Switch Mode

အခန်း (၁၅)

အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်တစ်ခုကို သန့်စင်ခြင်း

အခန်း (၁၅) အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်တစ်ခုကို သန့်စင်ခြင်း

မုန်တိုင်းမျက်လုံးထဲသို့ ရောက်ရှိပြီး ခဏအကြာတွင် ရန်ကျောက်ကဲသည် ထူးဆန်းမှုကို သတိထားမိလာသည်။

ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူများလည်း အနောက်တွင် ရပ်လျက် ရန်ကျောက်ကဲ၏ လှုပ်ရှားမှုများကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ရန်ကျောက်ကဲက သူ့လက်ကို ရမ်းလိုက်သည်နှင့် အားဟူးက အမွှေးတိုင်အိုးလေးတစ်အိုးကို အိတ်ထဲမှ ဆွဲထုတ်လာပြီး အလျင်အမြန် လှုပ်ရှားလိုက်သည်။

အားဟူသည် အမွှေးတိုင်အိုး၏အဖုံးကို ဖွင့်၍ အမွှေးတိုင်များနှင့် အမွှေးနံ့သာခဲများကို ခပ်သွက်သွက် ထည့်သွင်းလိုက်သည်။
အပြင်ပန်းပုံသဏ္ဌာန်အရ အားဟူထည့်လိုက်သော အချို့ပစ္စည်းများမှာ မြင်တွေ့နေကြမဟုတ်ဘဲ ရှားပါးမည့်ပုံ ပေါ်သော်လည်း ကျန်ပစ္စည်းများမှာမူ ညစ်ပတ်၊ ဟောင်းနွမ်းနေပြီး တောက်တောက်ပြောင်ပြောင် မရှိချေ။

ပစ္စည်းအားလုံးကို အမွှေးတိုင်အိုးထဲသို့ ထည့်ပြီးနောက် အားဟူသည် အမွှေးတိုင်အိုးအဖုံးကို အသာအယာ ပြန်ဖုံးပြီး အမွှေးတိုင်အိုးကို မြေပေါ်သို့ ဂရုတစိုက် ချလိုက်သည်။ တစ်ခဏအကြာတွင် မီးခိုးငွေ့ကလေးများ အမွှေးတိုင်အိုး၏အပေါက်ငယ်များအတွင်းမှ ထွက်လာကြသည်။

ဝါဒတောင်ဂိုဏ်းတပည့်များသည် သူတို့ရှေ့က မြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်ရှု့နေကြသည်။

ခရမ်းရောင်မီးခိုးငွေ့များက ဖြည်းဖြည်းချင်း တက်လာကာ လေထဲသို့ ပြန့်နှံ့သွားပြီး အနက်ရောင်မြူထုထဲသို့ တိုးဝေ့ပျောက်ကွယ်သွားလေသည်။

ခရမ်းရောင်မီးခိုးငွေ့များ အနက်ရောင်မြူထုထဲသို့ တိုးဝေ့ဝင်ရောက်ပြီး ခဏအကြာတွင် မူလက ပရမ်းပတာနိုင်သော အနက်ရောင်မြူများသည် ပိုမို မငြိမ်မသက်ဖြစ်လာကာ ပြင်းထန်စွာ လှုပ်ရှားလာကြသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်း ဤမုန်တိုင်းမျက်လုံးနေရာမှ အနက်ရောင်မြူထုက အခြားနေရာများနှင့် ယှဉ်လျှင် အတော် ပါးလွှာ နည်းပါးသည်။

သို့သော် ယခုတွင် ဤနေရာရှိ အနက်ရောင်မြူထုမှာ မုန်တိုင်းထန်နေသော လှိုင်းလုံးကြီးများသဖွယ် အပြင်းအထန် လှုပ်ရှားနေပြီး တပည့်များ ယခင်က မြင်ဖူးခဲ့သည်များအားလုံးထက် ပိုမို ကြမ်းတမ်းသည်။

ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူများသည် အစပိုင်းတွင် အလွန် ထိတ်လန့်သွားကြသည်။ သို့သော် သူတို့ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။ ရန်ကျောက်ကဲ ထိုသို့ လုပ်သည့်အတွက် သူ့တွင် ကြိုတင် အစီအစဉ်ရှိမည်ဟု သူတို့ နားလည်ထားကြသည်။

အမှန်ပင် အနက်ရောင်မြူများသည် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းခက်ထန်နေသော်လည်း ၎င်းတို့သည် တပည့်များကို မတိုက်ခိုက်ဘဲ ဝဲဂယက်များအသွင် စုစည်းသွားကြသည်။

အနက်ရောင်မြူ ဝဲဂယက်များက အလွန်ကြီးမားသော အနက်ရောင်ချီ ဝဲကတော့ကိုးခုအဖြစ် ပေါင်းစပ်သွားသည်ကို မြင်သောအခါ ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်သည်။

ဝဲကတော့ကြီးကိုးခု၏ အလယ်ဗဟိုများမှ လည်ပတ်နေသော ရွှေရောင်အရည်များ တဖြည်းဖြည်းချင်း တက်လာကြသည်။

ဗဟိုချက်မှ ရွှေရောင်အရည်များနှင့် အလွန်ကြီးမားသော အနက်ရောင်မြူ ဝဲကတော့ကြီးကိုးခုမှာ ရွှေရောင်ကြယ်ကိုးစင်းသဖွယ် အဆက်မပြတ် လှုပ်ရမ်းနေကြသည်။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး ၎င်း၏အဖုံးကို ဖယ်ရှားလိုက်သည်။ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက စတင် တုန်ခါလာပြီး ဧရာမ ဆွဲငင်အားတစ်ခုကို အတွင်းမှ ထုတ်လွှတ်လာသည်။

ထိုဆွဲငင်အားကြောင့် ဝဲကတော့များအတွင်းမှ ထူးဆန်းသော ရွှေရောင်အရည်များသည် အပြင်သို့ ထွက်လာကြပြီး မီးပြင်းဖိုထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

လူငယ်အားလုံးသည် သူတို့ရှေ့က မြင်ကွင်းကို နားမလည်ကြသော်လည်း အလွန် အံ့အားသင့်နေကြသည်။

ထိုအချိန်တွင် ရန်ကျောက်ကဲ၏မျက်နှာက အလွန် လေးနက်နေသည်။ ချောင်ယွမ်လုံနှင့် တိုက်ခိုက်သော အချိန်နှင့် နှိုင်းယှဉ်လျှင်ပင် လက်ရှိ ရန်ကျောက်ကဲသည် ပိုမို လေးနက်လျက်ရှိသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို သွေး၊ချွေးများဖြင့် ပြုလုပ်ဖန်တီးထားသော အချက်ကို ထည့်မတွက်ထားလျှင်တောင် လက်ရှိတွင် အမှားအယွင်းတစ်ခုခုကို ပြုလုပ်သည်က ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်နိုင်သည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်၏ ဤနေရာတွင် အမှားသေးသေးလေးတစ်ခုက မီးပြင်းဖို ပေါက်ကွဲစေနိုင်ပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင်ချီများကိုပါ  ဆင့်ကဲပေါက်ကွဲစေနိုင်သည်။ ထိုသို့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာလျှင် ဤနေရာတွင် ရှိနေသော မည်သည့်တပည့်မျှ အဆုံးသတ်ကောင်းမည် မဟုတ်ပေ။

သို့ရာတွင် ရန်ကျောက်ကဲသည် ဤပြုလုပ်ပုံအတိအကျကို သူ့စိတ်ထဲတွင် မရေမတွက်နိုင်အောင် ပုံဖော်လေ့ကျင့်ပြီး ဖြစ်လေရာ အဘက်ဘက်မှ မမျှော်လင့်သော အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားသည်။

ရွှေရောင်အရည်များမှာ အဆုံးမရှိသည့်အလား အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ အဆက်မပြတ် စီးဝင်နေသည်။ တဖြည်းဖြည်းနှင့်  ထိုအရည်များမှ တောက်ပသော အရောင်များဖြာထွက်လာပြီး မျက်စိကျိန်းလောက်သည်အထိ ပိုမို တောက်ပလာသည်။

သလင်းကျောက်မီးပြင်းဖိုထဲသို့ စီးဝင်နေသော ရွှေရောင်စီးကြောင်းများကြောင့် တိမ်စိုင်များနှင့် ကောင်းကင်တခွင်တွင် လင်းထိန်လာသည်။ ထိုင်းမှိုင်း၊ မှောင်မည်းသော နဂါးချုပ်လှောင်ခြင်းချောက်နက်ပင် ပိုမို အလင်းရောင်ရလာသည်ဟု ခံစားရသည်။

ဘေးမှ အားဟူသည် အိတ်ရှုံ့ထဲမှ ဓားတို တစ်ချောင်း ထုတ်ယူလိုက်ပြီး ရန်ကျောက်ကဲအား ကမ်းပေးလိုက်သည်။

၎င်းသည် ဝိဉာဉ်လက်နက်နှင့်  တစ်စက်မျှ မတူသော သာမာန်ဓားတစ်ချောင်းသာ ဖြစ်၏။ အားဟူ ထုတ်ယူလိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ၎င်းကို ဝက်သားဆိုင်မှ ယူလာခဲ့သည်ဟု  ထင်မိကြလိမ့်မည် ဖြစ်သည်။ ရန်ကျောက်ကဲသည် ဓားလက်ကိုင်ကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်၍ ဓားဖျားကို ဘယ်ဘက်လက်ဖြင့် တောက်လိုက်ရာ တဝီဝီ မြည်သောအသံ ထွက်ပေါ်လာသည်။

ပါးစပ်က ပွစိပွစိ ရွတ်ပြီး ရန်ကျောက်ကဲသည် ဓားကို မီးပြင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ဓားသည် မီးပြင်းဖို၏အောက်ခြေသို့ ပြုတ်ကျမသွားဘဲ မမြင်နိုင်သည့် အားစက်ကွင်းက ထောက်ကန်ပေးနေသည့်အလား မီးပြင်းဖို၏ အလယ်တွင် ရပ်နေကာ ဓားပြားပေါ်မှ သတ္တုရောင်ကလည်း ပိုမို တောက်ပလာသည်။

ရန်ကျောက်ကဲသည် ဓားနှင့်အတူ ရီကျင်းနှင့် အခြားသူတို့ အနည်းငယ်မျှသာ ခွဲခြားနိုင်သော အခြားပစ္စည်းများကို ပစ်ထည့်လိုက်သည်။ သူတို့ သိသော ပစ္စည်းအနည်းစုမှာလည်း ပန်းပဲပြုလုပ်ရာတွင်သုံးသော ရှေးပစ္စည်းများ ဖြစ်သည်။

ဓားသည် လေထဲ၌ ရပ်နေစဥ် အခြားပစ္စည်းများက ၎င်း၏ ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်ရင်း ပုံသဏ္ဌာန်ပြောင်းလဲသွားကြသည်။

လည်ပတ်နေသော ပစ္စည်းများတွင် အချို့မှာ အရည်ပျော်ကျသွားသည်။ တွန့်လိမ် ပုံပျက်သွားသော ပစ္စည်းများလည်း ရှိသည်။ အချို့ဆိုလျှင် အပိုင်းပိုင်း အစစ ဖြစ်သွားကာ ကျန်ပစ္စည်းများမှာမူ အငွေ့ပျံသွားပြီး အခိုးအငွေ့များအဖြစ် ငွေ့ရည်ဖွဲ့သွားကြသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက တောက်ပသည်ထက် တောက်ပလာကာ မျက်လုံးနှင့် တိုက်ရိုက် မကြည့်နိုင်တော့သည်အထိ အလင်း စူးရှလာသည်။ နောက်ဆုံးတွင် အလျှံတညီးညီး မီးလျှံများ မီးပြင်းဖိုထဲမှ တက်လာပြီး  လေထဲမှ ဓားကို ဝါးမြိုသွားသည်။

မီးပြင်ဖို၏အပြင်ဘက်တွင် ဧရာမ ဝဲကတော့ကြီးကိုးခုမှ အဆက်မပြတ် ထွက်လာသော ရွှေရောင်အရည်များကို မီးပြင်းဖိုက လောဘတကြီး စုပ်ယူလျက်ရှိသည်။

သူ့ရှေ့က မြင်ကွင်းကို ကြည့်၍ ရန်ကျောက်ကဲ၏မျက်နှာပေါ်မှ အပြုံးမှာ ပိုမို ထင်ရှားလာသည်။

အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။ သို့သော် စစ်ခုန်ချင်းနှင့် အခြားသူများသည် နည်းနည်းလေးမျှပင် မပျင်းရိကြပေ။ သူတို့အားလုံးသည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုသာ အာရုံစိုက်နေကြသည်။  ဤနေရာရှိ လူငယ်အများစုအတွက်  ဒဏ္ဏာရီများထဲမှ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို မပြောနှင့်။ ဝိဉာဉ်လက်နက် သန့်စင်ခြင်းကိုပင် ယခုမှ ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သည်။

အချိန်တစ်ခု ကြာပြီးနောက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲမှ ဘုန်းခနဲ အသံထွက်ပေါ်လာကာ ရုတ်တရက် မီးသေသွားသည်။

ထို့နောက်တွင် အလွန်အားကောင်းသော ဝိဉာဉ်ချီလှိုင်းက မီးပြင်းဖို၏အတွင်းပိုင်းမှ ပျံ့နှံ့လာပြီး မည်းနက်ပြောင်လက်သော အနက်ရောင်ဓားတစ်ချောင်း မီးပြင်းဖိုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ဓားမှ အရှိန်အဝါနှင့် ဖိအားက ရီချင်းနှင့် စစ်ခုန်ချင်းတို့ ပိုင်ဆိုင်သော ဝိဉာဉ်လက်နက်များထက် အများကြီး သာလွန်သည်။

စစ်ခုန်ချင်းက ဓားကို ငေးကြည့်ရင်း
“အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ပဲ”

အခြားဝါဒတောင်ဂိုဏ်းလူငယ်များလည်း ယခုမှ နားလည်သွားကြပြီး သဘောကျစွာ ပင့်သက်ရှိုက်မိကြသည်။

“ဒီလက်နက် သန့်စင်တာ စုစုပေါင်း အချိန်ဘယ်လောက်ကြာလဲ”

လူငယ်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။ အခြားလူငယ်များလည်း သူတို့စိတ်ထဲတွင် ကြာချိန်ကို တွက်ချက်လိုက်မိသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြရင်း လေအေး တစ်ရှိုက် ရှုသွင်းလိုက်မိသည်။

ထိုအခိုက်တွင် ထိုနေရာရှိ လူငယ်တစ်ယောက်ချင်းစီက ရန်ကျောက်ကဲတွင် တစ်လအတွင်း ဝိဉာဉ်လက်နက်ဆယ့်ခြောက်ခု သန့်စင်နိုင်သော စွမ်းရည်ပိုင်ဆိုင်ထားကြောင်း အပြည့်အဝ လက်ခံမိသည်။

ထိုမျှသာမက တစ်လအတွင်းဟူသည် သူ ကျင့်ကြံ၍ အားလပ်သော အချိန်များတွင်သာ ဖြစ်ပြီး ထိုလက်နက်ဆယ့်ခြောက်ခုအား သူ အနားယူနေချိန်များအတွင်း သန့်စင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲကို ကြည့်သော  တပည့်များ၏ အကြည့်များတွင် ယခင်က မရှိဖူးခဲ့သော အရူးတပိုင်း လေးစားမှုများနှင့် ပြည့်နှက်နေသည်။

“ဒါ ဒဏ္ဏာရီထဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုပဲ၊ ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ”

“အကိုကြီးရန်က နှိမ့်နှိမ့်ချချနေပြီး သူ့အောင်မြင်မှုကို ကြွားဝါမနေဘူး၊ အမြဲတမ်း ပိုကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားနေတယ်၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အစွမ်း ကြီးသထက်ကြီးလာပြီး ဒဏ္ဏာရီတွေထဲက မီးပြင်းဖိုအဆင့်မျိုးကို ရောက်ဖို့ နီးစပ်လာပြီလို့ ပြောလို့ရတယ်၊ အရင်တုန်းက အဆင့်နိမ့်ဝိဉာဉ်လက်နက်ပဲ လုပ်နိုင်သေးတယ်၊ အခု အလယ်အလတ်အဆင့်ဝိဉာဉ်လက်နက်၊ နောက်ကြရင် အဆင့်မြင့်ဝိဉာဉ်လက်နက်၊ အဲ့ထက်မြင့်တဲ့ဟာတွေပါ ဖြစ်နိုင်ချေရှိလာပြီ”

“စီနီယာအကိုကြီးရန်နဲ့ ငါတို့ဝါဒတောင်ဂိုဏ်းကိုသာ အချိန်လုံလုံလောက်လောက် ပေးလိုက်ရင် ငါတို့အနာဂတ် ဘယ်လိုဖြစ်နေမလဲ၊ ဘာနေသူတော်စင်ဂိုဏ်းလဲ၊ နောက်ကြရင် ငါတို့ဝါဒတောင်ဂိုဏ်းကပဲ ထိပ်သီးနယ်မြေရှစ်ခုရဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ရမယ်”

“အကိုကြီးရန်ရဲ့ ကျင့်ကြံမှုက နောက်ထပ် ဘယ်တော့မှ မတိုးတက်တော့ဘူး ဆိုရင်တောင် ဒီအတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်ခုတည်းကတင် သူ့ကို ငါတို့ဝါဒတောင်ဂိုဏ်း သမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သတ်မှတ်ခံရဖို့ လုံလောက်တယ်”

“ဘယ်လိုလုပ် အကိုကြီးရန်ရဲ့ ကျင့်ကြံမှုက မတိုးတက်ဘဲ နေမှာလဲ၊ သူ့ရဲ့ သိုင်းပညာအရာမှာ ထူးချွန်မှုကိုပဲ ကြည့်၊ နေသူတော်စင်ဂိုဏ်းက ချောင်ယွမ်လုံကိုတောင် မြေကြီးပေါ်ခေါင်းစိုက်ပြီး ရွံ့စားရအောင် လုပ်ခဲ့တာမလား”

“ပါရမီရှင်ဆိုတဲ့ လူတွေနဲ့ ကျင့်ကြံခြင်းမွန်းစတား(မကောင်းဆိုးဝါး)ဆိုတဲ့ကောင်တွေကို ခြေထောက်အောက်မှာ နင်းချေပစ်တာ၊ အကိုကြီးရန်ကို ပါရမီရှင်တွေထဲက ပါရမီရှင်၊ မွန်းစတားတွေထဲက မွန်းစတားလို့ ခေါ်နိုင်တယ်”

ရန်ကျောက်ကဲက သူ့လက်ကို ဝေ့ရမ်းလိုက်သောအခါ နက်မှောင်ပြောင်လက်နေသော အနက်ရောင်ဓားက သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။ ၎င်းကို အသေးစိတ် ကြည့်ရှု့ပြီးနောက် သူ့ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။

“အင်း၊ ငါ့အရင်က သုံးသပ်ချက်က မှန်တာပဲ၊ ဒီနဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို လာရတာ အချည်းနှီး မဖြစ်ခဲ့ဘူး၊ ဒီကနေ အချက်အလက်တွေ ပိုစုဆောင်းနိုင်လေ နောက်ကြရင် အဖေ မီးပြင်းဖိုကို အဆင့်မြှင့်တင်တဲ့အခါ ပိုလွယ်လေပဲ”

ရန်ကျောက်ကဲသည် လက်ထဲမှ ဓားဖြင့် လေထဲတွင် ပန်းပွင့်ပုံသဏ္ဌာန် ရေးဆွဲလိုက်ရာ ထက်ရှသော ဓားချီက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ဘေးမှ လူများမှာ အလိုအလျောက် တုန်ယင်မိကြသည်။

ရန်ကျောက်ကဲက သူ့လက်ကို ရမ်း၍ ဓားကို အားဟူ၏လက်ထဲသို့ ပစ်ပေးလိုက်သည်။ အားဟူက ထိုဓားကို အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

ဧရာမ အနက်ရောင်မြူ ဝဲကတော့ကြီးများမှာ ရပ်တန့်တော့မည့် အရိပ်အယောင်မပြဘဲ လေထဲတွင် ဆက်လက်လည်ပတ်နေသည်။ ၎င်းတို့ထဲမှ ရွှေရောင်အရည်များကလည်း အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ ဆက်လက်စီးဝင်သွားသည်။

“မင်းတို့ရဲ့ လေ့ကျင့်ရေးခရီးက အချိန်တချို့ကြာဦးမယ်၊ လောလောဆယ်တော့ သွားချင်တဲ့နေရာ သွားလို့ရတယ်” ရန်ကျောက်ကဲ ပြောလိုက်သည်။ တပည့်များက သူတို့ခေါင်းကိုငြိမ့်လိုက်သည်။ သို့သော် အများစုမှာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုသာ ကြည့်နေကြကာ သူတို့၏အကြည့်များကို မလွှဲနိုင်ကြချေ။

ရန်ကျောက်ကဲက သူတို့ကို မတားဆီးပေ။ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဘေးတစ်ဖက်မှ စောင့်ကြည့်ရင်း အားဟူကို ပြောလိုက်သည်။

“ချောင်ယွမ်လုံက တစ်နေရာက ပြန်လာတဲ့ပုံပဲ၊ သူ့ကို နေသူတော်စင်ဂိုဏ်းက တာဝန်တချို့ ပေးလိုက်ပုံရတယ်”

“နေသူတော်စင်ဂိုဏ်းက လူတွေက ဒီနဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို ထူးဆန်းတဲ့အဖြစ်အပျက်တွေ မပေါ်လာခင်ကတည်းက ရောက်နေတာပဲ၊ သူတို့ ဒီနေရာကို လာရတဲ့ အကြောင်းအရင်းကို သွားစုံစမ်းချေ”

အားဟူက ခေါင်းငြိမ့်လိုက်သည်။

“အမိန့်တော်အတိုင်းပါ၊ မင်းသား”

Comment

Leave a Reply

Options

not work with dark mode
Reset