Switch Mode

အခန်း (၄၆၁)

အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ခြင်း

ရှေးဟောင်း အမှောင်ဂိုဏ်းသည် အံ့သြဖွယ်ရာကောင်းသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်ပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထား၏ အမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ ထိုပညာရပ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ထိုပညာရပ်ကိုအသုံးပြု၍ မိမိ၏ တာအိုရင်းမြစ်ကို အသုံးပြု၍ အခြားလူတစ်ယောက်အား သူ့အတွက် အထူးဖန်တီးပေးထားသည့် အိပ်မက်ကမ္ဘာထဲသို့ ထည့်သွင်းကာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုနှင့် အမှောင်ဂိုဏ်းနှင့် ပတ်သက်သည့် အကြောင်းအရာအားလုံးကို လက်ဆင့်ကမ်းပေးနိုင်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည့် ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုအခြင်းအရာအားလုံးကို မင်ခွန်းကျိ၏ တာအိုရင်းမြစ်မှ ထွက်ပေါ်လာသော အမှောင်ချီများကို အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်သည်။

ထိုကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အိပ်မက်ထဲတွင်သာ ဖောက်ထွက်နိုင်ခဲ့သည့်တိုင်အောင် လက်တွေ့ဘဝသို့ ပြန်ရောက်လာသောအခါ သူ၏ ဝိညာဉ်ထဲ၌ အမှောင်ချီများ စုစည်းနေပြီဖြစ်သောကြောင့် ဖောက်ထွက်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။ ထို့ကြောင့်လည်း သူ နိုးထလာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်မီးတောက်များ၏ အရေအတွက်မှာ ရှစ်ဆယ့်တစ်ခုအထိ အလိုလို ဖြစ်သွားပြီး တစ်ခုပေါ်တစ်ခုထပ်ကာ ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုပြောင်းလဲမှုအတွင်းတွင် ဝမ်ပေါင်လဲ့မှာ အိပ်မက်ထဲတွင် ဖောက်ထွက်ခဲ့စဉ်တုန်းကအတိုင်း တစ်ထေရာတည်း ဖြစ်သွား၏။ သူ၏ ဝိညာဉ်စွမ်းအင်အဆင့်မှာ အဆက်မပြတ် မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ အမှောင်အမြုတေတစ်ခု ရုပ်လုံးပေါ်လာသောကြောင့် သူ၏ စွမ်းအားများမှာလည်း ဆက်တိုက်ဆိုသလို တိုးတက်လာတော့သည်။

ထိုအမှောင်အမြုတေ ပေါ်ပေါက်လာသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အမှောင်ချီတစ်မျိုး ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ပျံ့နှံ့လာ၏။ ၎င်းမှာ သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို ဖြတ်၍ စီးဆင်းသွားကြတော့သည်။ ထို စွမ်းအင်များ ဖြတ်သန်းစီးဆင်းသွားကြသည့် နေရာတိုင်းတွင် တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာလည်း အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အမြန်နှုန်းမျိုးဖြင့် တိုးတက်ပြောင်းလဲလာတော့သည်။

သူ၏ အိပ်မက်ထဲတွင် ခံစားခဲ့ရသည့် စွမ်းအားများနှာ သူ၏ ခန္ဓာကိုယ်ထဲ၌ တဖြည်းဖြည်း စုဝေးလာ၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ချောက်နက်ကြီးထဲတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထို ပေါက်ကွဲသံများနှင့် ပြိုင်တူဖြစ်သွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်မှုကြောင့် ပေါ်ပေါက်လာသည့် အပြင်ခန္ဓာကိုယ်ပြောင်းလဲမှုများမှာ သိသာထင်ရှားလာပြီဖြစ်သည်။ သူသည် လှေကလေးပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်ချီများ ထွက်ပေါ်လာသောကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းနေတော့သည်။

ထို အနက်ရောင်ချီများမှာ အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့လာ၏။ ထို့နောက် ၎င်းမှာ စတင်လောင်ကျွမ်းလာပြီး ရေခဲမီးတောက်တစ်ခုအသွင် ပြောင်းလဲကာ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံ့လွင့်သွားတော့သည်။ ထို့နောက် သူ့ကို ဗဟိုပြု၍ ရေဝဲတစ်ခု ပေါ်ပေါက်လာ၏။ ထိုရေဝဲကြီးမှာ အသံကုန်မြည်ဟည်းကာ လည်ပတ်နေသောကြောင့် ဝမ်ပေါင်လဲ့၏ ဆံပင်များမှာ‌ လေထဲ၌ မျောလွင့်နေတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက သူသည် နတ်ဆိုးတစ်ပါးနှင့်ပင် ဆင်တူနေ၏။

သူ၏ ဝကစ်ကစ် ခန္ဓာကိုယ်လေးမှာ သိသိသာသာ ပိန်ကျသွားပြီး ဩဇာအာဏာကြီးမားသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ထို အငွေ့အသက်များနှင့် ဝိညာဥ်စွမ်းအင်လှိုင်းများမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အဆပေါင်းများစွာ ပို၍သာလွန်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အခြေတည်အဆင့်တွင် ရှိမနေတော့ဘဲ အမြုတေအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်တော့သည်။

သို့သော် သူသည် အသေးစိတ် လိုက်လံစစ်ဆေးနေရန် အချိန်မရှိပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့သော အစိမ်းရောင်ကြပွင့်လေး၏ အထက်တွင် ပန်းပွင့်အဖူးလေးတစ်ဖူး ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။

၎င်းမှာ အမှောင်အမြုတေနှင့်အတူ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ကြာပန်းတစ်ပွင့်အဖြစ် ချက်ချင်းပင် ပြောင်းလဲသွား၏။ ၎င်း၏ ပွင့်ဖတ်များ အောက်သို့ကျလာသောအခါ အားကောင်းသော အမှောင်ချီလှိုင်းများ ထွက်ပေါ်လာတော့သည်။ နောက်ဆုံးတွင် ထိုပွင့်ဖတ်များအားလုံး ကြွေကျကာ အဝေးသို့မျောလွင့်သွားကြသောအခါ ထိုပန်းဖူးလေးထဲ၌…

ကြာပွင့်တစ်ပွင့် ပေါ်ပေါက်လာတော့သည်။

နဂိုမူလတုန်းက ရှိနေခဲ့သည် အစိမ်းရောင်ကြာပွင့်လေးမှာ ကြာခွက်တစ်ခွက်သာ ဖြစ်နေခဲ့၏။ ထိုကြာခွက်ထဲတွင် ကြာစေ့များ ရှိနေခဲ့ပြီး ၎င်းမှာ အားပျော့သော ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်ပေးနေခဲ့၏။ ယခုတွင်မူ… ဒုတိယမြောက် ကြာပွင့်တစ်ပွင့် ပေါ်ပေါက်လာပြီဖြစ်သည်။ ၎င်းမှာ ပထမဆုံးကြာပွင့်နှင့် လုံးဝမတူဘဲ ကွဲပြားနေ၏။ ၎င်းမှာ အနက်ရောင်ဖြစ်နေပြီး အမှောင်ချီလှိုင်းများကို ထုတ်လွှတ်ပေးနေသလို ၎င်း၏ ပတ်ပတ်လည်တွင်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် အလင်းရောင်တစ်ခု ဝန်းရံနေ၏။

သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေကြောင့်သာ ဤ ဒုတိယမြောက်ကြာပွင့်လေးနှင့် ၎င်းဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ နေမင်းကြီးတစ်စင်းကဲ့သို့ ဖြစ်နေရခြင်းဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ပထမကြာပွင့်လေးထက် သိသိသာသာပို၍ သာလွနါပေသည်။

ထို့ကြောင့် ၎င်းတို့နှစ်ခု၏ အရည်အသွေးမှာ ကွဲပြားခြားနားနေရသကဲ့သို့ပင် ဖြစ်နေတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထို ထူးဆန်းအန့်ဖွယ် ပြောင်းလဲမှုကြီးမှာ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ဝမ်ပေါင်လဲ့မှာ ဒုတိယမြောက်ကြယ်ပွင့်လေး၏ဘေးတွင် တတိယမြောက်ကြာပွင့်လေး စတင်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ နောက်ထပ် ပန်းပွင့်အဖူးတစ်ဖူး ဖြစ်သည်။

ထို အဖူးလေးထဲတွင် လျှပ်စီးများ တလက်လက်ထကာ တောက်ပနေ၏။ သို့သော် အာဟာရဓာတ် မလုံလောက်သောကြောင့် ၎င်းမှာ ပန်းပွင့်လာမည့်ပုံတော့ မပေါ်ပေ။ ထို့ကြောင့်လည်း ၎င်းမှာ ယခုအထိ ပွင့်မလာသေးခြင်းပင် ဖြစ်သည်။ သို့သော် ထိုအဖူးလေး ဖူးပွင့်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် တတိယမြောက် ကြာပွင့်တစ်ပွင့် ပေါ်ပေါက်လာဦးမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိနေ၏။

” ပထမတစ်ခုက အမှောင်အမြုတေ… နောက်တစ်ခုက လျှပ်စီးအမြုတေ။ တကယ်လို့ အဲလိုသာဆိုရင် ဒီအစိမ်းရောင်ကြာပွင့်လေးရဲ့အထဲမှာ ဘာတွေများရှိနေတာလဲ ” ဝမ်ပေါင်လဲ့၏ အသိစိတ်များမှာ မပီမပြင် ဝိုးတဝါးဖြစ်လာရ၏။ သူသည် ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရပြီးနောက် သူ၏ အသိစိတ်ထဲတွင် ထိုမေးခွန်းများ အလိုလို ပေါ်ပေါက်လာတော့သည်။

သို့သော် သူသည် ထိုအကြောင်းများကို အချိန်အကြာကြီး ဆက်တွေးမနေခဲ့ပေ။ သူသည် အတွေးများ ပြန်လည်ကြည်လင်လာပြီး နိုးနိုးကြားကြား ဖြစ်လာသောအခါ အမှောင်အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ သူ၏မျက်ဝန်းများထဲ၌ ပြန်ပေါ်လာတော့သည်။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာတော့သည်။

” အမှောင်အိပ်မက်…. အမှောင်ဂိုဏ်း ” ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့နေ၏။ သူသည် အမှောင်ဂိုဏ်းထဲမှ ထွက်ခွာသွားခါနီးတွင် ထိုဂိုဏ်း၏ ပျက်စီးမှုအား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အကြောင်းကို ပြန်လည်တွေးတောမိလိုက်သောအခါ သူ၏ နှလုံးသားထဲ၌ ရှုပ်ထွေးသောခံစားချက်များ ပေါ်ပေါက်လာရ၏။ နှစ်ကဋေပေါင်း မြောက်မြားစွာမှာ အခိုက်အတန့်လေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ချက်ချင်းကုန်ဆုံးသွားသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ နောက်ထပ် ဘာဆက်ဖြစ်ခဲ့မှန်းတော့ မသိရပေ။ သူသည် မည်သည့်အကြောင်းအရာကိုမှ ထပ်၍ မသိနိုင်တော့သောကြောင့် လှေကလေးပေါ်တွင် နှုတ်ဆိတ်ကာ ထိုင်နေလိုက်တော့သည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အနက်ရောင်မျက်နှာဖုံးအား ထုတ်ယူလိုက်တော့သည်။

” မမလေး… ” ဝမ်ပေါင်လဲ့မှာ ထိုမျက်နှာဖုံးကိုဆုပ်ကိုင်ကာ တိုးတိုးလေးခေါ်လိုက်၏။ သူ၏လေသံမှာ ဝမ်းနည်းနေသည့်လေသံ ပေါက်နေ၏။

” အမှောင်ပညာရပ်ရယ် အမှောင်ဂိုဏ်းရယ်နဲ့ ပတ်သက်ပြီးတော့ မမလေးသိထားသမျှ အချက်အလက်အကုန်လုံးကို ကျနော့်ကို ပြောပြလို့ရမလား ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့်မေးလိုက်၏။ ထိုအခါ မျက်နှာဖုံးလေးမှာ တလက်လက်တောက်ပသွား၏။ အချိန်အတော်အတန်ကြာပြီးမှ မမလေး၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။

” နင် အိပ်ပျော်သွားပြီးတော့ နင့်ရဲ့ အသိစိတ်က လုံးဝ‌ပျောက်သွားခဲ့တာ ”

” ကျနော်က အမှောင်ဂိုဏ်းဆီ ပြန်ရောက်သွားခဲ့တာဗျ… ” ဝမ်ပေါင်လဲ့က ပြန်ပြောလိုက်၏။ သူ၏စကားကြောင့် မမလေးမှာ နှုတ်ဆိတ်သွားရပြန်သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ မောပန်းနွမ်းနယ်နေသည့်လေသံ ပေါက်နေသော မမလေး၏ စကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” အတိတ်တုန်းက ကပ်ဘေးကြီးတစ်ခုနဲ့ ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ငါတို့ အမှောင်ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းတွေက ပြီးပြည့်စုံမှုမရှိတော့ဘူး။ အမှောင်ဂိုဏ်း ပျောက်ကွယ်သွားတော့ ကျန်ရစ်ခဲ့တဲ့ မျိုးဆက်သစ်တွေက ရှာတွေ့လို့ရသမျှ သဲလွန်စလေးတွေကိုပဲ အားကိုးပြီးတော့ ခန့်မှန်းချက်တွေ ထုတ်ခဲ့ရတာ။ ကြည့်ရတာ ငါတို့ဂိုဏ်းရဲ့ ပျက်စီးမှုက အဆုံးမဲ့ မျိုးနွယ်စုနဲ့ ပတ်သက်နေတဲ့ပုံပဲ ”

” ငါက အမှောင်ဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက်ထဲက မဟုတ်တာမလို့ အမှန်တရားကိုတော့ မသိဘူး။ ဒါပေမဲ့ ငါတို့ရှာတွေ့ခဲ့ရသမျှ သက်သေအထောက်အထားတွေ အရဆိုရင် အမှောင်ဂိုဏ်း ပျက်သုဉ်းသွားခဲ့ရတာက ဂိုဏ်းထဲမှာ သစ္စာဖောက်တစ်ယောက် ပေါ်လာခဲ့လို့ပဲ ” မမလေးမှာ နောက်ထပ်ဆက်မပြောနိုင်တော့သဖြင့် သူမ၏ စကားသံများမှာ လေးလံနှေးကွေးလာတော့သည်။ သူမသည် အတိတ်ကိုပြန်ပြောင်းသတိရနေပြီး ထိုပုံပြင်ကြီးအား မည်သို့ဆက်ပြောရမည်နည်းဟု တွေးတောနေသည့်ပုံပင်။

သို့သော် သူမ အတိတ်မှအကြောင်းများကို ပြန်မတွေးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အသက်ရှူသံများ တည်ငြိမ်သွား၏။

” အဲ့လိုပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ထားပြီးသား။ ကျနော်နားလည်သွားပြီ။ အဆုံးမဲ့မျိုးနွယ်စုက ရှင်သန်ခြင်းစွမ်းအားကို ထိန်းချုပ်ပြီးတော့ အမှောင်ဂိုဏ်းက ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ထိန်းချုပ်ပြီး မိုးကောင်ကင်တာအိုရဲ့ ကိုယ်စား စကြဝဠာကြီးထဲမှာ လှည့်လည်သွားလာကြတာ။ ရှင်သန်ခြင်းတာအိုနဲ့ သေဆုံးခြင်းတာအိုရဲ့ ကြားက တိုက်ပွဲကြီးရဲ့ အဆုံးမှာ အမှောင်ဂိုဏ်းက ပျက်စီးသွားခဲ့တာပဲဖြစ်ရမယ်။ အဲ့တာမလို့….ကျနော့်ရဲ့ဆရာက… မိုးကောင်းကင်တာအို ပျက်သုဉ်းသွားခဲ့တယ်လို့ ပြောခဲ့တာ။ သစ္စာဖောက်ကတော့ ဘယ်သူလဲဆိုတာ ကျနော် သေချာမသိဘူး။ ဒါပေမဲ့ တခြား မဟာကြီးအကဲကြီးတွေရဲ့ လက်အောက်မှာရှိတဲ့ အမှောင်ဂိုဏ်းတွေထဲက မဟုတ်ဘဲ ကျနော်ဆရာရဲ့ လက်အောက်က ဂိုဏ်းထဲက ဆိုရင်တော့… အဲဒီသစ္စာဖောက်က ကျနော့်ရဲ့ ဂိုဏ်းတူအစ်ကို ဖြစ်နေလောက်တယ် ”

” ဟင် ” မမလေးမှာ ကြက်သေသေသွားရ၏။ အကယ်၍ သူမ၏မျက်နှာသာ ပေါ်ပေါက်လာမည်ဆိုပါက အံ့သြမှင်တက်နေသည်ကို မြင်နိုင်မည် ဖြစ်သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူမသည် စကားဆက်မပြောချင်တော့သဖြင့် ချောင်းဟန့်လိုက်၏။

ဝမ်ပေါင်လဲ့မှာ တစ်ယောက်တည်းရေရွတ်နေရင်း သူ၏စိတ်ထဲ၌ သူ သိထားသည့် အကြောင်းအရာများနှင့် မမလေး ပြောပြခဲ့သည့် အချက်အလက်များကို ပေါင်းစည်းနေလိုက်တော့သည်။ ထိုအခါ အတိတ်မှ အကြောင်းများမှာ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာတော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုအတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ ထို့နောက် သူသည် မတ်တပ်ထလာပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ချောက်နက်ကြီးအား ကြည့်နေလိုက်၏။ နောက်ဆုံးတွင် သူသည် ခါးကိုင်း၍ အရိုအသေပေးလိုက်တော့သည်။

သူသည် ခါးပြန်မတ်လာပြီးနောက် မျက်လုံးများကို မှိတ်လိုက်၏။ အသက်ရှူကြိမ် ဒါဇင်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် သူသည် မျက်လုံးများ ပြန်ပွင့်လာသည်။ သူ၏ မျက်ဝန်းများထဲတွင်မူ အေးစက်စက်အလင်းရောင်တစ်ခု တောက်ပနေပြီ ဖြစ်သည်။

” အဆောင်ဝိညာဉ်တွေနဲ့… တခြားဂြိုဟ်က ကျင့်ကြံသူတွေ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ခေါင်းငုံ့ကာ သူ၏အောက်တွင် ရှိနေသော လှေကလေးကို စိုက်ကြည့်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေမှာ တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အမှောင်ချီများ ထွက်ပေါ်လာ၏။ ထို့နောက် သူ အော်ဟစ်လိုက်သောအခါ ထိုအမှောင်ချီများမှာ အပြင်ဘက်သို့ ပျံ့လွင့်သွားတော့သည်။

” လှေဝိညာဉ် ”

သူ၏ စကားသံထဲတွင် အမှောင်အမြုကျင့်ကြံခြင်းအဆင့်၏ စွမ်းအားများ ကိန်းအောင်းနေ၏။ ထို့အပြင် သူ အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့သည့် စွမ်းအားတစ်မျိုးလည်း ပါဝင်နေသေးသည်။ ၎င်းမှာ အမှောင်ဂိုဏ်း၏ ပြင်းထန်လွန်းသော စွမ်းအားတစ်မျိုးဖြစ်၏။ ထိုစွမ်းအားကို ပိုင်ဆိုင်ထားပါက စကြဝဠာကြီးထဲတွင် လှည့်လည်သွားလာနိုင်စွမရှိပြီး စကြဝဠာကြီးထဲရှိ ဝိညာဉ်ပေါင်း မြောက်မြားစွာအား ထိန်းချုပ်နိုင်စွမ်းရှိပေသည်။

သူ၏ စကားသံမှာ ချောက်နက်ကြီးထဲတွင် ပဲ့တင်ထပ်သွားပြီး ထိုချောက်နက်ကြီးထဲရှိ နေရာတိုင်းမှာ သူ၏ အမှောင်ချီများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ထိုအခါ လေထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီးနောက် သူ၏ရှေ့တွင် ရေဝဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ အသံများမြည်ဟည်းကာ လည်ပတ်နေ၏။ ထို့နောက် မိုးထိုးလုမတတ် အရပ်မြင့်မားနေသော လူကြီးတစ်ယောက်၏ အရပ်တစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ မှုန်ဝါဝါးသာ ရှိနေခဲ့ရာမှာ အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် အထင်အရှား ရုပ်လုံးပေါ်လာ၏။

သို့သော် ထိုလူကြီးမှာ မျက်လုံးများမှိတ်နေ၏။ သူ၏ ခန္ဓာကိုယ်ကြီး ပို၍ သိသာထင်ရှားလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများနှင့် ပြတ်တောက်နေသည့် အစိတ်အပိုင်းများကို အထင်အရှား မြင်လာရတော့သည်။ သူ၏ ဝိညာဉ်စွမ်းအင်မှာ အားနည်းနေ၏။ သူ့ဆီမှ ထွက်ပေါ်နေသည့် ဆင့်ခေါ်သံကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ဤနေရာထဲသို့ ဝင်ရောက်လာရန် ဆင့်ခေါ်ခဲ့သည့် အရာကြီးမှာ ဤဝိညာဉ်ကြီးဖြစ်နေကြောင်း သိလိုက်ရတော့သည်။

” ဆရာက ငါ့ကို ဆင့်ခေါ်ခဲ့တဲ့လူက သူ ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်လို့ ငါ့ကို ပြောပြခဲ့တာ။ ကြည့်ရတာ …. သူက ဒီဝိညာဉ်ကြီးကနေတစ်ဆင့် ငါ့ကို ဆင့်ခေါ်ခဲ့တာဆိုပြီး ပြောချင်တာပဲဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုဧရာမလူကြီး၏ ဝိညာဉ်ကြီးအား စိုက်ကြည့်ကာ တွေးတောနေရင်း သူ၏ အကြည့်များမှာ နူးညံ့သိမ်မွေ့သွားရ၏။ သို့သော် သူသည် သူလုပ်စရာရှိသည်ကို လုပ်ရမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်အမြုတေမှာ ချက်ချင်းဆိုသလိုပင် နိုးထလာတော့သည်။ ထို့နောက် သူ၏အမှောင်အိပ်မက်ထဲတွင် မင်ခွန်းကျိ သူ့အား ပေးခဲ့သည့် အမှောင်အချုပ်အနှောင်တစ်ခုမှာ ချက်ချင်းပင်ပျောက်ကွယ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပြန်ပေါ်လာပြီးနောက် ထို ဧရာမလူကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။ ထို့နောက် ၎င်းမှာ ထိုလူကြီး၏ နဖူးထဲသို့ နစ်ဝင်သွားပြီး သူ၏ ဝိညာဉ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်သွားတော့သည်။ ၎င်းမှာ ထိုလူကြီး၏ နဂိုမူလမှတ်ညဏ်များအား မင်ခွန်းကျိတစ်ယောက် အမှောင်အိပ်မက်ထဲတွင်ဖန်တီးခဲ့သည့် မှတ်ဉာဏ်များနှင့် အစားထိုးလိုက်သည့်ပုံပင်။

ထိုသို့ လုပ်ပြီးသွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ဤလှေဝိညာဉ်လေးအား အမှန်တကယ်ပိုင်ဆိုင်သွားမည်ဖြစ်သည်။

သူ၏အိပ်မက်ထဲမှ အရာအားလုံးမှာ လက်တွေ့ဖြစ်လာပြီဖြစ်သည်။

ထိုအချိန်တွင် ထိုဧရာမလူကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ရုတ်တရက်ဆိုသလို မျက်လုံးများဖွင့်လိုက်၏။ ထို့နောက် သူသည် ရိုသေလေးစားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဦးညွှတ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်တော့သည်။

” မင်္ဂလာပါ သခင် “

Comment

Leave a Reply

Options

not work with dark mode
Reset