မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့၏ သူ့အား ခေါ်ဝေါ်ပုံကိုကြားလိုက်ရသောအခါ သူ၏အပြုံးမှာ ပို၍ပင် နူးညံ့သိမ်မွေ့သွားတော့သည်။ ထို့နောက် အချိန်နှင့် အာကာသကြီးကို ကျော်ဖြတ်လာသကဲ့သို့ ဖြစ်နေသည့် သူ၏ စကားသံကြီးမှာ ပညာရပ်တစ်သောင်းအဆောင်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” မင်း သတိထားမိသွားပြီလား ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် သူ၏ရှေ့တွင်ရှိနေသော အရာအားလုံးမှာ အိပ်မက်ကြီးတစ်ခု ဖြစ်ကာ ပြည်ထောင်စုကြီးနှင့် ပတ်သတ်သည့် သူ၏ မှတ်ဉာဏ်များမှာ အစစ်အမှန်များ ဖြစ်နေနိုင်ကြောင်း ရိပ်မိသွားပြီဖြစ်သည်။ သို့သော် မင်ခွန်းကျိ၏ စကားကိုကြားလိုက်ရသောအခါ သူ၏ နှလုံးသားထဲ၌ အံ့ဩတုန်လှုပ်သွားရဆဲပင်။
” ကျနော်…. ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်ကာ သူ၏ ပတ်ပတ်လည်ရှိ အဆောက်အဦများအား ကြည့်လိုက်၏။ ၎င်းတို့မှာ မင်ခွန်းကျိကဲ့သို့ပင် မှေးမှိန်
ပျောက်ကွယ်နေကြပြီဖြစ်ပြီး သူသည် ၎င်းတို့အား ထိုးဖောက်မြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အပြင်ဘက်တွင်ရှိနေသော တောင်တန်းများနှင့် နန်းတော်များကို လှမ်း၍မြင်နေရ၏။ ထို့အပြင် ကြီးမားကျယ်ပြောလွန်းလှသည့် မိုးကောင်းကင်ကြီးနှင့် အဖြူရောင်တိမ်တိုက်များအပြင် သူနှင့် ခင်မင်ရင်းနှီးသော အမှောင်ဂိုဏ်းသားများ၏ လူရိပ်များ လေပေါ်သို့ ခုန်တက်ကာ ဟိုဟိုသည်သည် လှုပ်ရှားသွားလာနေကြသည်ကိုလည်း မြင်လိုက်ရသည်။
ထို့အပြင် ခပ်လှမ်းလှမ်းမှ အမှောင်ဂိုဏ်း၏ ခေါင်းလောင်းသံများကိုလည်း သူ၏ နားထဲ၌ ခပ်ရေးရေးခန့် ကြားနေရ၏။ သူသည် သူ ရုပ်အလောင်းမျက်နှာများ ရေးဆွဲနေသည့်မြင်ကွင်းများနှင့် အခြားမြင်ကွင်းများကိုပါ သူ၏ရှေ့၌ ပေါ်လာအောင် စိတ်ကူးပုံဖော်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် မေးလိုက်၏ ” ဆရာ။ ဒါ အမှောင်အိပ်မက်တစ်ခုလား ”
မင်ခွန်းကျိကမူ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူ၏ အပြုံးမှာ ပို၍ပင် နူးညံ့သိမ်မွေ့လာပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း ပို၍ပင် မှေးမှိန်လာရတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ညာဘက်လက်ကို မြှောက်လိုက်သောအခါမှုန်ဝါးဝါးဖြစ်နေသော သူ၏ အင်္ကျီလက်များထဲမှ အနက်ရောင် အလင်းရောင်သုံးခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ရှေ့၌ ရစ်ဝဲနေ၏။
ထို အလင်းရောင်တစ်ခုချင်းစီတိုင်းမှာ လက်သီးဆုပ်အရွယ်အစား ရှိကြ၏။ သို့သော် ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများနှင့် စွမ်းအင်လှိုင်းများမှာ အားကောင်းလွန်းနေသောကြောင့် အပြင်ဘက်သို့ ပျံ့ထွက်လာနေ၏။ ထို စွမ်းအင်များထဲတွင် ဥပဒေသများနှင့် သက်ဆိုင်သည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။
သူသည် သေသေချာချာ ကြည့်ရှုလိုက်သောအခါ ထိုအနက်ရောင်အလင်းရောင် တစ်ခုချင်းစီထဲတွင် လှေကလေးတစ်စင်း၊ အနက်ရောင်ဝတ်ရုံတစ်ခုနှင့် မီးအိမ်လှော်တက်တစ်ချောင်း ရှိနေသည်ကို မြင်လိုက်ရ၏။
” ငါတို့ အမှောင်ဂိုဏ်းသားတွေက ထာဝရဝိညာဉ်အဆင့်ကို ရောက်ပြီးမှ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာခွင့်ရှိတာ။ အဲအချိန်ကျရင် သူတို့တွေက ဒီစကြဝဠာကြီးထဲမှ ဝိညာဉ်တွေကို လမ်းပြပေးနိုင်ဖို့အတွက် အမှောင်အဆောင်ပစ္စည်းသုံးခုကို ရတယ်။ အခုကတော့ ခေတ်တွေက မတူတော့ဘူးပေါ့။ မိုးကောင်းကင်တာအိုက ပျက်သုဉ်းသွားခဲ့ပြီမလို့ ဒီ စည်းမျဉ်းတွေနဲ့ ဥပဒေတွေကလည်း အကျုံးမဝင်တော့ဘူး ”
မင်ခွန်းကျိက တိုးတိုးလေးဆိုလိုက်၏။ သူ၏ ရှေးဆန်သော စကားသံကြီးမှာ ပို၍ပင် အားပျော့လာ၏။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ ထို အနက်ရောင် အလင်းရောင်သုံးခုမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ သူတို့မှာ သူ၏ အမှောင်အမြုတေထဲသို့ ဝင်ရောက်သွားကြပြီနောက် အမှောင်အချုပ်အနှောင်သုံးခုအဖြစ် ပြောင်းလဲသွား၏။
” မင်း သန့်စင်ခဲ့တဲ့ ဝိညာဉ်သုံးခုကို ဆရာ ဒီ အမှောင်အဆောင်စ္စည်းထဲ ထည့်ပြီးတော့ အဆောင်ဝိညာဉ်တွေအဖြစ် ပြောင်းလဲပြီးသွားပြီ… ဒီအဖြစ်အပျက်တွေအားလုံးက အမှောင်အိပ်မက်တစ်ခုထဲမှာ ဖြစ်နေတာဆိုပေမဲ့ ဒီအိပ်မက်က မင်းအတွက် ငါကိုယ်တိုင်ဖန်တီးပေးထားတဲ့ အမှောင်အိပ်မက်ပဲ ”
” အဲတာမလို့ မင်း အိပ်ရာကပြန်နိုးလာတဲ့ အချိန်ကျရင် အမှောင်အမြုတေရဲ့ အစွမ်းကို ထုတ်သုံးလိုက်တာနဲ့ ဒီအိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အဲဒီဝိညာဉ်သုံးခုရဲ့ မှတ်ဉာဏ်ထဲကို ထည့်ပစ်လို့ရတယ်။ အဲ့တာဆိုရင် သူတို့ရဲ့ မှတ်ဉာဏ်အဟောင်းတွေ ပျောက်သွားပြီးတော့ သူတို့က မင်းရဲ့စကားကို တဝေမသိမ်း နားထောင်တော့မှာ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ အသားများတုန်ရီသွား၏။ ထို့နောက် နှုတ်ဆက်ရန် အချိန်ကျလာပြီဖြစ်ကြောင်း သူက နားလည်လိုက်သည်။ သူ ဤအိပ်မက်ထဲ၌ ရှိနေခဲ့စဉ်တုန်းက အမှတ်တရများမှာ သူ၏ရှေ့၌ ပြန်ပေါ်လာသကဲ့သို့ ဖြစ်နေရပြီး သူ၏ နှလုံးသားထဲတွင်လည်း တွေဝေတုံ့ဆိုင်းနေသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာတော့သည်။
” ဆရာ… ဆရာက အင်္ဂါဂြိုဟ်ပေါ်က အမှောင်အဆောင်ပစ္စည်းထဲမှာ ရှိနေခဲ့တာလား။ ကျနော့်ကို ဆင့်ခေါ်နေခဲ့တဲ့ လူကရော ဆရာလား ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ လေသံတိုးတိုးဖြင့် မေးလိုက်၏။
မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့တစ်ယောက် ထွက်ခွာသွားရန် တွေဝေတုံ့ဆိုင်းနေသည်ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် မှုန်ဝါးဝါးဖြစ်နေတော့ သူ၏လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ခေါင်းကို ပုတ်လိုက်ပြီး ပို၍ကြင်နာနွေးထွေးစွာ ပြုံးပြလိုက်၏။ တစ်အောင့်ခန့် ကြာပြီးသွားသောအခါ သူသည် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ပြန်ဖြေလိုက်၏။
” အဲ့တာ ဆရာ ဟုတ်တယ်လို့လည်း ပြောလို့ရသလို၊ ဆရာ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် ”
” ပေါင်လဲ့။ အမှောင်ဂိုဏ်းက ပျက်သုဉ်းသွားပြီ။ ဆရာတောင်မှ ဆရာ့ရဲ့ စိတ်ဆန္ဒ အကြွင်းအကျန် အပိုင်းအစလေး တစ်ခုပဲ ကျန်ခဲ့ပြီးတော့ အမှောင်ဂိုဏ်းရဲ့ ဇာတိမြေထဲမှာ အသက်ရှင်နေတယ် ဆိုရုံလောက်လေးပဲ ရှိတော့တာ… မင်းရဲ့ ပထမဦးဆုံး အမှောင်မီးတောက် ပေါ်ပေါက်လာတော့ ဆရာက အာရုံခံမိခဲ့လို့ နိုးထလာခဲ့တာ။ အဲဒီအချိန်ကတည်းက ဆရာက မင်းကို စောင့်ကြည့်နေခဲ့တာပဲ။ ဒီနေ့အထိ ဆရာက အမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို အသုံးပြုပြီးတော့ အမှောင်ပညာရပ်တွေကို လက်ဆင့်ကမ်းပေးနေခဲ့တာ…. မင်းကို အမှောင်ဂိုဏ်းထဲ ဝင်ခွင့်ပေးခဲ့တာ မှန်လားမှားလားဆိုတာကိုတောင် ဆရာက မသိဘူး ”
” ဒါပေမဲ့ မင်း မှတ်ထားရမှာက ဒီကမ္ဘာကြီးထဲမှာ အမှားအမှန်ဆိုပြီးတော့ ကွဲကွဲပြားပြား ရှိမနေဘူးဆိုတဲ့ အချက်ကိုပဲ။ အမှောင်ဂိုဏ်းက ပျက်သုဉ်းသွားခဲ့ပေမဲ့ လူကောင်းနဲ့ လူဆိုးတွေဆိုပြီး ကွဲပြားမနေသလို၊ အမုန်းတရားနဲ့ အငြိုးအာဃာတတွေလည်း ရှိနေမှာမဟုတ်ဘူး။ မဟာတာအိုကြီးရဲ့ စစ်ပွဲကြီးတစ်ခုပဲ ရှိနေမှာ ”
” မိုးကောင်းကင်တာအိုက အမှောင်ဂိုဏ်းရဲ့ တာအိုဖြစ်နေလို့ ဆရာတို့က အဲဒီတာအိုကို လိုလိုလားလား ခစားခဲ့ကြတာ ”
” မိုးကောင်ကင်တာအို ပျက်သုဉ်းသွားတော့ အမှောင်ဂိုဏ်းရဲ့ တာအိုလည်း ပျက်စီးသွားခဲ့ရတာပေါ့။ အဲတာမလို့လည်း အမှောင်ဂိုဏ်းက အားအင်တွေ ဆုတ်ယုတ်လာခဲ့ပြီးတော့ ပျက်သုဉ်းသွားခဲ့ရတာ…. မင်းက ဒီမျိုးဆက်ထဲမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော အမှောင်ကလေးငယ်တစ်ယောက် ဖြစ်ရင်ဖြစ်နေနိုင်တယ်။ မင်း လုပ်ရမှာက မင်းရဲ့ နှလုံးသား စေခိုင်းတဲ့အတိုင်း လိုက်လုပ်ရုံပဲ ”
သူသည် ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းထဲသို့ ဝင်ခွင့်ရခဲ့ပါသော်လည်း သူသည် အမှောင်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကိုသာ လေ့လာခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အမှောင်ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို တဝေမသိမ်း လိုက်နာနေစရာ မလိုပေ။ အဆုံးမဲ့မျိုးနွယ်စု၏ ဧကရာဇ်ကြီးနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးအပြီးတွင်လည်း သူသည် ယခုကဲ့သို့သာ ဆိုခဲ့၏။ သူသည် အတိတ်နှင့် ပစ္စုပ္ပန်အကြောင်းကိုသာ ပြောခဲ့ပြီး အနာဂတ်အကြောင်း တစ်ခွန်းမှမဟခဲ့ပေ။
ထိုအချိန်တွင် မင်ခွန်းကျိမှာ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် အတိတ်ကို ပြန်ပြောင်းသတိရနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏ ” ဆရာ့ဆီမှာ အရမ်းကို ပါရမီပါတဲ့ တပည့်တစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ဆရာက အမှောင်ဂိုဏ်းကြီး ပျက်သုဥ်းပြီးသွားတော့မှ ကိုယ့်နှလုံးသားရဲ့ စေခိုင်းမှုအတိုင်း လိုက်လုပ်ရတဲ့ ခံစားချက်ကို နားလည်လာခဲ့တာ။ အဲ့လိုသာ မဟုတ်ရင် ဆရာ သူ့ကို အဲ့အချိန်ကတည်းက ဉာဏ်အလင်းပွင့်အောင် ကူညီပေးနိုင်ခဲ့မှာ… ” မင်ခွန်းကျိမှာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် မှေးမှိန်လာပြီ ဖြစ်ပြီး သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုအမှောင်အိပ်မက်ကြီးအား အဆုံးသတ်လိုက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် မင်ခွန်းကျိ၏ စကားကို ကြားလိုက်ရသော ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားပြီး ရုတ်တရက် မေးလိုက်၏။
” ဆရာပြောနေတာ ဂိုဏ်းတူအစ်ကို ချန်ရှင်းရဲ့ အကြောင်းလား ”
၎င်းမှာ သာမန်မေးခွန်းတစ်ခုသာ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ မင်ခွန်းကျိ၏စကားကို ကြားလိုက်ရပြီးနောက် သူပြောနေသည့် တပည့်၏အကြောင်းကို ခန့်မှန်းကြည့်လိုက်ခြင်း ဖြစ်၏။ သို့သော် သူ ထိုသို့မေးလိုက်ပြီးနောက် မင်ခွန်းကျိမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။ မင်ခွန်းကျိ၏ မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်နေပြီး သူ၏ အသက်ရှူသံများမှာလည်း မြန်ဆန်လာရပြီဖြစ်သည်။ ထို့နောက် အမှောင်အိပ်မက်ထဲတွင် ရှိနေသည့် ကမ္ဘာကြီးမှာလည်း တုန်ရီသွားပြီး ပြိုလဲပျက်စီးသွားတော့မည့်အလား ဖြစ်သွားတော့သည်။
ထိုသို့ဖြစ်သွားရခြင်းမှာ ဝမ်ပေါင်လဲ့ မေးလိုက်သည့် မေးခွန်းကြောင့်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုမေးခွန်းကြောင့် မင်ခွန်းကျိမှာ ယခင်တုန်းကနှင့် မတူလောက်အောင် အံ့ဩတုန်လှုပ်သွားရ၏။
” ပေါင်လဲ့…. မင်းက ဘယ်လိုလုပ်ပြီးတော့ ချန်ရှင်းရဲ့အကြောင်းကို သိနေရတာလဲ။ တစ်ယောက်ယောက်က သူ့အကြောင်း မင်းကို ပြောပြခဲ့တာလား။ ဒါမှမဟုတ် မင်း… သူ့ကို… မြင်ခဲ့ရတာလား ” မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေပြီး လေသံတိုးတိုးဖြင့် ဖြည်းဖြည်းချင်း မေးလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ပို၍ပင် ဇဝေဇဝါဖြစ်လာရတော့သည်။
” ကျနော် သူ့ကို မြင်ခဲ့ရတာပါ။ ဆရာရော သူ့ကို မြင်ခဲ့ရတယ် မဟုတ်ဘူးလားဗျ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
” မင်းက သူ့ကို မြင်ခဲ့ရတာကိုး…. ” မင်ခွန်းကျိမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ခေါင်းမော့ကာ သူ၏ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။
” စိတ်ဝင်စားစရာပါလား။ ဒါပေမဲ့ ပေါင်လဲ့။ ဒီအမှောင်အိပ်မက်က ဆရာက မင်းအတွက် သီးသန့်ဖန်တီးပေးထားတဲ့ အိပ်မက်တစ်ခုကွ။ ဒီအိပ်မက်ကြီးထဲမှာ အမှန်တရားတွေနဲ့ ပုံရိပ်ယောင်တွေ ရှိတယ်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှင်းဆိုတဲ့ လူတစ်ယောက် ဘယ်လိုနည်းနဲ့မှ ပေါ်လာရမှာ မဟုတ်ဘူး ”
မင်ခွန်းကျိ၏ စကားကြောင့် ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီး ပင့်သက်ရှိုက်မိသွား၏။ သူ၏ ခန့်မှန်းချက်မှာလည်း ထိုကဲ့သို့ပင် ဖြစ်နေခဲ့ပြီး ယခုတွင် သူ၏ဆရာကြောင့် ပို၍ပင် သေချာသွားရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပို၍ပင် အံ့ဩတုန်လှုပ်သွားရ၏။
” ဘယ်လိုနည်းနဲ့မှ ပေါ်လာရမှာမဟုတ်ဘူး… ဟုတ်လား… အဲ့တာဆို ဘာလို့ ကျနော်က ဂိုဏ်းတူအစ်ကို ချန်ရှင်းကို မြင်ခဲ့ရတာလဲ။ သူက ကျနော့်ကို ရုပ်အလောင်းမျက်နှာ ရေဆွဲနည်းတောင် သင်ပေးခဲ့တဲ့အပြင် သူ့ရဲ့လျှို့ဝှက်ချက်ကိုပါ ပြောပြခဲ့သေးတာ ” ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ရေရွတ်လိုက်သောအခါ မင်ခွန်းကျိမှာ ရုတ်တရက်ဆိုသလို ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။
” ပေါင်လဲ့။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုဆိုတဲ့ တစ်ယောက်က တော်တော်လေးကို အစွမ်းထက်တာပဲ။ ဆရာက မင်းအတွက် အမှောင်အိပ်မက်တစ်ခု ဖန်တီးပေးနေတုန်းက သူက ဆရာ့အတွက်ပါ အမှောင်အိပ်မက်တစ်ခု ဖန်တီးပေးနေခဲ့တာပဲကွ ” မင်ခွန်းကျိ တစ်စုံတစ်ခုကို တွေးတောမိသွားသည့်ဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။ သူ၏ရယ်သံထဲတွင် အမှတ်တရများနှင့် ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ရောယှက်နေ၏။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ နဖူးကို တို့လိုက်၏။
“ ပေါင်လဲ့ရေ။ ငါတို့နှစ်ယောက်ရဲ့ ရေစက်က ဒီမှာတင် ကုန်ပြီ။ မင်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့က မင်းရဲ့ စိတ်စေရာအတိုင်းသာ လိုက်လုပ်ပါ။ ကဲ… အခုတော့ မင်း ပြန်လည်နိုးထရမယ့်အချိန် ရောက်လာပြီ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အရာအားလုံးမှာ မှုန်ဝါးဝါး ဖြစ်သွားပြီး သူ၏နားထဲတွင် မှန်ကွဲသံများ ကြားလိုက်ရသည်။ ထို့နောက် သူ၏ အသိစိတ်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ကြယ်တာရာများဖြင့် လင်းလက်တောက်ပနေသည့် ကောင်းကင်ယံကြီးဆီသို့ ပျံသန်းသွားတော့သည်။ ၎င်း ထိုသို့ ပျံသန်းနေစဉ် အချိန်ကုန်ဆုံးမှုနှုန်းမှာ ပြောင်းလဲသွားပြီး တစ်ခဏလေးအတွင်းတွင် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းပြီးသွားသကဲ့သို့ ဖြစ်သွား၏။
သူသည် အမှောင်ဂိုဏ်းကြီး ရှိနေခဲ့ဖူးသည့် ကြယ်နယ်မြေကြီးကို မြင်လိုက်ရ၏။ နှစ်ပေါင်းများစွာကြာမြင့်သွားပြီးနောက် ထိုနေရာတွင် တိုက်ပွဲကြီးတစ်ပွဲ ပေါ်ပေါက်လာသည်။ ထို့နောက် အဆုံးမဲ့မျိုးနွယ်စုနှင့် အခြားသော အစွမ်းထက်ကျင့်ကြံသူပေါင်း မြောက်မြားစွာ ကြယ်စင်စုစစ်ပွဲကြီးတစ်ခုအား စတင်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
ထိုစစ်ပွဲကြီးမှာ သူ၏ ရှေ့တွင် ချက်ချင်းပင်ပြီးဆုံးသွားပြီး အမှောင်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားရတော့သည်။
ထို့နောက် သူ၏နားထဲ၌ ကြားနေရသော မှန်ကွဲသံများမှာ မခံမရပ်နိုင်လောက်သည့်အဆင့်အထိ ကျယ်လောင်လာပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သတိလစ်သွားတော့သည်။ ခဏအကြာတွင်…. နေအဖွဲ့အစည်းထဲရှိ အင်္ဂါဂြိုဟ်မြေပြင်ကြီး၏ အောက်တွင်ရှိနေသည့် အမှောင်အဆောင်ပစ္စည်း၏ မြေအောက်ကမ္ဘာကြီးထဲတွင် လှေကလေးတစ်စင်းမှာ နက်မှောင်နေသော ချောက်နက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုလှေပေါ်၌ တင်ပျဉ်ခွေထိုင်ကာ အိပ်မောကျနေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးတုန်ရီသွားပြီး မျက်လုံးများပွင့်လာတော့သည်။
သူ၏ မျက်လုံးများပွင့်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်မီးတောက်များမှာ ချက်ချင်းဆိုသလိုပင် တုန်ခါသွားပြီး ၎င်းတို့ဆီမှ အအေးဓာတ်တစ်ခု ထွက်ပေါ်လာ၏။ အမှောင်အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူနှင့်အတူ ပြန်ပါလာသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ အမှောင်မီးတောက်များ၏ အရေအတွက်မှာ အဆပေါင်းများစွာ ပိုများလာပြီးနောက် တစ်ခုပေါ်တစ်ခု ဖိနှိပ်ကာ အမှောင်အမြုတေတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထိုးတက်သွားတော့သည်။
တစ်ချိန်ထဲမှာပင် နေအဖွဲ့အစည်း၏ အလွန်ရှိ အဆုံးမဲ့ စကြဝဠာကြီး၏ နက်ရှိုင်းသော တစ်နေရာတွင် အဆုံးမဲ့ စကြဝဠာကြီးထဲရှိ တားမြစ်နယ်မြေဆယ်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည့် နယ်မြေကြီးတစ်ခု ရှိနေ၏။ ထိုနယ်မြေထဲတွင် အာကာသအက်ကွဲကြောင်းများ၊ မရေမတွက်နိုင်လောက်အောင် များပြားနေသော အရိုးများနှင့် ကြယ်များကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် လေမုန်တိုင်းများဖြင့် ပြည့်နှက်နေသည်။ ထိုနယ်မြေထဲသို့ ဝင်သွားသည့် မည်သည့်သက်ရှိအဆို အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြေမှာ အလွန်အင်မတန်မှနည်းပါး၏။
လက်ရှိတွင် ထိုနယ်မြေကြီးထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားနေသော အရိုးများ၏ ကြားတွင် ပျက်စီးယိုယွင်းနေသော ကျောက်တိုင်ကြီးတစ်တိုင်မှာ အာကာသထဲ၌ မျောလွင့်နေ၏။
ထို ပျက်စီးနေသည့် ကျောက်တိုင်ကြီး၏ ဘေးတွင် သက်လတ်ပိုင်းလူကြီးတစ်ယောက် ရပ်နေ၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ထိုကျောက်စာတိုင်ကြီးအား တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ သူသည် ရှေးဟောင်းဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး စိတ်ကူးနှင့် မခန့်မှန်းနိုင်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုနယ်မြေကြီးထဲရှိ ကြောက်မက်ဖွယ် အာကာသအက်ကွဲကြောင်းများမှာ သူနှင့် ထိသွားကြသည့်အချိန်တွင် ပေါက်ကွဲပျက်စီးသွားကြ၏။ ထိုအခြင်းအရာကို ကြည့်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အဆင့်အတန်းတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
သူ၏ရှေ့တွင်ရှိနေသော ကျောက်တိုင်ကြီးမှာ အလွန်အင်မတန်မှ သက်တမ်းရင့်နေသည့်ပုံ ပေါက်နေ၏။ ယခင်တုန်းက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရေးထိုးထားခဲ့ဖူးသည့် နာမည်ပေါင်း မြောက်မြားစွာ ရှိနေနိုင်ပေသည်။ သို့သော် ယခုတွင်မူ ၎င်းတို့အားလုံးမှာ မှေးမှိန်နေကြပြီ ဖြစါသည်။ လက်ရှိတွင် နာမည်တစ်ခုတည်းသာလျှင် ထူးဆန်းသော အလင်းရောင်တစ်မျိုးဖြင့် တောက်ပနေ၏။
ထိုနာမည်မှာ… ချန်ရှင်းပင်ဖြစ်သည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက သူသည် ထိုကျောက်တိုင်ကြီးမှာ အမှောင်ဂိုဏ်း၏ အမှောင်ကလေးငယ် ကျောက်တိုင်ကြီးဖြစ်ကြောင်း မှတ်မိသွားမည်သာ ဖြစ်သည်။ ထိုသက်လတ်ပိုင်း လူကြီးမှာမူ သူ၏ အမှောင်အိပ်မက်ထဲမှ သူ၏ဂိုဏ်းတူအစ်ကို ချန်ရှင်း ဖြစ်နေ၏။ သူသည် အသက်များ ကြီးလာပါသော်လည်း သူ၏ ရုပ်ရည်မှာ ယခင်တုန်းကနှင့် တစ်ထေရာတည်းနီးပါး တူနေဆဲပင်။
ထိုသူမှာ ချန်ရှင်းပင် ဖြစ်သည်။
ချန်ရှင်းမှာ ထိုကျောက်တိုင်ကြီးနှင့် သူ၏အမည်အား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ၏လက်ညှိုးကို အသုံးပြု၍ သူ၏အမည်ဘေးတွင် စာလုံးသုံးလုံးကို တစ်ချက်ချင်းစီ ရေးထိုးလိုက်၏။
ထိုစာလုံးသုံးလုံးမှာ ” ဝမ်ပေါင်လဲ့ ” ဖြစ်သည်။
ထိုနာမည် ပေါ်ပေါက်လာသည်နှင့် ၎င်းမှာ တစ်ခဏမျှ တလက်လက် တောက်ပသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်၍ မှေးမှိန်သွား၏။ ထိုကျောက်တိုင်ကြီးမှာ ၎င်းအား အသိအမှတ် မပြုသည့်ပုံပင်။ သို့သော် ဝမ်ပေါင်လဲ့၏ အမည် ပျောက်ကွယ်သွားခါနီးတွင် ချန်ရှင်းမှာ တည်ကြည်စွာဆိုလိုက်၏။
” ခဗျားက အရင်တုန်းကလည်း ကျုပ်ရဲ့နာမည်ကို အသိအမှတ်မပြုခဲ့လို့ ကျုပ်က ခဗျားရဲ့ ခန္ဓာကိုယ်ကြီးလို့ သတ်မှတ်လို့ရတဲ့ ဒီကျောက်တိုင်ကြီးကို တစ်ဝက်တိတိ ဖျက်ဆီးပစ်ခဲ့တာနော်။ အခု ခဗျား ကျုပ်ရဲ့ ဂိုဏ်းတူညီလေးရဲ့ နာမည်ကို ဖျက်လိုက်လို့ ဘာဆက်ဖြစ်မလဲ သိချင်ရင်တော့ ဖျက်ကြည့်လိုက်ပေါ့ ”
ချန်ရှင်း၏ စကားသံကြီး ပေါ်ထွက်လာသောအခါ ထိုကျောက်တိုင်ကြီးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားရ၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ၎င်းမှာ မကျေမချမ်းနှင့် သဘောတူလိုက်သည်ပုံပင်။ ဝမ်ပေါင်လဲ့၏ အမည်မှာ မှေးမှိန်နေခြင်း မရှိတော့ဘဲ တလက်လက် တောက်ပလာတော့သည်။