အခန်း (၁၉)

အတော် အကြမ်းခံတဲ့ ဇာတ်လိုက်အရောင်အဝါ

အခန်း (၁၉) အတော် အကြမ်းခံတဲ့ ဇာတ်လိုက်အရောင်အဝါ

ရီကျင်းအား ကယ်တင်ခဲ့သော မိစ္ဆာအိုကြီးဟန်၏ လုပ်ရပ်က လူတိုင်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်နေခဲ့သည်။ မိစ္ဆာအိုကြီးဟန်သည် ဝိဉာဉ်အလံငါးပါးအဖွဲ့ဂိုဏ်းချုပ်ထံသို့ တဟုန်ထိုး ပျံသန်းသွားသော်လည်း ယခုမှ ရောက်လာသော အရှေ့တန်အကြီးအကဲအား ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

မမျှော်လင့်ဘဲ နောက်မှ ရောက်လာသော သိုင်းဆရာသခင်နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။ မူလက ထိုနှစ်ယောက်၏ ပစ်မှတ်ဖြစ်သော ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်မှာ လုံးဝ လွတ်လပ်နေသည်။

အရှေ့တန်အကြီးအကဲက လက်ရှိတွင် တိုက်ခိုက်နေသော်လည်း သူ ရောက်နေသည်ကို မြင်သည်နှင့် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ် ဆက်မနေရဲတော့ပေ။

သူ၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ် ရောက်နေသည်ကို ကြားသည်နှင့် အရှေ့တန်နိုင်ငံနှင့် အရှေ့ကောင်းကင်ဒေသမှ ထိပ်တန်း ကျင့်ကြံသူများက နဂါးချုပ်လှောင်ခြင်းချောက်နက်သို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးလာနေကြသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲသို့ မဝင်တော့ဘဲ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်သည် နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်မှ လက်သီးတစ်လုံးလွှတ်၍ ထပ်မံတိုက်ခိုက်ခဲ့သည်။ ထို့နောက် သူ့တိုက်ခိုက်မှု၏ ရလဒ်ကို ပြန်မကြည့်တော့ဘဲ ချက်ချင်း ထွက်ပြေးတော့သည်။

ထိုလက်သီးချက်၏ ပစ်မှတ်မှာ လီမီးတောက် မီးစေ့ကို ဆုပ်ကိုင်ထားသူ ရီကျင်းပင် ဖြစ်သည်။

ရီကျင်း ငိုတော့မတတ် ဖြစ်နေသည်။

ရန်ကျောက်ကဲက ရီရမည်လော ငိုရမည်လော မသိတော့ပေ။
ကိစ္စအားလုံးက ကသောင်းကနင်း ဖြစ်နေသည်။

ရန်ကျောက်ကဲက အော်ပြောလိုက်သည်။ “မီးစေ့ကို လွှင့်ပစ်လိုက်၊ သူက မီးစေ့ရဲ့ တည်နေရာကို သုံးပြီး ငါတို့ကို တိုက်ခိုက်နေတာပဲ”

ရီကျင်း ချက်ချင်းပဲ တုံ့ပြန်ကာ မီးစေ့ကို အလျင်အမြန် လွှင့်ပစ်လိုက်သည်။

သို့သော် သိုင်းဆရာသခင်တစ်ယောက်၏ လက်သီးချက်က လျင်မြန်လွန်းသည်။ နဂါးချုပ်လှောင်ခြင်းချောက်နက် အတွင်းနှင့် အပြင် ကွာခြားမှု ရှိသော်လည်း လက်သီးချက်က တခဏအတွင်း ရောက်လာရာ ရီကျင်းအဖို့ ရှောင်နိုင်စွမ်း မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ ပထမ လက်သီးချက်နှင့် မိစ္ဆာအိုကြီးဟန်၏ လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံမှုအရှိန်ကြောင့် ရီကျင်း ရပ်နေသည့် ချောက်ကမ်းပါး၏အတွင်းသားမှာ  ကြေမွနေလေသည်။ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ ဒုတိယလက်သီးချက် ရောက်မလာခင် ၎င်း၏အရှိန်က ဦးစွာ ရိုက်ခတ်သောအခါ ချောက်ကမ်းပါးသည် ရီကျင်း၏ အလေးချိန်ကိုပင် မခံနိုင်ဘဲ ပြိုကျသွားလေသည်။

ရီကျင်းလည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ပြိုကျသွားသော ချောက်ကမ်းပါး အပိုင်းအစများနှင့်အတူ အမှောင်ဖုံးနေသော ချောက်ထဲသို့ ပြုတ်ကျသွားလေသည်။

ရီကျင်း အမှောင်ဖုံးနေသောချောက်ထဲသို့ ပြုတ်ကျသွားသည်ကို မြင်သောအခါ အခြားသူများ အထိတ်တလန့် အောင်ဟစ်လိုက်ကြသည်။

ရီကျင်း၏ကျင့်ကြံမှုအဆင့်ဖြင့် ချောက်ထဲသို့ ပြုတ်ကျသွားပါက အသက်ရှင်နိုင်ချေ အနည်းငယ်မျှသာ ရှိသည်။

ရီကျင်းသည် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ ဒုတိယ လက်သီးချက်မှ လွတ်မြောက်သွားသော်လည်း နက်ရှိုင်းသော ချောက်ထဲသို့ ပြုတ်ကျသွားသဖြင့် ဆိုးဝါးလှသော အဆုံးသတ်ကို ရှောင်နိုင်ရန် ခဲယင်းလှသည်။

တောင်ပေါ်လမ်းက အကွေ့အကောက်များသည်။ အဆုံးသတ်တွင် ရလဒ်က မပြောင်းလဲဘဲ ရှိနေသည်။ ရီကျင်းနှင့် ဆက်ဆံရေး ကောင်းသူ၊ ဆိုးသူအားလုံး ဤတစ်ခါ ရီကျင်းအတွက် ဝမ်းနည်းမိကြသည်။

သို့သော် ရန်ကျောက်ကဲက ထိုသို့ မထင်ပေ။
တကယ်တော့ ထိုခဏတွင် သူ သမ်းပင် သမ်းချင်သေးသည်။

ထိုမိစ္ဆာအိုကြီးဟန် ရုတ်တရက် ပေါ်လာခြင်းက ရီကျင်းကို တကယ်ပဲ ဇာတ်လိုက်အရောင်အဝါ ဖုံးလွှမ်းထားသည်ဟု ရန်ကျောက်ကဲ အခိုင်အမာ ယုံကြည်မိသည်။

ထိုသို့ဆိုလျှင် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသောကြောင့် ရီကျင်း သေသွားမည်လော။

ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခြင်းကြောင့် ရီကျင်း မသေသည့်အပြင် မြင်တွေ့နေကျ အကွက်တွေ ဖြစ်သည့် ကံကောင်းမှုများဖြင့်ပင် တွေ့ဆုံပေလိမ့်သည်။ ထို့နောက် ရီကျင်းသည် ကျင့်ကြံခြင်းအဆင့်ငယ်ပေါင်းများစွာ ခုန်တက်လာလိမ့်မည်။ ရီကျင်း ပြန်ရောက်လာသောအခါ ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ကြီး ရန်ကျောက်ကဲအဖို့ ရီကျင်းနှင့် မျက်နှာချင်းဆိုင်ရန်ပင် ရှက်စရာကောင်းနေလိမ့်မည်။

ရန်ကျောက်ကဲသည် ရီကျင်းပြုတ်ကျနေသော မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။

သည်အကိုကြီးက မင်းအကွက်တွေကို ကြိုမြင်ထားပြီးပြီ။

သို့သော် ထိုအချိန်တွင် အနက်ရောင်မြူများ ဖုံးလွှမ်းနေသော ချောက်၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် အလွန် တောက်ပလာသည်။
ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး တောက်ပသော အလင်းတန်းများ အနက်ရောင်မြူများထဲမှ ဖြာထွက်လာသည်။ ဧရာမအနက်ရောင်မြူ လှိုင်းလုံးကြီးက ချောက်၏အဝသို့ တက်လာသည်။

“ဒါ……. ငါ့ရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုလား၊ ခုနက ချောက်ထဲသို့ ပြုတ်ကျသွားတာ၊ အခု ပေါက်ကွဲသွားပြီလား” ရန်ကျောက်ကဲတစ်ယောက် ပါးစပ်မှ ရေရွတ်ရင်း ငူငူကြီး ဖြစ်နေသည်။

ထိုအခိုက် ချောက်အောက်ခြေမှ သလင်းကျောက်မီးပြင်းဖို ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဧရာမ မြူလှိုင်းလုံးကြီးက အောက်သို့ ပြုတ်ကျလာသော ရီကျင်းနှင့် လေထဲတွင် တွေ့ဆုံသွားကာ ရီကျင်းကို အထက်သို့ ပင့်တင်ပေးလိုက်လေသည်။

အောက်မှတက်လာသော အနက်ရောင်မြူလှိုင်းလုံး၏ အကြမ်းပတမ်း အင်အားကြောင့် နဂိုထဲက အပြင်းအထန် ဒဏ်ရာရနေသော ရီကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသလို ခံစားရသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ရန်ကျောက်ကဲ အနည်းငယ် ကြောင်အသွားသည်။ “မင်းဘဝက……  ကံကောင်းတယ် ပြောရမလား၊ ကံဆိုးတယ် ပြောရမလား”

ရီကျင်း၏ မျက်လုံးများက အပြူးသား ပွင့်လျက် သူ့ခန္ဓာကိုယ် ကြေမွနေသည်ကို အထိတ်တလန့် ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကို အာရုံခံ၍ မရတော့ပေ။ အနက်ရောင်မြူလှိုင်းလုံး၏ ရိုက်ခတ်မှုကြောင့် ဖြစ်လာသော သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် နာကျင်မှုကိုပင် မသိရှိတော့ပေ။

“ရန်……. ကျောက်…… ကဲ”

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပေါက်ကွဲမှုမှ တွန်းကန်အားကြောင့် သူ့တစ်ကိုယ်လုံး ဧရာမ လက်သီးချက်၏ မီးတောက်မုန်တိုင်းအတွင်း  ပြန်လည် ရောက်ရှိသွားသည်ကို ကြည့်ပြီး ရီကျင်းသည် မုန်းတီးစွာဖြင့် သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ ကံကြမ္မာကို အရှုံးမပေးချင်စိတ်များ သူ့မျက်လုံးထဲတွင် ပြည့်နှက်လာသည်။

ထိုအခိုက်တွင် သူ့ညာဘက်လက်မှ နီညိုရောင်လက်စွပ်က မည်သည့်အခါကနှင့်မျှ မတူသော  တောက်ပမှုမျိုးဖြင့် ရုတ်တရက် တောက်ပလာသည်။

နောက်တစ်စက္ကန့်အတွင်း နီညိုရောင်လက်စွပ်၏ တောက်ပသော အလင်းရောင်အောက်တွင် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော မီးတောက်မုန်တိုင်းမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲ၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ လက်စွပ်၏ ရောင်ပြန်ဟပ်မှုအောက်တွင် ရီကျင်း၏ ခန္ဓာကိုယ်တစ်ဝိုက်၌ မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မျက်တောင်တစ်ခတ်စာမျှ သူ မြင်လိုက်ရသည်။

ထိုပုံရိပ်ထဲတွင် အဆုံးအစမရှိသော မီးတောက်ကမ္ဘာကြီးကို တွေ့ရ၏။

အနီရောင် ကောင်းကင်အောက်တွင် ချော်ရည်များက ဧရာမမီးတောင်ကြီးများ ပေါက်ကွဲသည့်နှယ် အဆက်မပြတ် ပန်းထွက်နေကြသည်။ ကမ္ဘာကြီး အဆုံးသတ်သည့်နေ့ ရောက်နေသလို ကျောက်ရည်ပူများက ကမ္ဘာမြေပြင်ပေါ်သို့ ထွက်လာကြသည်။
ဧရာမ ကပ်ဆိုးကြီး ကျရောက်နေ၏။ အဆုံးအစမရှိသော ချော်ရည်များနှင့် နေရာအနှံ့ တောက်လောင်လျက်ရှိသော မီးတောက်များသာ တွေ့ရသော်လည်း ပျက်စီးသေကြေနေကြသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုနေရာသည် ချော်ရည်ပူများ၏ ကမ္ဘာ၊ မီးတောက်ငရဲပင် ဖြစ်သည်။

တဖန် ထောင်ပေါင်းများစွာက မီးတောက်များက လေထဲတွင် အပြန်အလှန် ယှက်နွယ်သွားကာ ဧရာမ မီးနတ်ဘုရားအဖြစ်သို့ ပေါင်းစည်းသွားသည်။
ထိိုခမ်းနားထည်ဝါသော မီးနတ်ဘုရား၏ ရှေ့မှောက်တွင် သက်ရှိအားလုံး ကြောက်ရွံ့ရိုသေစွာဖြင့် ဝပ်တွားကြရသည်။

ထိုမီးနတ်ဘုရားနှင့် နှိုင်းယှဉ်လျှင် အရှေ့တန်အကြီးအကဲ၊ မကောင်းဆိုးဝါးအိုကြီးဟန်နှင့် ဝိဉာဉ်အလံငါးပါးအဖွဲ့ခေါင်းဆောင်တို့မှာ မြူမှုန့်မျှသာ ရှိသည်။

မျက်တောက်တခတ်စာလောက် ပေါ်လာသော မှုန်ဝါးဝါးပုံရိပ်မျှသာ ဖြစ်သော်လည်း ၎င်းမှ ကျန်ခဲ့သော အရှိန်အဝါက လူတိုင်းကို တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဖူးသည့် ကပ်ဆိုးကြီးနှင့် ရင်ဆိုင်နေရသလို ခံစားရစေသည်။

လူအများစုက သူတို့၏ မြင်ကွင်းကို အနက်ရောင်မြူများ ဖုံးလွှမ်းနေသဖြင့် ထိုပုံရိပ်ကို မမြင်ရသော်လည်း သူတို့၏စိတ်များ ထိန်းမနိုင် သိမ်းမရအောင် တုန်လှုပ်မိသည်။

ထိုဝိုးတိုးဝါးတား ပုံရိပ်ကို ကြည့်ပြီး ရန်ကျောက်ကဲ အတွေးနက်နေမိသည်။

သို့သော် သူ့စိတ်ကို ပိုမိုသက်ရောက်စေသည်က ရီကျင်း၏ နောက်ဆုံးကံကြမ္မာဖြစ်သည်။

နက်ရှိုင်းသော ချောက်ထဲမှ တက်လာသော ပြင်းထန်သည့် အနက်ရောင်မြူလှိုင်းကြောင့် ကျေမွနေသော ရီကျင်း၏ ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားသည်။ သိသာစွာပဲ သူ့ဘဝသည် ဆုံးခန်းတိုင် ရောက်ချေပြီ။

သို့သော် အစောပိုင်းက ရုတ်တရက် ပေါ်လာသော ဝိုးတဝါးပုံရိပ်က ရီကျင်း၏ ဇာတ်လိုက်အရောင်အဝါ အစွမ်းပြသည်ဆိုသော အဓိပ္ပာယ်ဖြစ်သလော။

ထိုအခိုက် လက်စွပ်မှ နီညိုရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ  ထိုသွေးမြူများအားလုံးကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် ရီကျင်းနှင့် တစ်ထေရာတည်း ဆင်တူသော ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုခန္ဓာကိုယ်က ရီကျင်းနှင့် တစ်ထေရာတည်း ဆင်တူသော်လည်း ၎င်း၏ အရောင်မှိန်နေသော မျက်လုံးများကြောင့် အသက်ရှိသည်ဟု မထင်ရပေ။

“ဝိဉာဉ် …..”

ရန်ကျောက်ကဲ နားလည်သွားသည်။ လက်စွပ်၏အနီရောင်အလင်းမှာ ရီကျင်း၏ ဝိဉာဉ်ကို ကာကွယ်ပေးထားပုံ ရပြီး ထိုဝိဉာဉ်သည် လက်စွပ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။

အသွေးအသားခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားလျှင် ထိုပုဂ္ဂိုလ်သည် ဧကန်မုချ သေဆုံးသွားပြီဟု သတ်မှတ်၍ ရပြီ ဖြစ်သည်။ သို့ရာတွင် ထိုလက်စွပ်က  သဘာဝကို လွန်ဆန်ကာ ခန္ဓာကိုယ် ပျက်စီးသွားသည့်တိုင် ဝိဉာဉ်ကို အကောင်းအတိုင်း ထိန်းသိမ်းနိုင်ခဲ့သည်။ ရီကျင်းအဖို့ အသက်ပြန်ရှင်နိုင်မည့် အခွင့်အရေး ရခဲ့သည်ဟု ဆိုရပေမည်။

လက်စွပ်က ချောက်ထဲသို့ ကျဆင်းသွားသည်ကို ကြည့်ပြီး ရန်ကျောက်ကဲသည် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

“အာ…..၊ စိတ်ဝင်စားစရာပဲ”

နောက်ဆုံးတွင် ရီကျင်း မည်သို့ ဖြစ်လာမည်ကို သူ သေချာ မသိသော်လည်း ရီကျင်း သေရာမှ ပြန်လာနိုင်လိမ့်မည်ဟု ရန်ကျောက်ကဲ ခန့်မှန်းမိသည်။

ဥပမာ ပြောရလျှင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် ကျင့်ကြံမှုက အကြီးအကျယ် တိုးတက်လာ….  သို့မဟုတ် အန္တရာယ်များကြားမှ ရတနာများ၊ ရှေးဟောင်းပစ္စည်းများ ရရှိ…. သို့မဟုတ် လက်စွပ်ထဲမှ ဝိဉာဉ်ကို သန်မာအောင် ကျင့်ကြံနိုင်သည့် နည်းစနစ် ကဲ့သို့သော ကံကောင်းမှုများနှင့် တွေ့ဆုံ……

မည်သို့ပင်ဖြစ်စေ ဇာတ်လိုက်အတွက် ထွက်ပေါက်တော့ ရှိမည် မဟုတ်ပါလော။

သည်နေ့ဖြစ်ရပ်များကို ပြန်တွေးကြည့်လျှင် ရန်ကျောက်ကဲပင် သည်မျှအထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရီကျင်းသည် ဤနေ့တွင် အတော်လေး ကံဆိုးမိုးမှောင်ကျခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ထိုအကြောင်းကို ရီကျင်းအား မေးမြန်းခဲ့လျှင် ရီကျင်းသည် မကျေနပ်ချက်ပေါင်း တစ်သိန်းလောက်ဖြင့် တုံ့ပြန်လိမ့်မည် ဖြစ်သည်။

သူသည် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေလောက်မည်ဖြစ်၏။

“ဇာတ်လိုက်အရောင်အဝါကသာ ကုန်ခမ်းနိုင်တဲ့ အရာဆို ဒီနေ့မှာ ရီကျင်း အတော် အသုံးပြုပြီးပြီ”

ထိုသို့ ရေရွတ်ရင်း ရန်ကျောက်ကဲ စိတ်ထဲတွင် ကိိုယို့ကားယားနိုင်သော ပေါက်ကရအတွေးများ စတင် တွေးမိနေ၏။

အခြားတစ်ဖက်တွင် ရီကျင်း၏ ဒေါသတကြီး အော်ဟစ်သံကြီးက ပဲ့တင်နေဆဲ ဖြစ်၏။

“ဘာလို့ ဒီလောက်အကျယ်ကြီး အော်နေတာလဲ၊ ငါက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို မင်း တည့်တည့် ပစ်ချတာမှ မဟုတ်တာ၊ ပစ်ချဖို့ နေနေသာသာ…. ငါ့မီးပြင်းဖိုလေး ပျက်စီးသွားလို့ စိတ်ထဲမှာ နာကျင်နေတုန်းပဲ….”

ရန်ကျောက်ကဲက သူ့နားနှစ်ဖက်ကို လက်ညိုးများ ထည့်၍ ပိတ်လိုက်သည်။ သူ၏ ပြုံးနေသောမျက်နှာက တဖြည်းဖြည်းချင်း အေးစက်သွား၏။

“ငါ မင်းကို ဘာမှမလုပ်ဘူး၊ ဒါတောင် မင်းက ငါ့ကို အရင်ရန်စချင်တယ်ပေါ့၊ အနာဂတ်မှာ မင်း ငါ့အရှေ့မှာ ပေါ်မလာရင် ဒီအတိုင်း ထားလိုက်မယ်၊ ပေါ်လာလို့ကတော့ ငါတို့  အစစ်အမှန် လီမီးစေ့ ကိစ္စကို အရင်ဖြေရှင်းကမယ်”

“ဇာတ်လိုက်အရောင်အဝါလား၊ အဲ့တော့ ဘာဖြစ်လဲ၊ ဒီဆရာကြီးက မင်းကို ဝူရှဝတ္တုဇာတ်လိုက်ကနေ လက်တွေ့ဆန်တဲ့ဝတ္တုဇာတ်လိုက် အဖြစ်ကို ပြောင်းပစ်လိုက်မယ်ကွ”

Note : ကျွန်တော်က existentialist novel’s protagonistကို ဖြစ်တည်မှုပဓာန ဝတ္ထုတွေ ဘာတွေ လုပ်မနေဘဲ ရိုးရိုးပဲ ဘာသာပြန်လိုက်ပါတယ်၊ သူ ပြောချင်တာကဗျာ ကောင်းတာပစ္စည်းမှန်သမျှ အကုန်စုပြုံရ ကျင့်သမျှအကုန် ထိပ်တန်း နည်းစနစ် အဆင့်ကျော်ပြီး ချနေတဲ့ op mc ကနေ…. ကိုယ်လိုချင်တာ ရတာရှိမယ် မရတာ ရှိမယ်၊ ဒုက္ခသုတ်ခတွေ ရောက်တာရှိမယ်၊ နိုင်တာရှိမယ် ရှုံးတာရှိမယ်၊ အမြဲတမ်း အမြတ်ချည်းရတာမျိုးမဟုတ်ဘဲ ကိုယ့်ဆီက ဟာတွေပါ ပြန်ဆုံးရှုံးသွားတာတွေရှိမယ်၊ ခွေးပြေးဝက်ပြေး ထွက်ပြေးကတဲ့အခါမျိုးတွေလဲရှိမယ် လက်တွေ့ဘဝဆန်တဲ့ mcမျိုးပေါ့ဗျာ၊ ဥပမာပြောရရင် လက်တွေ့ဘဝဆန်တဲ့ mcဆိုတာ Reverend Insanity(ဖန်းယွမ်)လို mcမျိုးကို ပြောချင်တာပါ၊  သူ့ရက်စက်တာတော့ မပါပါ။

ရီကျင်း ကျသွားသော ချောက်ထဲတွင် အနက်ရောင်မြူများက အထက် အောက် ဗြောင်းဆန်လန်နေသည်။ ရုတ်တရက် အပြာရောင် အလင်းစက်လေးတစ်ခုနှင့် အဖြူရောင်အလင်းစက်လေးတစ်ခု ချောက်ထဲမှ ပျံထွက်လာပြီး ရန်ကျောက်ကဲ၏ရှေ့တွင် ပြုတ်ကျသွားသည်။

အစစ်အမှန်လီမီးတောက် မီးစေ့က လေထဲတွင် ညင်သာစွာ ရပ်နေသည်။ မြေကြီးပေါ်တွင် အရှိန်သေသွားမှ အဖြူရောင်အလင်းစက်ကလေးကို ထင်ထင်ရှားရှား မြင်ရသည်။ ၄င်းသည် သေးငယ်သော သတ္တုပြားလေးဖြစ်ပြီး မြေကြီးပေါ်ရှိ ဖုန်တွေ သဲတွေကြားတွင် ရောက်နေသည်။

ရန်ကျောက်ကဲက လီမီးစေ့နှင့် သတ္တုပြားလေးကို ကောက်ယူလိုက်သည်။

“ငါ့ရဲ့ အားထုတ်မှုတွေက အချည်းနှီး ဖြစ်ကုန်ပေမယ့် နောက်ဆုံးတော့ ထိုက်တန်တာကို ရတာပါပဲ”

ရန်ကျောက်ကဲက ပြင်းထန်သော လေမုန်တိုင်းအကြား ဖြတ်လျှောက်သွားရင်း တကွဲတပြားဖြစ်နေသော ဝါဒတောင်တပည့်များကို ပြန်လည်စုစည်းလိုက်သည်။

နောက်လှည့်၍ ချောက်ထဲသို့ ကြည့်စဉ် ရန်ကျောက်ကဲ ရုတ်တရက် တစ်စုံတစ်ခု တွေးမိသည်။

“ဟုတ်သားပဲ….၊ ဒီသတ္ထပြားက ရီကျင်း ပိုင်တာမလား”


Comment

Leave a Reply

Options

not work with dark mode
Reset