မှော်တိုက်ကွက်များက ရီဖူရှင်းထံ အဆက်မပြတ် တိုက်ခိုက်လာကြသော်လည်း သူ့အနီးသို့ ရောက်တိုင်း မီးတောက်မီးလျှံများ၏ ဝါးမျိုခြင်းကို ခံလိုက်ကြရသည်။ ရီဖူရှင်း၏ တောဇောလက်ဝါးကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူ့လက်ဝါးနှင့် ထိမိသည့် အရာတိုင်း အမှုန့်အဖြစ် ပြောင်းလဲသွားရသည်။ အကယ်၍ ရီဖူရှင်းက နန်ဒူမူကို သက်ညှာပေးခြင်း မရှိခဲ့ပါက သူ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားမည် ဖြစ်သည်။
နန်ဒူမိသားစုဝင်များက သူတို့၏တိုက်ခိုက်မှု မှန်သမျှ ရီဖူရှင်းက အလွယ်တကူ ပယ်ဖျက်နိုင်သည်ကို မြင်လျှင် သူတို့၏ အမူအရာများ နက်မှောင်သွားသည်။ အဘယ်ကဲ့သို့သော သိုင်းပညာပေနည်း။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သာမန် မှော်သိုင်းကွက်များက ရီဖူရှင်းအား မည်သို့မှ သက်ရောက်မှု မရှိသည်ကိုသူတို့ သိလိုက်ကြပြီ ဖြစ်သည်။ မှော်ပညာရှင်ဖြစ်ဖြစ် သိုင်းပညာရှင်ဖြစ်ဖြစ် ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်မှာ ရီဖူရှင်းအတွက် လွယ်ကူလွန်းလှသည်။
ထိုစဉ်မှာပင် လေဓာတ်စွမ်းအင်များ ရီဖူရှင်းကိုယ်တွင် လှည့်ပတ်လာကာ သူ့နောက်တွင် ရွှေရောင် နတ်ငှက်ဝိညာဉ် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ အတောင်ပံများအား ခတ်လိုက်လျှင် အလွန် လျင်မြန်လွန်းလှစွာ သူ့ရှေ့မှ လူငယ်တစ်ဦးထံသို့ တိုးဝင်သွားသည်။
မှော်ဆရာ လူငယ်တစ်ယောက်က ရီဖူရှင်းအား အဝေးမှ တိုက်ခိုက်နေစဉ်မှာပင် ရီဖူရှင်းက သူ့ထံ လျင်မြန်စွာ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ မှော်ဆရာလူငယ်က လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လေဓာတ်စွမ်းအင်။ သူ့နတ်ငှက်ဝိညာဉ် အထောက်အပံ့များကြောင့် ရီဖူရှင်းကား လျင်မြန်လွန်းရကား ထိုလူငယ်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လူငယ်၏ ပခုံးအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကျယ်လောင်သော အရိုးကျိုးအက်သံ တစ်ချက်ကြားလိုက်ရကာ ထိုလူငယ်က ကောင်းကင်မှနေ၍ မြေပြင်သို့ ပြင်းထန်စွာ ကျသည်။
ထိုစဉ် လျှပ်စီးငှက်တစ်ကောင်က ရီဖူရှင်းထံ ပျံသန်းလာနေသည်။ လျှပ်စီးများ ဝန်းရံထားသော ငှက်ကြီးက ရီဖူရှင်းကို တိုက်ခိုက်ရန် အဆင်သင့်ပင်။ သို့သော် ရီဖူရှင်း၏ လက်ဝါးက မည်သည့်အရာကိုမှ မှုပုံမရပေ။ ရှေသို့တိုးဝင်လာနေသော လျှပ်စီးငှက်ကြီးအား လက်ဝါးဖြင့် နှစ်ခြမ်းခွဲ ပစ်လိုက်ကာ ရှေ့ကို ဆက်လှမ်းလိုက်သည်။
ထိုစဉ် တခြား လူငယ်သုံးယောက်က ရီဖူရှင်းထံ ဆက်တိုက်တိုးဝင် လာနေကြသည်။ သူတို့၏ ခန္ဓာကိုယ်အား လေဓာတ်စွမ်းအင်များ လှည့်ပတ်ထားသည်။ သူတို့က လေဓာတ်စွမ်းအင်များအား အထောက်အကူပြုလျက် ရီဖူရှင်းအနီးသို့ ကပ်လာကြကာ ရီဖူရှင်းအား သုံးပွင့်ဆိုင် ဝန်းရံလိုက်ကြသည်။ ထို့နောက် သူတို့က တစ်ချိန်တည်းမှာပင် သူတို့၏ အထက်မြက်ဆုံးသော တိုက်ကွက်ဖြင့် တိုက်ခိုက်ကြသည်။ ချွန်ထက်သော လှံတံတစ်ချောင်းက သူ့နှလုံးကို ဦးတည်နေသည်။ သားရဲကောင်ကြီးကဲ့သို့ အားအဟုန်ပါနေသော လက်ဝါးရိုက်ချက်များ ပါဝင်သည်။ လက်ဝါးရိုက်ချက်တိုင်းက ကျားတစ်ကောင်၏အားများ ပါဝင်သည်။ ထို့အပြင် ရေဓာတ်စွမ်းအင်သုံး မှော်သိုင်းကွက်လည်း ပါဝင်သည်။ ကြောက်မက်ဖွယ် ရေခဲမုန်တိုင်းက ရီဖူရှင်းအား အေးခဲသွားစေရန် တဖြည်းဖြည်း လှည့်လွှမ်းခြုံလာနေသည်။
ထိုလူငယ် သုံးယောက်လုံးမှာ မှော်ပညာနှင့် သိုင်းပညာ နှစ်မျိုးလုံးအား ကျွမ်းကျင်သူများ ဖြစ်ကြသည်။ နှစ်ယောက်မှာ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ဖြစ်ပြီး တစ်ယောက်မှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ဖြစ်သည်။
နတ်ငှက်က လေထဲတွင် ကခုန်လိုက်လျှင် ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို၍ တောက်ပလာသည်။ ဘန်း… ဘန်း… ဘန်း… မြည်သံသုံးချက် ကြားလိုက်ရကာ ထိုလူငယ်သုံးယောက် လွင့်စင်သွားပြီး သူတို့၏တိုက်ကွက်များလည်း ပျက်စီးသွားရသည်။ ရီဖူရှင်းက ရပ်တန့်ခြင်းမရှိပဲ နန်းတော်ထဲသို့ ဝင်လိုက်သည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ရီဖူရှင်းထံ တိုးဝင်လာနေကြသော်လည်း သူတို့အားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် ဘေးဘက်ကို လွင့်စဉ်နေကြသည်။ နန်းတော်ထဲတွင်ကား လူငယ်များ၏နာကျင်စွာ အော်ဟစ်သံများ။ သွေးများဖြင့် အရာအားလုံး ဖရိုဖရဲ ဖြစ်နေကြသည်။
နန်ဒူနန်းတော်တွင်ကား ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာနေသည်။ ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် လူငယ်တစ်ယောက်က နန်းတော်ထဲသို့ ဝင်လာနေပြီး ဘေးပတ်ပတ်လည်မှ လူငယ်များ အများအပြား ဝန်းရံလျက် လိုက်ပါလာကြသည်။ သူတို့က အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်နေကြဟန် တူသော်လည်း သူတို့သာလျှင် ဘေးဘက်ကို လွင့်စဉ်သွားကြသည်သာ ဖြစ်သည်။ လမ်းတစ်ဝက်လောက် ရောက်လာပြီး နောက်ပိုင်းတွင် သူတို့က တိုက်ခိုက်ရန် စိုးရွံ့လာကြကာ တွန့်ဆုတ်စွာဖြင့် မနီးမဝေးမှ လိုက်လာကြရသည်။ မည်သူမှ မတိုက်ခိုက်ရဲကြတော့။ မှော်ဆရာများပင်လျှင် အဝေးမှ မှော်တိုက်ကွက်အား ထုတ်လွှတ်ရန် စိုးရွံ့နေကြပြီဖြစ်သည်။ သူတို့က အဝေးမှ တိုက်ခိုက်လျှင် ဖူရှင်းက လျင်မြန်စွာ သူတို့ရှေ့ကို ရောက်လာတတ်သဖြင့် မကြိုးစားရဲကြတော့။
နန်ဒူမှ လူများက သူ့နောက်မှ လိုက်လာကြပြီး ရီဖူရှင်းက ရှေ့ကို ဆက်လက် တိုးဝင်သွားသည်။ သူတို့၏မျက်နှာများတွင် မည်မျှ အလေးအနက်ထားသည်ကို တွေ့နိုင်သော်လည်း စိတ်ထဲတွင်ကား အလွန် အရှက်ရနေကြပြီ ဖြစ်သည်။ ယခု သည်လူငယ်မှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့ သိလိုက်ကြပြီဖြစ်သည်။
နန်ဒူမှ လူကြီးများ၏ မျက်နှာများမှာလည်း မည်းမှောင်နေကြသည်။ ရီဖူရှင်းအား နန်းတော်ထဲသို့ သည်အတိုင်း ဝင်ခွင့်ပေးရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ လူငယ်များထဲမှ မည်သူမှ ရီဖူရှင်းကို တားနိုင်ကြဟန်မတူပေ။
လူကြီးတစ်ယောက်က ရီဖူရှင်းကို တားရန် ဟန်ပြင်လိုက်သည်။ သို့သော် အခြေအနေကို ကြည့်နေသော ယိချန်က အေးစက်စွာ ပြောလိုက်သည်… “နန်ဒူမိသားစုက အရင်တုန်းက တော်ဝင်မိသားစုပဲ… မင်းဘာမှ မလုပ်တာ ကောင်းလိမ့်မယ်… မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်သင့်တယ်…” အကယ်၍ လူကြီးတစ်ယောက်က သည်အချိန်တွင် ဝင်တားလျှင် အလွန်အရှက်ရဖွယ်ရာ ဖြစ်သည်။ ရီဖူရှင်းက ကောင်းကင်အဆင့် ကိုသာလျှင် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
သတင်းအား ကြားပြီး နန်ဒူနန်းတော်မှ လူငယ်များ ပိုမို၍ ရောက်ရှိလာကြသည်။ အတော်များများမှာ အလွန်ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးမှာ သူတို့၏ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်ရသည်။ ရီဖူရှင်းက ကောင်းကင်အဆင့် တန်ခိုးရှင်များ အားလုံးကို စိန်ခေါ်ခဲ့ကာ သူတို့အားလုံးအား အလွယ်တကူ အနိုင်ရခဲ့သည်။ နန်ဒူမိသားစုအတွက် အလွန်ရှက်စရာ ကောင်းလှသည်။ ထို့အပြင် သူတို့က ယခု သူ့ကို မတားနိုင်လျှင် ရီဖူရှင်းက စားပွဲနေရာသို့ ရောက်သွားတော့မည် ဖြစ်သည်။
ထိုစဉ်မှာပင် လူငယ်တစ်ယောက်က ရီဖူရှင်း၏လမ်းအား ပိတ်ဆို့ကာ အော်ဟစ်လိုက်သည်… “ရပ်စမ်း…”။ သူကား ကြယ်ကိုးပွင့် ကောင်းကင်အဆင့် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ဂရုစိုက်ဟန် မတူဘဲ ရှေ့ကို ဆက်တိုးသွားလိုက်သည်။
ထိုလူငယ်က ဟိန်းသံတစ်ချက် ပေးလိုက်ကာ သဘာဝစွမ်းအင်များအား စုစည်းလိုက်သည်။ ထိုစဉ်မှာပင် သူ့လက်တွင် ရှည်မျောမျော ရွှေရောင်လက်နက်ဆန်း တစ်ခုပေါ်လာပြီး လေထုကို ခွဲ၍ ရီဖူရှင်းထံ ပိုင်းဖြတ်လိုက်သည်။
ဘုန်း…ရီဖူရှင်းက ရှေ့ကို တစ်လှမ်းလှမ်းလိုက်လျှင် စွမ်းအင်များက သူ့ကိုယ်တွင် အတိုင်းအဆမဲ့ စုစည်းလာနေကြကာ အလင်း၏ အလျင်နှုန်းနှင့် ပြိုင်ဘက်ထံကို တိုးဝင်လိုက်သည်။ ထိုလူငယ်၏လက်နက်ဆန်းက ဆူညံသော အသံကို ပေးကာ လျင်မြန်စွာ လှည့်ပတ်လာနေပြီး ရီဖူရှင်းထံ ရောက်ရှိလာသည်။
ဘန်း…လက်နက်ဆန်းက ရီဖူရှင်း၏ လက်ဝါးနှင့် ထိလျှင် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ ရီဖူရှင်းက သူ့အနီးကို တိုးကပ်သွားလျှင် ထိုလူငယ်က တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် ရီဖူရှင်းက အချိန်မဖြုန်းလိုပေ။ သူက ထိုလူငယ်အား လည်ပင်းမှ ဆုပ်ကိုင်ကာ ဘေးဘက်ကို ပစ်ပေါက်လိုက်သည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့်မှာလည်း ပုရွက်ဆိတ် တစ်ကောင်လိုပင် ရီဖူရှင်းထံတွင် လွှင့်ပစ်ခံလိုက်ရပြန်သည်။ သူ့လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် အရာအားလုံးကို ဖျက်ဆီးနိုင်ပေသည်။
နန်ဒူနန်းတော်မှ လူများအားလုံး ထိတ်လန့်နေကြပြီ ဖြစ်သည်။ သူတို့ နန်ဒူမိသားစုတွင် အလွန်ကျော်ကြားသော ပါရမီရှင် ကြယ်ကိုးပွင့် ကောင်းကင်အဆင့်မှာလည်း ရီဖူရှင်းကို တားဆီးနိုင်စွမ်းမရှိပေ။
ရီဖူရှင်းက သူ့ရွှေရောင် အတောင်ပံများအား ဖြန့်ကာ ရှေ့ကို ပြေးသွားရင်း အရှိန်မြှင့်လိုက်သည်။
“သူ့ကို တားစမ်း…” တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ရီဖူရှင်းက ရပ်တန့်နေကာ တိုက်ခိုက်ရန် စိတ်ကူးရှိပုံမရပေ။ သူရှေ့ကို ပြေးသွားလျှင် သူ့နောက်မှ နတ်ငှက် ဝိညာဉ်ကလည်း လိုက်ပါလာသည်။ သူ့အား လမ်းတစ်လျှောက်မှ တားဆီးရန် ကြိုးစားကြသူများမှာလည်း ပြန်လည် လွင့်စဉ်သွားသည်သာ ဖြစ်၏။
နောက်ဆုံးတွင် စားပွဲမှ လူများက အဝေးမှ ပြေးလာသော လူအုပ်ကြီးအား မြင်လိုက်ရသည်။ သူတို့အားလုံး၏အကြည့်က ရီဖူရှင်းထံ ရောက်သွားသည်။ နန်ဒူတိုင်နှင့် နန်ဒူနန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များက မည်သို့လုပ်ရမည် မသိပေ။ သို့သော်လည်း ဧည့်သည်များကမူ ကျိတ်၍ စိတ်လှုပ်ရှားနေကြသည်။ သည်လူငယ်ကား အလွန် ထက်မြက်သည်။ ဒွန်ဟိုင်ကျောင်းဆောင် ခုနစ်ခု စုဝေးပွဲတွင် လူတိုင်းက သူ့အရည်အချင်းကို အသိအမှတ် ပြုကြရသည်။ ယခု သူက နန်ဒူနန်းတော်ထဲကို ဝင်ရောက်လာသည်။ သူ့အား တားဆီးသူ မှန်သမျှအား နတ်ဘုရား ငယ်တစ်ပါးလို အရာအားလုံးအား ဖယ်ရှား၍ သူရည်ရွယ်ရာ ပန်းတိုင်သို့ လှမ်းလာနေသည်။
မည်မျှ စိတ်မကောင်းစရာ မြင်ကွင်းပေနည်း။ ဧည့်သည်အများစုက သူတို့ကိုယ် သူတို့ တွေးမိကြသည်။ သည်မျှ ထက်မြက်သော လူငယ်မှာ နန်ဒူနန်းတော်ထဲကို တိုက်ခိုက်၍ ဝင်ရောက်လာသည်။ သူကား ဧကရာဇ်၏ အမိန့်တော်ကို သွေဖည်ရန် ကြိုးစားနေ၏။
ဝန်ကြီးချုပ်ဟွာက ဝိုင်ဖန်ခွက်အား ဆုပ်ကိုင်ကာ လူသတ်လိုသော အရိပ်အငွေ့များ သူ့မျက်လုံးတွင် ပြည့်နှက်နေသည်။ သူက သေဆုံးပြီးသား လူတစ်ယောက်ကို မြင်နေသကဲ့သို့ပင် သို့သော်လည်း သည်အဖြစ်အပျက်မှာ သူမျှော်လင့်ထားပြီးသားဖြစ်သည်။
ထိုအချိန်တွင် နန်ဒူနန်းတော်ထဲသို့ လူနှစ်ယောက် ရောက်ရှိလာကြသည်။ သူတို့မှာ နန်ဒူဝန်ယမ်နှင့် ဟွာဂျီယူတို့ဖြစ်ကြသည်။ ဟွာဂျီယူက မျက်ရည်များ တသွင်သွင် စီးကျနေသော မျက်လုံးဝိုင်းများဖြင့် ရီဖူရှင်းကို ကြည့်နေသည်။ သူမ၏ရင်ထဲတွင် အလွန်နာကျင်လှသည်။
ရီဖူရှင်းက ခန်းမကျယ်ကြီးထဲရှိ လေထဲတွင် အတောင်ပံများ တဖျတ်ဖျတ် ခတ်လျက် စားပွဲဝိုင်းထိပ်တွင် ထိုင်နေသာ လူအား ကြည့်လိုက်သည်။ ထို့နောက် သူက ဟွာဂျီယူအား ကြည့်လိုက်ပြီး ပြောလိုက်သည်… “မြေခွေးမ…ငါရောက်လာပြီ…”
“အရူး…” ဟွာဂျီယူက ပြောကာ ငိုသည်။ ဝန်ကြီးချုပ်ဟွာက သည်ကိစ္စအတွက် ဧကရာဇ်၏အမိန့်တော်ကို ကိုင်လျက် ရောက်လာခြင်းဖြစ်သည်။ သူ့တွင် ကောင်းမွန်သော အကြံအစည်ဖြင့် လာရောက်ခြင်း မဟုတ်ပေ။ အကယ်၍ သူတို့က ဧကရာဇ်၏အမိန့်ကို ဖီဆန်ခဲ့ပါက သူတို့နှစ်ယောက်လုံးကို သတ်ရန် လက်တွန့်နေမည် မဟုတ်ပေ။
“သူ့ကို ထိန်းချုပ်ထားစမ်း…” နန်ဒူတိုင်က အမိန့်ပေးလိုက်သည်။ အစွမ်းထက်သော လူငယ်အများအပြားက ရီဖူရှင်းထံ ပြေးဝင်သွားကြသည်။ သာမန် လူငယ်များကလည်း သူတို့နောက်မှ လိုက်သွားကြသည်။ သူတို့အားလုံးက ရီဖူရှင်း သည်နေရာအထိ ရောက်လာသည်ကို အံ့သြကြရသည်။ တခြားလူငယ်များက သူ့ကို မတားဆီးကြသလော။
+
ဘုန်း… ထိုနေရာတစ်ခုလုံး သဘာဝစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ နန်ဒူမိသားစုအတွင်း အရှက်ရနေကြသော လူငယ်များအားလုံးက သဘာဝစွမ်းအင် လှိုင်းလုံးကြီးများပင် ဖြစ်ပေါ်လာစေအောင် တစ်ပြိုင်နက်တည်း မှော်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြသည်။ ယခု ကောင်းကင်အဆင့် တန်ခိုးရှင်များ အားလုံးက ပူးပေါင်း၍ ရီဖူရှင်းကို တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ သူတို့ သည်ထက် သည်းမခံနိုင်တော့။
အသံများ ဆူညံသွားပြီး သစ်သားဓာတ် စွမ်းအင်များ ထွက်ပေါ်လာကာ ရီဖူရှင်းထံ နွယ်ပင်များ ပြေးဝင်သွားကြသည်။ နွယ်ပင်များက တည်နေရာ အများအပြားမှ ရီဖူရှင်းထံ စုပြုံ၍ ဝင်လာကြသလို တခြား ဓာတ်သဘာဝ စွမ်းအင်သုံး တန်ခိုးရှင်များကလည်း ရီဖူရှင်းထံ ပြေးဝင်လာကြသည်။
ဘုန်း…လျှပ်စီးတန်းတစ်ခုက ရီဖူရှင်းကို ထိသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းတစ်ကိုယ်လုံး အလွန်တောက်ပသော အလင်းရောင်များ လွှမ်းခြုံသွားသည်။ ထို့အတူ သူ့ပတ်ဝန်းကျင်များက နက်မှောင်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ထိုင်းမှိုင်းသွားသည်။
“မိုးကြိုးအား ဆင့်ခေါ်ခြင်း…” သူ့ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးနှင့် မိုးကြိုးများ ပြည့်နှက်သွားသည်။ ထို့နောက် ကောင်းကင်မှ လျှပ်စီးများ အဆက်မပြတ် ဆင်းသက်လာကြကာ ဘေးပတ်ဝန်းကျင်မှ လူငယ်များအား ဆက်တိုက်ပင် ပြစ်ချလေသည်။
“လျှပ်စီးသဘာဝစွမ်းအင်…” လူတိုင်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
မာန်သွင်းသံ တစ်ချက်ပေးလိုက်လျှင် ရီဖူရှင်းအား မီးလျှံမီးတောက်များ ချက်ချင်း ဖုံးလွှမ်းသွားသည်။ မီးနဂါးများ အများအပြား သူ့ဘေးတွင် ဖြစ်ပေါ်လာနေကြကာ သူ့ကိုယ်အား လှည့်ပတ်လာနေကြသည်။ ထို့နောက် ထိုမီးနဂါးများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြကာ ဘေးမှ လူငယ်များထံ ပြေးဝင်သွားကြသည်။
“မီးဓာတ်စွမ်းအင်…” ပရိသတ်များက အံ့သြတကြီး အော်မိကြသည်။
“ရွှေပိုးခြည်မျှင်များ ခွဲဖြာထွက်ခြင်း…” ရီဖူရှင်းက အော်ဟစ်လိုက်လျှင် ထောင်ပေါင်းများစွာသော ပိုးခြည်မျှင်များက လေထုကို ခွဲ၍ အရံအတားများ ဖန်တီးကြသည်။
“မြေဆွဲအားဖြင့် ကခုန်ခြင်း…” ရီဖူရှင်းက ထပ်ပြောလိုက်သည်။ ချက်ချင်းပင် ထိုပတ်ဝန်းကျင် တစ်ခုလုံး မြေဓာတ်သဘာဝ စွမ်းအင်များ ပြည့်နှက်သွားကာ လူတိုင်း၏ ခန္ဓာကိုယ်များအား မြေပြင်က အားကောင်းစွာ ဆွဲထားကြကာ သူတို့ခန္ဓာကိုယ်များ အလွန်လေးလံလာကြသည်။ သည်ကဲ့သို့သော မြေဆွဲအား မှော်သိုင်းကွက်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သည်စွမ်းအင်များက သူတို့အားလုံး၏ လှုပ်ရှားမှုများအား ရပ်တန့်စေသည်။
ရီဖူရှင်းအား ကြည့်ကာ ထိုစွမ်းအားမြင့်သော ပရိသတ်များ။ နန်းဒူမှ လူကြီးများ အားလုံး ထိတ်လန့်သွားကြသည်။
သူကား ဓာတ်စွမ်းအင် အားလုံး သုံးနိုင်သော မှော်ထိန်းချုပ်သူဖြစ်သည်။