အပိုင်း(၁) လူငယ်ဆရာလေး
ချင်းရှဟု ခေါ်တွင်သော တောင်တစ်တောင် ရှိလေသည်။ ၎င်းတောင်ကို သွားရသည့် လမ်းမှာ လေထန်လွန်းပြီး ရေညှိများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်လှေကားထစ် ကွေ့ကွေ့ ကောက်ကောက် လမ်းများ ဖြစ်လေသည်။
အသက် သုံးဆယ်ဝန်းကျင် သက်လတ်ပိုင်း လူရွယ် တစ်ယောက်သည် ချွေးများ ထွက်နေပြီး ချွေးသီး ချွေးပေါက်များမှာ ကျောက် လှေကားထစ်များ ဆီသို့ စီးကျသည်အထိ တောင်တက် ခရီးကို ပင်ပန်းစွာ တက်နေ ရလေသည်။
သူက ခဏ နားလိုက်ပြီး သူ့နဖူးထက်မှ ချွေးစများကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ့ရှေ့ တွင်တော့ စိမ်းဆိုနေသည့် တောအုပ် တစ်ခု ရှိလေသည်။ သစ်ကိုင်း သစ်ရွက်များမှာ လေတိုက် သောကြောင့် လှုပ်ရှား နေကြသည်။ အစိမ်းရင့်ရောင် အုတ်ကြွပ် ခေါင်မိုးကို အနည်းငယ် မြင်နေရသည်။
နောက်ထပ် ဆယ့်ငါး မိနစ်ခန့် ဆက်သွားပြီးသည့် အခါတွင်တော့ တောင်ပေါ်တွင် မားမား ရပ်တည်နေသည့် ရှေးဟောင်း အဆောက်အဦ တစ်ခုကို သူတွေ့လိုက် ရလေသည်။ လျှို့ဝှက် မှော်ပညာ များဖြင့် ကာရံထားခြင်း မရှိသဖြင့် ရှေးဟောင်း အဆောက်အဦ တစ်ခုလုံးကို မြင်နေရသည်။
သူ့နောက်တွင် ကျန်ခဲ့သည်က တည်ငြိမ်သော ဝါးတံတားလေး ဖြစ်ပြီး သူ့ရှေ့တွင်တော့ နာနတ် သီးပင်များ ရှိသည့် အေးချမ်းသည့် ဆင်ခြေလျှော လမ်းလေး ဖြစ်လေသည်။ တောင့်တင်း ခိုင်မာသည့် တာအို ကျောင်းတော်ကြီး တစ်ကျောင်း သူ့ရှေ့တွင် ရှိနေသည်ကို သူ သတိမပြုမိဘဲ မနေနိုင်ဖြစ်ရသည်။
ကျောင်းတော်ကြီး၏ တည်နေရာမှာ သီးသန့်ဖြစ်ပြီး ဝေးလံသော ဒေသတွင် ရှိသော်လည်း ထူးခြား ဆန်းပြားသည့် တန်ခိုး အရှိန်အဝါများဖြင့် ဝန်းရံနေလေသည်။ အမြင်နှင့်ပင် သူ့ကို ဆွဲဆောင် ထားလေသည်။ လူရွယ်သည် ပြန်လည် လန်းဆန်း လာသလို ခံစား လိုက်ရသည်။ တောင်တက် လာရ သောကြောင့် ခံစားရသည့် မောပန်း နွမ်းနယ်ခြင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
လေကောင်း လေသန့်များကို သူ့အဆုတ်ထဲထိ ရောက်အောင် လူရွယ်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ့တွင် ကျန်နေသေးသည့် အားအင် အနည်းငယ်ကို စုစည်းလိုက်ပြီး ကျောင်းတော်၏ ဝင်ပေါက်ဆီသို့ ဆက်သွားလိုက် သည်။ တံခါးတိုင်များရှိ အနီရောင် ဆေးများမှာ အချိန်၏ တိုက်စားမှုဒဏ်ကို မတွန်းလှန်နိုင်ဘဲ မှေးမှိန်လျှက် ရှိလေသည်။ ထူးဆန်းသည်က…
ဆိုင်းဘုတ်….
တံခါးထိပ်တွင် ရေးထိုးထားသည့် ဆိုင်းဘုတ်မှာ အရောင် မပြယ်ဘဲ ရှိနေခြင်း ဖြစ်လေသည်။
ကျောင်းတော်ကြီး၏ နာမည်…
“ချင်းရှကျောင်းတော်” ဟူသည့် အမည်မှာ ထင်ရှား သပ်ရပ်စွာဖြင့် ဆိုင်းဘုတ် ပေါ်တွင် ရေးထွင်း ထားလေသည်။
ရေးထွင်း ထားသည်မှာ သပ်ရပ်ပြီး စုတ်ချက်များမှာ တာအိုဆရာ၏ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းခြင်းကို ဖော်ပြနေလေသည်။
တံခါး ဘေးတစ်ဖက် တစ်ချက်တွင်
“နှလုံးသားက တိမ်လိုပဲ လွတ်လပ်တယ်
စိတ်ကတော့ ရေလိုပဲ စီးဆင်းသွားတယ်”
ဟူသော ကဗျာတစ်ခု ရေးထိုး ထားလေသည်။
ရေးထိုးထားသည့် မင်ကို ကြည့်ခြင်းအားဖြင့် ကဗျာမှာ မကြာသေးခင်ကမှ ရေးထိုး ထားသည်မှာ ထင်ရှား နေလေသည်။ လက်ရေးမှာ လွတ်လပ်သော ပင်ကိုယ်စိတ်ကို ပေါ်လွင် စေလေသည်။
လူရွယ်မှာ စာပေပညာကို ကောင်းစွာသိသူ မဟုတ်သည့်တိုင် ကဗျာမှာ ထူးခြားမှု ရှိသည်ကိုတော့ ရိပ်မိ လိုက်လေသည်။ အတိအကျ မပြောရဲသည့်တိုင် ကဗျာမှာ အဆင့်အတန်း မြင့်မားသည်မှာ သေချာလေသည်။
တံခါးရှိ သံကွင်းများကို ဆုပ်ကိုင်ကာ လူရွယ်က တံခါး ခေါက်လိုက်သည်နှင့် မျှော်လင့် မထားသည့် ကျယ်လောင်သည့် အသံကြောင့် အံ့သြသွားရကာ ယဉ်ကျေးသည့် သဘောဖြင့် ပိုပြီး နူးညံ့ ညင်သာစွာ တံခါး ခေါက်လိုက်သည်။
ခဏကြာသည့် အခါတွင်တော့ တံခါး ပွင့်သွားပြီး အသက် ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ခန့် မျှသာ ရှိသေးသည့် တာအိုဆရာလေး တစ်ပါး တံခါးဝသို့ ထွက်လာလေသည်။ သူ့ဆီမှ ဆေးရွက် ရနံ့ရနေပြီး ရနံ့မှာ စိတ်ကို ကြည်လင်သွား စေသည်။
တာအိုဆရာလေးမှာ သန့်ရှင်း သပ်ရပ်သည့်ဟန်နှင့် နူးညံ့သည့် မျက်နှာထား ရှိလေသည်။ သူ့ကို ကြည့်ရသည်မှာ ဝတ်ရုံပွကြီးကို ဝတ်ထားသည့်တိုင် အနည်းငယ် ပိန်သွယ် သယောင် ထင်နေရ သေးသည်။
သူ့ကို အားနည်းနေသည်ဟု လူရွယ် ထင်မိသည်။
သူ့မျက်နှာမှာ အဝါရောင် သန်းနေပြီး ရောဂါတစ်ခုခု ရှိနေပုံရသည်။
တကယ်တော့ တာအိုဆရာလေး နာမည်က လီဖုန်း ဖြစ်လေသည်။
ထပ်ပြောရလျှင် သူက ဒီကမ္ဘာကမဟုတ်ခဲ့…
သူက ပုံမှန် ဝင်ငွေရှိသည့် ဆရာဝန် တစ်ယောက် ဖြစ်လေသည်။ ထို့အပြင် သူ့တွင် အိမ်တစ်လုံးနှင့် ကားတစ်စီးလည်း ပိုင်ဆိုင် ထားသေးသည်။ ဘဝကို အောင်မြင်စွာ ဖြတ်သန်းနေသူ တစ်ယောက် ဖြစ်သည့် အပြင် ပိုကောင်းသည့် ဘဝကိုလည်း ဦးတည်နေသည့် လူတစ်ယောက် ဖြစ်လေသည်။
ထိုသို့ ပြောရသော်လည်း နေ့စဉ် လုပ်ငန်းများဖြင့် ဘဝက ပျင်းစရာတော့ ကောင်းလေသည်။
သူ .. အိမ်ကို ကားမောင်းပြီး ပြန်လာခဲ့သည့် နေ့တစ်နေ့…
လမ်းဆုံ တစ်ခုတွင် ယဉ်မတော်တဆမှု တစ်ခုဖြစ်ပြီး သူ သတိရလာသည့် အခါတွင်တော့ သူ့ဝိညာဉ်က တခြားခန္ဓာကိုယ် တစ်ခုထဲသို့ ရောက်နေခဲ့ခြင်း ဖြစ်လေသည်။
အချိန်နှင့် နေရာ၏ ထူးခြား ဆန်းကြယ်မှုများ ကြားတွင် အချိန် ခရီးသွားခြင်း ဆိုသည်မှာ အဲဒီလောက်တော့ ကံကောင်းခြင်း မရှိနိုင်သည်ကိုတော့ သူ နားလည်ထားသည်။
လွန်ခဲ့သည့် သုံးလခန့်က စပြီး သူက ဒီခန္ဓာကိုယ်၏ ပိုင်ရှင်အသစ် ဖြစ်လာခဲ့သည်။
ဆန်းလျန်ဆိုသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။
ခန္ဓာကိုယ် ပိုင်ရှင် အစစ်ကို တောင်းပန်လိုက်ပြီး ကံတရား အတိုင်းပင် သူက ဆန်းလျန်၏ ပုံစံဖြင့် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
တကယ့် ဆန်းလျန် အစစ်မှာ အထင်ကြီးစရာ ကောင်းသူ တစ်ယောက်ဖြစ်လေသည်။ သူ၏ မိခင်မှာ ဂုဏ်သရေရှိ ဆန်းအိမ်တော်မှ ဖြစ်ပြီး ချင်တိုင်းပြည်တွင် ကြွယ်ဝ ချမ်းသာသည့် ကုန်သည် မျိုးရိုးမှ ဖြစ်လေသည်။ သူ၏ မိခင်မှာ အသက် ဆယ့်ခုနစ်နှစ် အရွယ်တွင် လက်ထပ် ထိမ်းမြားခြင်း မရှိဘဲ သူ့ကို ကိုယ်ဝန်ရခဲ့သည်။ သူ့ဖခင် မည်သူ ဆိုသည်ကို မည်သူမျှ မသိခဲ့ကြ။ သူ့မိခင်ကလည်း ထိုအကြောင်းကို တစ်လုံးမျှပင် မပြောခဲ့။
သူမက ကလေးကို မရရအောင် မွေးခဲ့လေသည်။
ကိုယ်ဝန်ရှိသည့် ကိစ္စအတွက် သူမ၏ ဖခင်ဖြစ်သူ ဆန်းသခင်ကြီးက သဘောမကျခဲ့။ ဆန်း သခင်ကြီးမှာ ဒေါသ ထွက်သော်လည်း သူ၏ သမီးကို အမွေပြတ် မစွန့်ပစ်နိုင်ခဲ့။
ကံဆိုးစွာပင် ဆန်းလျန်၏ မိခင်မှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အသက် ငယ်ငယ်နှင့်ပင် ဆုံးပါး သွားခဲ့ လေသည်။
သူ့မိခင် မရှိဘဲ ဆန်းအိမ်တော်တွင် နေရမည့် ဘဝကို ဆန်းလျန် တွေးပင် တွေးမကြည့် ရဲခဲ့ပေ။ “အဲဒီနေရာက သူ့နေရာ မဟုတ်” ဟု ခံစားနေရသလို လူတွေကလည်း ကွယ်ရာတွင် သူ့ကို “မျိုးမစစ်သား” ဟု ခေါ်ကြလေသည်။
ဆုံးဖြတ်ချက် တစ်ခုချခဲ့ပြီးနောက် ဆန်းလျန်က သခင်ကြီးနှင့် ဦးလေး နှစ်ယောက်ဆီသို့ သွားကာ ဆန်းမိသားစုမှ ထွက်ခွာပြီး သာသနာ့ဘောင် ဝင်ကာ ဆန်းမိသားစု ကံကြမ္မာ ကောင်းဖို့အတွက် ဆုတောင်းပေးရန် တောင်းဆို လိုက်သည်။
သာသနာ့ဘောင် ဝင်သည့်ကိစ္စမှာ ဂုဏ်သရေရှိ အိမ်တော်များနှင့် မိသားစုများအတွက် အဆန်း တော့ မဟုတ်။
သို့သော် သာသနာ့ဘောင် ဝင်ကြသူအများစုမှာ အစေခံများ၏ သားသမီးများသာ ဖြစ်ကြပြီး ဆန်းလျန်ကတော့ ဆန်းမိသားစု၏ အမွေ ဆက်ခံသူ ဖြစ်နေလေသည်။ သို့သော် ဆန်း သခင်ကြီးကတော့ သူ တောင်းဆိုသည်ကို သဘောတူသည်မှာ အံ့သြစရာတော့ မရှိပါ။
အဲဒီ နောက်တွင်တော့ ဆန်း အိမ်တော်တွင် များစွာသော ကံကြမ္မာများနှင့် တွေ့ကြုံ ရလေ တော့သည်။
မိသားစုများတွင် သမီးများအတွက် အမွေဆက်ခံမှု ဓလေ့ ထုံးတမ်းတစ်ခု ရှိလေသည်။
သမီးဖြစ်သူ ရရှိသည့် လက်ဖွဲ့ အမွေပစ္စည်းများကို သူမ၏ အမွေ ဆက်ခံသူ သားသမီးကို လက်ဆင့် ကမ်းပေးရသည့် ဓလေ့ ဖြစ်လေသည်။
လက်ဖွဲ့ အမွေပစ္စည်း ဆိုသည်မှာ သမီးကညာ လက်ထပ်ရမည့် အရွယ် ရောက်သည်နှင့် ခွဲပေးထားသည့် အမွေပစ္စည်းကို ပြောခြင်း ဖြစ်သည်။ လက်ထပ်သည့် အချိန်တွင်တော့ အမွေပစ္စည်း ပိုင်ဆိုင်မှုများမှာ သမီးဖြစ်သူ၏ နာမည်နှင့် လွှဲပြောင်းပြီးသား ဖြစ်နေလေသည်။
ဆန်းလျန်၏ မိခင်မှာ မင်္ဂလာမဆောင်ဘဲ ကိုယ်ဝန် ရခဲ့သော်လည်း သူမကို ချစ်လွန်းသော ဖခင်ကြောင့် ဆန်းအိမ်တော်မှ အမွေပြတ် စွန့်လွှတ်ခဲ့ခြင်း မရှိခဲ့ပေ။
တကယ် ဆိုလျှင်တော့ ဆန်းအိမ်တော်မှ စွန့်ပစ် ခံရမည်မှာ အသေအချာပင်…
မိခင် ဆုံးပါး သွားပြီးသည့်နောက် ဆန်းလျန်က မိခင်၏ အမွေကို ဆက်ခံသူ ဖြစ်လာ ခဲ့လေသည်။ ဆန်းသခင်ကြီးတွင် သားနှစ်ယောက် ရှိပြီး ထိုဦးလေး နှစ်ယောက်က သူ့အပေါ်တွင် ကောင်းကြ သော်လည်း သူ့အဒေါ် နှစ်ယောက်က ယုတ်မာမည်ကိုတော့ သူစိတ်မပူဘဲ မနေနိုင်။ ဆန်းအိမ်တော်တွင် သူ့အမွေ ဆက်ခံ ပိုင်ခွင့်ကို ရလျှင် သူ့အသက်ကို ရန်ရှာမည်ကိုပင် သူ့မှာ သတိထား နေရသည်။
ဆန်းလျန်၏ ဦးလေးများတွင်လည်း သားသမီးများ ရှိကြသည်။ ဦးလေးများက သူ့အပေါ် ကောင်းကြ သည့်တိုင် သူက သူတို့ မိသားစုဝင် တစ်ယောက်တော့ မဟုတ်။
သူ့ဦးလေးများကလည်း သူတို့ သားသမီးများကို အမွေ ရစေချင်မည်မှာ သေချာသည်။
အသက် ငယ်ငယ်နှင့် တာအို သာသနာ့ဘောင်သို့ ဝင်ရန် ဆန်းလျန် ဆုံးဖြတ်ခဲ့ခြင်းမှာ ထို အကြောင်း များကြောင့်တော့ မဟုတ်ခဲ့ပါ။ သူ့အပေါ် မကောင်းပြောကြသည့် သူများကို စိတ်ကုန် သွားသောကြောင့်သာ ဖြစ်လေသည်။ ထို့ပြင် ကျင့်စဉ် သိုင်းကျမ်း တစ်ခုကို သူရှာဖွေ တွေ့ရှိခဲ့ခြင်း ကြောင့်လည်း ဖြစ်လေသည်။
သူ့မိခင် ပိုင်ဆိုင်သည့် ပစ္စည်းများထဲတွင် ထိုစာအုပ်ကို တွေ့ခဲ့ခြင်း ဖြစ်ပြီး သူ့ဖခင် ထားခဲ့သည့် စာအုပ် ဖြစ်လေသည်။ ထိုစာအုပ်ကို သူ့မိခင်က သူ့အား ဘာကြောင့် မပေးခဲ့သလဲ ဆိုသည်ကို သူ သိချင် နေမိသည်။
ဆန်းလျန်အတွက် သိုင်းပညာ လေ့ကျင့်ဖို့ သီးသန့် ကိုယ်ပိုင် နေရာတစ်ခု လိုအပ်လေသည်။
ဆန်းအိမ်တော်မှာ မယုံနိုင်လောက်အောင် ကြွယ်ဝ ချမ်းသာ လှပေသည်။ ချင်းရှ ကျောင်းတော်နှင့် ချင်းရှတောင် တစ်လျှောက်မှာ သူတို့ မိသားစု ပိုင်ဆိုင်မှုများပင် ဖြစ်လေသည်။ ထို့ ကြောင့်ပင် ဆန်းအိမ်တော်မှာ ဆန်းလျန်ကို ကျောင်းတော်ကို စိတ်ချစွာ ပို့ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်သာ တာအိုဝါဒအတိုင်း တရားကျင့်ကြံပြီး တာအိုဆရာလေးအဖြစ် နေမည်ဆိုလျှင် ဆန်းအိမ်တော် အနေဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်မှာ ဖြစ်လေသည်။
တောင်ခြေတွင် နေထိုင်ကြသည့် ရွာသားများမှာ ကျောင်းတော်ကို ထိန်းသိမ်း စောင့်ရှောက်သည့် သူများဖြစ်ကြပြီး ဆန်းလျန် တစ်ယောက် ချင်းရှ ကျောင်းတော်သို့ ရောက်ကတည်းက ရွာသားများက အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ ပေးကြသည်။
အထူး ပွဲလမ်းသဘင်များ ရှိသည့် အချိန်တွင်လည်း ဆန်းအိမ်တော်မှ လူလွှတ်ကာ ဆန်းလျန်ကို ဖိတ်ကြားပြီး သူ့ကို မမေ့ သေးသည့်အကြောင်း ပြသကြသည်။
ချင်းရှတောင်တွင် တစ်ယောက်တည်းနေသော ဆန်းလျန်မှာ အချိန်များစွာ အားနေပြီး နေ့စဉ် ဝေယျာဝစ္စများနှင့် အစားအသောက် အတွက်လည်း ပူပင်စရာ မရှိခဲ့။ နေ့စဉ် ဝေယျာဝစ္စများကို ရွာသားများက ကူညီပေးပြီး အစားအသောက် ချက်ပြုတ်ရန်အတွက် လူတစ်ယောက်ပင် ငှားပေး ထားသေးသည်။ ပြီးတော့ ဆန်း အိမ်တော်ကလည်း ငွေကြေးဥစ္စာ သုံးမကုန်အောင် ကြွယ်ဝ ချမ်းသာ လွန်းသည် မဟုတ်လား။ ထို့ကြောင့်ပင် အားလပ်သည့် အချိန်များတွင် ဆန်းလျန်သည် သူရရှိထားသည့် ကျင့်စဉ် သိုင်းကျမ်းကို လေ့ကျင့်လေတော့သည်။
သိုင်းကျမ်းစာအုပ် အမည်မှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ဖြစ်သည်။ စာလုံးရေ ထောင်ချီ ရှိပြီး ဝိညာဉ်လွှင့်သည့် ကျင့်စဉ် ဖြစ်လေသည်။ ဝိညာဉ်၏ စွမ်းအားကို တွန်းအား ပေးပြီး စိတ်စွမ်းအင်ကို အသုံးချကာ တုန့်ပြန်မှုကို ဖွင့်လှစ်သည့် ကျင့်စဉ်စာအုပ် ဖြစ်လေသည်။ ဝိညာဉ် တစ်ခုသည် စွမ်းအားအဆင့် မြင့်လာသည်နှင့် ပိုင်ဟွေ့ ဗဟိုချက် (ဦးခေါင်းထက်တွင် ရှိသည့်ဆုံချက်) ကို ချိုးဖျက်ပြီး ခန္ဓာကိုယ်မှ ထွက်ခွာ သွားနိုင်လေသည်။ အတိုချုပ် ပြောရလျှင် ကျင့်စဉ် စာအုပ်မှာ မယုံ နိုင်လောက်အောင် နက်နဲမှုများဖြင့် ပြည့်နေသည့် စာအုပ် ဖြစ်လေသည်။
up
Good