Switch Mode

အခန်း (၄၆၂)

ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြ

လှေဝိညာဉ်မှာ ဝမ်ပေါင်လဲ့၏ အမှောင်အချုပ်အနှောင်နှင့် တစ်သားတည်းပေါင်းစည်းသွားပြီးနောက် သူ့အား ဂါရဝပြုလိုက်သောအခါ ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲ၌ ထူးဆန်းသောခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် သူ၏အတွေးတစ်ချက်ဖြင့် ထိုလှေဝိညာဉ်၏ အသက်အား ထိန်းချုပ်နိုင်စွမ်းရှိနေသကဲ့သို့ ခံစားနေရသည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ခံစားချက်မျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးပေ။ ထိုခံစားချက်မှာ သူ အမှောင်ဂိုဏ်းထဲတွင် ရှိနေခဲ့စဉ်တုန်းက သန့်စင်ခဲ့သည့် ဝိညာဉ်သုံးခုအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသော ခံစားချက်ကြီးနှင့် တစ်ထေရာတည်း ဆင်တူနေ၏။

” ဝတ်ရုံဝိညာဉ်နဲ့ လှော်တက်ဝိညာဉ် ကျန်သေးတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ထိုဝိညာဉ်နှစ်ခုမှာ ယခင်တုန်းက သူ့အား မကောင်းကြံခဲ့ကြသည်ကို ပြန်၍အမှတ်ရသွားသောအခါ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် အနက်ရောင်လှေကလေးပေါ်တွင် ရပ်နေရင်း သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ လှေကလေးမှာ အသံများမြည်လာကာ ရှေ့သို့ရွေ့လျားသွားပြီး ချောက်နက်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ အစအန တစ်ခုလေးပင် မကျန်ခဲ့ပေ။

ထို့နောက် ပြန်ပေါ်လာသည့်အချိန်တွင်မူ ၎င်းမှာ မြေအောက်ကမ္ဘာကြီး၏ တတိယအထပ်တွင်ရှိသော မြို့တော်ကြီး၏အလယ်ရှိ ပြည်သူ့ရင်ပြင်ထဲသို့ ရောက်နေပြီဖြစ်သည်။

ယခုတွင် အဘိုးကြီးနှင့် ကောင်ကလေးတို့ နှစ်ယောက်စလုံးမှာ စိုးရိမ်ပူပန်နေရပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ထိုဂူကြီးထဲသို့ ဝင်ရောက်သွားပြီးနောက် မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို မသိဘဲဖြစ်နေရသည်။ သို့သော် သူတို့၏ နှလုံးသားထဲတွင်မူ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်သည့်စိတ်များဖြင့် ပြည့်နှက်နေ၏။ သို့သော် သူတို့မှာ သူတို့နှစ်ယောက်တည်းအားဖြင့် သတ်ဖြတ်နိုင်မည်တော့မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ ထိုမြေအောက်ကမ္ဘာကြီးထဲတွင် ရှိသော သားရဲကြီးများအားလုံးကို ဆင့်ခေါ်ထားပြီး ၎င်းတို့အား ဂူအပေါက်ဝ၌ စုဝေးထားကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့မှာ ပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီဖြစ်သည်။

သူတို့မှာ ထိုသားရဲကြီးများအား ဂူထဲသို့ ဝင်ခိုင်းရန် ကြိုးစားကြည့်ခဲ့ကြသေးသည်။ သို့သော် ထိုဂူကြီးထဲရှိ အကာအရံကြီးတစ်ခုမှာ မည်သည့်အရာကိုမှ ဝင်ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် တော်ဝင်ညွှန်ကြားရေးမှူးနှင့် ကောင်ကလေးတို့မှာ မည်မျှပင် စိုးရိမ်တုန်လှုပ်နေစေကာမူ ဂူကြီးကိုသာ ဝိုင်းထားပြီး အပြင်ဘက်၌ ထိုင်စောင့်နေရုံမှတစ်ပါး အခြား ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေရ၏။

သူတို့မှာ ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်းနေကြပြီး သားရဲအုပ်ကြီးများမှာ ထိုဂူကြီးအား ဝိုင်းထားကြစဉ် ရုတ်တရက်ဆိုသလို မိုးကောင်းကင်ကြီးမှာ ပြောင်းလဲသွား၏။ ထို့နောက် လေပြင်းများတိုက်ခတ်ကာ တိမ်တိုက်များ တလိပ်လိပ်ထလာပြီးနောက် လေထဲတွင် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် မြေပြင်ကြီးမှာ တုန်ရီသွားပြီး ရုတ်တရက်ဆိုသလို အက်ကွဲသွားသောကြောင့် မြေပြင်ပေါ်တွင် ဧရာမအက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာတော့သည်။ ထိုအက်ကွဲကြောင်းများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီးနောက် လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မိုးကောင်းကင်ပေါ်သို့ မြင့်တက်သွား၏။ မြေပြင်ကြီးမှာမူ ကျောက်စကျောက်နများအဖြစ် တစ်စစီ အက်ကွဲပျက်စီးသွားတော့သည်။ ထိုကျောက်စကျောက်နများမှာ လေထဲသို့ လွင့်စင်သွားကြ၏။ ဂူကြီးပတ်ပတ်လည်တွင် ရှိနေကြသော သားရဲကြီးများမှာလည်း ထိုပြင်းအားကြောင့် အဝေးသို့လွင့်ထွက်သွားကြပြီး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေကြတော့သည်။ ထို့နောက်သူတို့မှာ ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လည်ဆုတ်ခွာသွားကြ၏။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ တော်ဝင်ညွှန်ကြားရေးမှူးနှင့် ကောင်ကလေးတို့၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ ခြေထောက်အောက်တွင် ရှိနေသော မြေပြင်ကြီးမှာ တစ်စစီကွဲအက်သွားပြီးနောက် မြေကြီးထဲမှ ဧရာမ အနက်ရောင် လှေကြီးတစ်စင်း ထွက်ပေါ်လာတော့သည်။

ထို့ကြောင့် လေထဲတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ ထို အနက်ရောင်လှေကြီးမှာ မြေပြင်ကြီးကို ထိုးဖောက်ကာ အဘိုးကြီးနှင့် ကောင်ကလေးတို့၏ရှေ့တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထိုလှေကြီးပေါ်ရှိ လက်နှစ်ဖက်ကို နောက်ပစ်ထားသော ဝမ်ပေါင်လဲ့အား ချက်ချင်းပင် မြင်လိုက်ရတော့သည်။

ထိုအခါ တော်ဝင်ညွှန်ကြားရေးမှူးနှင့် ကောင်ကလေးတို့မှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့၏ အသိစိတ်များထဲတွင် အမှောင်ဂိုဏ်း၏ ကြောက်မက်ဖွယ်ရာ အမှတ်တရများ ချက်ချင်းပင်ပေါ်ပေါက်လာတော့သည်။ အထူးသဖြင့် ကောင်ကလေးမှာဆိုလျှင် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်သွားပြီးနောက် သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။

သူ၏ အော်သံကြီး လေထဲ၌ ပဲ့တင်ထပ်သွားသောအခါ အဝေးသို့လွင့်ထွက်သွားကြသည့် သားရဲကြီးများမှာ စိတ်လှုပ်တရှား အော်ဟစ်မြည်တမ်းလိုက်ကြ၏။ ၎င်းတို့မှာ စိတ်နှလုံးထဲ၌ ကြောက်ရွံ့တုန်လှုပ်နေရသည့်တိုင်အောင် မျက်လုံးများ နီမြန်းသွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ သွေးရူးသွေးတန်းနှင့်‌ ပြေးလာကြတော့သည်။

” အတင်ရဲလိုက်တဲ့ ငမိုက်သားတွေ ” ဝမ်ပေါင်လဲ့မှာမူ ရေခဲတမျှအေးစက်နေသော မျက်ဝန်းများဖြင့် တည်ကြည်စွာ ဆိုလိုက်၏။ ထို့နောက် သူ၏စိတ်ထဲ၌ တစ်ချက်တွေးလိုက်သောအခါ ရုတ်တရက်ဆိုသလို သူ၏‌ ခြေအောက်တွင်ရှိနေသော အနက်ရောင်လှေကြီးဆီမှ အနက်ရောင် အလင်းတန်းကြီးတစ်ခု တောက်ပလာတော့သည်။ ထိုအလင်းတန်းကြီးမှာ ကမ္ဗည်းစာလုံး လှိုင်းများနှင့် ဆင်တူနေပြီး အပြင်ဘက်သို့ ပျံ့လွင့်လာကြတာ့သည်။

ထိုအလင်းတန်းကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ သူ့ဆီသို့‌ ပြေးလာနေကြသော သားရဲကြီးများမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကြပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှအထိမြင့်မားနေစေကာမူ ၎င်းတို့၏ ဖြစ်တည်မှုမှာ အမှောင်အဆောင်ပစ္စည်းနှင့် ဆက်နွယ်နေသည် မဟုတ်ပါလော။ ၎င်းတို့မှာ ထိုအမှောင်အဆောင်ပစ္စည်းဆီမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်များကြောင့် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ သ‌န္ဓေပြောင်းလဲမှုများမှာလည်း အမှောင်အဆောင်ပစ္စည်းကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အသွေးအသားများထဲတွင် မွေးရာပါ ချို့ယွင်းချက်တစ်ခု ရှိနေ၏။

ထိုချို့ယွင်းချက်ကြောင့် သူတို့မှာ အမှောင်အဆောင်ပစ္စည်းနှင့် ဝမ်ပေါင်လဲ့တို့၏ အရှေ့တွင် အားအင်ချည့်နဲ့သွားရခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဗည်းစာလုံးလှိုင်းများ ရှေ့သို့ ဆက်လက် ပျံ့နှံ့သွားကာ ပေါက်ကွဲသံအကျယ်ကြီးများ ထွက်ပေါ်လာပြီး သားရဲကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲပျက်စီးသွားကြတော့သည်။ ထို့ကြောင့် ၎င်းတို့မှာ မိုးကောင်းကင်နှင့် ကမ္ဘာ‌မြေကြီး၏ ကြားတွင် ရဲရဲနီနေသည့် ပန်းပွင့်များကဲ့သို့ ဖြစ်နေကြ၏။

ထိုသားရဲများ အလွယ်တကူ နှိမ်နင်းချေမှုန်းခံလိုက်ရသည့် မြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။ ထို့ကြောင့် ကောင်ကလေးမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သို့သော် သူသည် အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့် ဗီဇတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း အထင်အရှားသိမြင်နိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ သူ့အား မည်မျှအထိ ဒုက္ခပေးနိုင်ကြောင်းကို သိထားပါသော်လည်း နောက်ဆုတ်သွားခြင်းမရှိပေ။ ထို့ကြောင့် သူသည် ရူးသွပ်နေသည့် အမူအရာဖြင့် မျက်လုံးများ နီမြန်းလာပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပေါက်ကွဲသွားသော သားရဲကြီးများဆီမှ ထွက်ပေါ်လာသည့် သွေးစိမ်းများကို သူ့ဆီသို့ စုပ်ယူလိုက်၏။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထို သွေးစိမ်းများမှာ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားပြီး သွေးမြစ်တစ်စင်းကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းမှာ ကောင်ကလေး၏ ပတ်ပတ်လည်တွင် စီးဆင်းလည်ပတ်နေပြီး သွေးရောင် ချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးပေးလိုက်၏။ သူသည် ထိုချပ်ဝတ်တန်ဆာကို အသုံးပြုကာ အမှောင်မီးတောက်၏ရန်မှ သူ့ကိုယ်သူ ကာကွယ်မည့်ပုံပင်။ ထို ချပ်ဝတ်တန်ဆာထဲရှိ ကောင်ကလေးမှာ အသံကုန် အော်ဟစ်မြည်တမ်းနေ၏။ ထို့နောက် သူသည် အလျင်မြန်ဆုံးသော အမြန်နှုန်းမျိုးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ဒေါသတကြီးအော်ဟစ်ကာ သူ့ဆီသို့ ပြေးလာနေသည့် ကောင်ကလေးအား ဂရုပင်မစိုက်ပေ။ သူသည် ယခင်တုန်းကဆိုလျှင် ယခုကဲ့သို့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်မည် မဟုတ်ပေ။ သို့သော် သူသည် အမှောင်ဂိုဏ်း၏ အမှောင်အိပ်မက်ပညာရပ်ထဲတွင် ဝိညာဉ်ပေါင်းမြောက်မြားစွာကို မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။ ထို့အပြင် သူသည် အမှောင်ဂိုဏ်း၏ ဝိညာဉ်များအား ထိန်းချုပ်နိုင်စွမ်းကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသေးသည်။ သို့ဖြစ်ရာ သူသည် မည်သည့် ဝိညာဉ်ကိုမှ ကြောက်ရွံ့နေခြင်းမရှိပေ။

ထို့ကြောင့် သူသည် သူ့ဆီသို့ ပြေးလာနေသည့် ကောင်ကလေးအား စိတ်ထဲပင် မထည့်တော့ပေ။ သူသည် အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုကောင်လေး၏ ဝိညာဉ်အား သူကိုယ်တိုင် သန့်စင်ပေးခဲ့သည်မဟုတ်ပါလော။

၎င်းမှာ အိပ်မက်တစ်ခုထဲမှ မှတ်ဉာဏ်တစ်ခုသာ ဖြစ်ပါသော်လည်း သူသည် ထိုကောင်ကလေးအား သူ၏ အမှောင်အမြုတေထဲတွင် ရှိနေသည့် အမှောင်အချုပ်အ‌နှောင်ကြီးဖြင့် တံဆိပ်ရိုက်နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုကောင်ကလေး၏ မှတ်ဉာဏ်များမှာ လုံးဝပြောင်းလဲသွားပြီး အိပ်မက်ထဲကအတိုင်း ဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မည်သည့်အရာကိုမှ ဂရုစိုက်နေခြင်းမရှိဘဲ တည်ကြည်စွာဆိုလိုက်၏။

” မင်းက တော်တော်ကို နားငြီးတဲ့ကောင်ပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ အမှောင်အိပ်မက်ထဲတွင် ဝိညာဉ်များအား မျက်နှာရေးဆွဲပေးခဲ့သည့်အတိုင်း သူ၏လက်ကို အသာအယာဝှေ့ယမ်းလိုက်ပြီး ရုပ်အလောင်းမျက်နှာတစ်ခု ရေးဆွဲပေးလိုက်တော့သည်။

ထိုအခါ အသံကုန်အော်ဟစ်ကာ သူ့ဆီသို့ပြေးလာနေသည့် ကောင်ကလေးမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထို့နောက် သူ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်မျိုးမှာ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် သွေးရောင် ချပ်ဝတ်တန်ဆာကြီးအား လျစ်လျူရှုလိုက်ပြီး သူ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်လာ၏။ စုတ်ချက်တစ်ချက်မှာ သူ၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားသကဲ့သို့ပင်။

ထိုအခါ သူ၏ ပါးစပ်မှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသောကြောင့် သူ၏ အော်သံကြီးမှာလည်း ရပ်တန့်သွားရတော့သည်…

ကောင်ကလေးမှာမူ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို ထပ်၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ ထိုကောင်ကလေး၏ ခန္ဓာကိုယ် တစ်ဝက်တိတိမှာ ခဲဖျက်နှင့် အဖျက်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

ထိုအခါ ကောင်ကလေးမှာ ထိတ်လန့်ကြောက်ရွံ့နေခဲ့ရာမှ တုန်လှုပ်ချောက်ချားနေရသည့် အဆင့်အထိ ရောက်သွားတော့သည်။ သူ မေ့ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သော သူ၏ဝိညာဉ်ကြီး တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည့် ခံစားချက်ကြီးမှာ သူ၏ မှတ်ဉာဏ်များထဲရှိ နက်ရှိုင်းသောတစ်နေရာမှ ပြန်လည်ပေါ်ထွက်လာတော့သည်။ ထို့ကြောင့် သူသည် သမုဒ္ဒရာကြီး တစ်စင်း၏အောက်တွင် နစ်မြုပ်သွားတော့မည့်အလား ခံစားနေရ၏။ နောက်ဆုံးတွင် ထိုကောင်ကလေးမှာ တစ်ကိုယ်လုံးတုန်ရီလာပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားကာ သူ၏ မျက်ဝန်းများထဲ၌ အသနားခံသည့် အကြည့်တစ်ခု ပေါ်ပေါက်လာတော့သည်။

၎င်းမှာ အမှောင်ဂိုဏ်း၏ ဝိညာဉ်များအား ထိန်းချုပ်နိုင်စွမ်းပင်ဖြစ်သည်။ ၎င်းမှာ အမှောင်ကလေးငယ်တစ်ယောက်၏ အဆောင်ဝိညာဥ်တစ်ခုအား ထိန်းချုပ်နိုင်စွမ်းပင်ဖြစ်သည်။ ထိုစွမ်းအားမှာ ကျင့်ကြံခြင်းအဆင့်များကိုပင် လျစ်လျူရှုနိုင်၏။ ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပြီး ကောင်ကလေး၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် သိသိသာသာပို၍ မြင့်မားနေသည့်တိုင်အောင် သူသည် အဆောင်ဝိညာဉ်တစ်ခုသာ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူ့ဝိညာဉ်၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့်အတန်းတစ်ခုတွင် ရှိမနေသရွေ့ သူသည် ဝမ်ပေါင်လဲ့၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

” မင်း ဒူးထောက်နေသင့်တယ်လို့ မထင်ဘူးလား ” ဝမ်ပေါင်လဲ့မှာ ကောင်ကလေး၏ အသနားခံနေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ သူ၏ လက်ချောင်းများကို ရပ်တန့်လိုက်ပြီး တည်ကြည်စွာ မေးလိုက်၏။

သူ ထိုသို့မေးလိုက်သည်နှင့် ထိုကောင်ကလေးမှာ ဒူးထောက်ကျသွား၏။ သို့သော် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်မှာ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ထိုကဲ့သို့ ဒူးထောက်ချလိုက်ချိန်တွင် မြေပြင်ပေါ်သို့ ခြေကားရားလက်ကားရားဖြင့် လဲကျသွားရ၏။ ထိုအခါ သူ၏ နဖူးမှာ မြေကြီးနှင့် ထပ်ခါတလဲလဲ ရိုက်ခတ်နေသောကြောင့် သူသည် ရှိခိုးဦးချနေသကဲ့သို့ ဖြစ်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် တော်ဝင်ညွှန်ကြားရေးမှူးမှာ လိပ်ပြာတွင်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားရပြီး တအံ့တဩနှင့် ပင့်သက်ရှိုက်မိသွားတော့သည်။

” ရုပ်အလောင်းမျက်မှာ ပညာရပ်ပဲ ” သူသည် တစ်ကိုယ်လုံး တုန်ရီနေရပြီဖြစ်သည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းဆိုသလိုပင် ခြေကုန်သုတ်၍ ထွက်ပြေးသွားတော့သည်။ သူ၏ ခေါင်းထဲတွင် ထွက်ပြေးလွတ်မြောက်လိုသည့် အတွေးတစ်ခုတည်းသာ ရှိနေ၏။

သူသည် မည်သည့်နေရာသို့ ထွက်ပြေးသင့်ကြောင်းနှင့် မည်သည့်နေရာသို့ ထွက်ပြေးနိုင်ကြောင်းကိုပင် စဉ်းစားချိန်မရှိတော့ပေ…

” မင်းက သေချင်နေတာပဲကွ ” ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး အဝေးသို့ထွက်ပြေးသွားသော အဘိုးကြီးအား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။ သူသည် သူ၏ ရုပ်အလောင်းမျက်နှာ လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ဆက်၍ အသုံးမပြုတော့ပေ။ သူ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် မည်းနက်သွား၏။

သူ မျက်ဝန်းများ မည်းနက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေကြာပွင့်မှာ စတင်လည်ပတ်လာတော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင် လက်ကြီးတစ်ဖက် ထွက်ပေါ်လာ၏။

ထိုလက်ကြီးမှာလည်း မည်းနက်နေပြီး အပြင်ဘက်၌ ပေါ်ပေါက်လာသောအခါ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ ရေခဲတမျှအေးစက်သွားရ၏။ ထိုအခါ ရှိခိုးဦးချနေသည့် ကောင်ကလေးမှာ ပို၍ပင် တုန်လှုပ်ချောက်ချားသွားရပြီး သူ၏ မျက်ဝန်းများထဲရှိ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။

အသက်ရှင်လျက် ကျန်ရှိနေသေးသည့် သားရဲကြီးများ အားလုံးမှာလည်း ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ လေထုထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု အငွေ့အသက်များဖြင့် ပြည့်နှက်သွားကြစဉ် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ဧရာမလက်ကြီးမှာ ရုတ်တရက်ဆိုသလို ရှေ့သို့ဆန့်ထွက်လာပြီး အဝေးသို့ ထွက်ပြေးသွားနေသည့် အဘိုးကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

” ဝိညာဉ်လမ်းညွှန်မှု ပညာရပ်ပါလား ” တော်ဝင်ညွှန်ကြားရေးမှူးမှာ အသံကုန်အော်ဟစ်လိုက်ရ၏။ သူသည် မျက်ဝန်းများထဲရှိ မျှော်လင့်ချက်အရိပ်အ‌ယောင်များအားလုံး ပျောက်ကွယ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်လိုက်ပေ။ ဝိညာဉ်လမ်းညွှန်မှု လက်ကြီးမှာ သူ့အနားသို့ ရောက်ရှိလာပြီးနောက် သူ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ သူသည် အင်အားအားကုန်သုံးကာ ရုန်းကန်နေပါသော်လည်း အရာမထင်ပေ။ ထို့နောက် ထိုလက်ကြီးမှာ သူ့အား ရုတ်တရက်ဆိုသလို လှမ်းပစ်လိုက်သဖြင့် သူသည် လှေကြီးပေါ်ရှိ ဝမ်ပေါင်လဲ့၏ရှေ့သို့ ရောက်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်လမ်းညွှန်မှုလက်ကြီး၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသော အဘိုးကြီးအား အေးစက်စက် စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ရှိခိုးဦးချနေဆဲဖြစ်ပြီး တစ်ကိုယ်လုံးတုန်ရီနေသော ကောင်ကလေးအား လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ အမှောင်အမြုတေထဲ၌ ကျန်ရှိနေသေးသည့် အခြား အမှောင်အချုပ်အနှောင််နှစ်ခုမှာ အပြင်ဘက်သို့ပြန်ထွက်လာပြီး ထိုဝိညာဉ်နှစ်ခုအား တံဆိပ်ရိုက်နှိပ်လိုက်ကြတော့သည်။

ထိုအခါ ထိုဝိညာဉ်အဆောင်နှစ်ခုမှာ တုန်ရီသွားကြ၏။ ခဏအကြာတွင် ၎င်းတို့မှာ တုန်ရီနေခြင်းမရှိတော့ဘဲ သူတို့၏ မှတ်ဉာဏ်များမှာ အစားထိုးခံလိုက်ရသဖြင့် သူတို့၏ မျက်ဝန်းများထဲ၌ ရိုသေလေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူတို့၏ မှတ်ဉာဏ်များထဲတွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ခြင်းကို ခံခဲ့ရသည်ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ပိုင်သော အဆောင်ဝိညာဉ်များ ဖြစ်နေကြသည်ဖြစ်သည်။

” မင်းတို့တွေ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်သင့်တယ်လို့ မထင်ဘူးလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တည်ကြည်စွာဆိုလိုက်ပြီး သူ၏ ဝိညာဉ်လမ်းညွှန်မှု လက်ကြီးအား ပြန်၍ရုပ်သိမ်းလိုက်၏။ ထိုအခါ တော်ဝင်ညွှန်ကြားရေးမှူးမှာ ရှေ့သို့ရွေ့လျားလာပြီး အနက်ရောင်ဝတ်ရုံတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ပျံဝဲလာပြီး သူ၏ပုခုံးပေါ်သို့ ကျလာ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို မြှောက်လိုက်သဖြင့် ကောင်ကလေးမှာလည်း အသွင်ပြောင်းလဲသွားရပြန်သည်။ သူသည် အနက်ရောင် မီးအိမ်လှော်တက်တစ်ချောင်းအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ရောက်လာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

ထိုအခါ မြေ‌အောက်ကမ္ဘာကြီးတစ်ခုလုံးထဲရှိ ကောင်းကင်ယံကြီးနှင့် မြေပြင်ကြီးတို့မှာ ရုတ်တရက်ဆိုသလို သိမ့်ခနဲ တုန်ရီသွား၏။ ၎င်း၏ အထပ်တွင်ရှိနေသည့် ပထမအထပ်နှင့် ဒုတိယအထက်တို့အပြင် အမှောင်အဆောင်ပစ္စည်းကြီး တစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရတော့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အနက်ရောင်ဝတ်ရုံကြီးတစ်ခုကို ဆင်မြန်းထားပြီး အနက်ရောင်လှေကြီးတစ်စင်းပေါ်၌ ရပ်နေသည်ကို မြင်နိုင်မည်ဖြစ်သည်။ သူ၏ အငွေ့အသက်တစ်ခုလုံးမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏လက်ထဲတွင်မူ မီးအိမ်လှော်တက်တစ်ချောင်းရှိနေ၏။ ၎င်း၏ထိပ်တွင် မီးအိမ်တစ်လုံးကို ချိတ်ဆွဲထားပြီး ထိုမီးအိမ်ဆီမှ ချောက်ချားဖွယ်ရာ အလင်းရောင်တစ်ခု ထွက်ပေါ်နေ၏။

အကယ်၍ ထိုအချိန်တွင် ကျောက်ပင်ဖန်သာ ထိုနေရာ၌ ရှိနေမည်ဆိုပါက ဝမ်ပေါင်လဲ့၏ ပုံရိပ်မှာ သူ၏ နံရံဆေးရေးပန်းချီထဲတွင် ရှိနေသည့် အရိပ်ကြီးနှင့် တစ်ထပ်တည်းကျနေသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရမည် ဖြစ်သောကြောင့် အံ့ဩတုန်လှုပ်ကာ စိတ်လှုပ်ရှားသွားရမည်သာဖြစ်သည်။ ၎င်းတို့မှာ တစ်ထေရာတည်း ဖြစ်နေသည် မဟုတ်ပါလော။

Comment

Leave a Reply

Options

not work with dark mode
Reset