Switch Mode

Chapter 1306

မြေငလျင်လှုပ်ခြင်း

*ဒါ … ဒါ … ဒါ …*

လူတိုင်း ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေကြသည်။ ချမ်ရှောက်ဖန့်ကဲ့သို့သော လူစားမျိုးက ဘာမဟုတ်သော လူတစ်ယောက်ထံ၌ အသတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

*မယုံနိုင်စရာပဲ*

*သူ့နှလုံးကိုတောင် သူ ပြန်ကြေမွအောင် လုပ်မိသွားတာပါလား*

ချမ်ရှောက်ဖန့်၏ နှလုံးသားက လုံးဝ ကြေမွနေပြီး ရင်ဘတ်နားမှ အင်္ကျီစပင် သွေးများဖြင့် ရွှဲရွှဲစိုနေသည်ကို သူတို့ ရှင်းလင်းစွာ မြင်နေရသည်။

သူ ဆက်တိုက် သွေးအန်နေပြီး သွေးအန်လိုက်သည့် အကြိမ်တိုင်း အသားစများ ပါပါလာသည်။ သူ့ပုံစံက အလွန် ကြည့်ရဆိုးနေသည်။

ယဲ့ဖန်သည် ညှာတာစိတ် တစ်ချက်မှ မပြဘဲ သူ့အသက်ဖြင့် တန်ကြေး ပြန်ဆပ်ခိုင်းနေသည်။ တစ်ဖက်လူက သူ့ကို သတ်ချင်နေသဖြင့် သူ့အသက်ဖြင့်သာ ပြန်ပေးဆပ်ရပေမည်။

လူတိုင်း၏ အပြုံးများ အေးခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ချမ်မိသားစု တုန်လှုပ် ချောက်ချားကာ ရန်ရှာတော့မည်ကို သူတို့ သိနေသောကြောင့်ပင်။

*ဘုရင်အဆင့်တစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်တာလား၊ ဘယ်လိုလုပ် ဒီလိုလူမျိုးက အေးအေးလူလူ လုပ်နိုင်ရတာလဲ*

လူတိုင်း ငြိမ်သက်နေပြီး ကြောက်လန့်၊ ထိတ်လန့်၍ မယုံနိုင်သော မျက်လုံးများဖြင့် ယဲ့ဖန်ကိုသာ စိုက်ကြည့်နေပြီး အကြည့်လွှဲရ ခက်နေ၏။

“မင်းမျက်လုံးထဲမှာ ပိုက်ဆံနဲ့ အာဏာ ရှိတာ မိုက်တယ်လို့ ထင်ချင်ထင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ အင်အားကို ထိန်းချုပ်နိုင်တာကမှ အရာအားလုံးပဲ”

လက်ရှိတွင် ယဲ့ဖန်၏ ခက်ထန်သော မျက်လုံးများတွင် အလွန် အေးစက်သော အရိပ်အယောင်များ ပေါ်လွင်နေပြီး မလှမ်းမကမ်းမှ ချမ်ရှောက်ဖုန်းအား လှမ်းကြည့်နေသည်။

*ဒါကြောင့် သူက ပိုက်ဆံရှိပြီး အာဏာပါရှိတာ ကောင်းလားလို့ မေးတာကိုး*

ထို့နောက် သူတို့ ထိတ်လန့်အံ့ဩသွားကြသည်။

*ဒီလိုမောက်မာတဲ့လူက သူ့ကိုယ်သူ ချမ်မိသားစုထက် မြင့်တဲ့နေရာမှာ ရှိတယ်လို့ ထင်နေတာလား၊ သူ့ခွန်အားနဲ့ ချမ်မိသားစုရဲ့ အင်အားစုကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား*

ချမ်ရှောက်ဖုန်း၏ မျက်နှာက သုန်မှုန်ကာ ကြောက်စရာကောင်းနေ၏။ ချမ်မိသားစုသည် နှစ်ထောင်ချီ တည်ရှိခဲ့သော မိသားစု ဖြစ်သည်။ သူတို့၏ ဘိုးဘေးများမှ သူတို့မျိုးဆက်အထိ လက်ဆင့်ကမ်း ရပ်တည်လာ ခဲ့ကြသည်။ သူတို့၏ ချမ်မိသားစုသည် ရှေးမိသားစုကြီးဖြစ်သော ယဲ့မိသားစုနှင့် နှစ်တစ်ထောင်အတွင်း ယှဉ်နိုင်စွမ်း ရှိလာခဲ့သည်။ ဤသည်က သူတို့ မည်မျှ ထူးချွန်ကြောင်း သက်သေပြနေ၏။

သူတို့ကို ဤသို့ မည်သူမှ ရန်လာမစရဲတော့သည်မှာ နှစ်ပေါင်းမည်မျှ ရှိနေပြီလဲပင် မသိတော့ချေ။ သို့သော် ယနေ့ ယဲ့ဖန်၏ အပြုအမူက သူတို့ ချမ်မိသားစု၏ မျက်နှာကို အိုးမည်းသုတ်လိုက်သလိုပင်။

*ဘာပဲဖြစ်ဖြစ် ဒီကောင် သေကိုသေရမယ်*

ထိုစဉ် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကွေး၍ ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးကာ လက်နှစ်ဖက်ကို ဆတ်ခနဲ လှုပ်လိုက်သည်။

“ဂျွတ် ဂျွတ်”

ထူးခြားသော အသံနှစ်သံနှင့်အတူ ချမ်ရှောက်ဖန့်၏ လက်မောင်းနှစ်ဖက်လုံး ပြုတ်ထွက်သွားလေသည်။ ထို့နောက် ယဲ့ဖန်က သူ့ကို ဒေါသတကြီး ကန်ထုတ်လိုက်သည်။

ချမ်ရှောက်ဖန့် ဆယ်မီတာကျော်မျှ လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ် အရှိန်ဖြင့် ရိုက်ကျကာ အကြိမ် အနည်းငယ်မျှ တွန့်လိမ်နေပြီးနောက် ငြိမ်သက်သွားလေသည်။ သူ့ပါးစပ်မှ သွေးများ စီးကျနေပြီး မျက်လုံးများက ရီဝေကာ ယခုထိ မုန်းတီးရိပ်များ စွန်းထင်းနေသေးသည်။

*သေသွားပြီ*

*ချမ်ရှောက်ဖန့် သေသွားပြီ*

ဤသည်ကိုမြင်သော် လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့အရှေ့မှလူသည် ချမ်ရှောက်ဖန့်က တကယ် သတ်လိုက်လေပြီ။ ဤသည်က ချမ်မိသားစုကို စစ်ကြေညာသည်နှင့် အတူတူပင်။

ချမ်မိသားစုသည် ပထမ မင်းသမီး၏ နံပါတ်တစ် ထောက်ပံ့သူ ဖြစ်သည်။ ချမ်မိသားစုမှ လူကို သတ်လိုက်ခြင်းက အင်ပါယာနှင့် ရန်သူ ဖြစ်လိုက်ခြင်းနှင့် အတူတူပင်။

*ဒီလူတော့ သွားပြီပဲ*

ချမ်ရှောက်ဖုန်း ခေါင်းမွေးထောင်သွားသည်။

*ဒီလူ … သူ တကယ် သတ်ရဲတာပဲ*

သူ၏ညီသည် သူနှင့် ခွန်အားခြင်း အတူတူပင်။ သူ့ညီက ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်ခဲ့လျင် သူသည်လည်း ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။ သူသာ တိုက်ခိုက်ပါက သေရပေလိမ့်မည်။

“ရှောက်ဖန့်”

ထိုစဉ် နှိုင်းယှဉ်မရအောင် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်သည့် အသံ ထွက်ပေါ်လာပြီး ချမ်ဖုန်းလင်သည် နေရာမှ အပြေးသွားကာ ချမ်ရှောက်ဖန့်၏ ခန္ဓာကိုယ်ကို ကောက်ပွေ့လေသည်။

သူ့သား၊ ဘုရင်အဆင့်သို့ ရောက်နေသော သူ့သားက ဤသို့ သေသွားရသည်တဲ့လား။ ထို့အပြင် သူ့သားကို သတ်သွားသည့်သူက ဘယ်ကမှန်းမသိသည့် ဆင်းရဲသားတစ်ယောက် ဖြစ်နေ၏။

လွန်ခဲ့သော မိနစ်ပိုင်းက ယဲ့ဖန်အား ဘယ်ကမှန်းမသိသည့် ပုရွက်ဆိတ်တစ်ကောင်ဟု သူ မှတ်ယူခဲ့သော်လည်း တစ်ခဏအကြာတွင် ယဲ့ဖန်က သူ့အထင် မှားကြောင်း ရက်ရက်စက်စက် သက်သေ ပြလာလေသည်။

လူတိုင်း ကြက်သေ သေသွားပြီး တစ်ခဏမျှ အတွေးထဲ နစ်မြောနေမိသည်။ ချမ်မိသားစု၌ ဘုရင်အဆင့် ညီအစ်ကို နှစ်ယောက် ရှိပြီး ကံကောင်းလွန်းသူများ ဖြစ်သည်။ ယနေ့တွင်မူ ယဲ့ဖန်နှင့် တွေ့သောအခါ တစ်ယောက် သေသွားခဲ့သည်။

ထို့အပြင် တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရခြင်းပင်။ ချမ်ရှောက်ဖန့်က ယဲ့ဖန်အား သူ ပျော်ရွှင်ကျေနပ်အောင် လုပ်ရမည်ဟု ပြောခဲ့သော်လည်း  ယဲ့ဖန်၏ အရှက်ခွဲခြင်းကိုသာ ခံလိုက်ရသည်။

“မဟုတ်ဘူး မဟုတ်ဘူး မဖြစ်ရဘူး၊ ဒီကိုလာကြစမ်း၊ ဒီကိုမြန်မြန်လာကြ၊ ငါ့ဖန့်အာကို ကယ်ကြဦး”

ချမ်ဖုန်းလင်က အရူးတစ်ယောက်သဖွယ် ကယောင်ကတမ်း အော်ဟစ်နေသည်။ ဤညီအစ်ကိုနှစ်ယောက်ကို သူ့ဘဝ၏ ဂုဏ်ယူစရာများဟု သူ အမြဲ မှဝတ်ယူထားခဲ့သည်။ ယခု သားတစ်ယောက်က ချက်ချင်း အသတ်ခံ လိုက်ရသဖြင့် သူ့ရင်ကို ဓားနှင့် မွှမ်းနေသလိုပင်။

ချမ်မိသားစု၏ တော်ဝင်သမားတော်က အပြေးရောက်လာပြီး သေချာ စစ်ဆေးလေသည်။ ထို့နောက် နောင်တရစိတ် အပြည့်နှင့် ခေါင်းခါပြလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး လူကြီးမင်း၊ သူ့နှလုံးက လုံးဝ ကြေမွနေပြီ၊ နတ်သိကြားတောင် မကယ်နိုင်တော့ပါဘူး”

ချက်ချင်းဆိုသလိုပင် ချမ်ဖုန်းလင်က ယဲ့ဖန်အား လူသတ်ချင်သော အကြည့်ဖြင့် ကြည့်လာပြီး ဓားတစ်သောင်းဖြင့် ထိုးခုတ်ချင်စိတ် ပေါက်နေသည်။

ယဲ့ဖန် လုံးဝ ကြောက်ရွံ့စိတ် မရှိဘဲ သရော်ဟန်နှင့် ပြန်မေးလိုက်သည်။

“ချမ်းသာပြီး အာဏာရှိတာ မိုက်တယ် မဟုတ်ဘူးလား”

*အရှက်ခွဲတာပဲ*

*ဒီကောင်က အခုထိ ချမ်ဖုန်းလင်ကိုပါ ပေါ်တင် အရှက်ခွဲနေတာပဲ*

သူ့ပုံစံက “မင်းတို့က ချမ်းသာပြီး အာဏာရှိတာက ကောင်းတယ်လို့သာ ပြောနေတာ၊ ချမ်းသာခြင်းနဲ့ အာဏာရှိခြင်းက မင်းရဲ့သား ငါ့လက်ထဲမှာ သေတာကို မတားနိုင်ပါလား” ဟု ပြောနေပုံ ပေါက်နေ၏။

ဤသည်မှာ‌ လှောင်ပြောင်သရော်ခြင်း ဖြစ်သည်။ ဤသည်မှာ ချမ်မိသားစုကို နင်းချေလိုက်ခြင်း ဖြစ်ပေသည်။ ရုတ်ချည်းဆိုသလိုပင် ချမ်မိသားစုဝင်တိုင်းက ခက်ထန်ကြမ်းကြုတ်သော အကြည့်များဖြင့် ယဲ့ဖန်အား အငြိုးကြီးစွာ ကြည့်လာကြသည်။

အကြည့်များသာ ဓားများ ဖြစ်နေခဲ့လျင် ယဲ့ဖန် ဓားတစ်ထောင်ကျော်ဖြင့် ထိုးခံနေရလောက်လေပြီ။ သူတို့ ချမ်မိသားစုသည် ဘယ်အချိန်တုန်းက ဤသို့သော စော်ကားမှုမျိုးကို ခံစားဖူးရသနည်း။

“တံခါးပိတ်လိုက်”

ချမ်ဖုန်းလင်က ရုတ်တရက် ပြာနှမ်းနေသော အော်ဟစ်လိုက်ပြီးနောက် အမူအရာက ခက်ထန် ကြမ်းကြုတ်လာ၏။ သူ၏ သားနှစ်ယောက်၊ ချမ်မိသားစု၏ ဆက်ခံသူ အလောင်းအလျာ နှစ်ယောက်၊ တစ်ယောက်က ရဲရင့်ပြီး ထူးချွန်ကာ ကျန်တစ်ယောက်က အကြံအဖန် ကောင်းသည်။ နှစ်ယောက်လုံးက အတောမသတ်နိုင်သော မျှော်လင့်ချက်များ ပေးစွမ်းခဲ့ပြီး အနာဂတ်၌ ချမ်မိသားစုက ပိုမြင့်မားသော နေရာသို့ အရောက်ပို့နိုင်စွမ်း ရှိကြသည်။

ယခုအခါတွင်မူ တစ်ယောက် အသတ်ခံလိုက်ရလေ၏။ ယဲ့ဖန်သည် သူ့သားကို သတ်လိုက်ရုံတင် မကဘဲ သူတို့ ချမ်မိသားစု၏ အနာဂတ်ကိုပါ ဖျက်ဆီးခဲ့လေပြီ။

ထို့ကြောင့် သူ ဒေါသထွက်နေ၏။ ချမ်မိသားစုခေါင်းဆောင်၏ ဒေါသကို လူတိုင်း သိပါသည်။ သူ ဒေါသထွက် လာလျင် မိုးကြိုးမုန်တိုင်း တိုက်ခတ်ကာ ဆူနာမီလှိုင်းထ၍ မီးတောင် ပေါက်ကွဲသကဲ့သို့ ကြမ်းတမ်းလှသည်။

ရုတ်တရက် ချမ်မိသားစုဝင် သိုင်းပညာရှင်တစ်ဖွဲ့က ဟိုတယ်၏ အဝင်ဝကို ပိတ်ဆို့လာပြီး မည်သူ့ကိုမဆို စိတ်တိုင်းကျ ဝင်ခွင့်၊ ထွက်ခွင့် ပိတ်ဆို့လိုက်သည်။

“ခွေးမ နင် ငါ့ကို သတ်တာ၊ နင်က ငါ့ကို သတ်ချင်နေတာ၊ ငါ ဒါကို ကြိုသိခဲ့သင့်တာ၊ နင့်မိသားစုကို အပြင်မှ သေခွင့် ပေးထားလိုက်သင့်တာ၊ နင့်လို့ နိမ့်ကျတဲ့ အမှိုက်က ပေါ်မလာသင့်ဘူး၊ အခြားသူတွေကို ဆွဲချတဲ့ ကောင်မ”

စုဝမ်ချင်းက ဒေါသတကြီး ကြိမ်းမောင်း ပြောဆိုလေသည်။ ယဲ့ဖန်သည် ချမ်ရှောက်ဖန့်ကို တကယ် သတ်ခဲ့သည်။ သူမက သူ့ကို ခေါ်သွင်းခဲ့သူ ဖြစ်နေသဖြင့် သူမလည်း ပြေးမလွတ်နိုင်တော့ပါ။ ယခု ချမ်မိသားစုကို မျက်နှာချိုသွေးရန် မဆိုထားနှင့် အသက်ရှင်နိုင်ပါ့မလားပင် မသိတော့ချေ။

ဤသည်အားလုံးက ကျုံးလီအာကြောင့်သာ ဖြစ်သည်။ သူမ ဒေါသတကြီး ကျိန်ဆဲနေပြီး ကျုံးလီအာ၏ မိသားစုအားလုံး သေပါစေဟု ဆုတောင်းနေ၏။

ကျုံးလီအာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မချိပြုံးသာ ပြုံးလိုက်မိပြီး ဘာမှဆက်မပြောတော့ပေ။ အစက သူမသည် စုဝမ်ချင်းကို အနားသို့ဆွဲ၍ ယဲ့ဖန်၏ နောက်ခံ အစစ်အမှန်ကို ပြောပြချင်ခဲ့ပါသည်။ သို့ရာတွင် စုဝမ်ချင်း၏ လက်ရှိ အသွင်အပြင်ကို ကြည့်ပြီး သူမ ဘာပြောပြော စုဝမ်ချင်း ယုံမည်မဟုတ်ကြောင်း တွေးလိုက်မိသည်။

ထိုအခိုက်တွင် ချမ်ဖုန်းလင်၏ အမူအရာက အညှာအတာ ကင်းမဲ့နေပြီး မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။

“ဟေ့ကောင် မင်း သေကိုသေရမယ်၊ ဒါပေမဲ့ မင်း အေးအေးဆေးဆေး မသေရဘူးလို့တော့ ငါ ကတိပေးတယ်ကွ”

သူ့လေသံက အက်ကွဲ၍ တိုးဝင်နေပြီး အလွန် ဒေါသထွက်ကာ ဝမ်းနည်းပူဆွေး၍ အငြိုးကြီးနေကြောင်း ပေါ်လွင်နေ၏။

“မင်းတင် သေရမှာ မဟုတ်ဘူး၊ မင်းမိသားစု၊ မင်းမိတ်ဆွေတွေနဲ့ မင်းနဲ့ ပတ်သက်တဲ့လူတိုင်း သေရမယ်၊ အေး … သူတို့လည်း ကောင်းကောင်း မသေစေရဘူး”

“ဒါ ငါ့ချမ်မိသားစုကို ရန်စတဲ့အတွက် ဖြစ်လာတဲ့ ကံတရားပဲ”

“ဟားဟား … ကျုပ်ချစ်သူကို အရင်လာလုချင်နေတာ ခင်ဗျားသားလေ၊ အဆုံးသတ်ကျတော့ သူ ကျုပ်ပိုင်တဲ့ အရာကို ရမသွားတာပဲ ရှိတာ”

ယဲ့ဖန်က သရော်လိုက်သည်။

“ငါ့သားက လူတွေထဲက နဂါးလို ဖီးနစ်လိုလူကွ၊ သူ သဘောကျတာကို ခံရလို့ အဲ့ခွေးမ ဂုဏ်တောင် ယူနေရဦးမှာ၊ သူ့ကို ချီးမွမ်းနေမှန်း မသိမှတော့ သူလည်း မင်းနဲ့အတူ သေရမှာပေါ့”

ချမ်ဖုန်းလင်၏ စကားတိုင်းက အေးစက်ကြမ်းကြုတ်ကာ လူသတ်ချင်စိတ်များနှင့် ပြည့်နေ၏။

*ခွေးမ*

တစ်ဖက်လူ၏ စကားက ယဲ့ဖန်၏ ပွက်ပွက်ဆူနေသော လူသတ်ချင်စိတ်ကို ထပ်မံ၍ ဆွမိသွားလေပြီ။

“ကောင်းပြီလေ၊ သိပ်ကောင်းတယ်”

ယဲ့ဖန်က ခေါင်းညိတ်၍ တစ်လုံးချင်း ပြောလိုက်သည်။

“ခင်ဗျားသား သေရတာနဲ့တင် ခင်ဗျား မကျေနပ်တဲ့ပုံပဲ”

“ဒီလိုဆိုမှတော့ ဒီနေ့ ချမ်မိသားစု ရှင်းလင်းခံရမယ်”

ထိုစကားက လက်ရှိလူတိုင်းကို ထိတ်လန့်ကာ ကြက်သေ သေသွားစေသည်။

*သူတစ်ယောက်တည်းကလေ*

*ဒီကောင် ဦးနှောက်ပျက်နေပြီလား*

*ပိုက်ဆံမရှိဘဲနဲ့ မင်း တစ်ယောက်ယောက်ကို သတ်ပြီး လုပ်ချင်တာ လုပ်လို့ရမယ် ထင်နေလား*

*ချမ်မိသားစုက ဘုရင်အဆင့် ဆယ်ယောက်ကျော်ကို မင်း ဘယ်နား သွားထားလိုက်တာလဲ*

ချမ်မိသားစုတွင် များပြားသော စည်းစိမ်များ ရှိသည်။ ထိုပိုက်ဆံများကို သုံး၍ ရတနာများ ဝယ်ယူသလို သူတို့အတွက် အမှုထမ်းရန် ဘုရင်အဆင့်များကိုလည်း ပိုက်ဆံဖြင့်သာ ဝယ်ယူခဲ့သည်။

*ယဲ့ဖန်က သူတစ်ယောက်တည်းနဲ့ ချမ်မိသားစု တစ်ခုလုံးကို ဖျက်ဆီးချင်နေတာလား၊ ဟာသပဲ*

“လူငယ်လေး မင်း ကောင်းကင်က ဘယ်လောက် မြင့်လဲ မသိဘူးနဲ့တူတယ်”

သိမ်းငှက်မျက်လုံးနှင့် အဘိုးအိုတစ်ယောကက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ရယ်လေသည်။

“ဒုသခင်လေးကို သတ်တဲ့အပြင် ချမ်မိသားစုကိုပါ မလေးမစား လုပ်တယ် ဟေ့ကောင် ငါ မင်းကို ဒီနေ့ အသေ သတ်ပစ်မယ်ကွ”

ဓားကိုင်ထားသော ရွှေရောင်သံချပ်ကာနှင့် အစောင့်တစ်ယောက်လည်း အေးစက်စွာ ပြောလာသည်။

“ငါ သူ့ခြေထောက်ကို လိုချင်တယ်”

“သူ့လက်ကို ငါ ယူမယ်”

“ငါ သူ့ခေါင်းကို ယူမယ်ကွ”

“ဒါဆိုလည်း ငါ အနစ်နာခံတဲ့အနေနဲ့ သူ့ဘေးက မိန်းမကို ယူလိုက်မယ်ကွာ”

ချမ်မိသားစုမှ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်က မချိုမချဉ် မျက်နှာထားများနှင့် ယဲ့ဖန်အား ကုန်းပေါ်မှ ငါးသဖွယ် သတ်မှတ်နေကြသည်။

ဧည့်သည်များအားလုံး ပြာနှမ်းနေသော မျက်နှာများနှင့် ပြိုင်တူ နောက်ဆုတ်သွားလေသည်။ ဘုရင်အဆင့် ဆယ်ယောက်ကျော်၏ သတ်ဖြတ်ချင်သော အရှိန်အဝါက လူတိုင်းအား တစ်စစီ ဆုတ်ဖြဲတော့မယောင် ဖြစ်ပေါ်နေသည်။

ထိုအခိုက်တွင် အားလုံးက ဓားများကို ဆွဲထုတ်လာသည်။ မကြာခင် တိုက်ပွဲ ဖြစ်လာတော့မည့်ပုံပင်။ ချမ်ဖုန်းလင်က ခက်ထန်သော အကြည့်များဖြင့် လက်ကိုဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။

“သတ်”

ဘုရင်အဆင့် ဆယ်ယောက်ကျောက် သတ်ဖြတ်ချင်သော အရှိန်အဝါများနှင့်အတူ ယဲ့ဖန်ထံသို့ ပြေးတက် သွားကြသည်။ လေထုသည် ပြင်းထန်ပူလောင်လာပုံရပြီး သွေးညှီနံ့ပင် ရလာသလို ဖြစ်လာ၏။

သို့သော် ယဲ့ဖန်က အထင်သေးသော အပြုံးနှင့်အတူ မလှုပ်မယှက် ရပ်နေသည်။ သူသည် ဘုရင်တစ်ပါးကဲ့သို့ သက်ရှိအားလုံးကို အထင်သေးကာ ထီမထင်သလိုပင်။

*ဒီကောင် ရယ်နိုင်သေးတာလား*

ဧည့်သည်များ အံ့ဩသွားကြသည်။

*ဒီကောင် တော်တော် အတင့်ရဲတာပဲ၊ ဘုရင်အဆင့် ဆယ်ယောက်ကျော် ဝိုင်းတာကို ခံနေရတာတောင် မလှုပ်ဘူး၊ သာမန်လူဆို ကြောက်လွန်းလို့ သေးထွက်နေလောက်ပြီ*

*ဒါပေမဲ့ ဒီကောင် ရယ်နေသေးတယ်၊ မယုံနိုင်စရာပဲ*

“လေမိုးကြား ဓားချက်”

“ရင်ခွဲဓားချက်”

“ကျားလက်သီး”

ကြွေးကြော်သံများစွာနှင့်အတူ ဓားရောင်များနှင့် လူရိပ်များ ပေါ်လာပြီး တချွင်ချွင်သံ ထွက်ပေါ်နေသည်။ ဓားဆယ်လက်ကျော်က ယဲ့ဖန်ထံ ချက်ချင်း ကျရောက်လာ၏။

ဓားချက်များက လည်ပင်း၊ နဖူး၊ နှလုံး စသဖြင့် တစ်ချက်တည်းဖြင့် သေစေနိုင်သော နေရာများကို ဦးတည် ထားသည်။

သူတို့အားလုံးက အထင်သေးသော အပြုံးများ ပြုံးနေကြပြီး ယဲ့ဖန်၏ မာန်တက်နေပုံကို သရော်ကာ မကြာခင် သူတို့လက်ထဲသို့ ကျရောက်လာတော့မည်ဟု ထင်နေကြသည်။

ထိုစဉ် ယဲ့ဖန်ကို နှုတ်ခမ်းကို အသာလှုပ်၍ ရေရွတ်လိုက်သည်။

“မြေငလျင်လှုပ်ခြင်း”

Comment

Leave a Reply

Options

not work with dark mode
Reset