အခန်း (၁၄)

မုန်တိုင်းမျက်လုံးမှ မောင်းထုတ်ခြင်း

အခန်း (၁၄) မုန်တိုင်းမျက်လုံးမှ မောင်းထုတ်ခြင်း

ရန်ကျောက်ကဲက သူတို့ဘက်သို့ ကြည့်လိုက်သည်ကို မြင်သည်နှင့် နေသူတော်စင်ဂိုဏ်းသားများ တုန်ယင်သွားပြီး အလျင်အမြန် ထွက်ပြေးကုန်ကြသည်။

“နဂါးချုပ်လှောင်ခြင်းချောက်နက်… ငါ့အတွက် မင်္ဂလာမရှိတဲ့ နေရာလား”

ရန်ကျောက်ကဲက ထွက်ပြေးနေသော ပုံရိပ်များအား ကြည့်ရင်း ရယ်မောနေသည်။

ထိုစကားကို ပြောခဲ့သော တပည့်၏မျက်နှာသည် ငိုနေသည်ထက်ပင် ပိုမို အကျည်းတန်သွားသည်။

ဖြန်း…… . ဖြန်း……

အစောပိုင်းက ချောင်ယွမ်လုံအား ဖားယား ပြောဆိုခဲ့ကြသော တပည့်နှစ်ဦး၏မျက်နှာ
များမှာ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသည်။

ရန်ကျောက်ကဲသည် မူလနေရာ၌သာ ဆက်ရပ်နေလျက် သူ၏ညာဘက်လက်တွင် ဝါးကိုင်းတစ်ကိုင်းကို ကိုင်ထားသည်။

နေသူတော်စင်ဂိုဏ်းတပည့်များသည် အတူတကွ ပူးကပ်လိုက်ကြပြီး ရန်ကျောက်ကဲအား အကြောက်ကြောက်အလန့်လန့်ဖြင့် ကြည့်နေကြသည်။

“အားနည်းသူကို အနိုင်ကျင့်တဲ့ ကိစ္စမျိုးကို ငါက စိတ်မဝင်စားဘူး၊ ဒါပေမယ့် အရိုက်ခံချင်နေတဲ့ ရှေ့က တသိုက်ကိုတော့” ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “လူတစ်ယောက်အနေနဲ့ ငါက အရမ်းသဘောကောင်းတဲ့ ကောင်ပါ၊ အများအားဖြင့် ဘယ်သူ့ကိုမှ ရန်ငြိုးမထားတတ်ဘူး၊ ဒီတော့ ပြဿနာတစ်ခုခုရှိရင် လက်ငင်းပဲ ဖြေရှင်းရတာ ကြိုက်တယ်”

“ငါ့ကို အဲ့လိုကြီး မကြည့်နဲ့၊ ငါက စိတ်ကောင်းရှိတဲ့ကောင်ပါ၊ ငါ့ထက်စာရင် ချောင်ယွမ်လုံ နိုးလာပြီး မင်းတို့အပေါ် ဒေါသပုံကျမှာကို စိုးရိမ်သင့်တယ်”

“နောက်ကြ မင်းတို့ တစ်ခုခု မပြောခင် အရင်စဉ်းစား၊ ချုပ်လှောင်ခြင်းနဂါးဆိုတဲ့ နာမည်ကို မင်းတို့ ဆက်ပြောနေရင် အဲ့တာက ချောင်ယွမ်လုံကို ပြောသလို ဖြစ်မနေဘူးလား”

Note – တရုတ်စကားတွင် လုံ ဆိုသည့် အဓိပ္ပာယ်သည် နဂါးကို ရည်ညွန်းသည်။

ဝါဒဂိုဏ်းသားများ ခွက်ထိုးခွက်လန် ရယ်မောလိုက်ကြသည်။

နေသူတော်စင်ဂိုဏ်းသားများ၏မျက်နှာများသည် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပြီး အရင်က ရန်ကျောက်လုံကို လှောင်ပြောင်ခဲ့သူ နှစ်ယောက်အား မကျေမချမ်းဖြင့် ကြည့်နေကြသည်။
အရှိုးရာအပြည့်ဖြစ်နေသော ထိုတပည့်နှစ်ယောက်၏မျက်နှာများမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဖွေးသွားပြီး သူတို့၏ပါးစပ်များကိုဖွင့်၍ ပြောချင်သော်လည်း မည်သည့်အသံမှ မထွက်ရဲပေ။

ရန်ကျောက်ကဲက သူ့လက်ကို ရမ်းလိုက်ရာ ဝိဉာဉ်လက်နက်များက ပျံသန်းသွားပြီး စစ်ခုန်ချင်း၊ ရီကျင်းနှင့် အခြားသူများ ရှေ့မှောက်သို့ ကျသွားကြသည်။

ဤသည်ကို မြင်သောအခါ နေသူတော်စင်ဂိုဏ်းတပည့်ရှစ်ယောက်သည် သူတို့၏ အဆင့်နိမ့် ဝိဉာဉ်လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။

ရန်ကျောက်ကဲက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “ငါက ချောင်ယွမ်လုံလို မဟုတ်ဘူး၊ ဒီလိုအဆင့်ဝိဉာဉ်လက်နက်တွေကို စိတ်မဝင်စားဘူး၊ ဒါပေမယ့် အခြားအရာတွေကိုတော့…..”

ရန်ကျောက်ကဲ စကားပြောနေရင်း သူ၏အကြည့်သည် မလုံမလဲဖြစ်နေသော နေသူတော်စင်ဂိုဏ်းတပည့်တစ်ဦးထံသို့ ရောက်သွားသည်။ ထိုသူ၏မျက်နှာထားအရ သူ့စိတ်ထဲတွင် ဆုံးဖြတ်ရခက်နေပုံပေါ်ပြီး လက်ထဲရှိ ကြောင်လေးအား သေအောင် ညစ်သတ်ပြီး အဆုံးထိ ယုတ်မာချင်ပုံရသည်။ သို့သော် ရန်ကျောက်ကဲထံမှ ဖိအားကြောင့် သူ ထိုသို့ မလုပ်နိုင်ပေ။

ရန်ကျောက်ကဲက သူ့အား ကြည့်၍ အနည်းငယ် ရယ်မောလိုက်သည်။ ထို့နောက် ရန်ကျောက်ကဲသည် သူ့လက်ကို ဆန့်ထုတ်ပြီး ဆွဲယူသည့် လက်သဏ္ဌာန်မျိုး လုပ်လိုက်သည်။

အလင်းဝိဉာဉ်ကြောင်က လူငယ်၏လက်ထဲမှ ချက်ချင်း လွတ်မြောက်သွားသည်။ လူငယ်သည် သူ့လက်တစ်ခုလုံး ထုံကျင်သွားပြီး မည်သည့် အင်အားမှ မရှိတော့သလို ခံစားရကာ ကြောင်လေးကို မဖျစ်သတ်နိုင်တော့ပေ။

သူက ဤကဲ့သို့ ဖြစ်နေသော်လည်း ကြောင်လေးသည် မည်သည်ကိုမျှ သတိပြုမိပုံ မရချေ။

ကြောင်လေးသည် လေထဲသို့ ခုန်လိုက်ပြီး ရန်ကျောက်ကူး၏လက်ဖဝါးပေါ်သို့ ဆင်းသက်သွားသည်။

ကြယ်တာရာချီ အနည်းငယ်နှင့် ပွတ်သပ်လိုက်သောအခါ ကြောင်လေး၏လည်ပင်းမှ ဒဏ်ရာက လျင်မြန်စွာ သွေးတိတ်သွားသည်။ ရန်ကျောက်ကူးသည် သူ့ဝတ်ရုံကို ညင်သာစွာ ရမ်းလိုက်ကာ ကြောင်လေးကို ဂျူနီယာညီမလေး၏ လက်ထဲသို့ ပို့လိုက်သည်။

မိန်းကလေးသည် ခံစားချက်အပြည့်ဖြင့် ကြောင်လေးအား နွေးထွေးစွာ ထွေးပွေ့ထားသည်။

ဖြန်း…………
ရန်ကျောက်ကဲသည် သူ့လက်ထဲက ဝါးကိုင်းအား အစောပိုင်းက အလင်းဝိဉာဉ်ကြောင်ကို ဖမ်းထားသည့် နေသူတော်စင်ဂိုဏ်းတပည့်ထံသို့ ပစ်လွှတ်လိုက်သည်။

“အဲ့ဒီ့ အလင်းဝိဉာဉ်ကြောင်က ငါ့ရဲ့ဂျူနီယာညီမလေး မွေးထားတာပဲ၊  ငါတို့ဂိုဏ်းက ပိုင်ဆိုင်တဲ့ဟာပဲ၊ သဘောမတူတဲ့သူ ရှိလား”
နေသူတော်စင်ဂိုဏ်း၏တပည့်အားလုံး သူတို့ခေါင်းကို ငုံ့ထားပြီး မည်သည့်အသံမှ မထွက်ရဲကြပေ။

ရန်ကျောက်ကဲက အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ “ချောင်ယွမ်လုံလည်း ငါ့ကို မနိုင်ဘူး၊ မင်းတို့လည်း ငါ့ကိုမနိုင်ဘူး၊ စီနီယာမျိုးဆက်က လွဲပြီး နေသူတော်စင်ဂိုဏ်းက ဘယ်သူမဆို ငါ့ကို မနိုင်တာကို မင်းတို့ မကျေမနပ်ဖြစ်နေတာ ငါသိတယ်”
“ဒါပေမယ့် အနည်းဆုံးတော့ မင်းတို့ ငြင်းလို့မရဘူး”

ထိုဝင့်ကြွားသော လူငယ်များသည် လောကကြီးကို အထင်သေးတတ်ကြသည်။ သူတို့သည် အခက်အခဲတွေ ဘေးဒုက္ခတွေ မကြုံရဘဲ အလွယ်တကူ အထက်သို့ တက်လာကြသည်။ သို့သော် လက်ရှိတွင် ထိုနေသူတော်စင်ဂိုဏ်းသားများသည် ရန်ကျောက်ကဲ၏ နှိပ်ကွပ်မှုကို ခံရပြီး သူတို့၏အကြည့်များက ဖျော့တော့နေ၍ အားကိုးရာမဲ့ဖြစ်နေကြသည်။

ရန်ကျောက်ကဲသည် သူ့ဝါးကိုင်းဖြင့် အဝေးသို့ ညွှန်ပြလိုက်သည်။ “ဒီမုန်တိုင်းမျက်လုံးမှာ မင်းတို့အတွက် နေရာမရှိဘူး၊ ချောင်ယွမ်လုံကို သယ်ပြီး ဒိုးပေတော့”

ထိုနေသူတော်စင်ဂိုဏ်းတပည့်တသိုက်၏ မောက်မာမှုနှင့် စိတ်ဓာတ်က လုံးဝပြိုလဲနေသော်လည်း ရန်ကျောက်ကဲ၏စကားကို ကြားသောအခါ သူတို့သည် သူ့အား စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြသည်။

“ဒီမုန်တိုင်းမျက်လုံးက အကြီးကြီးပါ၊ ဘာလို့ ကျွန်တော်တို့က နေလို့ မရကမှာလဲ”
“စီနီယာအကိုကြီးချောင်က သတိမေ့နေတယ်၊ ကျွန်တော်တို့ အနက်ရောင်မြူတွေထဲကို ပြန်သွားရင် သူ ခံနိုင်လောက်မှာ မဟုတ်ဘူး”

“ရန်ကျောက်ကဲ၊ မင်းတို့ဝါဒတောင်ဂိုဏ်းက တော်တော် လွန်လာတယ်လို့ မထင်ဘူးလား၊ ငါတို့နေသူတော်စင်ဂိုဏ်းက အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေလား”

ဝါဒတောင်ဂိုဏ်း၏တပည့်များပင် ရန်ကျောက်ကဲ၏ သည်လုပ်ရပ်က အနည်းငယ် လွန်ကဲနေသည်ဟု ထင်မိသည်။ နဂါးပိတ်လှောင်ခြင်းချောက်နက်ထဲတွင် ဤမုန်တိုင်းမျက်လုံးကဲ့သို့ တည်ငြိမ်သော နေရာမျိုးက အလွန် ရှားပါးသည်။ လက်ရှိ နေရာက အလွန် ကြီးမားသဖြင့် သူတို့အချင်းချင်း မတည့်ကြသော်လည်း တစ်ဖွဲ့က ဤနေရာ၏ တစ်ဖက်စီမှာ နေလျှင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ပင် တွေ့ကြလိမ့်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက ချောင်ယွမ်လုံကို ရိုက်နှက်ခဲ့သည်။ နေသူတော်စင်ဂိုဏ်းတပည့်များကိုလည်း သူတို့မျက်နှာများ သွေးအလိမ်းလိမ်း ဖြစ်သည်အထိ ရိုက်နှက်ခဲ့သည်။ သို့သော် ထိုအရာများအားလုံးကို လူငယ်မျိုးဆက်များအကြား သိုင်းပညာဖလှယ်သည်ဟု သတ်မှတ်ပြီးသင်ပုန်းချေနိုင်သည်။
သို့ရာတွင် ချောင်ယွမ်လုံးနှင့် အခြားနေသူတော်စင်ဂိုဏ်းသားများကို ဤနေရာမှ မောင်းထုတ်ခြင်းက အတော် အထိန်းအကွပ်မဲ့၍ ရန်စသည်ဟု သဘောထားနိုင်သည်။

တကယ်တော့ ဝါဒဂိုဏ်းတပည့်များသည် ထိုသို့ ဝန်ခံရမှာ မနှစ်မြို့သော်လည်း နေသူတော်စင်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ကျော်ကြားမှုပိုင်းအရဖြစ်စေ ဂုဏ်သိက္ခာပိုင်းအရဖြစ်စေ သူတို့ဂိုဏ်းက အတော် အားနည်းသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲသည် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား သူ့ညာဘက်လက်ထဲမှ ဝါးကိုင်းကို သူ့ဘယ်ဘက်လက်ဖဝါးသို့ စည်းချက်မှန်မှန် ရိုက်ရင်း သူ့ရှေ့ရှိ နေသူတော်စင်ဂိုဏ်းတပည့်များ၏ ပါးများကို လှောင်ပြောင်သရော်သည့် အမူအရာဖြင့် ကြည့်နေ၏။

ချောင်ယွမ်လုံ သတိမေ့နေသဖြင့် နေသူတော်စင်ဂိုဏ်းတပည့်များ၏ ကျန်ခေါင်းဆောင်များသည် အသက်ပြင်းပြင်းရှုလိုက်ရင်း သူ့လူများအား အမိန့်ပေးလိုက်၏။ “ငါတို့ ခုနကလို ခါးသက်မှုမျိုးကို  ထပ်မကြုံတွေ့ချင်တော့ဘူး၊ ငါတို့ သွားမယ်”

စစ်ခုန်ချင်း၊ ရီကျင်းတို့၏ ရှေ့တွင် သူတို့သည် မောက်မာသော စကားများ ပြောနိုင်သော်လည်း ရန်ကျောက်ကဲ၏ ရှေ့တွင်တော့ သူတို့အားလုံးသည် ခေါင်းငုံ၍ တိတ်ဆိတ်နေ၏။ ဂိုဏ်းသားအချို့က ချောင်ယွမ်လုံကို သယ်ဆောင်ကြပြီး နေသူတော်စင်ဂိုဏ်းသားများသည် ဝမ်းနည်းနေသော ပုံရိပ်များအသွင်ဖြင့် အဝေးသို့ ထွက်ခွာသွားကြသည်။

သို့သော် ဤကိစ္စက ဤမျှနှင့် မပြီးဆုံးသွားမှန်း လူတိုင်း သိကြသည်။ သူတို့၏အကူအညီများ ရောက်လာလျှင် သူတို့နောက်တစ်ကြိမ် ထပ်လာကြဦးမည် ဖြစ်သည်။

ရန်ကျောက်ကဲတို့လူစုထဲမှ တစ်ယောက်သည် တရွေ့ရွေ့ ပျောက်ကွယ်သွားကြသော နေသူတော်စင်ဂိုဏ်သားများ၏ ပုံရိပ်များကို ကြည့်ပြီး သူ့ခေါင်းကို ငုံ၍ တီးတိုးရေရွတ်နေ၏။ “သူတို့ကို ဒီမှာ ဆက်နေခွင့်ပေးလိုက်ရင် နောင်ဖြစ်လာမည့် ဒုက္ခကို ရှောင်လွဲနိုင်ဦးမယ်၊ အနည်းဆုံးတော့ ဒါက နဂါးချုပ်လှောင်ခြင်းချောက်နက်ပဲလေ…..”

ထိုစကားကို ကြားသောအခါ အခြားလူများ၏ သွေးများ အေးစက်သွားသည်။

ရန်ကျောက်ကဲက မည်သည့်စကားမှ ပြန်မပြောချေ။ ထိုအချိန်တွင် အားဟူ၏ ကြီးမားသော ပုံရိပ်သည် ထိုစကားပြောသော သူ၏ဘေးသို့ ရုတ်တရက် ရောက်လာ၏။ အားဟူသည် ထိုသူ၏နားရွက်ကို ဆောင့်ဆွဲ၍ တစ်ပတ်လိမ်လိုက်သည်။ “ခွေးကောင်လေး၊ မင်း တော်တော် အတင့်ရဲနေပါလား၊ ငါ မင်းကို ကြည့်လို့ မရတော့ဘူး”

“အဲ့ဒီ့အရှံးသမားတွေ စစ်ကူခေါ်ပြီး ပြန်လာမှာကို မင်းသားက ကြောက်နေတယ်များ ထင်နေလား”

ထိုဝါဒတောင်ဂိုဏ်းသားမှာ ထိတ်လန့်သွားပြီး ဘာမှ ဆက်မပြောရဲတော့ပေ။

အားဟူက ပြောရင်း ဆိုရင်း အားပါလာပြီး သူ့ပါးစပ်က ရေကာတာကျိုးသလို တလဟော လွှတ်နေသည်။

သူက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်၏။ “တကယ်တော့ ဒီနေ့ မင်းသားက အတော် စိတ်ကောင်းဝင်နေတယ်၊ မင်းသား စိတ်ဆိုးနေရင် အခြားသူတွေကို မဲတတ်တယ်၊ အဲ့ဒီ့အယုတ်တမာလေး ချောင်ယွမ်လုံဆို နေရာမှာတင် မြေမြုပ်ကလောက်တယ်”

ပတ်ဝန်းကျင်ရှိ လူများသည် ရယ်ချင်သော်လည်း မရယ်ရဲကြ။ ထိုစဉ် အားဟူ၏နားထဲတွင် ရန်ကျောက်ကဲ ပေးပို့လိုက်သော အသံကို ကြားရသည်။ “အားဟူ၊ ဒီလ လစာ ဖြတ်ပြီ”

အားဟူ မျက်လုံးပြူးသွားသည်။ “မင်းသား။ မလုပ်ပါနဲ့ဗျာ”

“မင်းပြောသလိုပဲလေ၊ ဟုတ်တယ်မလား၊ ငါစိတ်ဆိုးနေရင် အခြားသူတွေကို မဲတတ်တယ် ဆိုတာ”

“အို…. မိုးကောင်းကင်ကင်ကြီးရေ…..။ မင်းသားလေး။ မင်းသားလေးက….. အမြဲတမ်း ဉာဏ်ကောင်းတယ်။ ထူးချွန်တယ်။ သဘောထားကြီးတယ်။ ဂရုဏာကြီးတယ်။ စေတနာကောင်းတယ်။ ဖြောင့်မတ်မှန်ကန်တဲ့ မင်းသားလေးပါ”

အားဟူ၏ ထပ်တလဲလဲ ချီးကျူးမှုများကို မဆိုထားနှင့်။ ဝါဒတောင်ဂိုဏ်းသားများပင် နေသူတော်စင်ဂိုဏ်းက တုန့်ပြန်မည်ကို စိုးရိမ်မှုအချို့ရှိသော်လည်း သူတို့သည် ပျော်ရွှင်နေ၍ စိတ်ဓာတ် တက်ကြွနေကြသည်။ သူတို့သည် ရန်ကျောက်ကဲဲထံသို့ သဘောကျမှု၊ ကြည်ညိုလေးစားမှုတို့ ရောပြွန်းနေသော အကြည့်များဖြင့် ကြည့်နေကြသည်။

သူ့လက်ချောင်းများကို ရမ်းလိုက်ရုံဖြင့် ရန်ကျောက်ကဲသည် ကျင့်ကြံခြင်းအဆင့်တူ ချောင်ယွမ်လုံကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ချောင်ယွမ်လုံသည် သာမာန်သိုင်းပညာရှင် အဆင့် တစ်ယောက် မဟုတ်ပေ။ သူသည် နေသူတော်စင်ဂိုဏ်း၏ တိုက်ရိုက်တပည့် တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တူ၊ သက်တူရွယ်တူများထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ချောင်ယွမ်လုံမှာ လူငယ်မျိုးဆက်၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သည်။

ကျင့်ကြံခြင်းအဆင့်တူများအနက် ချောင်ယွမ်လုံကို ဤအခြေအနေသို့ ရောက်အောင် မည်သူကများ  အလွယ်တကူ ဖိအားပေးနိုင်မည်နည်း။

ဂိုဏ်းထဲတွင် အချိန်ကြာမြင့်စွာ ရှိနေကြသော တပည့်အချို့လည်း ဤခရီးတွင် ပါဝင်သည်။ သူတို့သည် မယုံကြည်နိုင်သလို ခံစားရုပြီး အလွန်ကြီးမားသော လေးစားအားကျမှုမျိုးနှင့် ရန်ကျောက်ကဲကို ကြည့်နေလေ၏။ “အရင်တုန်းက သိုင်းအကိုကြီးရန်က ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိဘူး၊ သူ အရင်တုန်းက လျှိူထားတာ များလား”

“အဟမ်း…. စိတ်အေးအေးထား၊ ဆရာကြီးတစ်ယောက်ရဲ့ဟန်ပန်မျိုးကို ဆက်လက်ထိန်းသိမ်းထားရမယ်”
ရန်ကျောက်ကဲသည် စိတ်ထဲတွင် သူ့ကိုယ်သူ အားပေးလိုက်သည်။ အခြားသူများက သူ့အပေါ် လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေသောအခါ သူ့ကိုယ်သူ ကျေနပ်မိသည်။

အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသည် ဤခန္ဓာကိုယ်မူလပိုင်ရှင်၏ ပြီးပြည့်စုံသော နည်းစနစ်ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲက ထပ်မံ မွမ်းမံပြီးနောက် ပိုမို အစွမ်းထက်သော သိုင်းပညာအဖြစ် ပြောင်းလဲသွားသည်။ ရန်ကျောက်ကဲသာ မမွမ်းမံထားပါက ၎င်းသည် ဤကဲ့သို့ ပြောင်မြောက်သော စွမ်းဆောင်ရည်မျိုး ပြသနိုင်မည် မဟုတ်ပေ။

အရင်ဘဝက ကောင်းကင်နန်းတော်တွင် ထိုက်ကျိတိမ်နဂါးဓားဟူသည့် သိုင်းပညာတစ်မျိုး ရှိသည်။ ၎င်းကို အင်္ကျီလက်ထဲမှ မိုးပြာရောင်နဂါးနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမြင့်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ဂိုဏ်းသားထဲမှ တစ်ယောက်သည် တုံ့တိ တုံ့ဆိုင်းဖြင့် မေးလိုက်သည်။ “စီနီယာအကိုကြီးရန်၊ ကျွန်တော်တို့က သူတို့ကို အသေသတ်လို့ မရတော့ သူတို့ကို သက်ညှာမပေးဘဲ မောင်းထုတ်ဖို့ လိုလို့လား”

ရန်ကျောက်ကဲက အလေးမစိုက်ဘဲ တုံ့ပြန်လိုက်သည်။ “ဘာလို့လဲဆိုတော့ ငါက စိတ်ကောင်းဝင်နေလို့”

တစ်ဖက်လူသည် အာစေးထည့်ခံရသကဲ့သို့ ဖြစ်သွားပြီး တစ်ခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။

ရန်ကျောက်ကဲ ရယ်မောလိုက်ပြီး နောက်ထပ် မပြောတော့ပေ။ သူသည် မုန်တိုင်းမျက်လုံး၏ အစွန်းပိုင်းတစ်နေရာသို့ ညွှန်ပြလိုက်သည်။ ဤသည်ကို မြင်လျှင် အားဟူသည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ထိုနေရာသို့ ရွေ့လိုက်သည်။

အားဟူ ပြောခဲ့သည့်အတိုင်းပင် ရန်ကျောက်ကဲ ဤနေ့တွင် အတော် စိတ်ကောင်းဝင်နေသည်။ သူသည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး သူ့ရှေ့မှ နက်ရှိုင်းသော လျိုမြောင်သို့ စိုက်ကြည့်နေသည်။ “မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံစည်းတဲ့ နေရာ၊ ရှာနေတာ အတော်ကြာပြီ၊ လတ်စသတ်တော့ ဒီမှာ တစ်ချိန်လုံး ရှိနေတာကိုး”


Comment

Leave a Reply

Options

not work with dark mode
Reset