Switch Mode

အခန်း (၂၀)

ထူးဆန်းသော သတ္ထုပြားလေး

အပိုင်း(၂၀) ထူးဆန်းသော သတ္ထုပြားလေး

ရီကျင်း၏ခန္ဓာကိုယ်ကဲ့သို့ ရီကျင်းပိုင်ဆိုင်သည့် အရာများလည်း အပိုင်းပိုင်း အစစ ဖြစ်ကုန်ကြသည်။

သူ့ကိုယ်ပေါ်မှ အဆင့်နိမ့် ဝိဉာဉ်လက်နက်များပင် ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ မပျက်စီးဘဲ အကောင်းအတိုင်း ကျန်ရှိသော ပစ္စည်းနှစ်ခုအနက် တခုမှာ ထူးဆန်းသော နီညိုရောင် လက်စွပ်လေးဖြစ်သည်။ အခြားတစ်ခုဖြစ်သည့် ထူးဆန်းသော သတ္ထုပြားလေးမှာမူ ရန်ကျောက်ကဲ၏ လက်ထဲသို့ ရောက်သွားခဲ့သည်။

သတ္ထုပြားလေးကို ပွတ်သပ်ရင်း ရန်ကျောက်ကဲ၏ စိတ်ထဲတွင် တွေးတောနေ၏။

“ဒီပစ္စည်းလေးက မရိုးရှင်းဘူး”

အစစ်အမှန် လီမီးတောက် မီးစေ့လည်း နောက်ဆုံးတွင် သူ့လက်ထဲသို့ ရောက်လာသဖြင့် ရန်ကျောက်ကဲအတွက် နဂါးချုပ်လှောင်ခြင်းချောက်နက်သို့ လာရသော ခရီးမှာ ထိုက်တန်သည်ဟု ဆိုရပေမည်။

ဝါဒတောင်တပည့်များကို ကာကွယ်ကာ အနက်ရောင်ဝတ် ကိုယ်ရံတော်များကို ပြန်လည်စုစည်းရင်း ရန်ကျောက်ကဲနှင့် သူ့လူများသည် မုန်တိုင်းကြားတွင် အံတုလျက် မုန်တိုင်းခိုရန် လှိုဏ်ဂူတစ်ခုဆီသို့ ဦးတည်သွားကြသည်။

ထို့နောက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြင်းထန်သော အနက်ရောင်မြူ မုန်တိုင်းက တဖြည်းဖြည်း အားပျော့ပျောက်ကွယ်သွားသည်။

လှိုဏ်ဂူထဲတွင် ခိုလှုံနေကြသော တပည့်များ အပြင်သို့ ထွက်လာကြသောအခါ  ငိုင်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းပိုင်းရှိ မိုးကုတ်စက်ဝိုင်းတွင် အန္တရာယ်ချီ အနက်ရောင်မြူများ ကစဉ့်ကလျားဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
၎င်းတို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်၏ အတွင်းပိုင်းတွင် ရှိနေသော်လည်း သူတို့ဆီသို့ အချိန်မရွေး ရောက်လာနိုင်သည်။

ရန်ကျောက်ကဲက ပြောလိုက်သည်။ “ဒီလို အပြောင်းအလဲတွေကြောင့် မင်းတို့တွေ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ဆက်နေလို့ မသင့်တော်တော့ဘူး၊  မင်းတို့ရဲ့ ဒီတစ်ခေါက် လေ့ကျင့်ရေး ခရီးစဉ် ပြီးဆုံးပြီ၊ ငါနဲ့ အပြင်ကို လိုက်ခဲ့တော့”

ဝါဒတောင်တပည့်အားလုံး အလျင်အမြန် ခေါင်းငြိမ့်လိုက်ကြသည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များ အားလုံးက ရုတ်တရက်နိုင်လွန်းကာ လူအများစုသည် တုန်လှုပ်ခြောက်ခြားနေကြဆဲ ဖြစ်သည်။ လက်ရှိအချိန်အထိ အများစုမှာ စိတ်ရှုပ်ထွေးနေကြ၏။

ဝါဒတောင်ပေါ်တွင် သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူများ ရှိသော်လည်း ဤလူငယ်တပည့် အုပ်စုမှာ မည်သည့်အခါကမှ သိုင်းဆရာသခင်နှစ်ယောက်ကြား တိုက်ပွဲထဲတွင် နီးနီးကပ်ကပ် မပါဝင်ခဲ့ဖူးပေ။

ဤကဲ့သို့ တိုက်ပွဲမျိုးတွင် ကိုယ်တိုင်ကြုံတွေ့ပြီးနောက် သူတို့သည် များစွာ အမြင်ကျယ်လာသော်လည်း အများစုမှာ ကြောက်ရွံ့နေကြဆဲ ဖြစ်၏။

ရီကျင်း၏အဖြစ်ဆိုးက သူတို့နှလုံးသားထဲတွင် စိတ်မချမ်းမြေ့ဖွယ်ရာ အရိပ်တစ်ခုအဖြစ် ကျန်နေခဲ့သည်။

ရန်ကျောက်ကဲက သူတို့ကို တစ်ချက် ကြည့်လိုက်သည်။ “ဂျူနီယာညီလေးရီ ဒီတစ်ခေါက်မှာ ကံဆိုးမိုးမှောင်ကျပြီး အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲ၊ သူ သေသလား ရှင်သလား မသိရသေးဘူး၊ ဒါပေမယ့် ဂျူနီယာညီလေးရီက အချိန်မတိုင်ခင် သေဆုံးမယ့်သူ မဟုတ်ဘူးဆိုတာ ငါ အပြည့်အဝ ယုံတယ်၊ ငါ ပြောရဲတယ်….၊  ဂျူနီယာညီလေးရီက ဒီအဖြစ်ဆိုးကို ကံကြမ္မာကောင်းအဖြစ်တောင် ပြောင်းလဲနိုင်လိမ့်မယ်လို့….”

ထိုစကားများကို ကြားသောအခါ အခြားလူများ အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့သည် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကြောင့်  ချောက်နက်ထဲသို့ ရီကျင်း ပြုတ်ကျသွားသည်ကိုသာ မြင်ပြီး ထို့နောက်ပိုင်း ဖြစ်ခဲ့သည်များကို အနက်ရောင်မြူများက ကွယ်နေသောကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။  ဝိုးတိုးဝါးတား အသံတချို့သာ ကြားရသည်။

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်၏။ “ဂျူနီယာညီလေးရီ သေတယ်လို့ ပြောဖို့ စောသေးပါတယ်”

ဝါဒတောင်ဂိုဏ်းတပည့်များက သက်ပြင်းချမိကြသည်။ သူတို့နှင့် ရီကျင်းကြား ဆက်ဆံရေးက သာမာန်မျှသာ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း လက်ရှိအချိန်တွင် သူတို့လည်း ရီကျင်းအတွက် ဝမ်းနည်းမိကြသည်။

သိုင်းဆရာသခင်တစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် အားကိုးရာမဲ့ဖြစ်နေပြီး သေရမည်ကို စောင့်နေရသည့် ခံစားမှုမျိုးကြောင့် သူတို့အချင်းချင်း ပိုမို နီးကပ်လာကြသည်။

ထိုအချိန်တွင် သူတို့အားလုံးနီးပါးမှာ သူတို့၏ယုံကြည်မှုများကို ရန်ကျောက်ကဲအပေါ်၌သာ ပုံအပ်ထားကြသည်။ ရီကျင်း သေရာမှ ပြန်လာနိုင်သည် ဆိုသော ရန်ကျောက်ကဲ၏စကားကို ကြားရ၍ သူတို့အားလုံး စိတ်သက်သာရာရမိကြသည်။

ရန်ကျောက်ကဲက သူ့စကားကို ဆက်လိုက်သည်။
“ဒါပေမယ့် သိုင်းဆရာသခင်တစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူ့ကိုယ်သူ ဂျူနီယာ ညီလေးရီနဲ့ သွေးသောက်ညီအကိုလို့ ပြောသွားတာက တကယ်ကို လုံးဝ မမျှော်လင့်ထားတာပဲ”

ဝါဒတောင်ဂိုဏ်း တပည့်များသည် ထိုအကြောင်းကို ပြန်တွေးမိကြပြီး သိုင်းဆရာသခင်တစ်ယောက်နှင့် ရီကျင်းက  မည်သို့မည်ပုံ သွေးသောက်ညီအကိုဖြစ်သွားကြောင်း  သူတို့လည်း မစဉ်းစားတတ်ကြပေ။

ထိုစဉ် စစ်ခုန်ချင်း၏ အကြည့် အနည်းငယ် လှုပ်ခတ်သွားသည်ကို ရန်ကျောက်ကဲ ချက်ချင်းပဲ သတိထားမိသွားသည်။ “ဂျူနီယာညီမလေးစစ်ခုန် တစ်ခုခု သိထားသလား”

“အဲ့လူရဲ့ မျိုးရိုးနာမည်က ဟန်၊ အရှေ့တန်က အဆင့်မြင့်အကြီးအကဲရန်နဲ့ ရန်ငြိုးရှိတယ်၊ သူက အတော် စိတ်ဆတ်ပြီး ဒေါသကြီးတဲ့လူပဲ၊ သူ့သိုင်းပညာတွေက မိစ္ဆာဆန်ပြီး ရက်စက်ကြမ်းကြုပ်တယ်၊ ငါအမှတ်မမှားဘူးဆိုရင် အဲ့သိုင်းဆရာသခင်နာမည်က တစ္ဆေရဲဒင်းအဘိုးအို ဟန်ရှန်း ဖြစ်လောက်တယ်”

ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။ “အဲ့ဒီ့သိုင်းဆရာသခင် ပျောက်ကွယ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူက အကြီးအကဲရန်နဲ့ အတော် ရန်ငြိုးရန်စကြီးတယ်၊ သူ ရုတ်တရက် အရှေ့တန်ပိုင်နက်ထဲမှာ ပေါ်လာတာ သေချာပေါက် အကြောင်းရင်း ကြီးကြီးမားမား ရှိရမယ်”

စစ်ခုန်ချင်းက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှင်းလင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။ “ကျွန်မ အရှေ့တန်ကို အရင်တုန်းက ရောက်ဖူးပါတယ်၊ အဲ့တုန်းက နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ အနီးပတ်ဝန်းကျင်ကို သွားလည်ဖူးတယ်၊ ချောက်နက်နားက တောင်ကြောပေါ်မှာ ရောက်နေတုန်း ကျွန်မ ရုတ်တရက် သတိမေ့သွားတာပဲ”

“အဲ့နောက်မှာတော့ အဲ့အချိန်တုန်းက ဂိုဏ်းထဲကို မရောက်သေးတဲ့ ရီကျင်းက ကျွန်မကို ကယ်တင်ခဲ့တာပဲ၊ ဒါပေမယ့် တစ္ဆေရဲဒင်းအဘိုးအိုနဲ့ ပတ်သတ်တဲ့ ကိစ္စကိုတော့ ကျွန်မ တကယ် မသိဘူး”

“ဒါပေမယ့် အဲ့တုန်းက ရန်သူက သိုင်းပညာရှင်အဆင့်ကို ရောက်နေပြီ၊ သူ့ကျင့်ကြံမှုနဲ့ဆို ဂျူနီယာမောင်လေးရီက ကျွန်မကို ကယ်ဖို့ မဖြစ်နိုင်ဘူးလေ၊ ဒီနေ့အထိ ကျွန်မ ဘယ်လိုလွတ်မြောက်လာလဲ စဉ်းစားရကြပ်နေတုန်းပဲ၊ ဒါပေမယ့် ဒီကိစ္စကို ထပ်မေးဖို့လဲ မသင့်တော်တာကြောင့် မိုးကောင်းကင်ရဲ့ အလိုအရလို့ပဲ သဘောထားလိုက်တာပဲ”

ရန်ကျောက်ကဲက ခေါင်းငြိမ့်လိုက်ပြီး ထပ်မမေးတော့ပေ။ “ဂျူနီယာညီမလေးစစ်ခုန်ရဲ့ စကားတွေကို ငါယုံပါတယ်၊ ညီမလေးစစ်ခုန်လဲ ဒီကိစ္စကို မသိသေးတော့ ဂျူနီယာညီလေးရီကို ပြန်ရှာတွေ့မှပဲ သူ့ကို ဒီအကြောင်း မေးကြတာပေါ့၊ ဒါပေမယ့် ဒီကိစ္စတွေကို ဂိုဏ်းဆီ တိတိကျကျ ပြန်တင်ပြရမယ်၊ အဓိပ္ပာယ်က ဒီကိစ္စကို ညီမလေးနဲ့ ဂျူနီယာညီလေးရီကြားမှာပဲ ထားလို့မရတော့ဘူး”

စစ်ခုန်ချင်းက တုံ့ပြန်လိုက်သည်။ “ကျွန်မ နားလည်ပါတယ်”

ရန်ကျောက်ကဲတို့အဖွဲ့သည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် နဂါးချုပ်လှောင်ခြင်းချောက်နက်၏ အပြင်သို့ ရောက်လာသည်။ လူငယ်တပည့်များသည် ကောင်းကင်မှ အလင်းရောင်ကို ပြန်မြင်ရသောအခါ ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်ကြသည်။

ရန်ကျောက်ကဲ လက်ဖျောက်တီးလိုက်သောအခါ သူ့နောက်မှ အနက်ရောင်ဝတ် သက်လတ်ပိုင်းလူကြီးက ချက်ချင်း သဘောပေါက်သွားပြီး အသံလွှဲပြောင်းသည့် တံဆိပ်ပြားကို ထုတ်ယူ၍ ဆက်သွယ်လိုက်သည်။ ထို့နောက် အခြားသူများနှင့်အတူ ထိုနေရာ၌ ရပ်စောင့်နေသည်။

အလွန်လျင်မြန်စွာဖြင့် အားဟူက အပြေးအလွှား ရောက်လာသည်။ သူ့နောက်တွင် အခြားကျင့်ကြံသူများလည်း ရောက်လာကြသည်။ သူတို့ထဲတွင် အရှေ့တန်ကို စောင့်ကြပ်ရန် စေလွှတ်ထားသော ဝါဒတောင်ဂိုဏ်းမှ ကျင့်ကြံသူများ၊ အရှေ့တန် စစ်တပ်များ ပါဝင်သည်။

ရန်ကျောက်ကဲကို မြင်သည်နှင့် အားဟူက သူ့ဆီသို့ ပစ်ဝင်လိုက်သည်။ သို့သော် အခြားသူများရှိနေသည်ကို မြင်သောအခါမှ အရှိန်သပ်၍ ရန်ကျောက်ကဲ၏ ခြေထောက်ကို ဖက်ကာ အားပါးတရ ငိုကြွေးနေ၏။ “အီး….၊ မင်းသားလေး….၊ မင်းသားလေး ဘာဒဏ်ရာမှ မရလို့ တော်သေးတယ်”

ရန်ကျောက်ကဲက တုံ့ပြန်လိုက်သည်။ “ငါသာ တစ်ခုခုဖြစ်ရင် ပေါင်မုန့်ပုံထဲသာ ခေါင်းထိုးဝင်ပြီး မင်းစိတ်ကြိုက် ဗိုက်ပြည့်တဲ့အထိ စားလိုက်၊ အဲ့အချိန်ကြ ငါ့ကို သတိရနိုင်သေးရဲ့လား”

အားဟူက သူ့ခေါင်းကို ကုတ်ရင်း ရူးကြောင်ကြောင်အပြုံး ပြုံးလိုက်၏။ “ကျွန်တော် မလုပ်ရဲပါဘူး၊ ကျွန်တော် အဲ့လို မလုပ်ရဲပါဘူး”

ရန်ကျောက်ကဲက မေးလိုက်သည်။ “အကြီးအကဲရန်၊ ဟန်ရှန်းနဲ့ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်ကော”
အားဟူက မတ်မတ်ရပ်၍ ပြန်လည်ဖြေကြားလိုက်သည်။ “အကြီးအကဲရန်နဲ့ တစ္ဆေရဲဒင်း အဘိုးအိုက နှစ်ယောက်သား တိုက်ခိုက်ကြရင်းနဲ့ အရှေ့ဘက်ကို ရောက်သွားပါတယ်၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က တိုက်ခိုက်ပြီး ချက်ချင်း ထွက်ပြေးသွားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လူတွေ သူ့နောက် လိုက်ခိုင်းထားတယ်၊ သူတို့တွေဆီက ဘာသတင်းမှ မရသေးပါဘူး”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ အခြားတပည့်များ အသင့်ဖြစ်သည်ကို စောင့်နေ၏။ သွားရန် လမ်းကြောင်းရွေးပြီးသောအခါ သူတို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်မှ ထွက်လာကြသည်။

သူတို့ဦးတည်သွားသော နေရာမှာ ချောက်နက်စောင့်ကြပ်ခြင်းမြို့ဟု ခေါ်သော မြို့လေး တစ်မြို့ ဖြစ်၏။ ထိုနေရာတွင် သူတို့သည် ခဏမျှ အနားယူပြီး ဂိုဏ်းသို့ ပြန်ရန် လိုအပ်တာများ စီစဉ်ကြမည်ဖြစ်သည်။ အရှေ့တန်နိုင်ငံသည် အရှေ့ကောင်းကင်ဒေသ၏ အရှေ့ဘက်ဆုံးအပိုင်းတွင်တည်ရှိရာ ချောက်နက်စောင့်ကြပ်ခြင်းမြို့သည်လည်း အရှေ့တန်၏ အရှေ့ဘက်အကျဆုံး ကင်းစခန်းမြို့ ဖြစ်၏။

ထိုမြို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်မှ ကာကွယ်ရန် အရှေ့တန်၏ ပထမဆုံးခံစစ်စည်းဖြစ်သည်။ အဓိပ္ပာယ်မှာ ထိုနေရာသည် အကြမ်းထည်မျှသာဖြစ်ပြီး ခမ်းနားထည်ဝါသော အဆောက်အအုံ များစွာ မရှိပေ။

သို့သော် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ ရတနာများကြောင့် စွန့်စားသွားလာလိုသော ကျင့်ကြံသူများသည် ထိုမြို့မှ ဖြတ်သန်းသွားကြသည်။ ထို့ကြောင့် ကုန်ပစ္စည်း ဖလှယ်မှုများ ထိုမြို့လေးတွင် ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အတော် ကြီးမားသော ဈေးတစ်ခု ပေါ်ပေါက်လာသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်တစ်ဝိုက်၌ ကျင်လည်ကျက်စားဝံ့သူများမှာ မြင့်မားသော ကျင့်ကြံမှုရှိသူများ၊ သွေးဆာသော ရက်စက်ကြမ်းကြုပ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမြို့လေးသည် အတော် ပရမ်းပတာနိုင်သည်။

အရှေ့တန်နိုင်ငံကသာ မဟုတ်ဘဲ ဝါဒတောင်ဂိုဏ်းကလည်း ထိုမြို့ထဲတွင် အစောင့်ချထားသည်။ ထိုတပ်များသည် ချောက်နက်မှ လာသော အန္တရာယ်များကို တားဆီးသလို မြို့အတွင်း တည်ငြိမ်စေရန်နှင့် ဈေးအတွင်းရှိ အကျိုးအမြတ်များကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ကြသည်။

ညအခါ အခြားတပည့်များ အနားယူနေကြစဉ် ရန်ကျောက်ကဲသည် ထူးဆန်းသော သတ္ထုပြားလေးကို အသေးစိတ် ကြည့်ရှု့လျက်ရှိသည်။

သတ္ထုပြားပေါ်မှ မျဉ်းကြောင်းများသည် စကားလုံးများနှင့် ပိုမို ဆင်တူသည်။

“ဒီနေ့ခေတ် လူတွေက ဒါကို အလွန်ရှေးကျတဲ့ ပစ္စည်းလို့ ထင်နိုင်ပေမယ့် ဒါက မဟာကပ်ဘေးကြီး နောက်ပိုင်း လက်ရာပဲ”

ရန်ကျောက်ကဲ အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။

“ဒီပေါ်က ဘာသာစကားက မဟာကပ်ဘေးကြီးပြီးလို့ သိပ်မကြာခင်မှာ ပေါ်ပေါက်လာတဲ့ ဘာသာစကားမျိုးပဲ၊ ငါ့ရဲ့ ဗဟုသုတတွေကို အခြေခံပြီး စဉ်းစားရရင် အဲ့အချိန်လောက်ပဲ ဖြစ်ရမယ်”

ရန်ကျောက်ကဲသည် မျက်လုံးအဖြူသားများ ကျန်သည်အထိ သူ့မျက်ဆံကို အပေါ် လှန်တင်လိုက်သည်။ ထို့နောက် ငြိမ်သက်စွာ ထိုင်လျက် စဉ်းစားခန်း ဝင်နေ၏။

“မဟုတ်သေးဘူး ဒီပုံစံက သွေးကြောလေးတွေနဲ့ ပိုတူတယ်”

သေးငယ်သော သတ္ထုပြားလေးမှာ လက်ဝါးတစ်ဝက်စာမျှ အရွယ်အစား ရှိသည်။ ရန်ကျောက်ကဲသည် သူ့ခေါင်းပေါက်ထွက်မတတ် စဉ်းစားရင်း မျဉ်းကြောင်းပုံစံများ ဆက်စပ်နေမှုကို ခြေရာခံ လိုက်ကြည့်နေသည်။

“နေဦး…. မဟာကပ်ဘေးမတိုင်ခင်က ဘာသာစကားတစ်ခုနဲ့လဲ တူတယ်၊ မျဉ်းကြောင်းလေးတွေအတိုင်း လိုက်ဖတ်ကြည့်လို့ ရတယ်”

သတ္ထုပြားပေါ်တွင် သူ့လက်ချောင်းကို ထောက်ရင်း ရန်ကျောက်ကဲ ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။ “များပြားတဲ့…. နဂါးများ…. ရှေးဟောင်း….. အေးစက်…. ပြောင်းပြန်….. ကြေးခွံများ….”

Comment

Leave a Reply

Options

not work with dark mode
Reset