စားပွဲမှ လူကြီးများအားလုံး မျက်နှာ မကောင်းကြပေ။ ရက်အတန်ကြာက သူတို့အားလုံးက ဒွန်ဟိုင်ကျောင်းတော်ရှိ ကျောင်းဆောင်ခုနစ်ခု စုဝေးပွဲကို တက်ရောက်ခဲ့ကြသည်။ ထိုနေရာတွင် ရီဖူရှင်းက ကု့ချင်းမိစ္ဆာ၏ တပည့်တစ်ယောက် အနေဖြင့် သူ့ဆရာ၏ နာမည်ကို လူအများအပြား အမှတ်ရအောင် စွမ်းဆောင်ခဲ့သည်။ သူ့ဆရာအား ရည်စူး၍ သူရဲကောင်းအမည်ရှိ သီချင်းအား လူတိုင်း၏ ရင်ဘတ်ထဲရောက်အောင် ပို့ဆောင်ခဲ့သည်။ ကမ္ဘာကြီး သီချင်းဖြင့် ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါကို ထုတ်ပြခဲ့သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူငယ်များက သူ့ကို ဦးညွှတ်ရ၏။ သူကား ထက်မြက်လွန်းလှသဖြင့် အိမ်ရှေ့စံမင်းသားကပင်လျှင် သူ့အား ဝန်ကြီးချုပ် ခန့်အပ်လိုသော်လည်း သူက ငြင်းပယ်ခဲ့သည်။
ရက်အတန်ကြာလျှင် သည်လူငယ်၏ အနာဂတ်အား ရပ်တန့်စေသော ဧကရာဇ်၏အမိန့်တော်က ဒွန်ဟိုင်မြို့တော်ကို ဝန်ကြီးချုပ်ဟွာနှင့် အတူ ရောက်ရှိလာခဲ့သည်။ သည်နောက်ကွယ်မှ ရည်ရွယ်ချက်ကို လူတိုင်းသိကြသည်။ ထိုအမိန့်တော်အား ငြင်းပယ်သော သည်လူငယ်အတွက် စောင့်ကြိုနေသော လမ်းမှာ တစ်ခုတည်းသာ ရှိသည်။ သူက နန်းမြို့တော်ကို သွားရန် သဘောတူခဲ့လျှင်ပင် ရလဒ်က အတူတူသာလျှင် ဖြစ်ပေမည်။
ယနေ့ ရီဖူရှင်းက နန်ဒူမိသားစုထံကို အတင်း ဝင်ရောက်လာသည်။ သူ့စွမ်းရည်များက ဒွန်ဟိုင်ကျောင်းတော်မှာထက်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခု များစွာသော သဘာဝစွမ်းအင်များက သူ့အား ဝန်းရံထားကြသည်။ ရီဖူရှင်းက ချက်ချင်းပင် များစွာသော မှော်သိုင်းကွက်များအား ထုတ်လွှတ်ကာ နန်ဒူမှ လူငယ်များအားလုံးကို ချက်ချင်း ထိန်းချုပ်ထားသည်။
ထို့အပြင်သူကား မှော်ဂီတစွမ်းရည် အလွန်ထက်မြက်သော လူငယ်ဖြစ်သည်။ သည်လူငယ်ကား နှစ်တစ်ထောင်တွင် တစ်ယောက် မြင်ရခဲသော ပါရမီရှင်ဖြစ်သည်။
ဝန်ကြီးချုပ်ဟွာ၏ မျက်လုံးများတွင် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ အိမ်ရှေ့စံ၏ ခန့်မှန်းချက်များ မှန်ကန်ပေသည်။ ဝန်ကြီးချုပ်ကျို၏ ဟောကိန်းက သည်လူငယ်တွင် အမှန်တကယ် ရှိပုံရကာ သည်နေ့တွင် သည်ကောင်လေးအား သူသတ်ကို သတ်ရတော့မည် ဖြစ်သည်။
နန်ဒူတိုင် တုန်လှုပ်သွားသည်။ ရီဖူရှင်း၏ မွေးရာပါ ပါရမီကား ဟွာဂျီယူအတိုင်းပင်။ အမှန်တကယ်ကား ဟွာဂျီယူ၏ အရည်အချင်းမှာ စိတ်စွမ်းအင်အား အခြေပြု၍ တခြား သဘာဝ စွမ်းအင်များအား လမ်းညွှန်နိုင်ခြင်း ဖြစ်သည်။ သို့သော် ရီဖူရှင်းကား ကွဲပြား ခြားနားသည်။ သူ၏ဓာတ်စွမ်းအင်မျိုးစုံမှာ ညီမျှပြီး အင်အား ကောင်းလှသည်။ များစွာသော သူသုံးလိုက်သော မှော်သိုင်းကွက်များက သက်သေပင်။ မှော်သိုင်းကွက် တစ်ခုစီတိုင်း၏စွမ်းအင်က သူ့တန်ခိုးအဆင့်နှင့် မလိုက်အောင်ပင် အင်အားကြီးမားရကား သူ့ထက်တန်ခိုးအဆင့် အများအပြား မြင့်သော သူများကိုပင်လျှင် အနိုင်ယူနိုင်စွမ်းရှိသည်။
ဒွန်ဟိုင်ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များလည်း တုန်လှုပ်ကြရသည်။ ဟန်မိုနှင့် ကျောင်းချိန်တို့ကလည်း ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ ကြည့်ရသည်မှာ သူတို့က ရီဖူရှင်း၏တကယ့် အစွမ်း အစစ်အမှန်ကို မြင်တွေ့ခဲ့ရခြင်း မရှိခဲ့ကြပေ။ ယခု သူပြနေသည်ကား သူ့စွမ်းအင် အစစ်အမှန်လား။ ကျောင်းချိန်ပင်လျှင် ရီဖူရှင်းကို ကြည့်ကာ အလွန်မနာလို ဖြစ်နေသည်။
ယိချင်ကား ရီဖူရှင်း၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ သူ့ရင်ဘတ်မှာလည်း အလွန်တုန်ခါနေလေပြီ။ သည်အရှက်မဲ့ကာ ဉာဏ်များသော ကောင်လေးကား သည်မျှ မြင့်မားသော ဗီဇပါရမီအား လျှို့ဝှက်ထားသည်။ ယခု သူကား ရေတိမ်နစ်ရပြီ။ ဘုရင်ထံမှ အမိန့်တော်တစ်ခုက သူ့အား သည်မျှရုန်းကန်ရသော အခြေအနေကို ရောက်ရသည်။ သို့တိုင်အောင် သူ့တွင် အသက်ရှင်ရန် မျှော်လင့်ချက် မရှိပေ။
ဟွာဂျီယူက ရီဖူရှင်းကို ငိုကြွေးလျက် ကြည့်နေဆဲပင်။ သူမ၏မျက်ရည်များက တသွင်သွင် စီးဆင်းနေကာ သူမ၏မျက်နှာမှာ တဖြည်းဖြည်း တည်ငြိမ်လာဟန် တူသည်။ မှန်သည်။ သူမက ဆုံးဖြတ်ချက် တစ်ခုအား ခိုင်မာစွာ ချလိုက်ကာ ရီဖူရှင်းထံ သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် နန်ဒူကူက သူမအား တားလိုက်သည်… “မိန်းကလေး…ကျုပ်ကို ခက်ခဲအောင် မလုပ်ပါနဲ့…”
ဟွာဂျီယူက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ နန်ဒူမိသားစုက ဧကရာဇ်၏ အမိန့်တော်ကို လက်ခံလိုက်ကတည်းက သူမကား သည်မိသားစုအတွက် မည်သည့်ခံစားချက်မှ မရှိတော့ပေ။ ထို့နောက် နန်ဒူကူထံမှအကြည့်ကို လွှဲကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက ချက်ချင်း နူးညံ့သိမ်မွေ့သွားသည်။ အကယ်၍ သူတို့က သည်ဘဝတွင် အတူရှိနေရန် ကံကြမ္မာမပါလျှင် နောက်ဘဝတွင် အတူရှိရန် ကြိုးစားမည်သာ ဖြစ်သည်။
ထိုအခိုက်တွင် ရီဖူရှင်းကား မုန်တိုင်း အလယ်တည့်တည့်တွင် ရပ်နေသည်နှင့် တူသည်။ သူက မှော်သိုင်းကွက်များစွာအား အဆက်မပြတ် ထုတ်လွှတ်လိုက်လျှင် အားနည်းသော လူငယ်များမှာ ခုခံနိုင်ဟန်မတူဘဲ အဝေးကို တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ်သွားကြသည်။
ထိုစဉ် ရီဖူရှင်းက လက်အား ဝှေ့ယမ်းလိုက်လျှင် သူ့လက်တွင် ရွှေရောင်နှင်တံ တစ်ချောင်းပေါ်လာသည်။ သူက လေပေါ်ခုန်တက်ကာ နှင်တံဖြင့် မိုး၍ ရိုက်ချလိုက်လျှင် ကောင်းကင်နှစ်ခြမ်း ကွဲသွားသည့်အလား လေထဲမှာ နှစ်ခြမ်းကွဲ ထွက်သွားပြီး နှင့်တံနှင့်အတူ ကြောက်မက်ဖွယ် အားလှိုင်းကြီးတစ်ခု ဆင်းသက်လာသည်။ နှင်တံဆင်းသက် လာသောအခါ သူ့ဘေးပတ်ဝန်းကျင်တွင်လည်း နှင်တံ အရိပ်ထောင်ပေါင်းများစွာ ပေါ်လာကာ ပြင်ပမှ တိုက်ခိုက်မှုများအား ကာကွယ်လိုက်သည်။
မှန်သည်။ ကောင်းကင်ကိုးဆင့်တိုက်၏ ပထမတိုက်ကွက်… မူလအစဖြစ်တည်ခြင်း… ထိုတိုက်ကွက်က ကောင်းကင်အဆင့်ကိုး မှော်ဆရာတစ်ယောက်ထံသို့ တိုက်ရိုက်ဆင်းသက်လာကာ သူ့လမ်းကြောင်းမှ တားဆီးနေသော မှော်သိုင်းကွက်များ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို မှော်ဆရာကား ထိတ်လန့်ချိန်ပင်မရပေ။ နှင်တံ၏ အားလှိုင်းကြောင့်ပင် သူကား အဝေးကို လွင့်စဉ်သွားသည်။
ရီဖူရှင်းက မရပ်တန့်ပေ။ သူ၏အတောင်ပံများ တဖျတ်ဖျတ်ခတ်ကာ သူ့ပုံရိပ်များ နေရာတိုင်းတွင် ပေါ်လာသည်။ ထို့နောက် ထောင်ပေါင်းများစွာသော ရွှေပိုးခြည်မျှင်များနှင့် အဆုံးမရှိသော နွယ်ပင်များစွာကို ထုတ်လွှတ်လိုက်သည်။ နောက်က ကပ်ပါလာသည်ကား ကောင်းကင်ဘုံ ကိုးဆင့်တိုက်ကွက်၏ ဒုတိယ တိုက်ကွက် ဖြစ်သည်။ ထိုတိုက်ကွက်က သူ့ရှေ့မှ အရာအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ခန္ဓာပေါင်းများစွာက နေရာတိုင်းကို လွင့်စဉ်သွားသည်။ နန်ဒူမိသားစုဝင်များ အားလုံးက အံကြိတ်လျက် ထိုအဖြစ်အပျက်များအား ကြည့်နေကြသည်။ သူတို့ မိသားစု၏လူငယ်မျိုးဆက်ကား ရီဖူရှင်းထံတွင် အလွယ်တကူ ရှုံးနိမ့်ကြရသည်။
သူတို့ အမှန်တကယ်ပင် သည်လောက် အားနည်းကြသလော။ ရီဖူရှင်းကား ဒွန်ဟိုင် ကျောင်းတော်တုန်းက အလွန် ရုန့်ရင်းကြမ်းတမ်းခဲ့သည်။ သို့တိုင်အောင် သည်နေ့ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းရည်များအား ထုတ်မပြခဲ့ပေ။ မှန်သည် အချို့သော စွမ်းအားမြင့် ကောင်းကင်အဆင့်ကိုး မှော်ဆရာများက ရီဖူရှင်း၏ အတားအဆီးများအား ထိုးဖောက်ကာ သူ့ကို ထိမှန်အောင် တိုက်ခိုက်နိုင်ကြသော်လည်း သူ့ခန္ဓာကိုယ်က ထိုမှော်တိုက်ကွက်များအား မှုပုံမရပေ။ သူကား ပြိုင်ဘက်ကင်း နတ်ဘုရားအလား အဆက်မပြတ် တိုက်ခိုက်နေသည်။
“ကျောင်းချိန်… သွား…” ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကျောင်းအုပ် ယန်ရှာအိုက ပြောလိုက်သည်။ ကျောင်းချိန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ခေါင်းညိတ်လျက် တိုက်ပွဲနေရာသို့ ပျံသန်းသွားသည်။ သူကား သည်ကောင်ကို ပညာပေးလိုနေပြီး သူ့အား အနိုင်ယူရန် ယုံကြည်မှုရှိခဲ့သည်။ ယခု ရီဖူရှင်းအားကြည့်လျှင် ရီဖူရှင်းကား သူမထင်မှတ် ထားလောက်အောင် အလွန် စွမ်းအားကြီးမား လာနေသည်။ သူ ယုံကြည်မှု မရှိတော့ပေ။ ယခု ရီဖူရှင်း၏ စွမ်းရည်များကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ကျောင်းချိန် တိုက်ပွဲနေရာသို့ ရောက်လာသည်နှင့် ရီဖူရှင်းက ချက်ချင်း သိလိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်နေမှုအား ရပ်လိုက်သည်။ သူ့ဘေးတွင် အရိုက်ခံရသော လူငယ်များမှာ နေရာအနှံ့ ပြန့်ကျဲနေကြသည်။ သူက ကျောင်းချိန်အား အေးစက်စွာ ကြည့်လိုက်သည်။ နှင်တံအား ကိုင်စွဲလျက် သူက ကျောင်းချိန်ထံသို့ လှမ်းသွားလိုက်သည်။ ထိုအခိုက်တွင် ကျောင်းချိန်၏ခန္ဓာမှ ထူးဆန်းသော အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ သူ့မျက်လုံးများ မိစ္ဆာမျက်လုံးများ အသွင်ပြောင်းသွားသည်။ သူ့ထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်အားလှိုင်း တစ်ခုက ရီဖူရှင်း၏ စိတ်ဝိညာဉ် နယ်ပယ်ထဲသို့ တိုးဝင်လာကြကာ ရီဖူရှင်းအား ထိန်းချုပ်ရန် ကြိုးစားကြသည်။ ရီဖူရှင်းက သူ့အား မိစ္ဆာက အပိုင်စိုးရသွားသလို ခံစားလိုက်ရသည်။ သူ့ခြေလှမ်းများက လေးလံလာကာ ရှေ့ကို လှမ်းရန်ပင် ခက်ခဲလာသည်။ သူ့လက်များက မရည်ရွယ်ဘဲ တုန်ယင်လာသည်။ သူ့စွမ်းရည်များကား ထူးဆန်းလွန်းလှသည်။
“မင်းတို့တွေ သွားကြ…” ကျောင်းချိန်က ပြောသည်။ များစွာသော ကောင်းကင်အဆင့်ကိုး တန်ခိုးရှင်များက ရီဖူရှင်းအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံမှ အားပြင်းလှသော စိတ်စွမ်းအင်အားလှိုင်းတစ်ခု ကွဲထွက်လာကာ သူ့အချုပ်အနှောင်များ အားလုံး ပျောက်ကွယ်သွားသည်။ သူက ရှေ့ကို တစ်လှမ်းတိုးလိုက်လျှင် သူ့ကိုယ်ရောင်ကိုယ်ဝါများ တစ်ဖန် ထွန်းလင်းလာပြန်သည်။ သူက ရွှေရောင်နှင်တံအား ဝှေ့ယမ်းက ရှေ့ကို ခုန်ပျံကာ ဝင်လာသည်။ သူက နှင်တံဖြင့် များစွာသော မှော်သိုင်းကွက်များအား ပယ်ဖျက်လိုက်သည်။ သို့သော် ရွှေရောင်နှင်တံလည်း ပျောက်ကွယ်သွား၏။
ကျောင်းချိန်လည်း ရှေ့ကို တက်လာသည်။ သူ့စိတ်စွမ်းအင်များကလည်း တဖြည်းဖြည်း ပိုမို အားကောင်းလာပုံရကာ ကြောက်မက်ဖွယ် ကောင်းလာသည်။
“ဒီမတိုင်ခင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ကမ္ဘာကြီး သီချင်းကို ငါတီးခတ်ခဲ့တယ်… ဒီနေ့ ငါက နန်ဒူမိသားစုအတွက် ထပ်ပြီး တီးခတ်ပေးရတာပေါ့…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူက ထိုသို့ပြောပြီးသည်နှင့် သူ့နောက်ကျော်မှ အလွန်တောက်ပသော အလင်းရောင်များ ပြိုးပြိုးပြက်ပြက် လင်းလာသည်။ ဂီသ သင်္ကေတများစွာက လေထဲတွင် ကခုန်နေကြသည်။ ကု့ချင်းပုံရိပ်တစ်ခု သူ့နောက်တွင် ဖြစ်ပေါ်လာသည်။
“သူ့သက်စောင့်ဝိညာဉ်လား…” လူတိုင်း၏ရင်ဘတ်များ တုန်ခါသွားကြသည်။ သူတို့က ရီဖူရှင်းထံမှ အလွန်လှပကာ ကျက်သရေရှိလှသော နတ်ငှက်ဝိညာဉ်အား မြင်တွေ့ကြပြီး ဖြစ်သည်။ ယခု ကု့ချင်းဝိညာဉ်က သူ့နောက်တွင် ပေါ်လာသည်။
အက်ကွဲသံတစ်ခုကြားကာ နန်ဒူတိုင်၏လက်မှ ဖန်ခွက် ကွဲကြေသွားသည်။ သူကား အလွန် ထိတ်လန့်သွားသည်။ သည်ကောင်လေးတွင် သက်စောင့်ဝိညာဉ်နှစ်ခု ရှိသည်။ ထို့အပြင် ဓာတ်စွမ်းအင် မျိုးစုံအား အသုံးပြုနိုင်သည်။ သူကား ဓာတ်စွမ်းအင်သုံး သက်စောင့်ဝိညာဉ် နှစ်ခုပါသော မှော်ထိန်းချုပ်သူဖြစ်သည်။
နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံမင်းသားမှာ ဘုရင်ဖြစ်ရန် မွေးဖွားလာသူဖြစ်သည်။ သူ့ပါရမီမှာ အလွန်ထူးခြား ထက်မြက်လှပြီး သက်စောင့်ဝိညာဉ် နှစ်မျိုးပါဝင်သည်။ သို့သော် ဓာတ်စွမ်းအင်မျိုးစုံကို မသုံးနိုင်ပေ။ ယခု ရီဖူရှင်းက သူ့တွင် ရှိသော ဗီဇပါရမီများအား ထုတ်ဖော်လိုက်ရာ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ဆိုနိုင်သော လျိုဂျင်လန် ပင်လျှင် မှေးမှိန်သွားရသည်။
လူကြီးများ အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံတွင် ရောက်နေကြသည်။ သူတို့၏ရင်ဘတ်မှ နှလုံးခုန်သံများအား ကိုယ်တိုင်ကြားနေကြရသည်။ သည်ကဲသို့ ပါရမီရှင်မျိုး ဒွန်ဟိုင်မြို့တော်တွင် ထွက်ပေါ်လာမည်ဟု သူတို့ လုံးဝမထင်ထားကြပေ။
ဒွန်ဟိုင်ကျောင်းတော်မှ လူများမှာ ပို၍ တုန်လှုပ်ကြရသည်။ သူတို့က ရီဖူရှင်းအား ကြည့်နေကြသည်။ သည်လူငယ်မှာ လွန်ခဲ့သော လအနည်းငယ်က ဒွန်ဟိုင်ကျောင်းတော်တွင် တက်ရောက်ခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်ကား သူက လာဘ်လာဘကျောင်းဆောင်ကို ရွေးချယ်ခဲ့သည်။
နန်ဒူဝန်ရှန်းကား သူ၏ညီမ နန်ဒူဝန်ယမ်နှင့် အတူရပ်နေသည်။ သူတို့၏ရှေ့တွင် ဟွာဂျီယူဖြစ်သည်။ ရီဖူရှင်းအား သည်ကဲ့သို့ မြင်ရလျှင် နန်ဒူဝန်ရှန်းက ရီဖူရှင်းပြောသည်ကို ပြန်လည် အမှတ်ရမိသည်… “သူမက ဧကရီဘုရင်မဖြစ်လာဖို့ ကံကြမ္မာပါတယ်ဆိုရင် ကျုပ်က ဧကရာဇ်ဖြစ်လာလိမ့်မယ်…” ထိုစကား အမှန်တကယ်လား။
နန်ဒူဝန်ယမ်မှာလည်း သည်ပါရမီရှင် လူငယ်လေးအား မျက်ရည်များဖြင့် ကြည့်နေသည်။ သည်မြင်ကွင်းကား နှစ်ပေါင်းများစွာ အကြာက ဟွာဖန်းလူ၏အဖြစ်နှင့် တူညီလှသည်။ ယနေ့ သူမ၏သမီး ဟွာဂျီယူ ချစ်မြတ်နိုးရသော လူငယ်လေးမှာလည်း ဟွာဖန်းလူနည်းတူ ရုန်းကန်နေရသည်။ သို့သော် သူကား သူ့ဆရာထက်ပင်လျှင် ထူးချွန်၏။ သူကား သူ့ကံကြမ္မာကို တိုက်ခိုက်နေသကဲ့သို့ပင် နန်ဒူနိုင်ငံ၏ ဧကရာဇ်အမိန့်တော်အား ပြန်လည် တိုက်ခိုက်နေသည်။
ရီဖူရှင်းက ထိုလူများအားလုံး၏ အမူအရာများကို လျစ်လျူရှုထားသည်။ သူက မြေပြင်တွင် ထိုင်လိုက်သည်။ သူ၏ကု့ချင်းဝိညာဉ်က သူ့ရှေ့ကို အသာအယာ ကျလာသည်။ သူက ကု့ချင်းပေါ်တွင် လက်တင်ကာ တီးခတ်လိုက်လျှင် မမြင်ရသော အားလှိုင်းတစ်ခု သူ့ကိုယ်မှ စိမ့်ထွက်လာကာ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာသည်။ ထိုအခိုက်တွင် သူကား တစ်ယောက်တည်း ဖြစ်သွားသည်။ မှန်သည် အရာခပ်သိမ်းအား အပေါ်မှ စီးကြည့်နိုင်သော ထိပ်ဆုံးတွင်သာ ရပ်တည်နိုင်သော တည်ရှိမှုမျိုးဖြစ်သည်။ လူအများအပြားက သူ့အား ဦးညွှတ်ကြရသည်။ သူကား ဧကရာဇ်ဖြစ်၏။
သည်တစ်ကြိမ် ရီဖူရှင်း၏ စွမ်းဆောင်ရည်ကား ဒွန်ဟိုင်ကျောင်းတော် တုန်းကထက်ပင် အံ့ဖွယ်ကောင်းလှသည်။ သူ၏ သက်စောင့်ဝိညာဉ်၏ ထောက်ပံ့မှုကြောင့် ထိတ်လန့်ဖွယ် သဘာဝစွမ်းအင် မုန်တိုင်းက ကြောက်မက်ဖွယ် ကောင်းအောင် လှည့်ပတ်နေကြကာ ကျောင်းချိန်၏ တိုက်ကွက်များအား ပျက်စီးစေသည်။
ကျောင်းချိန် ဒေါသထွက်သွားသည်။ သူ၏စိတ်စွမ်းအင် တိုက်ခိုက်မှုက ထိုမုန်တိုင်းအား ကျော်ဖြတ်နိုင်စွမ်း မရှိပေ။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား ရီဖူရှင်း၏ ဂီတသံစဉ်များက သူ့နားမှတစ်ဆင့် သူ့စိတ်ဝိညာဉ် နယ်ပယ်ကို ဝင်ရောက် တိုက်ခိုက်လာကြခြင်းပင်။ ထို့အတူ သဘာဝစွမ်းအင် မုန်တိုင်းကလည်း သူ့ထံ ကျရောက်လာသည်။ ဧကရာဇ်တစ်ပါး ကောင်းကင်မှ ဆင်းသက်လာသလို ထိုအရာက ကျောင်းချိန်၏ စိတ်နယ်ပယ်ထဲတွင် အမှတ်အသားလုပ်ကာ ရီဖူရှင်းထံသို့ ဦးညွှတ်စေလိုပုံရသည်။
ရီဖူရှင်း၏ ပတ်ဝန်းကျင်မှ စွမ်းအားမြင့် လူငယ်များမှာလည်း သူတို့၏ စိတ်နယ်ပယ်ထဲတွင် ထူးဆန်းသော မြင်ကွင်းများအား မြင်နေရသည်။ သူတို့က ရီဖူရှင်းအား ကြည့်လိုက်လျက် သာမန်လူငယ်အဖြစ် မမြင်ကြတော့။ ထိုအစား သူကား ဧကရာဇ်ငယ်တစ်ပါးနှင့် တူနေသည်။ သူက မြေပြင်တွင် ထိုင်နေပုံရသော်လည်း သူတို့အားလုံးကို ဦးညွှတ်စေလိုသော စိတ်က သူတို့အား တဖြည်းဖြည်း ကြီးစိုးလာသည်။
“ဧကရာဇ်၏ အရှိန်အဝါ…” လူတိုင်းက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူ့ထံတွင် တစ်ဖန် ဧကရာဇ်၏ အရှိန်အဝါအား မြင်နေကြရသည်။ သူက တစ်ကမ္ဘာလုံးအား သူ့လက်အောက်ကို ခစားစေလိုသည်။
နောက်ဆုံးအကြိမ် ဒွန်ဟိုင်ကျောင်းတော်တွင် သူက အိမ်ရှေ့စံအား ကမ္ဘာကြီး သီချင်းကို တီးခတ်ပေးခဲ့သည်။ ယနေ့ သူက မိမိကိုယ်ကို တီးခတ်နေခြင်းလော။ မည်သူက ဧကရာဇ်နည်း။ နန်ဒူမိသားစုမှ အားနည်းသော လူငယ်များမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းငှာ မတတ်နိုင်ကြတော့။ သူတို့ကား ဂီတသံစဉ်၏လွှမ်းမိုးမှုကို ခံနေရကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့။ စွမ်းအားကောင်းသော သူများက နောက်ဆုတ်ကြရပြီး တိုက်ပွဲနေရာမှ ထွက်ပြေးကြသည်။ ကျောင်းချိန်၏ အမူအရာမှာလည်း နက်မှောင်သွားပြီး ထိုနေရာမှ နောက်ဆုတ်သွားသည်။ ထိုနေရာတွင် ဒူးထောက် ဦးညွှတ်နေကြသော လူငယ်များနှင့် အလယ်တွင် ကု့ချင်းအား အေးဆေးစွာ တီးခတ်နေသော ဧကရာဇ်ငယ်အလား အရှိန်အဝါဖြင့် ရီဖူရှင်းတို့သာ ကျန်နေခဲ့သည်။
ဝန်ကြီးချုပ်ဟွာ၏ မျက်နှာမှာ အလွန်အရုပ်ဆိုး အကျည်းတန်နေပြီ ဖြစ်သည်။ သူ၏မျက်လုံးများက အလွန်စူးရှနေသည်။ သည်ကောင်လေးကား သတ်ကို သတ်ရမည့်သူဖြစ်သည်။
ဂီတက တဖြည်းဖြည်း ရပ်တန့်သွားသလို ဘေးနားမှ လူငယ်များမှာလည်း နိုးထနိုင်စွမ်း မရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲသွားကြသည်။ ထို့နောက် သူက နန်ဒူတိုင်ကို ကြည့်လျက် ပြောလိုက်သည်… “ခင်ဗျားက ဟွာဂျီယူရဲ့ ကံကြမ္မာကို သိတယ်… ဒါဆို ကျုပ်ရဲ့ ကြမ္မာကရော ဘာလဲ…”
**