သူသည် မူမမှန်သော အရာတစ်ခုခု ဖြစ်ပျက်လာသည်နှင့် ချက်ချင်း မျက်လုံးများ ဖွင့်ကြည့်မည့်ဟန်တူသည်။
ထိုစဉ် အပြင်ဘက်ကမ္ဘာ၌ အမှောင်ထုကြီးက ပိတ်ကားစတစ်ချပ်အလား ကောင်းကင်၊ မြေပြင်နှင့် မြို့ပျက်ကြီးကို လွှမ်းခြုံထားသည်။
ကောင်းကင်အောက်ရှိ လောကကြီးက လွန်စွာ ကြီးမားကျယ်ပြန့်သည်။ ပင်လယ်ရပ်ခြားတွင် တည်ရှိသော နန်းဟွမ်ဒေသကြီးမှာ ဒေသကြီးများအနက်တစ်ခုသာ ဖြစ်သည်။
ဤလောကကြီး မည်မျှကြီးမားကျယ်ပြန့်သည်ကို လူနည်းစုသာ သိကြသည်။ သို့သော်လည်း ကောင်းကင်ယံတွင် ထီးထီးကြီးတည်ရှိနေသော‘ မျက်နှာပျက်ကြီး ’ မှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှပြီး လူအားလုံး ခေါင်းမော့ကြည့်ရုံဖြင့် ယင်းအား မြင်တွေ့နိုင်ပေသည်။
ဤလောကကြီးထဲသို့ ထိုမျက်နှာပျက်ကြီး မည်သည့်အချိန်မှ ရောက်လာသည်ကို တစ်ယောက်မှ မသိကြတော့ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက တချို့စာပေများထဲတွင် ဖော်ပြချက်များအရ ဤလောကကြီးသည် နတ်ချီများဖြင့် ပြည့်လျှံနေပြီး သက်စောင့်အားများ ပေါကြွယ်ဝသည်။ သို့သော် အလွန်နက်ရှိုင်းသော ဟင်းလင်းပြင်မှ ဧရာမမျက်နှာပျက်ကြီး ရောက်ရှိလာပြီး ၎င်းနှင့်အတူ ပျက်စီးခြင်းများကိုပါ တစ်ပါတည်း ဆောင်ကြဉ်းလာလေသည်။
၎င်းရောက်ရှိလာစဉ်အတောအတွင်း ဤလောကကြီးထဲရှိ သတ္တဝါများအားလုံးက နည်းလမ်းအမျိုးမျိုးသုံးကာ တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း အရေးနိမ့်ခဲ့ရသည်။ နောက်ဆုံး၌ ဧကရာဇ်အနည်းစုက လူသားမျိုးနွယ်တစ်စိတ်တစ်ပိုင်းကို ခေါ်ဆောင်ကာ ကျန်သက်ရှိသတ္တဝါများအား စွန့်ပစ်၍ နေရာပြောင်းရွှေ့သွားလေသည်။
မကြာခင် မျက်နှာပျက်ကြီး ရောက်ချလာပြီး ကောင်းကင်ဝေဟင်ပြင်၌ တွဲလောင်းကျနေလေသည်။ ထိုအခါမှအစပြု၍ အိပ်မက်ဆိုး ကျရောက်လာတော့သည်။
မျက်နှာပျက်ကြီးမှ အရှိန်အဝါက လောကတခွင် စိမ့်ဝင်သွားသည်။ တောင်တန်းများ၊ ပင်လယ်များ၊ အရာဝတ္ထုများနှင့် အသက်ပေါင်းများစွာ … ကျင့်ကြံသူများနှင့် သူတို့ လေ့ကျင့်သည့် ဝိညာဉ်စွမ်းအားများသည်ပင် အမည်းစက်စွန်းထင်းသွားခဲ့ရသည်။
အရာအားလုံး ခြောက်သွေ့ညှိုးနွမ်းကာ သက်ရှိများအားလုံး ချေမှုန်းသုတ်သင်ခံလိုက်ရသည်။ အသက်ရှင်ကျန်ရစ်သည့်နှုန်းက တစ် ရာခိုင်နှုန်းပင် မပြည့်ချေ။
ထိုအခါမှအစပြု၍ ထိုကပ်ဘေးမှ အခက်အခဲများစွာ ရင်ဆိုင်ကျော်ဖြတ်ကာ အသက်ရှင်လာခဲ့သော လူသားများသည် ယင်းမျက်နှာပျက်ကြီးကို‘ နတ်ဘုရား ’ ဟု တင်စားခေါ်ဝေါ်လာကြတော့သည်။
ဤလောကကြီးကိုလည်း ‘ ဖုန်ဆိုးမြေ ’ အဖြစ် သူတို့ သတ်မှတ်လိုက်ကြသည်။ ဧကရာဇ်များ ပြောင်းရွှေ့သွားသည့်နေရာများကို သန့်ရှင်းသောကုန်းမြေများအဖြစ် သိကြသည်။
ထိုအခေါ်အဝေါ်များက ခေတ်အဆက်ဆက် ကျော်ဖြတ်လာခဲ့ပြီး မျိုးဆက်တစ်ဆက်ချင်းစီ လက်ဆင့်ကမ်းလာခဲ့ကြသည်။
ယင်းအပြင် နတ်ဘုရားများ ဆောင်ကြဉ်းလာသော ဘေးဒုက္ခများက ထိုမျှသာ မကသေးပေ။ မျက်နှာပျက်ကြီး၏ ကြောက်မက်ဖွယ် အရှိန်အဝါက သတ္တဝါများအားလုံးအပေါ် အဆက်မပြတ် ဖိအားပေးထားသည်။
နှစ်အနည်းငယ်ကြာတိုင်း၊ ဆယ်စုနှစ်အနည်းငယ်တိုင်း၊ သို့မဟုတ် ရာစုနှစ်အနည်းငယ်တိုင်း မျက်နှာပျက်ကြီးက အသက်ရှူချိန်များစွာကြာသည်အထိ မျက်လုံးများ ဖွင့်လာလေသည်။
ယင်းမျက်လုံးများ ဖွင့်လိုက်သည့်အကြိမ်တိုင်း ယင်း၏အကြည့် သက်ရောက်ခံလိုက်ရသည့်နေရာမှာ ချက်ချင်းပင် ပုပ်ပွသွားသည်။
ယင်းနောက် ထိုနေရာရှိ သတ္တဝါများအားလုံး သုတ်သင်ခံလိုက်ရပြီး ထာဝရ တားမြစ်နယ်မြေ ဖြစ်သွားလေသည်။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း ဤလောကကြီးထဲ၌ တားမြစ်နယ်မြေအရေအတွက် တိုးပွားလာခဲ့ပြီး သက်ရှိသတ္တဝါများ နေထိုင်နိုင်သည့် နေရာများသည်လည်း တဖြည်းဖြည်း နည်းပါးလာသည်။
လွန်ခဲ့သော ကိုးရက်ခန့်က နတ်ဘုရား၏မျက်လုံးများ ပွင့်လာပြီး ယင်း၏အကြည့်သက်ရောက်ခံလိုက်ရသော နေရာသည် လူငယ်လေး နေထိုင်သော နေရာမှလွဲ၍ တခြားမဟုတ်ပေ။
ထိုနေရာရှိ မြို့ကြီးဆယ်မြို့သာမက မြို့ကြီးဆယ်မြို့၏အတွင်းနှင့် အပြင်ရှိ ဆင်းရဲသားရပ်ကွက်များပါမကျန် သက်ရှိမျိုးစိတ်များအားလုံးမှာ ချက်ချင်းပင် အမည်းစက်ကြီး စွန်းထင်သွားခဲ့ရပြီး အသက်ဝိညာဉ်ကင်းမဲ့သော တားမြစ်နယ်မြေများ ဖြစ်လာခဲ့သည်။
ကြောက်မက်ဖွယ် ညစ်ညမ်းသော အရှိန်အဝါအောက်တွင် သက်ရှိသတ္တဝါခပ်သိမ်း တစ်ခါတည်း သွေးများ ဖြစ်သွားသည်။ တချို့သက်ရှိများက သန္ဓေပြောင်းသွားကာ အသိဥာဏ်မရှိသော သန္ဓေပြောင်းသားရဲများ ဖြစ်လာကြသည်။ တခြားသတ္တဝါများမှာမူ ဝိညာဉ်များ လွင့်ပါးပျောက်ကွယ်သွားသော အစိမ်းပုပ်ရောင်အလောင်းများအဖြစ် ပြောင်းလဲသွားသည်။
အလွန့်အလွန်နည်းပါးသော လူသားများနှင့် သတ္တဝါများသည်သာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
လူငယ်လေးသည် ထိုကံကောင်း၍ အသက်ရှင်သန်သူများအနက် တစ်ယောက်ဖြစ်သည်။
ထိုစဉ် မှောင်မည်းနေသော ဂူကြီး၏အပြင်ဘက်၌ သွေးပျက်ခမန်းငိုညည်းသံတစ်သံ အဝေးမှ လွင့်ပျံလာပြီး တဖြည်းဖြည်း ဂူနှင့် နီးသည်ထက် နီးကပ်လာသည်။ ထို့ကြောင့် အိပ်မောကျနေသော လူငယ်လေးမှာ ရုတ်ခြည်း မျက်လုံးများ ပွင့်လာသည်။
သူသည် သံတုတ်ကိုင်ထားသည့်လက်အား မြှောက်ကာ ပိတ်ဆို့ထားသော ဂူဝင်ပေါက်ကို စိုးရိမ်တကြီး စူးစိုက်ကြည့်နေသည်။
ငိုညည်းသံက ပတ်ဝန်းကျင်တခွင် လှည့်ပတ်ပျံ့နှံ့နေပြီး တဖြည်းဖြည်း အဝေးသို့ ရောက်သွားသောအခါမှသာ လူငယ်လေးက သက်ပြင်းချလိုက်သည်။
သူ အိပ်ချင်စိတ်ပျောက်သွားပြီဖြစ်သည်။ သူသည် သားရေအိတ်ရှုံ့ကို ဖွင့်ကာ အထဲမှ ဝါးပေလွှာကို ထုတ်လိုက်သည်။
အမှောင်ထုကြီးစိုးနေ၍ သူက သစ်သားပေလွှာပေါ်တွင် ထွင်းထားသော စာသားများကို ခပ်ဖွဖွ ပွတ်သက်ကာ သူ့မျက်လုံးများ တဖိတ်ဖိတ်ဝင်းလက်လာသည်။ ထို့နောက် သူသည် မတ်မတ်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဖြည်းညင်းစွာ အသက်ရှူလိုက်သည်။
လူငယ်လေး၏နာမည်က ရွှီချင်းဖြစ်သည်။ သူသည် တစ်ယောက်တည်း ကြီးပြင်းလာခဲ့ပြီး မြို့အပြင်ဘက်ရှိ ဆင်းရဲသားရပ်ကွက်တွင် ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရသည်။
လွန်ခဲ့သော ကိုးရက်က ကပ်ဘေးကြီး ရုတ်ခြည်း ကျရောက်လာသောအခါ သူသည် ကျောက်တုံးကြီးများကြားရှိ အက်ကွဲကြောင်းနောက်မှ ဤဂူလေးထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူက သွေးပျက်ကြောက်လန့်မနေဘဲ ကောင်းကင်ယံရှိ မျက်နှာပျက်ကြီး၏ ပွင့်နေသော မျက်လုံးများကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ နတ်ဘုရား၏မျက်ဝန်းများထဲတွင် ကြက်ခြေခတ်ပုံစံရှိသော ထူးခြားသည့် သူငယ်အိမ်တစ်စုံကို သူ မြင်ခဲ့ရသည်။ ထို့နောက် သူ ကြောက်လန့်သည့်ခံစားချက် ကင်းမဲ့သွားဟန်တူသည်။
မကြာခင် မြို့၏အရှေ့မြောက်အရပ်သို့ ကောင်းကင်ယံမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ကျရောက်လာသည်ကို သူ မြင်လိုက်ရသည်။
နောက်ထပ်တဒင်္ဂအခိုက်အတန့်၌ သူ သတိလစ်သွားခဲ့လေသည်။
သူ နိုးထလာသောအခါ မြို့တွင်းနှင့် မြို့ပြင်၌ တစ်ဦးတည်းသော အသက်ရှင်သူ ဖြစ်လာခဲ့သည်။
သို့သော်လည်း သူက ကပျာကယာ ထွက်မသွားပေ။
နတ်ဘုရား၏မျက်လုံးများ သက်ရောက်ခံလိုက်ရသော နေရာသည် တားမြစ်နယ်မြေဖြစ်လာပြီး ကနဦးတွင် သွေးမိုးများ ရွာကျကာ နယ်နိမိတ်စည်းမျည်းဖြစ်လာတတ်သည်ကို သူ သိထားသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ တားမြစ်နယ်မြေ ပီပီပြင်ပြင် ပေါ်ထွက်မလာမချင်း အတွင်းထဲရှိလူများက အပြင်ကို မထွက်နိုင်သလို အပြင်ဘက်ရှိလူများသည်လည်း အတွင်းထဲသို့ မဝင်နိုင်ချေ။
သွေးမိုးများ ရပ်တန့်သွားသည့်အချိန်က နယ်နိမိတ်စည်းမျဉ်း သတ်မှတ်ပြီးသွားသည့်လက္ခဏာရပ် ဖြစ်ပေသည်။
ထိုကပ်ဘေးက ဆင်းရဲသားများရပ်ကွက်တွင် ကြီးပြင်းလာခဲ့သော ရွှီချင်းအတွက် များစွာ ထူးခြားမသွားပေ။
အဘယ်ကြောင့်ဆိုရသော် ဆင်းရဲသားများနေထိုင်ရာနေရာ၌ ခြေသလုံးအိမ်တိုင်သမားများ၊ ခွေးဆိုးများ၊ ရောဂါပိုးမွှားများ၊ အေးစက်စက်ညများ စသည့်အရာအားလုံး ရှိနေသည်ဖြစ်၍ အသက်သေဆုံးရန် လွယ်ကူသည်။ အသက်ရှင်သန်ရန် အခက်အခဲဒုက္ခများစွာ ကျော်ဖြတ်ရသည်။
သူ အသက်ရှင်နေသရွေ့ မည်သည့်အရာမှ အရေးမပါပေ။
ဆင်းရဲသားရက်ကွက်၌ ဆိုးသွမ်းယုတ်မာမှုများ ရှိနေပါသော်လည်း ရံဖန်ရံခါ အနွေးဓာတ်လေးများ ရှိနေသည်မှာ ဓမ္မတာပင်။
ဥပမာအားဖြင့် မျက်နှာမွဲ စာပေသမားအနည်းငယ်က ကလေးများအား ရေးတတ်ဖတ်တတ်ရန် သင်ပေးလေ့ရှိသည်။ ထို့ပြင် သူ့မိဘဆွေမျိုးများနှင့် ပတ်သက်၍ အမှတ်တရများလည်း ရှိသေးသည်။
ရွှီချင်း၏ဦးနှောက်ထဲတွင် သူ့ဆွေမျိုးများနှင့် ပတ်သက်သည့် အမှတ်တရများက အချိန်နှင့်အမျှ ပျောက်ကွယ်လာခဲ့သည်။ သူက မေ့ပျောက်သွားမှာကို စိုးရိမ်သည့်အလား မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားပါသော်လည်း သူ ဖမ်းဆုပ်မိသမျှ မှတ်ဥာဏ်များက ဝိုးတဝါးပုံရိပ်များသာ ဖြစ်နေသည်။
သို့ပေမည့် သူက ကလေးငယ်တစ်ယောက်မဟုတ်ဘဲ သူ့ဆွေမျိုးများ တစ်နေရာရာတွင် ရှိနေဆဲဖြစ်သည်ကို သူ သိသည်။ သူတို့ ခွဲခွာသွားခဲ့ရခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ သူ့အိပ်မက်က ဆက်လက်အသက်ရှင်သန်ရန် ဖြစ်သည်။
သူသာ အနည်းငယ် အသက်ရှည်ရှည် နေနိုင်ပါက သူ့မိဘများနှင့် တွေ့ဆုံနိုင်မည့်အခွင့်အရေး များပြားလာမည် ဖြစ်ပေသည်။
ထို့ကြောင့် ကံကောင်းထောက်မ၍ အသက်ရှင်ခဲ့သော သူက မြို့ထဲသို့ ဝင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
ခရမ်းရောင်အလင်းတန်းက မြို့ထဲ ကျရောက်ခဲ့သည်ဖြစ်၍ ဆင်းရဲသားရပ်ကွက်များ၌ သတင်းကြီးနေခဲ့သော လူတစ်ယောက်၏ခန္ဓာကိုယ်အား တောင့်တင်းသန်မာစေသည့် ကျင့်ကြံခြင်းပညာရပ်များနှင့် နည်းလမ်းများကို ရှာဖွေရန် သူက မြို့နေလူကုံထံမိသားစုများ၏ စံအိမ်များသို့ ဦးတည်သွားချင်ခဲ့သည်။
ပို၍ အစွမ်းထက်လာစေရန် ဖြတ်လမ်းနည်းက ဆင်းရဲသားရပ်ကွက်များတွင် ပျံ့နှံ့နေပြီး လူအားလုံး ယင်းနည်းလမ်းကို လိုချင်တပ်မက်နေကြသည်။ ယင်းကို‘ ကျင့်ကြံခြင်း ’ ဟူ၍ သူတို့ ခေါ်ကြပြီး ကျင့်ကြံခြင်းနည်းလမ်းများအား တတ်မြောက်ထားသူများကို ကျင့်ကြံသူများဟု သမုတ်ကြသည်။
သို့ဖြစ်၍ ကျင့်ကြံသူတစ်ယောက်ဖြစ်လာရေးသည် ရွှီချင်းအတွက် မိဘများနှင့် တွေ့ဆုံခြင်းအပြင် နောက်ထပ် အရေးပါသော ဆန္ဒတစ်ခု ဖြစ်သည်။
ကျင့်ကြံသူများကို မြင်ရခဲသည်။ ဤနှစ်များအတွင်း ဆင်းရဲသားရပ်ကွက်၌ ရှိနေစဉ် မြို့ထဲသို့ ဝင်သွားသော ကျင့်ကြံသူများကို သူ အဝေးမှလှမ်း၍ မြင်ခဲ့ရဖူးသည်။
ကျင့်ကြံသူများတွင် ထူးခြားသော ဝိသေသလက္ခဏာတစ်ရပ် ရှိသည်။ သာမန်လူများက သူတို့ကို ကြည့်လိုက်သည်နှင့် သူတို့ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါသွားတတ်သည်။
မြို့စားက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့အစောင့်အရှောက်များသည်လည်း ကျင့်ကြံသူများဖြစ်သည်ဟု လူအများပြောကြသည်ကို ရွှီချင်း ကြားဖူးသည်။
သို့ဖြစ်၍ မြို့ထဲတွင် အချိန်အတော်ကြာသည်အထိ သူ ရှာဖွေပြီးနောက် မြို့စားစံအိမ်အတွင်းရှိ အလောင်းတစ်လောင်းထံမှ အနှီဝါးပေလွှာကလေးကို သူ တွေ့ရှိခဲ့ရသည်။
သို့သော် ထိုနေရာက အလွန်အန္တရာယ်များလှသည်။ သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကြီးသည်လည်း ထိုစဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ဝါးပေလွှာထဲတွင် မှတ်သားထားသော အချက်အလက်များက သူ လိုချင်တပ်မက်နေသည့် ကျင့်ကြံခြင်းနည်းလမ်း ဖြစ်နေသည်။
ဝါးပေလွှာထဲတွင် ရေးထွင်းထားသော အရာအားလုံးကို သူ မှတ်သားထားပြီးပြီဖြစ်ပြီး ယနေ့ရက်များအတွင်း သူ စတင်၍ ကျင့်ကြံနေပြီပင် ဖြစ်သည်။
ယခင်က ကျင့်ကြံခြင်းပညာရပ်ဆိုသည်ကို ရွှီချင်းတစ်ခါမှ မမြင်တွေ့ဖူးဘဲ ထိုဝါးပေလွှာကလေးသည်သာ သူ ရရှိခဲ့ဖူးသည့် တစ်ခုတည်းသော ကျင့်ကြံခြင်း ပညာရပ်ဖြစ်သည်။ သို့ဖြစ်၍ မည်သို့မှန်ကန်စွာ ကျင့်ကြံရမည်ကိုလည်း ရွှီချင်း မသိပေ။
ကံကောင်းထောက်မ၍ ဝါးပေလွှာထဲတွင် မှတ်သားထားသော နည်းလမ်းများက နားလည်ရလွယ်သော အသုံးအနှုန်းများ ဖြစ်သည်။ ယင်းက အတွေးစိတ်ကူးနှင့် အသက်ရှူခြင်းကို လေ့လာခြင်း ဖြစ်သည်။
ထို့ကြောင့် သူက တစ်ဆင့်ချင်း တိုးတက်လာခဲ့သည်။
ထိုပညာရပ်ကို တောင်တန်းပင်လယ်ပညာရပ်ဟု အမည်ပေးထားသည်။
ကျင့်ကြံခြင်းနည်းလမ်းက ဝါးပေလွှာပေါ်တွင် ထွင်းထားသော နတ်ရုပ်အား စိတ်ကူးဖြင့်ပုံဖော်ကာ အထူးအသက်ရှူသည့်နည်းလမ်းဖြင့် ပေါင်းစပ်ခြင်းဖြစ်သည်။
နတ်ရုပ်က လွန်စွာထူးဆန်းပြီး သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ဆင်တူကာ ခေါင်းကြီးတစ်ခေါင်းနှင့် ခြေထောက်တစ်ဖက်သာ ပါရှိသော ပိန်လှီနေသည့် ခန္ဓာကိုယ်တစ်ခု ရှိသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး မျက်နှာသည်လည်း ရန်ငြှိုးကြီးသော သရဲတစ်ကောင်အလား ယုတ်မာကောက်ကျစ်ဟန်ရှိသည်။
ထိုကဲ့သို့ သတ္တဝါမျိုး ရွှီချင်းတစ်ခါမှ မမြင်ဖူးဘဲ ဝါးပေလွှာထဲတွင် ယင်းအား ‘ ရှောင် ’ ဟု ဖော်ပြထားသည်။
ထိုစဉ် သူ ကျင့်ကြံလိုက်သည်နှင့် သူ့စိတ်ထဲတွင် ရှောင်၏ပုံရိပ် ပေါ်လာပြီး သူ၏အသက်ရှူသံမှာလည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထို့နောက် အနီးအနားလေထဲတွင် လှိုင်းတွန့်ကလေးများ ဖြစ်လာသည်။
ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲ တဖြည်းဖြည်း စီးနင်းဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် ရိုးတွင်းခြင်ဆီ အေးစိမ့်လုမတတ် အအေးလှိုင်းများကို သူ ခံစားနေရပြီး အအေးဓာတ်များ စီးဆင်းသွားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း ရေခဲရေထဲ နစ်မြုပ်သွားသည့်ပမာ ခံစားလိုက်ရသည်။
ရွှီချင်းက အအေးဓာတ်ကို ကြောက်သည်။ သို့သော် သူက ကြိတ်မှိတ်သည်းခံကာ ဇွဲနပဲကြီးစွာဖြင့် ဆက်လက်အံတုနေသည်။
အချိန်အတော်ကြာပြီးနောက် သူသည် ဝါးပေလွှာထဲတွင် ဖော်ပြထားသည့် လိုအပ်ချက်များနှင့် ပြည့်မီသွားပြီး ကျင့်ကြံခြင်းကဏ္ဍ ပြီးဆုံးသွားကာ သူ့ခန္ဓာကိုယ်မှ ချွေးစေးများ စီးကျလာသည်။
မကြာသေးခင်က လင်းတတစ်ကောင်ကို သူ စားထားခဲ့သော်လည်း ဆာလောင်သည့်ခံစားချက် သူ့ရင်ထဲ ပြန်ပေါ်လာသည်။
ရွှီချင်းသည် ချွေးစေးများကို သုတ်၍ သူ့ဗိုက်ကို ပွတ်သပ်ကာ သူ့မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်များဖြင့် ဖျတ်ခနဲ ဝင်းလက်သွားသည်။
ဤပညာရပ်ကို သူ လေ့ကျင့်စဉ်ကတည်းက သူ၏အစာစားလိုစိတ်က သိသိသာသာ တိုးပွားလာခဲ့သည်။ သူ့ခန္ဓာကိုယ်သည်လည်း အတိတ်ကနှင့်ယှဉ်လျှင် ပို၍ ပေါ့ပါးသွက်လက်လာပြီဖြစ်သည်။
ထိုအရာများက ကျင့်ကြံနေစဉ်အတောအတွင်း ပေါ်ပေါက်လာသည့် အအေးဓာတ်ကို အံတုလာနိုင်စေခဲ့သည်။
ထိုစဉ် သူသည် ခေါင်းမော့ကာ အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။
အပြင်ဘက်လောကကြီးတစ်ခုလုံး မှောင်မည်းနေပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသည်သာ သူ့နားထဲတွင် တိုးတိုးတဖန်၊ ကျယ်ကျယ်တလှည့် ကြားနေရသည်။
မည်သည့်အတွက်ကြောင့် သူ ကံကောင်းထောက်မ၍ အသက်ရှင်သွားခဲ့ရသည်ကို သူ နားမလည်ပေ။ ယင်းက ကံကြမ္မာကြောင့်လော သို့မဟုတ် ခရမ်းရောင်အလင်းတန်းကို သူ မြင်တွေ့ခဲ့ရသောကြောင့်ပေလာ။
ထို့ကြောင့် ကျင့်ကြံခြင်းပညာရပ်များအား ရှာဖွေနေသည့် အတောအတွင်း မြို့အရှေ့မြောက်အရပ်ရှိ ခရမ်းရောင်အလင်းတန်း ကျရောက်သွားခဲ့သည့်နေရာကို သူ အတတ်နိုင်ဆုံး ကြိုးစား ရှာဖွေခဲ့သည်။ ကံဆိုးစွာပင် သူ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ရွှီချင်းက စဉ်းစားတွေးတောရင်း အပြင်ဘက်ရှိ ဟိန်းဟောက်သံများအား နားစွင့်နေသည်။ ထို့နောက် နေဝင်ချိန်မရောက်ခင်က နံရံကိုမှီ၍ လှဲနေသော အလောင်းတစ်လောင်းကို သူ ဖျတ်ခနဲ ပြန်တွေးမိသွားကာ သူ့မျက်လုံးများ မှေးသွားသည်။
အလောင်းတည်ရှိရာနေရာသည် အရှေ့မြောက်အရပ်တွင် ရှိနေသည်ဖြစ်ပြီး ယင်းအလောင်းက အသက်ရှင်နေသော လူတစ်ယောက်နှင့် ဆင်တူသည်။
“ အဲဒါက ခရမ်းရောင်အလင်းတန်းနဲ့ ပတ်သက်နေနိုင်မလား ”
ဘာသာပြန်သူမှတ်စု၊ ဤအခန်းတွင် ပါဝင်သော “ ရှောင် “ ဆိုသည့်စကား၏အဓိပ္ပာယ်က“ သေးငယ်သော ” မဟုတ်ဘဲ တရုတ်ဒဏ္ဍာရီများထဲမှ သဘာဝလွန်သတ္တဝါတစ်ကောင် ဖြစ်သည်။
Good