အခန်း (၁၇) ရီကျင်းရဲ့ ရှေ့မှာ ရတနာ မရှာနဲ့
မုန်တိုင်းမျက်လုံး၏ အပြင်ဘက် အဝေးတစ်နေရာတွင် မှိတ်တုတ် မှိတ်တုတ် မီးရောင်လေး ပေါ်လာသည်။
ရန်ကျောက်ကဲက မီးပြင်းဖိုကို တည်ငြိမ်အောင် ထိန်းသိမ်းနေစဉ် တပည့်တစ်ယောက်က ဝင်ပြောလိုက်သည်။ “အကိုကြီးရန်၊ အဲ့တာက အကိုကြီးရှာနေတဲ့ အစစ်အမှန်လီမီးတောက် မီးစေ့လား”
“အကိုကြီးရန် မီးပြင်းဖိုကို စောင့်ကြည့်နေတုန်း ကျွန်တော်တို့ သွားယူပေးကမလား”
ရန်ကျောက်ကဲ ခေါင်းခါလိုက်သည်။ “အဲ့နေရာက မင်းတို့အတွက် အတော် အန္တရာယ်များတယ်၊ မဆင်မခြင်မလုပ်နဲ့၊ ငါ အခြားလူတွေကို သွားယူခိုင်းလိုက်မယ်”
ရီကျင်းနှင့် အခြားသူများသည် စပ်စုချင်စိတ်ဖြင့် ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှု့နေသော်လည်း ရန်ကျောက်ကဲ ပြောသည့် ‘အခြားလူတွေ’ ဆိုသည်ကို မတွေ့မိပေ။
ခဏအကြာတွင် တပည့်များ၏ နောက်မှ လေတိုးသံများ ကြားရသည်။ ပုံရိပ်များက ရိပ်ခနဲ ရိပ်ခနဲ တပည့်များကို ဖြတ်ကျော်သွားပြီး အစောပိုင်းက ထွက်ပေါ်လာသော အပြာရောင်မီးတောက်ရှိရာ အန္တရာယ်ချီအနက်ရောင်မြူထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
တပည့်များအားလုံး ရင်တုန်သွားကြသည်။ ထိုမှသာ သူတို့နောက်တွင် တစ်ချိန်လုံး လူတွေ လိုက်ပါလာကြောင်း သတိထားမိသွားကြသည်။
သူတို့၏ လှုပ်ရှားပုံကို ကြည့်ခြင်းအားဖြင့် အထူးလေ့ကျင့်ထားသူများ ဖြစ်ပုံရပြီး တစ်ယောက်ကမှ သိုင်းပညာရှင်အဆင့်အောက် မနိမ့်ကျပေ။
ထို့အပြင် ထိုသိုင်းပညာရှင်အဆင့် အထူးတိုက်ခိုက်ရေးသမားများသည် ခရီးစဉ်တစ်လျှောက်လုံး ရန်ကျောက်ကဲ၏အနီးအနားတွင် အရိပ်များပမာ တိတ်ဆိတ်စွာ လိုက်ပါစောင့်ရှောက်လာကြသည်။
အားဟူကဲ့သို့ ပေါ်ပေါ်တင်တင် လိုက်ပါလာသည် မဟုတ်ဘဲ ထိုပုဂ္ဂိုလ်များသည် ရန်ကျောက်ကဲအား စောင့်ရှောက်ရန် အမှောင်ထဲတွင် ပုန်းအောင်းနေကြသည်။ သူတို့ရှိကြောင်း တစွန်းတစပင် မပြဘဲ ရန်ကျောက်ကဲ အမိန့်ပေးမှသာ ထွက်ပေါ်လာကြသည်။
ဤမြင်ကွင်းကြောင့် လူငယ်တပည့်များအားလုံး ထိတ်လန့်သွားကာ အိမ်မက်မက်နေသလို ခံစားရသည်။
ထိုအချိန်ကြမှသာ ဝိဉာဉ်အလံငါးပါးဂိုဏ်း၏ အန္တရာယ်ရှိနေစဉ် အခြားသိုင်းပညာရှင်နှင့် လိုက်သွားသည်ထက် ရန်ကျောက်ကဲ၏ နောက်တွင် ဆက်ရှိနေသည်က ပိုမို အန္တရာယ်ကင်းကြောင်း သူတို့ သဘောပေါက်သွားကြသည်။
အရိပ်ပေါင်းများစွာက အပြာရောင်မီးတောက်ရှိရာသို့ ခုန်ဝင်သွားရာ ထိုနေရာရှိ အနက်ရောင်မြူများ အနည်းငယ် ကျဲပါးသွားသည်။ အလယ်တွင် မီးစုန်းပြာရောင်ရှိသော မီးတောက်က လေထဲတွင် ရပ်တည်နေသည်။
ထိုအရာမှာ ရန်ကျောက်ကဲ ရှာဖွေနေသော အစစ်အမှန် လီမီးတောက် မီးစေ့ပင် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကြီးမားသော အနီရောင်အလင်းစီးကြောင်းတစ်ခု အနက်ရောင်မြူများထဲမှ ရုတ်တရက် တိုးထွက်လာသည်။ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသော သွေးမြစ်တစ်စင်းကဲ့သို့ ထိုအနီရောင်အလင်းစီးကြောင်းသည် အပြာရောင်မီးစေ့ကို လွှမ်းခြုံသွားရာ အပြာရောင်မီးစေ့လည်း အနီရောင်အလင်းစီးကြောင်းအတိုင်း မျောပါသွားသည်။
အနီရောင်အလင်းစီးကြောင်း၏ ဝါးလုံးထိုး ဝင်ရောက်လာမှုကြောင့် အနက်ရောင်မြူများသည် အပြင်းအထန် လှုပ်ရှားလာပြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။
အနက်ရောင်ဝတ် လူများလည်း အနီရောင်အလင်းစီးကြောင်းနှင့် တိုက်မိပြီး နောက်သို့ လွင့်ထွက်ကုန်ကြသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့သွားသည်။ အတွင်းပိုင်း သလင်းကျောက်မီးပြင်းဖိုကို ပုတ်၍ သန့်စင်မှုကို ခေတ္တ ရပ်တန့်လိုက်သည်။ ထို့နောက် မုန်တိုင်းမျက်လုံးမှ ပျံထွက်လာပြီး အပြာရောင်မီးတောက်ဆီသို့ ခုန်ဝင်သွားသည်။
သူ့ဝတ်ရုံကို ရမ်းလိုက်သည်နှင့် ရန်ကျောက်ကဲ၏ ညာဘက်အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး အနီရောင်အလင်းစီးကြောင်းကို ထက်ပိုင်းဖြတ်သွားသည်။
ရန်ကျောက်ကဲသည် အစစ်အမှန်လီမီးတောက် မီးစေ့ရှိရာသို့ ပျံသန်းသွားပြီး အထူးပြင်ဆင်ထားသောလက်အိပ်ဖြင့် ထိုမီးစေ့ကို ဖမ်းဆုပ်ရန် လက်ဆန့်လိုက်သည်။
သို့သော် အနီရောင်အလင်းစီးကြောင်းသည် နှစ်ပိုင်းပြတ်တောက်သွားရာမှ အနီရောင်မိစ္ဆာလေးများအသွင် ကွဲထွက်သွားသည်။ ထို့နောက် ထိုအနီရောင်မိစ္ဆာလေးများသည် အနက်ရောင်မြူများအတွင်းသို့ ပြေးဝင်သွားပြီး အနက်ရောင်မြူများဖြင့် ဖွဲ့စည်းထားသော ဧရာမ မိစ္ဆာနတ်ဘုရားအဖြစ်သို့ ပေါင်းစပ်သွားသည်။ ၎င်း၏နီနီရဲရဲ မျက်လုံးနှစ်လုံးမှာ အသက်ဝင်နေသည်ဟု ထင်ရသည်။
ဧရာမ မိစ္ဆာနတ်ဘုရားကြီးသည် သူ့လက်ကို ဆန့်ထုတ်၍ ရန်ကျောက်ကဲအား ဖမ်းဆုပ်လိုက်သည်။
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ သူ့ညာလက်အင်္ကျီလက်ကို ရမ်းလိုက်သောအခါ မိုးပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုဧရာမ မိစ္ဆာနတ်ဘုရားကို အပိုင်းပိုင်း ဖြတ်တောက်သွားသည်။
ဧရာမမိစ္ဆာနတ်ဘုရားကြီး ပျက်စီးသွားသောအခါ ပတ်ဝန်းကျင်ရှိ မြူများသည် ကြီးမားသော လှိုင်းလုံးကြီးများ သဖွယ် လှုပ်ခတ်လာပြီး ကောင်းကင်ပင် တုန်ခါသွားသည်ဟု ထင်ရသည်။
ပျက်စီးသွားသော ဧရာမမိစ္ဆာနတ်ဘုရားအတွင်းမှ အနီရောင်မိစ္ဆာလေးများ ခုန်ထွက်လာသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ယခင်ထက် အရောင်ဖျော့သွားပြီး ထိုနေရာမှ အလျင်အမြန် ထွက်ပြေးတော့သည်။
မီးစုန်းပြာရောင် မီးတောက်က ယခင်ကဲ့သို့ လေထဲတွင် ရပ်နေသည်။
အန္တရာယ်ချီအနက်ရောင်မြူများသည် ပို၍ ဖရိုဖရဲဖြစ်လာပြီး ပိုမို ကြမ်းတမ်းလာသည်။ မူလက တည်ငြိမ်နေသော မုန်တိုင်းမျက်လုံးပင် တဖြည်းဖြည်းနှင့် မငြိမ်မသက် ဖြစ်လာသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့၍ ဆုံးဖြတ်ချက်ချလိုက်သည်။
“အဲ့ဒီ့မိစ္ဆာတွေက နဂါးချုပ်လှောင်ခြင်းချောက်နက်က ထူးခြားဖြစ်စဉ်တွေနဲ့ သေချာပေါက် ပတ်သတ်နေလောက်တယ်၊ မင်းတို့တွေ အစစ်အမှန်လီမီးတောက် မီးစေ့ကိုယူပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို စောင့်ကြည့်နေကြ၊ ငါ မိစ္ဆာတွေနောက် လိုက်သွားလိုက်မယ်”
“ပြီးတော့ ဂျူနီယာညီလေး ညီမလေးတို့ ၊ ဒီနေရာက မတည်ငြိမ်တော့ဘူး၊ မုန်တိုင်းမျက်လုံးရဲ့ အစပ်နားမှာမနေနဲ့၊ အတွင်းပိုင်းကို ဆုတ်နေကြ”
ထိုသို့ပြောပြီးသည်နှင့် ရန်ကျောက်ကဲသည် အနီရောင်မိစ္ဆာများနောက်သို့ ပြေးလိုက်သွားလေသည်။
ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူများလည်း သူပြောသည့်အတိုင်း မုန်တိုင်းမျက်လုံး၏ အတွင်းပိုင်းသို့ ဆုတ်သွားကြသည်။ အနက်ရောင်ဝတ်လူများက အစစ်အမှန်လီမီးတောက် မီးစေ့ထံသို့ နောက်တစ်ကြိမ် ခုန်ဝင်လိုက်ကြသည်။
ရီကျင်းက အခြားသူများနှင့် ဆုတ်ခွာနေစဉ် အပြာရောင်မီးတောက်ကို စိုက်ကြည့်နေသည်။ သူ့လက်တွင် ဝတ်ဆင်ထားသော နီညိုရောင်လက်စွပ်ကို ပွတ်သပ်ရင်း တွေးနေ၏။
“တကယ် အစစ်အမှန်လီမီးတောက် မီးစေ့ပဲ၊ နဂါးချူပ်လှောင်ခြင်းချောက်နက်ထဲမှာ ဆက်ရှိနေတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”
“အစစ်အမှန်လီမီးတောက်ထဲမှာ အမြင့်ဆုံး မီးဓာတ်စင် စွမ်းအင် ပါတယ်၊ ပိုအရေးကြီးတာက မီးစေ့က အစစ်အမှန်မီးတောက်ကို အကြိမ်ကြိမ် ထုတ်ပေးနိုင်တယ်၊ ငါသာ ရရင် လက်စွပ်ရဲ့ နောက်တစ်ကန့်ကို ဖွင့်လို့ ရလောက်တယ်”
မီးစေ့ကို ရယူလိုသည့် အတွေးမျိုးရှိသော်လည်း ဤကဲ့သို့ လွယ်လွယ်ကူကူ တွေ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
“အဲ့မီးစေ့က ရန်ကျောက်ကဲ လက်ထဲရောက်သွားလို့ ငါ ခဏ တောင်းကြည့်ရင်တောင် ငါ့ကို သူနဲ့ အခြားလူတွေက သံသယဝင်ကြလိမ့်မယ်၊ အခန့်မသင့်ရင် လက်စွပ်အကြောင်းပါ ပေါ်ပေါက်သွားနိုင်တယ်”
“ငါ အဲ့တာကို အရင်ယူ၊ လက်စွပ်ရဲ့ အကန့်ကို ဖွင့်ပြီးမှ ရန်ကျောက်ကဲလက်ထဲကို လီမီးတောက် မီးစေ့ ပေးလိုက်ရင်၊ သူကတောင် ငါ့ကို အကြွေးပြန်တင်ဦးမယ်”
“ဒါမှမဟုတ်၊ ငါအဲ့တာကို ဂိုဏ်းက အထက်လူကြီး တစ်ယောက်ယော်ကို အပ်လိုက်ရင်၊ အဲ့တာက အတွင်းပိုင်း သလင်းကျောက်မီးပြင်းဖိုနဲ့ သက်ဆိုင်နေတာဆိုတော့…..၊ အဲ့အချိန်ကြရင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အကြောင်းကို တစ်ဂိုဏ်းလုံး သိနေလောက်ပြီ၊ ငါသာ လီမီးတောက်ကို အပ်နိုင်ရင် ဂိုဏ်းအတွက် အများကြီး အကျိုးဆောင်နိုင်မှာပဲ”
“ဘာလို့ ဒီအစစ်အမှန်လီမီးတောက်က ရန်ကျောက်ကဲ ဟာလို့ တွေးနေကမှာလဲ”
“ဒီမီးစေ့က သူပိုင်တာ မဟုတ်ဘူး၊ ဒီကမ္ဘာပေါ်က ဘယ်ရတနာဖြစ်ဖြစ်၊ ဘယ်နေရာကပဲ လာလာ၊ မူလတုန်းကတော့ ပိုင်ရှင်မဲ့ပဲ၊ ငါ့လက်ထဲရောက်ရင် ငါနဲ့ထိုက်လို့ ငါရတာပဲ”
“ဒီမီးစေ့ကို ဘယ်လို ယူရင်ကောင်းမလဲ…….”
ရီကျင်း အကြံထုတ်နေစဉ် တောက်ပသော အလင်းက ရီကျင်း၏ ရှေ့တွင် ရုတ်တရက် ပေါက်ကွဲသွားသည်။ အပြာရောင် မီးတောက် ပျံသန်းလာပြီး ရီကျင်းရှေ့သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားသည်။
ရီကျင်း တစ်ခဏမျှ ကြောင်အသွားပြီး အသိပြန်ဝင်လာသည်။ သူ အံကြိတ်ကာ လက်ဆန့်ထုတ်၍ မီးစေ့အား ဖမ်းဆုပ်လိုက်သည်။
အနီးအနားရှိ လူများအားလုံး အံ့အားသင့်သွားကြပြီး တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
အနက်ရောင်ဝတ်လူများသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူတို့၏မျက်နှာများက နဂိုအတိုင်း ခံစားချက်ကင်းမဲ့နေသည်။ သူတို့သည် ချောက်ကမ်းပါးပေါ်သို့ ဆင်းသက်လိုက်ကြပြီး ရီကျင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ချည်းကပ်လာသည်။
သိုင်းပညာရှင်အဆင့် အုပ်စု တစ်စုက ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် လူငယ်လေးအား ဝိုင်းဝန်း ဖိအားပေးနေကြသည်။ သူတို့ထံမှ ဖိအားများကို မဆိုထားနှင့်။ သူတို့၏အကြည့်များကပင် ပြိုင်ဘက်ကို ပြိုလဲသွားရန် လုံလောက်သည်။
ရီကျင်းက အံတင်းတင်း ကြိတ်ကာ အနည်းငယ်မျှပင် နောက်မတွန့်ဘဲ ထိုသိုင်းပညာရှင်များကို ပြန်ကြည့်နေသည်။
စစ်ခုန်ချင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရပြီး မျက်မှောင်ကြုံ့နေသည်။
အခြားလူငယ်တပည့်များက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ပတ်ဝန်းကျင်တွင် ပိုမို ဖိအားများလာပြီး သူတို့ပင် မွန်းကြပ်လာသလို ခံစားရသည်။
ထိုအချိန်တွင် အဝေးမှ မိုးပြာရောင်အလင်းတန်းတစ်ခု ပျံသန်းလာရာ အနက်ရောင်မြူများက ဘေးသို့ အနည်းငယ်ရှဲသွားသည်။ အလင်းတန်းပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲ ပေါ်လာသည်။
“ဘာတွေ ဖြစ်နေကြတာလဲ”
ရန်ကျောက်ကဲ မြေပေါ်သို့ ရောက် ရောက်ချင်း မေးလိုက်သည်။ တစ်ချက် ဝေ့ကြည့်လိုက်သောအခါ အပြာရောင်မီးစေ့က ရီကျင်းလက်ထဲရောက်နေသည်ကို သူ သတိထားမိသွားပြီး တစ်ခဏမျှ ကြက်သေသေသွားသည်။
ထိုအချိန်တွင် ရန်ကျောက်ကဲသည် သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး သူ့စိတ်ထဲက ခံစားချက်ကို မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။
ရတနာလုပွဲတစ်ခုတွင် ဝတ္တု၏ဇာတ်လိုက်သည် လုံးဝ အကျိုးအကြောင်းမဲ့လွန်းသည်။ ရတနာနယ်မြေတစ်ခုတွင် ဇာတ်လိုက်၏အယူအဆမှာ စံသတ်မှတ်ချက် လေးခုပေါ်တွင် မူတည်သည်။ – “အားလုံးကို စားသည်၊ အားလုံးကို ယူသည်၊ အားလုံးကို ဓားပြတိုက်သည်၊ ဇာတ်လိုက်အရောင်အဝါဖြင့် နောက်ဆုံးတစ်ယောက် ကျန်သည်အထိ အားလုံးကို သတ်ဖြတ်လေသည်……”
ဤသို့ဖြင့် ပစ္စည်းကောင်းတွေအားလုံး ထိုမိုးကောင်ကင်၏သားတော်ထံပင် စီးဝင်သွားသည် မဟုတ်ပါလော။
“မင်းရဲ့ ဇာတ်လိုက်အရောင်အဝါက အခြားသူတွေ မျက်စိကန်းနိုင်တဲ့အထိ တောက်ပလွန်းတယ်၊ အခြားနေရာသွားရှာကွာ၊ ပစ္စည်းကောင်းတွေအကုန် မင်းတစ်ယောက်ထဲပဲ ရသင့်တယ် ထင်နေလား”
“မင်းရှေ့မှာ ငါ ရတနာတွေ့ရင် ငါရသင့်တယ် ဟုတ်တယ်မလား”
“ဒါအတွက် အစောကြီးထဲက စိတ်ထဲမှာ ကြိုပြင်ဆင်ထားတယ်လို့ ငါပြောသင့်လား မသိဘူး”
ထိုအခိုက်တွင် ရန်ကျောက်ကဲ၏ စိတ်ကူးများက တောင်ရောက် မြောက်ရောက် ရောက်နေသည်။
“မီးစေ့ကို လက်ဗလာနဲ့ ဆုပ်ထားတယ်၊ လက်ကို ပြာကျတဲ့အထိ မီးလောင်မှာ မကြောက်ဘူးလားကွာ၊ အဲ့တာ မင်းလက်ထဲက လက်စွပ်ကြောင့်လား”
ရီကျင်းက စိတ်ဓာတ်ပြတ်သားစွာဖြင့် လီမီးတောက် မီးစေ့ကို ဆက်လက် ဆုပ်ကိုင်လျက် ရန်ကျောက်ကဲအား အရှုံးမပေးသော မျက်လုံးတစ်စုံဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။
ရန်ကျောက်ကဲ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
“ဇာတ်လမ်းက စလာပြန်ပြီ၊ ဒီအခြေအနေကို ပြန်ရောက်လာပြီလား”