အခန်း (၁၆)

ခေါင်းခံပေးရမည့် အဖြစ်

အခန်း (၁၆) ခေါင်းခံပေးရမည့် အဖြစ်

မုန်တိုင်းမျက်လုံးမှ ထွက်လာသောအခါ အန္တရာယ်ချီ အနက်ရောင်မြူများ၏ အပြင်းအထန် ရိုက်ခတ်မှုကြောင့် ချောင်ယွမ်လုံ သတိရလာသည်။

နိုးလျှင်နိုးချင်း ချောင်ယွမ်လုံ၏စိတ်ထဲတွင် သူနှင့် ရန်ကျောက်ကဲတို့ တိုက်ပွဲကို ပြန်လည်တွေးတောနေမိသည်။

သူ့စိတ်ထဲတွင် အကြောင်းပြချက်များစွာ ရှိသော်လည်း  လယ်ပြင် ဆင်သွားသကဲ့သို့ ထင်ရှားသည့် လက်တွေ့အဖြစ်က သူ့စိတ်ကို ပြင်းစွာ ထိခိုက်စေခဲ့သည်။

ရန်ကျောက်ကဲနှင့် တိုက်ခိုက်စဉ်အချိန်ကို ပြန်တွေးကြည့်လျှင် ချောင်ယွမ်လုံသည် သူ့ဝမ်းထဲမှ မီးတောက်နေသလို ခံစားရသည်။

ထိုအချိန်က သူ့ဒေါသနှင့် နှိုင်းယှဉ်လျှင် သူ့စိတ်က ပိုမို စဉ်းစားရကြပ်နေသည်။

“ဘယ်အချိန်တုန်းကများ ရန်ကျောက်ကဲက ဒီလောက်အစွမ်းထက်လာတာလဲ”

“ဒါ သူနဲ့ အရင်တုန်းက တိုက်ခဲ့ဖူးတဲ့ ရန်ကျောက်ကဲကော ဟုတ်သေးရဲ့လား”

သည်တစ်ကြိမ် တွေ့ဆုံမှုတွင် ရန်ကျောက်ကဲ၏ ကျင်ကြံမှု တိုးတက်လာသည်။ ဤအရာကိုလည်း ချောင်ယွမ်လုံ ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် တိုးတက်လာသည့် အတိုင်းအတာက ချောင်ယွမ်လုံ၏အမြင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။

သတိပြန်ရလာသည်နှင့် သူ့ပါးနှစ်ဖက်က စပ်ဖျင်းဖျင်း နာကျင်နေသည်။ အစောပိုင်းက အဖြစ်အပျက်ကို ပြန်တွေးကြည့်လျှင် အရှက်ရမှုနှင့်အတူ ပြင်းထန်သော ဒေါသက သူစိတ်ထဲတွင် ထောင်းခနဲ ထလာသည်။

သူ အခြေအနေကို သဘောပေါက်သောအခါ ချောင်ယွမ်လုံ ပိုမို ဒေါသထွက်လာသည်။ သူနှင့် သူ့ဂိုဏ်းသားများသည် မုန်တိုင်းမျက်လုံးမှ ရန်ကျောက်ကဲ၏ ကန်ထုတ်ခြင်းကို ခံခဲ့ရသည်။

သူသည် ရှေ့မှ နေသူတော်စင်စင်ဂိုဏ်းသားများကို စိုက်ကြည့်ရင်း တစ်စုံတစ်ခု ပြောရန် ပါးစပ်ကို ဖွင့်လိုက်သည်။ သို့သော် သူ့စကားများက ရင်ဝတွင် ဆို့နေသည့်အလား မည်သည့်အသံမှ ထွက်မလာပေ။
နေသူတော်စင်ဂိုဏ်းသားများမှာ သူတို့၏ခေါင်းများကို ငုံ့ထားလျက် သူနှင့် မျက်နှာချင်းဆိုင်ရမည်ကို ကြောက်ရွံ့နေကြသည်။

ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး လက်ဖဝါး ထုတ်ချင်းဖောက်ခံရသော်လည်း ချောင်ယွမ်လုံသည် သူတို့ကဲ့သို့ သာမာန်တပည့်များ ရန်စသင့်သူ မဟုတ်ချေ။

ချောင်ယွမ်လုံသည် သူ၏ရက်စက်သောစိတ်ထားကြောင့် နာမည်ကျော်ကြားပြီး လက်ရှိတွင် အတော် ဒေါသထွက်နေပုံရသည်။ သည်တစ်ကြိမ် သူ့အား သွားဆွမိသောသူသည် ပြင်းထန်သော အကျိုးဆက်နှင့်  ရင်ဆိုင်ရလောက်သည်။

ချောင်ယွမ်လုံအပေါ်  အခြားတပည့်များ ယခင်က ရှိခဲ့သော ကြောက်ရွံ့မှုနှင့် လေးစားမှုတွင် ယခု လေးစားမှုမရှိဘဲ ကြောက်ရွံ့မှုသာ ကျန်တော့သည်။

ထုတ်ဖော်မပြောရဲသော်လည်း သူတို့စိတ်ထဲတွင် ချောင်ယွမ်လုံအား ထေ့ငေါ့နေကြသော တပည့်များ ရှိနေသည်။

“ဝါဒတောင်က ရန်ကျောက်ကဲရဲ့ လမ်းဘေးခွေးတစ်ကောက်လို ရိုက်နှက်တာ ခံရတာတောင် ငါတို့ရှေ့မှာ လာပြီး အစွယ်ထုတ်ချင်သေးတယ် ဟုတ်လား”

“မင်းမှာ အစွမ်းအစရှိရင် ရန်ကျောက်ကဲရဲ့ရှေ့ သွားပြလေ၊ ကိုယ့်ထက် အားကြီးတဲ့သူကို မနိုင်တိုင်း အားနည်းတဲ့သူတွေကို လာမဲချင်နေတယ်”

“ငါတို့ ဒီလိုနေရာကို ရောက်နေတာ ရန်ကျောက်ကဲကို မင်း မနိုင်လို့ မဟုတ်ဘူးလား၊ မဟုတ်ရင် သူတို့ကို  ငါတို့ မုန်တိုင်းမျက်လုံးကနေ မောင်းထုတ်ပြီးနေလောက်ပြီ”

ချောင်ယွမ်လုံ သက်ပြင်း တစ်ချက်ချပြီး ပြန်လည် လှဲလျောင်းလိုက်သည်။

ထိုခဏတွင် သူ ခေါင်းပြန်ထောင်ပြီး ရန်ကျောက်ကဲနှင့် သေသည်အထိ တိုက်ခိုက်လိုက်ချင်သည်။ ဤမျှအထိ အရှက်ရပြီးနောက် အဘယ်ကြောင့် သူ့ကို တိုက်ခိုက်ရင်း သေခွင့် မပေးရသနည်း။

သို့သော် အစောပိုင်းက သူတို့၏ တိုက်ပွဲရလဒ်ကို ကြည့်လျှင် သူ ပို၍ စိတ်ဓာတ်ကျလာသည်။
အဘယ်ကြောင့်ဆိုသော် သူ အသက်ရင်းပြီး တိုက်ခိုက်လျှင်ပင် သူ့ဆန္ဒကို ပြည့်ဝလောက်မည် မဟုတ်ပေ။ ထိုအစား နောက်ထပ် အရှက်ရမှုနှင့် သူ ရင်ဆိုင်ရဖွယ် ရှိသည်။

မမျှော်လင့်ဘဲ သူတို့နှစ်ယောက်အကြား ကွာခြားမှုက ကြီးမားလွန်းသည်။ သူ၏ မာကျော ခိုင်မာသော စိတ်ဓာတ်ကြောင့်သာ မဟုတ်လျှင် သူ ဗုန်းဗုန်းလှဲနေလောက်ပြီ။

“စီနီယာအကိုကြီးရှောင် ပေးထားတဲ့ တာဝန်ကို ကျွန်တော်တို့ အများကြီး ကြိုးစားပြီးမှ ရလဒ်ကောင်းတချို့ရခဲ့ပြီ၊ ကျွန်တော်တို့ အဲ့တာဝန်ကို အရင်ပြီးအောင် လုပ်ကြရင် မကောင်းဘူးလား”  နေသူတော်စင်ဂိုဏ်းသား တစ်ယောက်က မရဲတရဲနှင့် အကြံပေးလိုက်သည်။

သူ့စကား၏နောက်တစ်ပိုင်းကို သူ ဆက်မပြောခဲ့ပေ။ တကယ်တော့ သူပြောချင်သည်မှာ  ‘စီနီယာအကိုကြီးရှောင် နဂါးချုပ်လှောင်ခြင်းချောက်နက်ကို မကြာခင် ရောက်တော့မယ်၊ ငါတို့ သူ့ကို ခေါ်ပြီး ရန်ကျောက်ကဲဆီ သွားလက်စားချေရအောင်’ ဟူ၍ ဖြစ်သည်။

သို့ရာတွင် ချောင်ယွမ်လုံအား ဆွမိမည် စိုးသဖြင့် ထိုစကားများကို သူ ဆက်မပြောခဲ့ပေ။

ချောင်ယွမ်လုံကလည်း ငပိန်း မဟုတ်ပေ။ တစ်ဖက်လူပြောချင်သည့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အဘယ်သို့ နားမလည်ဘဲ နေမည်နည်း။

သူ့မျက်လုံးများက နေသူတော်စင် ဂိုဏ်းတပည့်များကို ခြုံကြည့်လိုက်သည်။ သူတို့ထဲမှ မည်သူကမျှ သူတို့၏အတွေးကို ထုတ်ဖော်မပြသော်လည်း သူတို့ မည်သည့်အရာတွေးနေသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။

တကယ်တော့ ပြောရလျှင် သူသည် ရန်ကျောက်ကဲအား အတွင်းခံပါ ကျွတ်ကျလုမတတ်အထိ ဆိုးဆိုးဝါးဝါးကြီး ရှုံးနိမ့်ခဲ့သည်။

သူ့ဂိုဏ်းသားများအား အေးစက်စက် ကြည့်လျက် ချောင်ယွမ်လုံသည် အခြား မည်သည့်စကားမျှ မပြောဘဲ သဘောတူကြောင်းသာ ပြောလိုက်သည်။

“ကောင်းပြီလေ၊ တာဝန်ကိုပဲ အရင်ပြီးအောင် လုပ်ကြတာပေါ့”

စကားဆုံးသည်နှင့် သူ ထွက်ခွာသွားသည်။ အခြားသူများလည်း ထိုအခါမှ အသက်ဝဝ ရှုရဲကြပြီး သူ့နောက်မှ လိုက်သွားကြသည်။

ချောင်ယွမ်လုံ၏မျက်နှာက ခံစားချက်မဲ့နေသော်လည်း သူ့စိတ်ထဲတွင် ဗြောင်းဆန်လန်နေသည်။

“အပြင်ပိုင်း ကြယ်တာရာချီ သိုင်းပညာရှင်!!!၊ ငါ အပြင်ပိုင်း ကြယ်တာရာချီ သိုင်းပညာရှင်အဆင့်ရောက်အောင် မြန်မြန်ကျင့်ကြံရမယ်၊ ဒါမှ ရန်ကျောက်ကဲရဲ့ အင်္ကျီလက်အိုးထဲက မိုးပြားရောင်နဂါးသိုင်းကို ဖိနှိပ်နိုင်မယ့် ငါတို့ဂိုဏ်းရဲ့ အထူး သိုင်းပညာတွေကို လေ့ကျင့်နိုင်မယ်၊ အဲ့အချိန်ကြရင် သူ ကျင့်ကြံမှု နောက်တစ်ဆင့်တက်နိုင်ရင်တောင် အရေးမကြီးတော့ဘူး”

“ဒီနေ့ရန်ကြွေးကို ဒီသခင်လေးက သေချာပေါက် ပေးဆပ်နိုင်ရမယ်၊ ရန်ကျောက်ကဲကို မြေကြီးပေါ်မှာ မှောက်သွားအောင် မလုပ်နိုင်ရင် ဒီသခင်လေး လူမလုပ်တော့ဘူးဟေ့!!!!!”
…………..

မုန်တိုင်းမျက်လုံးတွင် ဝါဒတောင်ဂိုဏ်းသားများသာ ကျန်ခဲ့သည်။  အချို့မှာ အနားယူနေကြပြီး အခြားသူများမှာ မုန်တိုင်းမျက်လုံးထဲတွင် လှည့်လည်သွားလာရင်း ရှားပါးပစ္စည်းများ ရှာဖွေနေကြသည်။ အချို့တပည့်များက ချစ်စရာကောင်းသော သိမ်မွေ့သော အလင်းဝိဉာဉ်ကြောင်လေးနှင့် ကစားနေကြသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အဆက်မပြတ်တုန်ခါလျက် ရွှေရောင်အရည်များကို ဆက်လက် စုပ်ယူကာ အထဲတွင် သန့်စင်လျက်ရှိသည်။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ဘေးတွင် တင်ပလ္လင်ခွေချိတ်ထိုင်နေပြီး မိခင်က သူမရင်သွေးကို ကြည့်သည့် အကြည့်မျိုးဖြင့် မီးပြင်းဖိုကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေသည်။

ရုတ်တရက် အားဟူ ပြန်လာ၍ သတင်းပို့သည်။
“မင်းသား၊ ချောင်ယွမ်လုံနဲ့နေသူတော်စင်ဂိုဏ်းသားတွေက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို တစ်ခုခု ရှာဖွေဖို့ လာတဲ့ပုံပဲ၊ သူတို့ရှာဖွေနေတာ လူလား အရာဝတ္ထုလားဆိုတာတော့ သေချာ မသိသေးပါဘူး”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ သို့သော် မည်သို့မျှ မပြောချေ။

အားဟူက သူ့စကားကို ဆက်လိုက်သည်။
“မင်းသားကို သတင်းပို့ပါတယ်၊ ဘုရားကျောင်းက သူ့ပိုက်ကွန်ကို ဖြန့်လိုက်ပြီ၊ အဲ့ဒီ့ဘုန်းကြီးအိုကြီးနဲ့ မျိုးနွယ်စုခေါင်းဆောင်က ဒီတစ်ကြိမ် ငါးအကြီးကြီး မိတဲ့ပုံပဲ”

“ပြီးတော့ နောက်ထပ် သတင်းတစွန်းတစလဲ ရထားပါတယ်၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းက အကြွင်းအကျန်တွေ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ အစပ်နားကို ရောက်နေပါပြီ၊ သူတို့က မင်းသားကို ဖမ်းဖို့ ကြံနေတဲ့ ပုံပါပဲ”

ရန်ကျောက်ကဲက မေးလိုက်၏။ “အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအကြောင်းကိုရော ဝိဉာဉ်အလံငါးပါးဂိုဏ်းက သိနေပြီလား”

အားဟူက တုန့်ပြန်လိုက်သည်။ “ကျွန်တော်တို့ ဖမ်းမိတဲ့ လူရဲ့အဆိုအရတော့ မင်းသားက နဂါးချုပ်လှောင်ခြင်းချောက်နက်မှာ အစစ်အမှန်လီမီးတောက် မီးစေ့ကို ရှာဖွေဖို့ လာတယ်လို့ပဲ သူတို့ သိထားပါတယ်”

ရန်ကျောက်ကဲက အနည်းငယ် သက်ပြင်းချလိုက်၏။”ဝိဉာဉ်အလံငါးပါးဂိုဏ်းက အတော်ကြီးတဲ့ အင်အားစုအဖြစ် ရှိနေသေးတယ်၊ တပ်သားချင်း တပ်သား၊ စစ်သူကြီးချင်း စစ်သူကြီးပဲ၊ ငါတို့ ဒီကိစ္စမှာ ဝင်မပါတာ အကောင်းဆုံးပဲ၊ ဒီကိစ္စကို အရှေ့တန်နိုင်ငံ အဆင့်မြင့်အကြီးအကဲကိုပဲ လွဲပေးလိုက်တာပေါ့”

အားဟူက သွားအဖွေးသားပေါ်အောင် ပြုံးရင်း ပြောလိုက်သည်။ “အရှေ့တန်နိုင်ငံအကြီးအကဲက ကြိုတင် ပြင်ဆင်ပြီးပါပြီ၊ အကြီးအကဲကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး နဂါးချုပ်လှောင်ခြင်းချောက်နက်ကို ရောက်နေပါပြီ၊ သူတို့က ဝိဉာဉ်အလံငါးပါးဂိုဏ်းပေါ်လာမယ့် အချိန်ကို စောင့်နေကြပြီး မင်းသားကို ကူညီခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားနေကြပါတယ်”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “အရူးချီးပန်းစကားတွေ၊ သူက ဒုတိယဦးလေးရဲ့လူပဲ၊ ငါ့ကို သိပ်ကြည့်ရတဲ့လူ မဟုတ်ဘူး၊ ဆိုးယုတ်တဲ့ ဝိဉာဉ်အလံငါးပါးဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို ချေမှုန်းနိုင်ခြင်းက ဂိုဏ်းအတွက် အများကြီး အကျိုးဆောင်နိုင်သလို သူ့အတွက်လည်း အကြီးအကျယ် ဂုဏ်တက်နိုင်တယ်၊ ဘယ်လိုလုပ် သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ”

“တကယ်တော့ သူတို့ ငါ့ကို သတ်ချင်ရင် သတ်ပြီး ဝိဉာဉ်အလံငါးပါးဂိုဏ်းကို လွဲချလိုက်လို့ ရတယ်၊ ဒါပေမယ့် အဲ့လို မလုပ်လောက်ဘူး၊ ငါ့အဖေက သေချာ စောင့်ကြည့်နေတယ်၊ အရှေ့တန်ရဲ့ အဆင့်မြင့်အကြီးအကဲက ငါ့ကို မကာကွယ်ချင်တောင် ကာကွယ်နေရမှာပဲ”

ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ “ရီကျင်းနဲ့ ငါ့လိုပေါ့ကွာ၊ အဆင့်မြင့်အကြီးအကဲလည်း အတူတူပဲ၊ ငါ တစ်ခုခုဖြစ်လာရင် သူ့အမှားမဟုတ်တောင် သူ့အပေါ်ပဲ အပြစ်ပုံကျမှာပဲ”

“ဝိဉာဉ်အလံငါးပါးဂိုဏ်းက ဒီနေရာကို ငါ့အတွက် ရောက်လာတာပဲ၊ ငါ ပြန်ဆုတ်ရင် သူတို့လည်း ပြန်ဆုတ်လိမ့်မယ်၊ ဒီအစီအစဉ်က အန္တရာယ်နည်းနည်းပါးပါးရှိပေမယ့် ဒီအခွင့်အရေးကို ယူပြီး ကြွက်ကို တွင်းထဲက ထွက်လာအောင် မျှားခေါ်လိုက်မယ်”

အားဟူက ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။ “မင်းသားလေး၊ အရှင်မင်းသားက တကယ့် လူငယ်သူရဲကောင်းလေးပါပဲ”

“တော်ပြီ၊ ဖားယားမနေနဲ့တော့”  ရန်ကျောက်ကဲက တုန့်ပြန်လိုက်သည်။

အားဟူက ရူးကြောင်ကြောင်အမူအရာဖြင့် ရယ်မောလိုက်သည်။ “ဟီး ဟီး၊ မင်းသားလေး၊ တကယ်လို့ ကျွန်တော်တို့ အောင်မြင်ပြီး ဝိဉာဉ်အလံငါးပါးဂိုဏ်းကို အမြစ်ဖြတ်နိုင်ခဲ့ရင် မင်းသားရဲ့ အကျိုးဆောင်မှုကို ဂိုဏ်းက လျစ်လျူရှု့မနေလောက်ဘူး”

ရန်ကျောက်ကဲက သူ့လက်ကို ရမ်းလိုက်သည်။ “ဒါက နောက်မှပါ၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းက  ဘယ်အချိန်ပေါ်လာမလဲ မသိတဲ့ အန္တရာယ်တစ်ခုပဲ၊ အခု သူတို့ကိုယ်တိုင် ပေါ်လာပြီ၊ ဒါ  ဒီကိစ္စကို အကြွင်းမဲ့ ရှင်းလင်းနိုင်မည့် အခွင့်အရေးကောင်းပဲ”

“ဒါပေမယ့် ငါ အန္တရာယ်ကြားမှာ စွန့်စားတာက ငါ့ကိစ္စပဲ၊ အခြားတပည့်တွေနဲ့ မဆိုင်ဘူး၊ သူတို့ကို နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်ဘက်အထိ လိုက်ပို့လိုက်”

ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားတပည့်များကို အသိပေးပြီးသော်လည်း သူတို့ထဲမှ တစ်ဝက်လောက်က အန္တရာယ်ကြားတွင် ဆက်ရှိနေချင်သေးသည်။

သူတို့ထဲမှ တချို့က ဤအခက်အခဲကို အတူတကွ ဖြတ်ကျော်ခြင်းဖြင့် ရန်ကျောက်ကဲနှင့် ခိုင်မာသော ဆက်ဆံရေးတည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ အခြားသူများမှာ အတွေ့အကြုံရလိုသည့်အတွက် ဆက်ရှိနေကြခြင်းဖြစ်သည်။

ရီချင်းနှင့် စစ်ခုန်ချင်းတို့ နှစ်ယောက်စလုံးလည်း ဆက်နေခဲ့ရန် ဆုံးဖြတ်ကြသည်။

ရန်ကျောက်ကဲ နားလည်ထားသည်အရ စစ်ခုန်ချင်းသည် သိုင်းတာအိုအပေါ်  ဘဝကို မြှုပ်နှံထားသူဖြစ်ပြီး တိုက်ပွဲများကြားတွင် အတွေ့အကြုံရှာဖွေချင်သည်။ သို့သော် ရီကျင်း အဘယ့်ကြောင့် ဆက်ရှိနေသလဲဆိုသည်တော့ ရန်ကျောက်ကဲလည်း မသိပေ။

သို့သော် သူတို့ဆုံးဖြတ်ချက်အတွက် သူတို့မှာသာ တာဝန်ရှိသည်။ လူတိုင်းက ရွေးချယ်မှု ကိုယ်စီ ပြုလုပ်ကြသည်။ ရန်ကျောက်ကဲက တွန်းအားမပေးပေ။ ဆက်နေချင်သူတွေ နေ။ ထွက်သွားချင်သူများကိုတော့ အားဟူက လိုက်ပို့ပေးမည်ဖြစ်သည်။

အားဟူနှင့် လိုက်ပါရန် ရွေးချယ်သူတို့ ထွက်သွားသောအခါ ရန်ကျောက်ကဲနှင့် ကျန်သူတို့ မူလနေရာ၌သာ ဆက်ရှိနေကြသည်။

အချိန်တစ်ခုကြာပြီးနောက် ရုတ်တရက် ရန်ကျောက်ကဲ၏စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ အဝေးမှ အနက်ရောင်မြူများထဲတွင် သတိထားမိရုံမျှ  အပြာရောင်မီးတောက် ဖျော့ဖျော့လေး တောက်ပလျက်ရှိသည်။

“အစစ်အမှန် လီမီးတောက် မီးစေ့လား” ရန်ကျောက်ကဲ၏မျက်လုံးများ တောက်ပသွားသည်။ “ဒီတစ်ခေါက် ခရီးက အစစအရာရာ အဆင်ပြေချောမွေ့နေပါလား”


Comment

Leave a Reply

Options

not work with dark mode
Reset