အခန်း (၁၈) တွေ့တဲ့အရာတိုင်း မယူချင်နဲ့
ရီကျင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ထို့နောက် သူ့လက်ချောင်းပေါ်မှ လက်စွပ်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ ချက်ချင်းပင် လက်စွပ်က အစစ်အမှန်လီမီးစေ့အား စုပ်ယူသွားသည်။
တကယ်တော့ ထိုလှုပ်ရှားမှု အသေးအမွှားက အစ ရန်ကျောက်ကဲ၏ မျက်စိအောက်က မလွတ်ပေ။ သူ ခေါင်းကို ယမ်းပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
သူ့ခေါင်းအထက်ရှိ ကောင်းကင်တွင် အနက်ရောင်မြူများက အဆက်မပြတ် လည်ပတ်နေသည်။ ထိုအနက်ရောင်မြူများမှာ ရုတ်တရက် အလွန်ကြမ်းတမ်းလာပြီး မုန်တိုင်းတစ်ခုနှယ် တိုက်ခတ်လာကာ နဂါးချုပ်လှောင်ခြင်းချောက်နက်ပင် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်သည်ဟု ခံစားရသည်။
ယခင်က တည်ငြိမ်နေသော မုန်တိုင်းမျက်လုံးသည် လုံးဝ ပျောက်ကွယ်သွားလေပြီ။
အကြမ်းပတမ်းနိုင်သော စွမ်းအား၏အောက်တွင် တစ်နှစ်ပတ်လုံး နေရောင်ကို ကွယ်နေကြသော အနက်ရောင်မြူများပင် အနည်းငယ် ကျဲပါးသွားသည်။
ဥက္ကာပျံတစ်ခုကဲ့သို့ မီးအလင်းရောင်တစ်ခု ကောင်းကင်မှ ထိုးကျလာသည်။ ထိုမီးအလင်းရောင်ထံမှ ပြင်းထန်သော စွမ်းအားအရှိန်၏ ရိုက်ခတ်မှုကြောင့် သူတို့ခန္ဓာကိုယ်များ နှစ်ခြမ်းကွဲသွားပြီး အရိုးများပင် ကြေမွသွားသလို ခံစားရသည်။
ကမ္ဘာတုန်နိုင်သည့် ကျယ်လောင်သော အသံ ပဲ့တင်လာသည်။
“ရန်မျိုးရိုးကောင်၊ ယုတ်ညံ့တဲ့ တိရစ္ဆာန်၊ မင်းရဲ့မျိုးမစစ်အဖေ စိုက်ပျိုးထားတဲ့ ကပ်ဆိုးကို ဒီနေ့မှာ မင်း ရိတ်သိမ်းကမယ်”
ထိုမီးအလင်းရောင်ကို မြင်သည်နှင့် ရန်ကျောက်ကဲ အလျင်အမြန် တုံ့ပြန်လိုက်သည်။
“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်”
သည်အခြေအနေ…….
လီမီးတောက်ကို ဆုံးရှုံးသွားသဖြင့် သူ စိတ်ဓာတ်ကျနေသည်။ ထိုအချိန်တွင် သူ့ကို သတ်ချင်နေသည့် သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူ တစ်ယောက် မမျှော်လင့်ဘဲ ရောက်လာသည်။
ကောင်းကင်နှစ်ခြမ်းကွဲနိုင်သည့် စွမ်းအားက အထက်မှ ဆင်းသက်လာသဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုနေရာတစ်ခုလုံး မီးပြင်းဖိုထဲရောက်နေသည်အလား အလွန်ပူပြင်းလာသည်။
“ယား……..”
ရန်ကျောက်ကဲသည် ရနိုင်သမျှ စွမ်းအားအကုန်လုံးကို စုစည်းကာ ထိုတိုက်ခိုက်မှုကို ခုခံရန် အသင့်ပြင်လိုက်သည်။
အနက်ရောင်ဝတ်လူအားလုံးကလည်း ရန်ကျောက်ကဲအား ကာကွယ်ရန် သူတို့၏ သက်စောင့်စွမ်းအားများပါ မကျန် သုံး၍ သူ့ အနားသို့ အူယားဖားယား ပြေးလာကြသည်။
“သေစမ်း!!!!!”
ထိုအချိန်တွင် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ ရက်စက်ကြမ်းကြုပ်သော အော်သံနှင့်အတူ ပြင်းထန်သော လက်သီးချက်က ဆင်းသက်လာသည်။ ထိုလက်သီးချက်က ရီကျင်းဆီသို့ တိုက်ရိုက်ဦးတည်နေသည်။
ရီကျင်းကို ဦးတည်နေသည်။
ဦးတည်နေ…. နေဦး၊ ဘယ်ကို…….
နေဦး။ တစ်ခုခု မှားယွင်းနေတာ မဟုတ်ဘူးလား။
ထိုတိုက်ခိုက်မှုကို အကျအန ခုခံရန် ပြင်ဆင်ထားသော ရန်ကျောက်ကဲ လုံးဝ ကြက်သေသေသွားပြီး သူ့အကြည့်က ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ တိုက်ခိုက်မှု တိုက်ရိုက် ကျရောက်သွားသည့် ရီကျင်းဆီသို့ ရောက်သွားသည်။ သူကိုယ်တိုင်မှာမူ ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုအနည်းငယ်သာ ခံစားရသည်။
ဒါ ဘယ်လို အကွက်ကြီးလဲ။
စစ်ခုန်ချင်း၊ အနက်ရောင်ဝတ်လူများနှင့် အခြားသူများလည်း လုံးဝ အံ့အားသင့်နေကြသည်။
ထိုတိုက်ခိုက်မှုကို ခံရသည့် ကာယကံရှင် ရီကျင်းကိုယ်တိုင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ရန်သူက ‘ရန်မျိုးရိုးကောင်၊ ယုတ်ညံ့တဲ့ တိရစ္ဆာန်” ဆိုပြီး အသံကျယ်ကြီးနဲ့ ပြောသွားတာ မဟုတ်ဘူးလား။
ဒီတိုက်ခိုက်မှုက ရန်ကျောက်ကဲဆီကို ကျရောက်သင့်တာ မဟုတ်ဘူးလား။
အဲ့တာဆို ဒါက ဘယ်လိုအခြေအနေကြီးလဲ။
ရန်ကျောက်ကဲ၏ အကြည့်က ရီကျင်း၏ညာဘက်လက်သို့ ရောက်သွားသည်။ ရီကျင်း၏ ညာဘက်လက်တွင် ခပ်ဖွဖွ ဆုပ်ကိုင်ထားသော လီမီးတောက် မီးစေ့သည် ယခင်ကထက် ပိုမို တောက်ပလာပြီး သူ့လက်ထဲမှ ထွက်ပြေးချင်သည့်အလား ခုန်ပေါက်နေသည်။
ပတ်ဝန်းကျင်ရှိ မငြိမ်မသက်ဖြစ်နေသော လေများက ထိုမီးစေ့အား မလှုပ်ခတ်နိုင်ပါ။ ထိုအစား ၎င်းတို့သည် မီးစေ့၏ လှုပ်ရှားမှုအတိုင်း တုံ့ပြန်နေပုံရသည်။
“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က သူ့ပစ်မှတ်ကို ချိန်ရွယ်ဖို့ မီးစေ့ကို အသုံးပြုထားတာပဲ၊ ဒီနဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ အဲ့နည်းနဲ့ပဲ ငါတို့ကို ခြေရာခံလို့ရမယ်” ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားသည်။ “သူတို့က ဒီမီးစေ့ကို အရင်တွေ့ပြီး ငါ့ကို မျှားခေါ်ဖို့ ငါးစာအနေနဲ့ သုံးထားတာပဲ”
“သူတို့ လုံးဝပေါ်မလာတာ အံ့ဩစရာမရှိဘူး၊ မီးစေ့ရဲ့စွမ်းအားကို တစ်ယောက်ယောက်က အသုံးပြုနေတာကို သူ အာရုံခံမိတဲ့အခါ၊ သူက ငါ အသုံးပြုတာလို့ ထင်သွားတဲ့ပုံပဲ၊ သူ့ရဲ့တိုက်ခိုက်မှုက ရုတ်တရက် နိုင်ပြီး မြန်ဆန်လွန်းတယ်၊ အရှေ့တန်အကြီးအကဲတောင် သူ တိုက်ခိုက်တာကို တားဆီးနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲ တစ်ဖက်သို့ လှည့်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ထူးဆန်းနေသည်။
ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က အရှေ့တန်အကြီးအကဲ ရောက်နေသည်ကို သတိထားမိလောက်ပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် အရှေ့တန်အကြီးအကဲ ဝင်ရောက် မနှောက်ယှက်နိုင်စေရန် သူ အလျင်အမြန် ဆုံးဖြတ်ချက်ချ၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းသို့ မဆင်းဘဲ သူသည် ချောက်နက်အပြင်မှ အစွမ်းကြီးမားသော လက်သီးချက်ဖြင့် လှမ်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။
သို့သော် ရန်ကျောက်ကဲအား ရည်ရွယ်ထားသော သူ့တိုက်ခိုက်မှုက အခြားတစ်ယောက်ဆီ ရောက်သွားလိမ့်မည်ဟု သူ ဘယ်တော့မှ မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။
ရီကျင်းက ထိုအဖြစ်အပျက်အလှည့်အပြောင်းများကို ကြိုမမြင်နိုင်ခဲ့ပေ။ ကောင်းကင်မှ ပြုတ်ကျလာသော ရွှေငန်းက ရုတ်တရက် ကြမ္မာဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူသည် မီးစေ့ကိုရခဲ့သည်။ သို့သော် ရန်ကျောက်ကဲအစား ဝင်ခံပေးသလို ဖြစ်သွားခဲ့သည်။
“အား……..”
ရီကျင်းသည် မီးပြင်းဖို၏ အလယ်ဗဟိုတွင် ရောက်နေသလို ခံစားရပြီး သူ၏အာရုံခံအင်္ဂါငါးပါးလုံးက မီးကျွမ်းမတတ် ပူလောင်နေသည်။
ယခင်က ချောင်ယွမ်လုံထံမှ သူ ခံစားဖူးသော အပူရှိန်နှင့် နှိုင်းယှဉ်လျှင် မှိတ်တုတ် မှိတ်တုတ်လင်းလက်နေသော ပိုးစုန်းကြူးနှင့် အလျှံတညီးညီးတောက်ပနေသော ကောင်းကင်က နေမင်းအလား ကွာခြားမှုက အလွန် ကြီးမားလွန်းသည်။
ပြင်းထန်သော ချီ စွမ်းအားလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ရီကျင်း၏အနီးတွင် ရှိသော စစ်ခုန်ချင်းနှင့် အခြားတပည့်များလည်း မစားသာပေ။ သူတို့အကုန်လုံး ခန္ဓာကိုယ်ထဲမှ ကလီစာများ ဗြောင်းဆန်လန်သွားသလို ခံစားရသည်။ စစ်ခုန်ချင်းက ရီကျင်းဆီသို့ သွားချင်သော်လည်း သူမ၏ကျင့်ကြံမှုက ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏စွမ်းအားကို အနည်းငယ်မျှပင် ယှဉ်နိုင်စွမ်း မရှိပေ။ နောက်ဆက်တွဲရိုက်ခတ်မှုများကြောင့်ပင် သူမအဖို့ လှုပ်ရှားရန် ခက်ခဲနေသည်။
သူတို့ကြား ကွာခြားမှုက ကြီးမားလွန်းသည်။ သူတို့မှာ အနည်းငယ်မျှပင် မခုခံနိုင်ပေ။
ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်အဆင့်သည် လက်ရှိတွင် သူတို့ထိတွေ့နိုင်သော အရာမျိုး မဟုတ်ပေ။ အခြားသိုင်းဆရာသခင်အဆင့်တစ်ယောက် ရောက်မလာလျှင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဘယ်လောက်များများက သိုင်းဆရာသခင်အဆင့်တစ်ယောက်ကို စိတ်ခေါ်နိုင်မည်နည်း။
နှစ်ဖက် တွေ့ဆုံမိရန်ပင် ခဲယင်းလှသည်။ ကျင့်ကြံမှုအဆင့်အရ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် သိုင်းဆရာသခင်များသည် ဒဏ္ဏာရီပုဂ္ဂိုလ်များဖြစ်သည်။
အတွင်းပိုင်းကြယ်တာရာချီ သိုင်းပညာရှင်အဆင့် ရန်ကျောက်ကဲပင် သူ့အဖေ၏ လုပ်ရပ်များကြောင့် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ် ဒေါသဖွင့်ထုတ်စရာ ပစ်မှတ်ဖြစ်လာခြင်း ဖြစ်သည်။
ရီကျင်းက သွေးရူးသွေးတန်း အော်ဟစ်ပြီး သူ့ညာဘက်လက်ကို မြှောက်လိုက်သည်။ သူ့ညာဘက်လက်မှ နီညိုရောင်လက်စွပ်က အရောင်တချက် လက်သွားပြီး ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်၏။
နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်မှ တိုက်ခိုက်ရသောကြောင့် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏ တိုက်ခိုက်မှုက သိသိသာသာ အားနည်းနေသည်။ သို့တိုင်အောင် ကျန်ရှိနေသော စွမ်းအားက ရီကျင်းအား သတ်ဖြတ်နိုင်သည်ထက် အများကြီး လုံလောက်ပေသည်။
သည်မြင်ကွင်းကို ကြည့်ပြီး ရန်ကျောက်ကဲလည်း စိတ်မချမ်းမသာ ဖြစ်မိသည်။
“မြင်ပြီလား၊ တွေ့သမျှပစ္စည်းတိုင်းကို ယူချင်ဦး”
“ဇာတ်လိုက်တစ်ယောက်ရဲ့အရောင်အဝါအရ မင်းဟာ အဆင့်အများကြီးကျော်ပြီး တိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် ဒီအဆင့်ကျော် တိုက်ခိုက်တာလည်း အကန့်အသတ်တော့ ရှိသေးတယ်၊ မင်း ရွာကထွက်လာတယ်၊ ချက်ချင်းပဲ နောက်ဆုံးခန်းကို သွားပြီး အစွမ်းထက်ဆုံးလူဆိုးဆရာကြီး(Super boss)ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလေ”
“အဆင့်ချင်း အများကြီး ကွာလွန်းတယ်၊ အဆင့် ၉ ချီလည်ပတ်ခြင်း နှောင်းပိုင်း အဆင့်နဲ့ အဆင့် ၁၀ အနုစိတ်အဆင့်မှာတောင် အများကြီးကွာတယ်၊ ချီလည်ပတ်ခြင်း အလယ်အလတ်အဆင့် ဒါမှမဟုတ် ချီလည်ပတ်ခြင်း နှောင်းပိုင်းအဆင့်နဲ့ သိုင်းပညာရှင် အဆင့်မှာဆို ပိုတောင်ကွာသေးတယ်”
(ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ၁၀ဆင့်ရှိတယ်၊ သိုင်းပညာရှင် အဆင့်မှာလဲ ၁၀ဆင့်၊ အဲ့အထက်မှာမှ သိုင်းဆရာသခင်အဆင့်၊ ရီကျင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၈ ပဲ ရှိသေးပါတယ်၊ အခန်း ၇မှာ ဖော်ပြထားပါတယ်)
“ပြီးတော့ ဒီဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က သိုင်းဆရာသခင်အဆင့်၊ အတိအကျပြောရရင် သူက မင်းထက် ဆယ်ဆင့်တင်မကဘူး၊ ဆယ့်နှစ်ဆင့်လောက် မြင့်တယ်”
အဆင့် ဖိနှိပ်ခြင်းဟု ဆို၍ မရလောက်အောင် ကြီးမားလှသော ကွာဟမှု ဖြစ်သည်။
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ရီကျင်းက မတတ်သာဘဲ သူ့လျို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ရသည်။ အနည်းငယ်မျှပင် မချန်ဘဲ သူ့စွမ်းအားအပြည့်ကို လက်စွပ်ထဲသို့ ထည့်သွင်း အသုံးပြုလိုက်သည်။
လက်ရှိ အန္တရာယ်က ချောင်ယွမ်လုံနှင့် ရင်ဆိုင်စဉ်ကထက် အများကြီး ပိုမိုကြီးမားသည်။
သို့သော် ကံဆိုးစွာဖြင့် ရန်သူက တစ်ကီလိုမီတာလောက် အကွာမှ တိုက်ခိုက်နေသော်လည်း ရီကျင်းအဖို့ သူ့ရှေ့တည့်တည့်မှ တိုက်ခိုက်နေသည်နှင့် မခြားပေ။
“နေဦး၊ ငါတွေးဦးမယ်…..၊ ဒီလိုအခြေအနေမျိုးတွေမှာ၊ ဇာတ်လိုက်တွေက သေဖို့ အင်မတန် ခက်တယ်”
ရန်ကျောက်ကဲက သူ့အနားရှိ လူများကို ကာကွယ်ရင်း ရီကျင်းရှိသော နေရာသို့ ရွေ့လျားသွားသည်။
“အဲ့အချိန်ကြရင် အဆင့်လွန် အဖိုးကြီးတွေ လူထူးလူဆန်း အဖိုးကြီးတွေက ဟိုအကြောင်းကြချက် ဒီအကြောင်းပြချက်နဲ့ ရုတ်တရက် ပေါ်လာပြီး ဇာတ်လိုက်ကို ဒီအခက်အခဲက ကျော်လွှားဖို့ ကူညီမှာမလား”
“တစ်ခါတစ်လေကျရင် သူတို့က အရင်ထဲက သိကျွမ်းဖူးလို့ ဒါမှမဟုတ် ဇာတ်လိုက်အပေါ် လူထူးလူဆန်းအဖိုးကြီးက ကျေးဇူးကြွေးတင်ဖူးလို့၊ ဒါမှမဟုတ် လူထူးလူဆန်းအဖိုးကြီးက တဖက်လူနဲ့ မတည့်လို့ သူလုပ်သမျှကို လိုက်နှောက်ယှက်ချင်တာနဲ့ ဇာတ်လိုက်ကို ကူညီမှာ၊ ဒါပေမယ့် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဇာတ်လိုက်က အသက်ဘေးက လွတ်မြောက်ဦးမှာပဲ”
“အဲ့နောက်မှာ ဇာတ်လိုက်က ကံကြမ္မာကောင်းတွေနဲ့ ထပ်မံတွေ့ဆုံဦးမှာမလား”
ရန်ကျောက်ကဲ ထိုသို့ တွေးနေစဉ် ရုတ်တရက် နဂါးချုပ်လှောင်ခြင်းချောက်နက်၏ အနက်ရှိုင်းဆုံးနေရာမှ စတင်တုန်ခါလာသည်။
ထိုနေရာရှိ အနက်ရောင်မြူများအတွင်းမှ အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်က ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်ထက်ပင် ပိုမို စွမ်းအားကြီးမားသည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲ “…”
“ဘယ်ကောင် ငါ စိတ်ချမ်းသာနေတာကို လာဖျက်စီးတာလဲကွ” ဒေါသထွက်နေသော အသံကြီးတစ်ခု နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းမှ ပဲ့တင်လာသည်။ ထိုအသံကြောင့် တပည့်များမှာ သူတို့ခန္ဓာကိုယ်များထဲမှ ဝိဉာဉ်များ အပြင်သို့ လွင့်ထွက်လုမတတ်အထိ ကြောက်လန့်သွားကြသည်။
သေမင်းနှုတ်ခင်းဝသို့ရောက်နေသော ရီကျင်းက ထိုကြောက်မက်ဖွယ်ရာ အသံကြီးကို ကြားပြီး အကြီးအကျယ် ဝမ်းသာသွားသည်။ အားကုန်ထုတ်၍ သူ အော်လိုက်သည်။ “အကိုကြီးဟန်!!!”
“ယိ……၊ ညီလေးရီကျင်းလား” အံ့အားတသင့်ဖြစ်နေသော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ “ဒီဟန်ရဲ့ သွေးသောက်ညီလေးကို ဘယ်ကောင် နှောက်ယှက်ရဲတာလဲကွ”
အနက်ရောင်မြူများအတွင်းမှ လက်ဝါးတစ်ခု ထွက်လာသည်။ ချက်ချင်းပင် ထိုလက်ဝါးသည် ကောင်းကင်ကို ပိတ်ဆို့နိုင်လောက်သည်အထိ ကြီးမားလာသည်။ ထိုလက်ဝါးမှာ ရီကျင်း၏ အထက်သို့ ရောက်လာပြီး လက်သီးချက်ကြောင့် ဖြစ်လာသော မီးတောက်မုန်တိုင်းမှ ရီကျင်းအား ကာကွယ်ပေးနေသည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်း တောင်တွေ ယိမ်းထိုးနေပြီး မြစ်တွေ လှုပ်ရမ်းနေသည်။
ထိုကဲ့သို့ ရုတ်တရက် အပြောင်းအလဲများကြောင့် ဝါဒတောင်ဂိုဏ်း၏အခြားတပည့်များ မှင်သက်နေကြသည်။
ရန်ကျောက်ကဲ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
“အိုးဟိုး၊ မင်းတို့နှစ်ယောက်က သွေးသောက်ညီအကိုတွေပဲ၊ ဘယ်လိုလုပ် သိုင်းဆရာသခင်တစ်ယောက်နဲ့ ခန္ဓာကိုယ်သန်စင်ခြင်းအဆင့်တစ်ယောက်က သွေးသောက်ညီအကိုတွေ ဖြစ်လာတာလဲ၊ မင်းလဲ ငါ့လိုမျိုး သူ့ရဲ့မျက်စိကျိန်းလောက်တဲ့ ဇာတ်လိုက်အရောင်အဝါကို မြင်နိုင်တာလား”
“နေဦး၊ ငါ့ရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို!!!”
ထိုအရေးကြီးဆုံးအခိုက်အတန့်တွင် ဧရာမလက်ဝါးကြီးသည် ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ သိုင်းဆရာသခင်နှစ်ယောက်အကြားထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး မြေကြီးနှင့် တသားတည်းဖြစ်သည်အထိ ပျက်စီးကုန်ကြသည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ အနက်ရောင်မြူများသည် ဒီရေတက်လာသလို ထကြွလာကြသည်။ ဤနေရာရှိ ထူးခြားသော ပတ်ဝန်းကျင်ပင် ထိခိုက်မှုဒဏ်ကို ခံရပြီး လေဟာနယ် ကစဉ့်ကလျားဖြစ်၍ တွန့်လိမ်ကုန်ကြသည်။
ချောက်ကမ်းပါးရှိ ကျောက်တုံး၊ကျောက်ဆောင်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြကာ ရန်ကျောက်ကဲ၏ အတွင်းပိုင်းမီးပြင်းဖိုလည်း နက်ရှိုင်းသော ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်သည် သူ့တိုက်ခိုက်မှု ပိတ်ဆို့ခံရသည်ကို သိသွားသောအခါ ဒေါသထွက်သွားသည်။ ဧရာမလက်ဝါးကြီး၏ပိုင်ရှင်ကလည်း စိတ်ဆတ်သော စရိုက်ရှိသူဖြစ်သည်။ သူသည် ဒေါသတကြီးဖြင့် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး နဂါးချုပ်လှောင်ခြင်းချောက်နက်၏ကောင်းကင်သို့ ထိုးဖောက်ကာ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်ထံသို့ တဟုန်ထိုး ပျံသန်းသွားသည်။
ထိုအချိန်တွင် မိုးကောင်းကင်ကဲ့သို့ ကျယ်ပြောကြီးမားသည့် အရှိန်အဝါရှိသော နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး နဂါးချုပ်လှောင်ခြင်းချောက်နက်၏အပြင်ဘက်တွင် ပေါ်လာသည်။
အရှေ့တန် အကြီးအကဲ ရောက်လာလေပြီ။
ဝါဒတောင်ဂိုဏ်း၏တပည့်များ သက်ပြင်းချတော့မည့် အချိန်မှာပင် ကောင်းကင်တုန်ခါနိုင်သည့် အသံတစ်ခု အနီးအနားရှိ လျှိုမြောင်ထဲမှ ထွက်လာသည်။
“အကြီးအကဲရန်…..”
“မိစ္ဆာအိုကြီးဟန်၊ မင်း မသေသေးဘူးလား”
“အကြီးအကဲရန်၊ မင်းကျေးဇူးကြောင့်ပဲ ငါ အတိတ်တုန်းက သေမယ့်ဘေးနဲ့ ကိုးကြိမ် ကြုံတွေ့ခဲ့ရတယ်၊ ဒီနေ့ အဲ့အကြွေးကို ပြန်ဆပ်မယ်”
နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်ဘက်တွင် သိုင်းဆရာသခင်နှစ်ယောက်၏ ကောင်းကင်ပြိုကျနိုင်သည့် တိုက်ပွဲတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုတိုက်ပွဲမှ စွမ်းအားလှိုင်းများမှာ လီတစ်ရာပတ်လည်အထိ သက်ရောက်လေသည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းမှ တပည့်များ နောက်တစ်ကြိမ် ကြက်သေသေသွားပြန်သည်။ ရီကျင်းအား ကယ်တင်ခဲ့သော ထိပ်တန်းကျင့်ကြံသူက မျက်စိတစ်မှိတ်အတွင်း သူတို့ဂိုဏ်း၏ အရှေ့တန်အကြီးအကဲနှင့် အပြင်းအထန် တိုက်ခိုက်နေလေသည်။
ဤရုတ်တရက်အလှည့်အပြောင်းအတွင်း မည်သူကမျှ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်အား သတိမရကြတော့ချေ။