အမှောင်အိပ်မက်ပညာရပ်မှာ အလွန်အင်မတန်မှ တမူထူးခြား၏။ ၎င်းမှာ လူတစ်ယောက်အား အိပ်မက်ကမ္ဘာထဲသို့ ဆွဲသွင်းပေးနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုဖြစ်သည်။ မိမိ၏ သက်စောင့်စွမ်းအားကို တာအိုရင်းမြစ်အဖြစ် ပြောင်းလဲပြီးနောက် ထိုတာအိုရင်းမြစ်ဖြင့် ထိုပညာရပ်အား အသုံးပြုရသည် ဖြစ်သည်။ ထာဝရကြယ်အဆင့်တွင် ရှိနေသော လူတစ်ယောက်သာလျှင် ထိုပညာရပ်ကို ထုတ်သုံးနိုင်စွမ်းရှိသည်။
ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ရန်သူများအပေါ် အသုံးပြု၍လည်း ရပေသည်။ သို့သော် ဩဇာအာဏာကြီးမားသည့် အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် သူတို့၏ မျိုးဆက်များအား လျှို့ဝှက်ဆန်းကြယ်ပညာရပ်များ လက်ဆင့်ကမ်းပေးနိုင်ရန် ထိုပညာရပ်အား အများဆုံးအသုံးပြုကြသည်ဖြစ်သည်။ ထို အိပ်မက်ကမ္ဘာထဲမှ အချိန်ကုန်ဆုံးမှုနှုန်းမှာ လက်တွေ့ကမ္ဘာနှင့် မတူဘဲ စိတ်ကြိုက် ထိန်းချုပ်၍ရပေသည်။ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုနှင် ပတ်သတ်သည့် အကြောင်းအရာများကို လူတစ်ယောက်၏ ဝိညာဉ်ထဲသို့ တိုက်ရိုက်ထည့်သွင်းကာ ထိုဝိညာဉ်နှင့် တစ်သားတည်းဖြစ်သွားအောင် ပေါင်းစည်း၍ ရပေသည်။ ထို့ကြောင့် လေ့ကျင့်နေစဉ်အတွင်း ကြုံတွေ့ရမည့် အခက်အခဲ အတားအဆီးများကို ရှောင်တိမ်းနိုင်မည် ဖြစ်သည်။ ဤ လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ မိမိ၏ ကျင့်ကြံခြင်းစွမ်းအားများကို အခြားသူတစ်ယောက်ဆီသို့ လွှဲပြောင်းနိုင်စွမ်းတော့ မရှိပေ။ အကယ်၍ ထိုသို့သာ လွှဲပြောင်းနိုင်မည်ဆိုပါက လက်ခံသူမှာ ချက်ချင်းပင် အစွမ်းထက်သွားမည် မဟုတ်ပါလော။ သို့သော် ကျင့်ကြံခြင်းအဆင့် အဆင့်အတန်းတစ်ခုအထိရောက်နေသည့် ကျင့်ကြံသူအများစုမှာမူ ကျင့်ကြံခြင်းစွမ်းအားများထက် တာအိုရင်းမြစ်နှင့် တာအိုနိယာမများနှင့် ပတ်သတ်၍ ဉာဏ်အလင်းပွင့်နိုင်ရန် ပို၍ လိုအပ်ကြသည်ဖြစ်သည်။
ဤ အမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ်များ ထိုလိုအပ်ချက်အား အမှားအယွင်းမရှိ ဖြည့်ဆည်းပေးနိုင်၏။
ထို့အပြင် အခြားသော အကျိုးသက်ရောက်မှုများလည်း ရှိနေသေးသည်။ ဥပမာပြရလျှင် ပြင်ပကမ္ဘာထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများမှာ အိပ်မက်ကမ္ဘာထဲတွင် သိသိသာသာ အားပျော့သွားမည် ဖြစ်သည်။ ထို့ကြောင့် အချိန်ပေးလိုက်မည်ဆိုပါက ထိုဒဏ်ရာများမှာ သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ တမူထူးခြားလွန်းလှသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို အသုံးပြုနိုင်ရန် စွမ်းအင်အမြောက်အမြား လိုအပ်သည်။ လူအနည်းခန့်သာလျှင် ၎င်းအား နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုကြမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းအား အမှောင်ဂိုဏ်းထဲတွင် တစ်ဝက်တစ်ပျက် တားမြစ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထား၏။
ဝမ်ပေါင်လဲ့မှာ ထိုအမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ်နှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှုလိုက်ပြီးနောက် အတွေးများထဲတွင် နစ်မျောသွား၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါ သူသည် မျက်လုံးများမှိတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ ပြန်ပွင့်လာပြီး ဘေးဘီဝဲယာအား တိတ်တိတ်ကလေး ဝေ့ဝိုက်ကြည့်ရှုနေလိုက်တော့သည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပညာရပ်တစ်သောင်းအဆောင်ထဲ၌ သူ၏ မျက်လုံးများကို ဆက်၍ မှိတ်ထားလိုက်တော့သည်။ သူသည် သူ၏ ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား စတင်လေ့ကျင့်နေခြင်းဖြစ်၏။
သူသည် အမြုတေအဆင့်သို့ မရောက်သေးသောကြောင့် ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန် အခက်တွေ့နေရပါသော်လည်း စဉ်ဆက်မပြတ် လေ့ကျင့်နေခဲ့သောကြောင့် ထိုဝိညာဉ်လမ်းညွှန်မှုပညာရပ်အား အသုံးပြုကာ သူ၏ အမှောင်ချီများအား တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်များမှာလည်း တဖြည်းဖြည်းနှင့် ပို၍ များလာပြီဖြစ်သည်။
သူ ထိုသို့လေ့ကျင့်နေရင်း အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် သုံးလတိတိ ကုန်ဆုံးသွားတော့သည်။
ထိုသုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်များအား ပို၍များပြားလာအောင်လုပ်နိုင်ရန်အတွက်သာ အာရုံစိုက်ခဲ့၏။ လက်ရှိတွင် ၎င်းတို့၏ အရေအတွက်မှာ ခုနစ်ဆယ့်ရှစ်ခုအထိ ရောက်နေပြီဖြစ်ရာ အမှောင်ဂိုဏ်း၏ အမြင့်ဆုံးစံချိန်ဖြစ်သော ရှစ်ဆယ့်တစ်ခုအထိ ရောက်နိုင်ရန် အနည်းငယ်မျှသာ လိုတော့သည် ဖြစ်သည်။
သူသည် ထိုကဲ့သို့ လေ့ကျင့်နေစဉ်တစ်လျှောက်လုံး အခက်အခဲ အတားအဆီးများနှင့် ကြုံတွေ့ခဲ့သင့်ပါသော်လည်း မည်သည့် အခက်အခဲနှင့်မှ မကြုံခဲ့ရပေ။ သူသည် အမှောင်ပညာရပ်နှင့် လိုက်ဖက်ညီမှု အပြည့်ရှိနေသကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ ပို၍ပင် နစ်မျောနေရတော့သည်။ သူ၏ ခေါင်းထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာသောကြောင့် သူ၏ အတွေးများမှာ ဝေဝါးလာရ၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် ထိုအတွေးများအား ပြန်လည်ချုပ်တည်းနိုင်သွား၏။ ထို့နောက် သူသည် ဆက်၌ လေ့ကျင့်ရန် ပြင်လိုက်စဉ်တွင် သူ၏ သိုလှောင်လက်ကောက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပေလွှာလေးမှာ တုန်ရီသွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ထုတ်ယူဖတ်ရှုလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချမိသွားတော့သည်။
ထိုသက်ပြင်းထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များ၊ နောင်တများနှင့် ဇဝေဇဝါဖြစ်နေသည့် ခံစားချက်များ ကိန်းအောင်းနေ၏။
” ဂိုဏ်းတူညီလေး။ အစ်ကို လေ့ကျင့်ခန်းဆင်းဖို့အတွက် ဂိုဏ်းထဲကနေ ခဏလောက် ထွက်ရတော့မယ်။ အစ်ကို စဉ်းစားဖို့ လိုနေတဲ့ တချို့အချက်လေးတွေ ရှိနေလို့… ဂရုစိုက်နော်။ အစ်ကို သေချာစဉ်းစားပြီးသွားတဲ့အချိန်ကျရင် ပြန်လာခဲ့ပါမယ် ”
ထိုအသံလွှင့် အကြောင်းကြားစာထဲတွင် ထိုစကားတစ်ခွန်းသာ ပါသည်။ ထိုအကြောင်းကြားစာအား ပေးပို့ခဲ့သည်သူမှာ သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်းပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် သုံးလအတွင်းတွင် တရားထိုင်နေရင်းဖြင့်သာ အချိန်အများစုကို ကုန်ဆုံးစေခဲ့၏။ သို့သော်လည်း သူသည် ဂိုဏ်းထဲတွင် ဖြစ်ပျက်နေသည့် အချို့သောကိစ္စများကို အချိန်နှင့်တပြေးညီ သိရှိနိုင်အောင် လုပ်ထားဆဲပင်။ ဥပမာဆိုရလျှင် သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်း၏ ကိစ္စပင် ဖြစ်သည်။
ထို့နေ့တုန်းက အလွန်အင်မတန်မှ အရည်အချင်းရှိပြီး ပါရမီပါသည့် သူ၏ဂိုဏ်းတူအစ်ကိုမှာ ပျော်ရွှင်မြူးထူးစွာဖြင့် သူ့အား မျှော်လင့်တကြီး ပြောပြခဲ့၏… သူ၏ နောက်ဘဝတွင် သူ့၏ တာအိုလက်တွဲဖော် ဖြစ်လာမည့် မိန်းကလေးမှာ အဆုံးမဲ့မျိုးနွယ်စုမှ ဧကရာဇ်ကြီး၏ သမီးအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သူက ဝမ်ပေါင်လဲ့အား အသိပေးခဲ့သည်။
ချန်ရှင်းမှာ အဆုံးမဲ့မျိုးနွယ်စုမှ ဧကရာဇ်ကြီး ရောက်မလာခင် အချိန်အထိ သူ ရုပ်အလောင်းမျက်နှာတစ်ခုရေးဆွဲပေးခဲ့သည့် ဝိညာဉ်၏ မိသားစုနောက်ကြောင်းကို မသိခဲ့ပေ။ ထိုဝိညာဉ်မှာ နောက်ဘဝ၌ ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ တာအိုလက်တွဲဖော် ဖြစ်လာမည့် အချက်ကိုသာ သူက သိထားခဲ့၏။ ၎င်းမှာ မိုးကောင်ကင်တာအို၏ အလိုဆန္ဒပင်ဖြစ်သည်။ ကံကြမ္မာဆိုသည့် စာရေးဆရာမှာ သူ့အတွက် ထိုကဲ့သို့ ဇာတ်ညွှန်းရေးထားပေးပြီးသား ဖြစ်သည်။
ထို့ကြောင့် သူသည် အလွန်အင်မတန်မှ ပျော်ရွှင်နေခဲ့ရပြီး ထိုရုပ်အလောင်းမျက်နှာကို ရေးဆွဲခဲ့စဉ်တုန်းက သူမအား ပို၍ ချောမောလှပလာအောင် တိတ်တိတ်ကလေးခိုး၍ ရေးဆွဲခဲ့၏။ ထို့နောက် သူသည် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့၏။
သို့သော် … သိပ်မကြာခင်တွင် သူသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် လက်တွေ့ဘဝကြီးနှင့် ကြုံလိုက်ရ၏။ အဆုံးမဲ့မျိုးနွယ်စုမှ ဧကရာဇ်ကြီး ရောက်ရှိလာပြီးနောက် ပေါ်ပေါက်လာခဲ့သည့် ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးထဲတွင် နောက်ဘဝ၌ သူ၏ဇနီးဖြစ်လာမည့် ဝိညာဉ်လေးမှာ အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရပြီး ဖုန်မှုန့်များအဖြစ်သို့ ရောက်သွားရသည်ကို သူကိုယ်တိုင် မြင်လိုက်ရသည်မဟုတ်ပါလော။ ထိုအချိန်မှစ၍ သူသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ နှုတ်ဆိတ်သွားတော့သည်။
သူတို့၏ နောက်ဘဝတွင် သူသည် ထိုဝိညာဉ်နှင့် ရေစက်ပါနေသည် ဖြစ်ပြီး သူတို့မှာ တကယ့်လက်တွေ့ဘဝတွင် တွေ့ဆုံကြုံကြိုက်ရခြင်း မရှိသေးသလို တစ်ယောက်အကြောင်းတစ်ယောက်ပင် မသိသေးပါသော်လည်း အရာအားလုံးမှာ မစတင်သေးခင်မှာပင် ပြီးဆုံးသွားခဲ့၏။ ထို့ကြောင့် သူသည် လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူသည် ထိုအမျိုးသမီး၏ ဝိညာဉ်အတွက် ပူဆွေးနေရခြင်း မဟုတ်ဘဲ သူ၏တာအိုအပေါ် ထားရှိခဲ့သည့် သူ၏ယုံကြည်မှုများမှာ ယိမ်းယိုင်သွားပြီ ဖြစ်သည်။
သူသည် အဆုံးမဲ့မျိုးနွယ်စုဘက်က မှားနေသည်လော သို့မဟုတ် အမှောင်ဂိုဏ်းဘက်က မှားနေသည်လော ဝေခွဲမရဘဲ ဖြစ်နေရ၏။ သို့သော် သူ သေချာသိထားသည့် အချက်တစ်ချက်တော့ ရှိပေသည်။ ဝိညာဉ်လေးမှာ မည်သည့်အမှားကိုမှ ကျူးလွန်ခဲ့ခြင်းမရှိသည့် အချက်ပင် ဖြစ်သည်။
သို့ဖြစ်ရာ အမှောင်ဂိုဏ်းမှာ မှားယွင်းနေခဲ့သည်လော။ အမှောင်ဂိုဏ်းမှာ မိုးကောင်းကင်တာအိုသာ ခစားသည် ဖြစ်သည်။ မိုးကောင်းကင်တာအိုမှာ စကြဝဠာကြီး၏ ဥပဒေသများ စုဝေးရာမှ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ အမှောင်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးအတွက် ၎င်းမှာ တာအို၏ မူလဇာစ်မြစ်ပင် ဖြစ်သည်။
သူသည် လမ်းပျောက်နေပြီး အဖြေရှာတွေ့လို့သောကြောင့် ဂိုဏ်းထဲမှ ခဏထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် သေသေချာချာ စဉ်းစားတွေးတောကာ အဖြေရှာရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့၏။ ထိုသို့ဖြင့် သူသည် ယခင်တုန်းကနှင့် မတူတော့ဘဲ ရေငုံနှုတ်ပိတ်ကာ အထီးကျန်ဆန်သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီးနောက် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ခံစားချက်များ ရှုပ်ထွေးနေရသည့်တိုင်အောင် ထိုပြဿနာများနှင့် သူ၏သံသယများအား ဖြေရှင်းနိုင်စွမ်းမရှိပေ။ အကယ်၍ သူသာ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံလိုက်ရမည်ဆိုပါက မည်သို့ရှေ့ဆက်ရမည်နည်းဟု စဉ်းစားတွေးတောနေမိတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို မေ့ထားလိုက်ပြီးနောက် ထိုကိစ္စကြီးတစ်ခုလုံးကို ပြန်ပြောင်းစဉ်းစားနေရင်း သူ၏ လေ့ကျင့်ခန်းများကိုလည်း မရပ်မနား ဆက်လုပ်နေခဲ့၏။ ထိုသို့ဖြင့် နောက်ထပ်တစ်လတိတိ ထပ်၍ကုန်ဆုံးသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော အမှောင်မီးတောက်များ၏ အရေအတွက်မှာ ရှစ်ဆယ့်တစ်ခုအထိ ဖြစ်လာတော့သည်။
အမှောင်မီးတောက်များ ရှစ်ဆယ့်တစ်ခုအထိ ဖြစ်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွားရ၏။ သူသည် တစ်ခုပေါ်တစ်ခု ထပ်နေသည့် ထို အမှောင်မီးတောက် ရှစ်ဆယ့်တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ တောက်ပစွာလောင်ကျွမ်းနေသည်ကို ခံစားမိနေ၏။ ၎င်းတို့မှာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်ပြီးသွားသည့်အချိန်တိုင်း ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ၎င်းတို့၏ အရွယ်အစားမှာ အလိုအလျောက် ကျုံ့ဝင်သွားကြ၏။ ထိုသို့ဖြင့် ၎င်းတို့မှာ ထပ်ခါတလဲလဲ ဖိနှိပ်ခံလိုက်ရပြီးနောက် နောက်ဆုံးတွင် အမြုတေတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ထိုကဲ့သို့ အဆက်မပြတ် ဖိနှိပ်ခံနေရသည့် အမြုတေထဲမှ အခြေတည်အဆင့်ထက် ပို၍သာလွန်သည့် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ထို့ကြောင့် မြစ်အစင်းပေါင်း သန်းပေါင်းများစွာမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ရှိနေသော စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများထဲ၌ ဖြတ်၍ စီးဆင်းနေသကဲ့သို့ ဖြစ်နေတော့သည်။ ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်းတွင် ရှိသမျှ စွမ်းအင်စီးဆင်းမှုလမ်းကြောင်း အားလုံးထဲ၌ ပြည့်နှက်သွားကြ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲမှ စွမ်းအားများစိမ့်ထွက်လာကြပြီး ပြင်ပကမ္ဘာထဲသို့ ပျံ့လွင့်လာကြတော့သည်။
ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏ပတ်ပတ်လည်၌ မျက်လုံးဖြင့်မမြင်နိုင်သော လေမုန်တိုင်းများ ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းတို့မှာ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေကြပြီး သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေကြ၏။ သို့သော် ထိုစွမ်းအားများမှာ စွမ်းအားအစစ်အမှန်များနှင့် ယှဉ်လိုက်မည်ဆိုပါက စာမဖွဲ့လောက်ပေ။ ၎င်းမှာ အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ ဖောက်ထွက်မှုတစ်ခုသာ ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးသည်ဖြစ်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွားရပြီး သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အဆက်မပြတ် မြင့်တက်လာနေသည့်အလား ခံစားနေရ၏။
သူ၏ခန္ဓာကိုယ်ထဲတွင်လည်း မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော လေမုန်တိုင်းများမှာ မီးပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး ရေခဲတမျှ အေးစက်နေသော မီးတောက်များမှာ အပြင်ဘက်သို့ ပျံ့ထွက်လာတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲပင်။
သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် သူ၏ အသွေးအသားများ တသိမ့်သိမ့် တုန်ရီနေကြပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများ လည်ပတ်နေကြစဉ် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်မီးတောက်များမှာ အတွင်းထဲသို့ ဆက်လက်ကျုံ့ဝင်သွားနေဆဲပင်။ ထိုဖိနှိပ်မှုကြောင့် သူ၏ အမြုတေမှာ ပို၍ပင် သိသာထင်ရှားလာရတော့သည်။ ၎င်းမှာ အချိန်မရွေး ရုပ်လုံးပေါ်လာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် မင်ခွန်းကျိမှာ ပညာရပ်တစ်သောင်းအဆောင်ထဲ၌ ရှိနေသော ဝမ်ပေါင်လဲ့၏ ရှေ့တွင် တိတ်တဆိတ် ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့အား နွေးထွေးကြင်နာမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ သဲသဲကွဲကွဲမရှိဘဲ အနည်းငယ်ခန့် မှုန်ဝါးဝါးဖြစ်နေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ ယခင်တုန်းကမြင်ခဲ့ရသည့် သူ၏ လက်ချောင်းနှင့် လက်များကဲ့သို့ ဖြစ်နေသည်။ လက်ရှိတွင် မင်ခွန်းကျိ၏ ခန္ဓာကိုယ်တခုလုံးမှာ
ထိုကဲ့သို့ ယိုယွင်းပျက်စီးနေပြီဖြစ်သည်။
သို့သော်လည်း သူသည် သူ၏လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ နဖူးအား လက်ညှိုးထိုးလိုက်ဆဲပင်။
ထိုလက်ညှိုး သူ၏နဖူးပေါ်သို့ ကျရောက်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းအထန်တုန်ရီသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲ၌ မိုးချိန်းသံခဲ့သို့သော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ အမြတေမှာ ပို၍ပင် လျင်မြန်စွာ ရုပ်လုံးပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းတွင် အမှောင်အမြုတေတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
ထို အမှောင်အမြုတေ ပေါ်ပေါက်လာသည်နှင့် အမြုတေအဆင့် စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုထဲ၌ ပြည့်နှက်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာတော့သည်။
သူသည် အသက်ရှူနှုန်းများ မြန်ဆန်ကာ မတည်မငြိမ်ဖြစ်နေပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ဇဝေဇဝါဖြစ်နေရသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ ထို့နောက် သူ အိပ်မက်တစ်ခုအဖြစ်သာ သဘောထားခဲ့သည့် ပြည်ထောင်စုကြီးနှင့် ပတ်သတ်သော အကြောင်းအရာများမှာ သူ၏အသိစိတ်ထဲ၌ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ထိုမှတ်ဉာဏ်များမှာ တဖြည်းဖြည်းနှင့် ပို၍ သိသာထင်ရှားလာ၏။ သူသည် သူ၏အိပ်မက်ထဲတွင် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်း ပြန်၍သတိရသွားသည်။ သူသည် အမှောင်အဆောင်ပစ္စည်းထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် မြေအောက်မြို့တော်ကြီးထဲတွင် ရှိနေသည့် ဂူတစ်လုံးထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် အနက်ရောင်လှေကလေးတစ်စင်းပေါ်တွင် ထိုင်နေခဲ့၏….
ထို့နောက် သူ အိမ်မောကျမသွားခဲ့ခင် သူ ရင်းရင်းနှီးနှီး ကြားဖူးနေသည့် အဘိုးကြီးတစ်ယောက်၏ စကားသံအား ကြားခဲ့ရသည်ဖြစ်ကြောင်း ပြန်၍သတိရသွား၏။ ထိုစကားသံကြီး ပြောခဲ့သောစကားမှာ….
” အမှောင်အိပ်မက်…. ”
ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေရ၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် ခေါင်းမော့လာပြီး သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည့် သူ၏ဆရာ မင်ခွန်းကျိအား စိုက်ကြည့်နေလိုက်တော့သည်။
” ဆရာ… ကျနော် … ” ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် သူ့ဆရာ၏ ခန္ဓာကိုယ်မှာ မှေးမှိန်ပျောက်ကွယ်သွားနေသည်ကို သတိထားမိလိုက်၏။ ၎င်းမှာ သူ့စကားပြောနေရင်း ယခင်ကထက်ပင် ပို၍ပင် လျင်မြန်စွာ မှေးမှိန်စပြုလာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားရ၏။ အစတွင် သူသည် ထိုမြင်ကွင်းကြီးကြောင့် မိန်းမောတွေဝေနေရုံမျှသာ ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ သူ၏နှလုံးသားထဲ၌ အဖြေတစ်ခု တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာပြီဖြစ်သည်။ လက်ရှိတွင် သူ၏ ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံးမှာလည်း အိပ်မက်ကြီးတစ်ခု ဖြစ်နေနိုင်ပေသည်။
သူသည် ထိုခံစားချက်ကြီးကို စကားလုံးများနှင့် မဖော်ပြနိုင်ဘဲ ဖြစ်နေရ၏။ ၎င်းမှာ အပြည့်အဝ အိပ်မပျော်သေးဘဲ အိပ်မက်မက်နေကြောင်း သိနေရသည့် ခံစားချက်ကြီးနှင့် ဆင်တူပေသည်။ ထိုအချိန်တွင် သူ၏အတွေးထဲ၌ အမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ် ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင် စဉ်းစားတွေးတောကာ ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် အဖြေတစ်ခုရသွားတော့သည်။
သူ၏ အသိစိတ်ထဲတွင် မေးခွန်းများနှင့် သံသယစိတ်များ မြောက်မြားစွာ ရှိနေဆဲပင်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မတ်တတ်ထလာပြီး ညာလက်သီးပေါ် လယ်လက်ဝါးတင်၍ မင်ခွန်းကျိအား ဦးညွှတ်အရိုအသေးပေးလိုက်တော့သည်။
” အစ်ကို…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့ခေါ်နေရင်း ပါးစပ်ပြန်ပိတ်သွားပြီး နှုတ်ဆိတ်သွားပြန်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ခေါ်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူ၏ ခေါ်ဝေါ်သုံးနှုန်းပုံမှာ မတူတော့ပေ။
” ဆရာ “