်လာသည်။ အသက် ငါးဆယ်အရွယ်ခန့် လူကြီးတစ်ယောက်က ရထားလုံးထဲမှ ထွက်လာကာ ထေ့ကျူး၏ အဖေအား နှုတ်ဆက်လိုက်သည်။
“လောင်အာ … ဂုဏ်ပြုပါတယ် … ”
ထေ့ကျူး အဖေ၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက် များကို မြင်ရသည်။ သို့သော် သူက ပြန်လည်၍ နှုတ်ဆက်သည်
“ အစ်ကိုကြီး…”
လူကြီး၏ မျက်လုံးများက ထေ့ကျူးထံကို ရောက်လာကာ ပြုံးလျက် ပြောသည် ။
“ လောင်အာ … မင်းရဲ့ သားက တကယ်ပဲ မဆိုးဘူး … သူက တကယ်ပဲ အရွေးခံရနိုင်တယ် … ”
ထေ့ကျူးအဖေက မျက်မှောင် ကုတ်လိုက်သည်။ ထို့နောက် ရင်ကော့လျက် ပြောသည်။
“ ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းပြီးတော့ စာဖတ်ရတာ သဘောကျတယ် … သူက အရွေးခံရမှာ သေချာတယ် … ”
“ဒါက မမှန်ဘူး … အင်မော်တယ် ဂိုဏ်းတွေက တပည့် ရွေးတဲ့အခါ စည်းမျဉ်း စည်းကမ်းတွေက အရမ်းတင်းကြပ်တယ် … ဒီကလေးက တုံးအတယ် … ဒါက အချိန်ဖြုန်းတာပဲ …
ရထားလုံးထဲမှ တုံးတိတိ အသံတစ်သံ နှင့်အတူ အသက် ဆယ့်ခြောက်နှစ်ခန့် လူငယ်တစ်ယောက် ထွက်လာသည်။
လူငယ်က ချောမောပုံရသည်။ သူ၏ မျက်ခုံးများက ပိရိသေသပ်ကာ မျက်လုံးများက မောက်မာဝင့်ကြွားသည်။
ထေ့ကျူး၏ အဖေက လူငယ်အား စူးရဲစွာ ကြည့်သော်လည်း ဘာမှ မပြောပေ။
လူကြီး၏ မျက်နှာက အရောင် ပြောင်းလဲသွားကာ အော်လိုက်သည်။
“ ဝမ်ကျောက် … မင်းက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းရတာလဲ … ဒါက မင်းရဲ့ ဦးလေးနှစ်နဲ့ မင်းညီ ဝမ်လင်းပဲ … ဘာလို့ သူတို့ကို နှုတ်မဆက်သေးတာလဲ … ” သူက ထေ့ကျူး၏ အဖေဘက်ကို ကြည့်ကာ ပြောသည်။
“ ငါ့သား စကားပြောတာက တော်တော် ရိုင်းတယ် … လောင်အာ … စိတ်မဆိုးနဲ့ … ဒါပေမဲ့ … ”
သူက ဆက်ပြောသည် ။
“ ဒါပေမဲ့ လောင်အာ … အင်မော်တယ်တွေက တပည့်တွေးတာ ဒီလောက် မရိုးရှင်းဘူး … ဒါက ကံကြမ္မာနဲ့လည်း ဆိုင်တယ် … ဒီတစ်ခေါက် ဟိန်ယွီဂိုဏ်းက ငါ့သားကို စိတ်ဝင်စားတော့ ဝမ်မိသားစုကို သုံးနေရာပေးတယ် … ”
ထေ့ကျူး၏ အဖေက ပြန်ပြောလိုက်၏။
“အစ်ကိုရဲ့သားက အရွေးခံရရင် ကျုပ်သားလည်း အရွေးခံရမှာပဲ … ”
လူငယ်က ရယ်မောလိုက်သည်။ ထို့နောက် သူက အထင်သေး အမြင်သေး မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
“ ဒါက ဦးလေးနှစ်လား … ဦးလေးနှစ်က ဒီလောက် မျှော်လင့်ချက် မထားသင့်ဘူး … လူတစ်ထောင်မှာ တစ်ယောက်လောက်ပဲ အရွေးခံရတာ … သူက ကျွန်တော်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ … ကျွန်တော်က တရားဝင်တပည့် မဟုတ်သေးပေမဲ့ အင်မော်တယ်ဆရာက ကျွန်တော့်ကို ကိုယ်တိုင် ရွေးထားပြီးပြီ … ”
လူကြီးက သူ၏ သားကို အနည်းငယ် ကြိမ်းမောင်းကာ စားပွဲဝိုင်း တစ်ခုသို့ ခေါ်ဆောင်သွားသည်။
“ထေ့ကျူး … မင်းစိတ်မပူနဲ့ … မင်းက အရွေးမခံရရင် တောင်မှ ဒါက ပြဿနာ မရှိဘူး … နောက်နှစ်မှာ ဒေသစာမေးပွဲ ရှိတယ် ..”
ထေ့ကျူး၏ အဖေက ဒေါသကို ထိန်းချုပ်လျက် ပြောသည်။
ဝမ်လင်းက ယုံကြည်မှုရှိစွာ ပြောသည်။
“ အဖေ.. စိတ်မပူပါနဲ့ … သားအရွေးခံရမှာပါ … ”
သူ၏ အဖေက ဝမ်လင်း၏ ပခုံးကို အသာ ပုတ်လိုက်သည်။ သူ၏ မျက်လုံးများက မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းနေ၏။
တစ်ယောက်ပြီး တစ်ယောက် သူတို့က ဆွေမျိုး မိတ်ဆွေများကို လက်ခံ နှုတ်ဆက်ကြသည်။ ထေ့ကျူး၏ အဖေက နောက်ဘက်ကို ပြန်ကြည့်လျှင် လူအများအပြားက စုရုံး ရောက်ရှိနေပြီး ဖြစ်သည်ကို တွေ့သည်။
ထေ့ကျူး၏ အဖေက လှမ်းအော် လိုက်သည် … “ ကျုပ်ရဲ့ မိတ်ဆွေများနဲ့ ဆွေမျိုးများ … ရွာသူ ရွာသားများ … ကျုပ် ဝမ်ထန်းရွှီက ပညာတတ် မဟုတ်တော့ အများကြီး မပြောတော့ဘူး … ကျုပ်သားက ဟုန်ယွီဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ အခွင့်အရေး ရလာတယ် … ကျုပ်ဘဝမှာ အရမ်း ပျော်ရွှင်ရတဲ့ အချိန်ပဲ … ကျုပ် တခြားဘာမှ မပြောလိုတော့ဘူး … အခုလို လာရောက်ကြတာ ကျေးဇူးတင်ပါတယ် … ” သူက အနီးရှိ စားပွဲတစ်ခုမှ သေရည်ခွက်ကို ကောက်ကိုင်ကာ မြှောက်လျက် သောက်ချ လိုက်သည်။
အရွေးခံရမှာပဲ…. ”
“အစ်ကိုနှစ် … ထေ့ကျူးလို သားတစ်ယောက် ရှိတာ … ခင်ဗျားအတွက် အရမ်း ဂုဏ်ယူစရာ ကောင်းတယ် … မကြာခင် ခင်ဗျားတို့ မိသားစုက ကောင်းမွန်တဲ့ ဘဝမှာ နေရတော့မှာပဲ…”
“ထေ့ကျူး … မင်းက မင်းအဖေ ဂုဏ်ယူရအောင် လုပ်ရမယ် … မင်းက ဟုန်ယွီဂိုဏ်းကို ဝင်ရမယ် … ”
နေရာတိုင်းတွင် ချီးကျူး ဂုဏ်ပြု စကားများဖြင့် ပြည့်နှက်နေသည်။ ဝမ်ကျောက်တို့ သားအဖလိုပင် အပေါ်ယံတွင် ဂုဏ်ပြု စကားပြောသော်လည်း စိတ်ထဲတွင် အထင်သေး အမြင်သေး ရှိသော လူများလည်း ရှိကြသည်။ ဝမ်ကျောက်၏ အဖေက ထေ့ကျူး၏ အဖေကို သဘာမကျစွာ ကြည့်သည်။ ထေ့ကျူးအဖေ၏ ဧည့်ခံပွဲက သူမ ထင်မှတ်ထားသော ကိစ္စဖြစ်သည်။ သူ့အမြင်တွင် ထို အင်မော်တယ်များက မျက်လုံး မကန်းပါက ထေ့ကျူးကို ရွေးစရာ အကြောင်း မရှိပေ။
ထေ့ကျူး အဖေက ထေ့ကျူးကို ခေါ်လျက် တစ်ယောက်ပြီး တစ်ယောက် လိုက်လံ စကားပြောသည်။ ယနေ့တွင် ထေ့ကျူး၏ အဖေက သေရည် များစွာ သောက်ခဲ့၏။ ဧည့်ခံပွဲက ညနက်သည့် အချိန်မှ ပြီးဆုံးခဲ့ကာ အားလုံးက နှုတ်ဆက်ပြီး အိမ်ပြန်ကြသည်။ ဝမ်ကျောက်က မပြန်မှီ ထေ့ကျူး အနီးသို့ကပ်ကာ စကား အနည်းငယ် ပြောခဲ့သည်ကိုကား မည်သူကမှ သတိမထားမိခဲ့ လိုက်ကြပေ။
“အရူးလေး … မင်းက အရွေးခံရမှာ မဟုတ်ဘူး … မင်းမှာ ဒီလို အရည်အချင်း မရှိဘူး … ”
ထို့နောက် သူက ပြုံးရွှင်သော အမူအရာဖြင့် သူ၏ အဖေနှင့် အတူ ပြန်သွားသည်။
အိမ်ပြန် ရောက်ပြီးနောက် ထေ့ကျူးက အိပ်ရာထဲတွင် လဲလျောင်းကာ မည်သို့ပင်ဖြစ်စေ သူက အရွေးခံရမှ ဖြစ်မည်ဟု ဆုံးဖြတ်သည်။
လတစ်ဝက်ခန့် ထပ်မံ ကုန်ဆုံးသွားသည်။ ထေ့ကျူး၏ ဦးလေးလေးက ရထားလုံး တစ်စီးဖြင့် ရောက်လာသည်။
ထေ့ကျူး၏ မိဘများက သွားရောက် ကြိုဆိုကာ အိမ်ထဲကို ခေါ်လာသည်။ ထေ့ကျူး၏ ဦးလေးလေးက အမြန်လိုသော ဟန်ဖြင့် ထေ့ကျူး၏ မိဘများကို ပြောလိုက်သည်။
“ အစ်ကိုနှစ် … မရီးနှစ် … ကျုပ်က ကြာကြာနေလို့ မရဘူး … ထေ့ကျူးကို ခေါ်ပြီး သွားလိုက်တော့မယ် … ဟုန်ယွီဂိုဏ်းက မနက်ဖြန် မနက်ပိုင်း တပည့်လောင်းတွေကို လာခေါ်တော့မယ် … ”
ထေ့ကျူး၏ အဖေက အံ့အားသင့်သွားသည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာ၏။ သူက ခိုင်မာစွာ ပြောသည်။
“ ကောင်းပြီ … ထေ့ကျူး.. မင်းဦးလေးလေး နောက်ကို လိုက်သွား … ဟုန်ယွီဂိုဏ်းမှာ ကောင်းကောင်း လေ့လာ … ဒါပေမဲ့ မင်းက အရွေးမခံရရင်လည်း စိတ်မပူဘဲ အိမ်ကို ပြန်လာခဲ့ … ”
ထေ့ကျူးက အိမ်မှ ထွက်ခွာ မသွားလိုရာ စိတ်များ လေးလံစွာဖြင့် ခေါင်းညိတ်သည်။ သူ၏ အမေက ပြင်ဆင်ထားသော အထုပ်လေး တစ်ခုကို ရထားလုံးပေါ်ကို တင်ပေးကာ ထေ့ကျူးကို ချင်ခင်နှစ်သက်စွာ ပြောသည်။
“ ထေ့ကျူး.. မင်းဦးလေးလေး စကားကို နားထောင် … ပြဿနာမရှာနဲ့ … ပြင်ပလောက ဆိုတာ အိမ်နဲ့မတူဘူး … အမေက မင်းအတွက် အဝတ်အစား အသစ်တွေ ပြင်ပေးလိုက်တယ် … ပြီးတော့ မင်းသဘောကျတဲ့ အာလူးကြော်တွေလည်း ပါတယ် … အမေက မင်းကို သတိရနေတယ် … တကယ်လို့ မင်းအရွေးမခံရရင် အိမ်ကိုပဲ ပြန်လာခဲ့ …
ထေ့ကျူး၏ အမေကား ထိုစကားများကို ပြောနေရင်းမှပင် မျက်ရည်များ စီးကျလာသည်။
ထေ့ကျူးကား ငယ်စဉ်ကတည်းမှ ရွာအပြင်ဘက်ကို ရောက်ဖူးသည် မဟုတ်ပေ။
ဦးလေးလေးကလည်း ပြောသည်။
“ ထေ့ကျူး … မင်းက မင်းမိဘတွေ ဂုဏ်ယူရအောင် လုပ်ရမယ် … အစ်ကိုနှစ် … မရီးနှစ် … နောက်ရက် နည်းနည်းဆို မိသားစုက ဂုဏ်ပြုပွဲတစ်ခု လုပ်စရာရှိတယ် … ဒီရက်ပိုင်း ကျုပ်က တော်တော် အလုပ်များတယ် … သုံးယောက်စာရင်းက မကြာခင် ထုတ်ပြန်တော့မယ် … ”
သူက ထေ့ကျူးအား ပွေ့ချီကာ ရထားလုံးပေါ်သို့ တင်သည်။ ထို့နောက် သူကလည်း ရထားလုံးပေါ်သို့ တက်ကာ ထွက်ခွာသွားသည်။
မျက်ရည်များဖြင့် ထေ့ကျူး၏ မိဘများက ရထားလုံး ပျောက်ကွယ်သွားသည် အထိ ငေးကြည့် နေကြသည်။
“ထေ့ကျူးက အိမ်က တစ်ခါမှ ထွက်မသွားဖူးဘူး … သူအနိုင်ကျင့်ခံရမလား … ”
ထေ့ကျူး၏ အမေက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်၏။ သူမ၏ မျက်လုံးများက ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။
“သူက အရွယ်ရောက်လာပြီ ဆိုတော့လည်း သူ့ဘဝအတွက် ရုန်းကန်ရတော့မှာပဲ … ”
ထေ့ကျူး၏ အဖေက သူ၏ ပိုက်လုံးကို ကောက်ကိုင်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူ၏ မျက်နှာတွင် အရေးကြောင်းများစွာ ဖြစ်ပေါ်လာ၏။

Comment

  1. Thet Paing Soe Oo says:

    This is very interesting.🧐

Leave a Reply

Options

not work with dark mode
Reset