သည်အချိန် ရီဖူရှင်းကား အလွန်အားကောင်းသော အရှိန်အဝါ အားထုတ်လွှတ်ထားသည်။ သူကား သူ့အရည်အချင်း အားလုံးကို ထုတ်လွှတ်တော့မည် ဖြစ်သည်။
ရီဖူရှင်း၏စကားများက မိုးကြိုးပစ်ခံရသလိုပင်။ ထိုအသံက ကြောက်မက်ဖွယ် အသံလှိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ နန်ဒူခြံဝင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ နန်းတော်ထဲမှလည်း စွမ်းအားမြင့် တန်ခိုးရှင် အများအပြား ထွက်ပေါ်လာကြသည်။ သူတို့အား အရှက်လာခွဲသော ရီဖူရှင်းအား ဒေါသတကြီး ကြည့်နေကြသည်။
“အတင့်ရဲလိုက်တာ…”
“မင်းက မင်းရဲ့ နေရာကို မသိဘူး… သေချင်နေတာလား…”
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့်ဖြင့် နန်ဒူနန်းတော် တစ်ခုလုံးမှ ကောင်းကင်အဆင့် တန်ခိုးရှင်များအား စိန်ခေါ်လိုက်သည်။ နန်ဒူမိသားစုအား သူက မည်သို့ သဘောထားသနည်း။ သူတို့က ယခုအခြေအနေတွင် တော်ဝင်မိသားစု မဟုတ်တော့သော်လည်း သူတို့တွင် ခိုင်မာသော နောက်ခံအင်အားရှိသည်။ အနည်းဆုံး ဒွန်ဟိုင်မြို့တော်တွင် အင်အား အကြီးဆုံး မိသားစုဖြစ်သည်။ သို့သော် ရီဖူရှင်းက သူတို့အား မည်သို့မှ မသတ်မှတ်သလို ပြောလိုက်သည်။
“ကျုပ်က ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ပဲ… ငါက မင်းကို ဖယ်ရှားဖို့ လုံလောက်တယ်…” နန်ဒူမိသားစုမှ လူငယ်တစ်ယောက် ထွက်လာသည်။ လေဓာတ်သဘာဝများက သူ့ကိုယ်ခန္ဓာအား ရစ်ပတ်ထားကာ ရွှေရောင်များ ဝင်းဝင်းတောက်နေသည်။ သူ၏လက်တွင် လှံတံတစ်ချောင်းကို ကိုင်ထားသည်။ ရွှေရောင်လှံအား လှည့်ပတ်ကာ ရီဖူရှင်းထံသို့ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာနေသည်။ တားဆီးမရသော စွမ်းအင်များအား တဖြည်းဖြည်း စုစည်းနေကြကာ ရီဖူရှင်း အနီးသို့ ရောက်လာသည်။
အစိမ်းရောင် သဘာဝစွမ်းအင်များ ရီဖူရှင်းအနီး စုစည်းလာနေကြသည်။ နွယ်ပင်တစ်ထောင် ချုပ်နှောင် တိုက်ကွက်အား ထုတ်လွှတ်လိုက်လျှင် ကောင်းကင်တစ်ခုလုံး နွယ်ပင်များ ဖုံးလွှမ်းသွားကာ ပြိုင်ဘက်အား အတိုင်းအဆမဲ့စွာ တိုးဝင်သွားကြသည်။
နန်ဒူကလန်မှ လူငယ်က မာန်သွင်းသံတစ်ချက် ပေးလိုက်သည်။ သို့သော် သူက ရှောင်ဖယ်ခြင်းမရှိပေ။ သူကား ရီဖူရှင်းထက် တန်ခိုးအဆင့်မြင့်ပြီး သတ္တုဓာတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ သူက ရီဖူရှင်းကို ကြောက်ရွံ့ခြင်း မရှိပေ။
လည်ပတ်နေသော ရွှေလှံတံက အတားအဆီး အချုပ်အနှောင်များ အားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပုံရသည်။ နွယ်ပင်များ အများအပြား လှံတံကြောင့် ပြတ်တောက် သွားကြသော်လည်း ရီဖူရှင်း၏ နွယ်ပင်တစ်ထောင် တိုက်ကွက်မှ နွယ်ပင်များကား ရပ်တန့်ခြင်းမရှိဘဲ အဆက်မပြတ် ထွက်ပေါ်လာနေကြသည်။ လူငယ်က သူ၏လှံတံမှာ နွယ်ပင်များ ထွက်ပေါ်လာသော နှုန်းအား မယှဉ်နိုင်သည်ကကို ရိပ်မိလိုက်သည်။ သို့သော် သူနောက်ကျသွားပြီ။ အဆုံးအစမဲ့လှသော နွယ်ပင်များက သူ၏တစ်ကိုယ်လုံးအား ရစ်ပတ်ကာ ခြေထောက်များ။ လက်များအား ချုပ်နှောင်ထားပြီးဖြစ်သည်။ နွယ်ပင်၏ အဖျားချွန်များက သူ့ပခုံးကို ထိုးစိုက်လိုက်လျှင် သူ၏လက်မှ လှံတံလည်း လွတ်ကျသွားတော့သည်။ ထို့နောက်တွင်ကား သူလှုပ်ရှားနိုင်စွမ်း မရှိတော့။
ရီဖူရှင်းက ထိုလူငယ်ရှေ့တွင် ရပ်လိုက်သည်။ သူ၏အတောင်ပံများက တဖျတ်ဖျတ်ခတ်ကာ ရွှေဝါရောင် ကိုယ်ရောင်ကိုယ်ဝါများက သူ့ထံမှ ထွက်ပေါ်လာနေသည်။ သူ၏မျက်လုံးများက ဓားသွားလို စူးရှနေ၏… “ကျုပ်က ဒီလို အသုံးမကျတဲ့ အကောင်တွေနဲ့ မတိုက်ခိုက်ချင်ဘူး…” ရီဖူရှင်း၏မျက်လုံးက အရောင်တစ်ချက် လက်သွားပြီး ထိုလူငယ်အား မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ရီဖူရှင်းက ရှေ့သို့ ဆက်သွားလိုက်သည်။
ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ကား တိုက်ကွက် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သူက ရီဖူရှင်း၏တိုက်ကွက်ကို ထိုးဖောက်နိုင်စွမ်းပင် မရှိပေ။
ရီဖူရှင်းက နန်ဒူမိသားစုမှ လူများအား မျက်လုံးထဲပင် ထည့်ဟန်မတူဘဲ ရှေ့ကို ဆက်သွားလိုက်သည်။
သူနှင့် မနီးမဝေးတွင် ယိချင်က လိုက်ပါလာသည်။ ယနေ့တွင် သည်လူငယ်မှာ အသက်ရှင်ရန် အခွင့်လမ်း အနည်းငယ်သာ ရှိသည်ကို သူသိသည်။ သို့သော် သည်လူငယ်ကား လက်လျှော့ အရှုံးပေးလိုပုံ မရပေ။
ပိုမို၍ စွမ်းအားမြင့်သော နန်ဒူမိသားစုဝင်များက သူ့အနီးကို တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ထိုစဉ် လူရိပ်တစ်ခု ကောင်းကင်သို့ ခုန်တက်သွားသည်။ သူကား နန်ဒူမိသားစု၏ပါရမီရှင် နန်ဒူမူ ဖြစ်သည်။ သူက ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ဖြစ်ပြီး အလွန်ထက်မြက်သည်။
နန်ဒူမူက ဒွန်ဟိုင်ကျောင်းတော်မှ ရီဖူရှင်း၏ ဂုဏ်သတင်းများအား ကြားဖူးသည်။ သည်လူငယ်က ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ကိုပင်လျှင် အနိုင်ယူဖူးသည်ကို သူသိသည်။ ထို့ကြောင့် သူက ရီဖူရှင်းကို အထင်မသေးရဲပေ။ သူက သူ့သက်စောင့် ဝိညာဉ်ဖြစ်သော အလွန်လင်းလက် တောက်ပသော ဓားတစ်လက်အား ထုတ်လွှတ်လိုက်သည်။ သူ့ရှေ့မှ အရာအားလုံးအား ဖြတ်တောက်မည် ဖြစ်ကာ သူ့အား ရပ်တန့်နိုင်သည့် အရာရှိပုံမရပေ။
နန်ဒူမူကား အလွန်ထက်မြက်သော ဓားသမားဖြစ်သည်။ မှော်ပညာက သူ့အတွက် အထောက်အပံ့မျှသာ ဖြစ်သည်။ သူက ဓားကို ဆုပ်ကိုင်လိုက်လျှင် သည်လောက တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ရှိနေသောဟန် ခံစားကြရသည်။
ရုတ်တရက် သူ့မူလနေရာမှ ပျောက်ကွယ်သွားကာ များစွာသော နန်ဒူမူ ပုံရိပ်များ ကောင်းကင်တွင် ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သူကား နေရာတိုင်းတွင် ရှိနေသည့်ဟန် ဖြစ်သည်။ ရီဖူရှင်းက သူတို့ထဲမှ အတုအစစ်အား ခွဲခြားရန် ခက်ခဲမည် ဖြစ်သည်။ သို့သော် ရုတ်တရက် နွယ်ပင်များစွာက ဦးတည်ရာ တစ်ခုတည်းကို တိုးဝင်သွားကြသည်။
နန်ဒူမူ မျက်မှောင်ကြုတ်လိုက်သည်။ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာ အစစ်ပေါ်လာသည်။ သူ၏ပုံရိပ်ယောင်များက ရီဖူရှင်းအပေါ် သက်ရောက်မှု ရှိပုံမရပေ။ ရီဖူရှင်းက အတုအစစ်အား အလွယ်တကူ ခွဲခြားလိုက်နိုင်သည်။
နွယ်ပင်များက သူ့ထံလာနေသည်ကို မြင်လျှင် သူ့ဓားအား ဆွဲထုတ်လိုက်သည်။ ဓားက တစ်လက်တည်းသာ ရှိသော်လည်း လေထဲတွင် ဓားပေါင်းမြောက်မြားစွာ ရှိနေပုံရသည်။ မြောက်မြားစွာသော နွယ်ပင်များက နန်ဒူမူ၏ ဓားချက်အောက်တွင် အပိုင်းပိုင်း အစစ ဖြစ်သွားကြသည်။
နန်ဒူမူ၏ တိုက်ကွက်များနှင့် အမြန်နှုန်းတို့မှာ ပထမ လူငယ်ထက် မြန်သည်။ အဆုံးမရှိသော နွယ်ပင်များက သူ့ထံတိုးဝင်လာကြသည်ကို မြင်လျှင် သူက ဓားအား လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး ကာကွယ်လိုက်သည်။ ထိုစဉ်မှာပင် ထောင်ပေါင်းများစွာသော ဓားပုံရိပ်များက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ အလွန်ထက်မြက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုဓားက ရီဖူရှင်းထံ အလင်းတန်းအလား တိုးဝင်သွားသည်။ ထိုအခိုက်မှာပင် ထိုဓားအလင်းတန်းရှိနေရာ လမ်းတစ်လျှောက်ရှိ အတားအဆီးများ အားလုံး ပျက်စီးသွားရသည်။
“နန်ဒူမူ ဆိုတဲ့အတိုင်းပဲ…” နန်ဒူမိသားစုဝင်များ အားလုံးက ကောင်းကင်မှ တိုက်ပွဲကို ကြည့်နေကြသည်။ နန်ဒူမူကား နန်ဒူမိသားစု၏ထိပ်တန်း ပါရမီရှင်ထဲမှ တစ်ယောက်ဖြစ်ပြီး သူကား အလွန်ထက်မြက်သည်။ သူ၏ဓားက ရီဖူရှင်းကို နိုင်မည် သေချာလှသည်။
အကြည့်ပေါင်းများစွာက ရီဖူရှင်းထံ ရောက်လာကြသည်။ သူက ထိုနေရာတွင်ပင် သူ့ထံတိုးဝင်လာနေသော ဓားအလင်းတန်းအား ကြည့်ကာ မလှုပ်မယှက် ရပ်နေသည်။
ဘုန်း…
လူတိုင်းက မီးလျှံမီးတောက်များ ရီဖူရှင်းခန္ဓာမှ စိမ့်ထွက်လာသည်ကို မြင်ကြရသည်။ ထိုအခိုက်တွင်ပင် သူကား မီးလျှံများ လွှမ်းခြုံထားသော ရွှေရောင်ခန္ဓာကိုယ်နှင့် လူဖြစ်နေလေပြီ။ မီးလျှံများက နေမင်းအား လောင်ကျွမ်းနေသလို သူ့ခန္ဓာအား လောင်ကျွမ်းကာ မီးလျှံများ ထုတ်လွှတ်နေသည်။
“မီးဓာတ် သဘာဝစွမ်းအင်…” လူအုပ်ကြီးက ဤသည်ကို မြင်လျှင် အမူအရာများ ပြောင်းသွားကြသည်။ ထိုစဉ်မှာပင် လူတိုင်းက ရီဖူရှင်းက သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည်ကို တွေ့ရသည်။ ရုတ်တရက် အလွန်အားပြင်းသော မီးတောက်များက သူ့လက်တွင် စုစည်းလာနေကြကာ ရောင်စဉ်များ ပြိုးပြိုးပြက်ပြက် လင်းလာနေသည်။ ထိုလက်ဝါးနှင့် ထိလိုက်လျှင်ပင် အရာအားလုံး အရည်ပျော် သွားစေနိုင်လောက်သည့်အလား အပူလှိုင်းများက တရိပ်ရိပ် ထိုလက်ဝါးမှ ထုတ်လွှတ်နေသည်။
“တေဇောလက်ဝါး…” ရီဖူရှင်း၏ နောက်မှ ယိချန်က အထိတ်တလန့် ရေရွတ်လိုက်သည်။ သည်တိုက်ကွက်ကား သူ့လေ့ကျင့်ရေး အခန်းထဲမှ တိုက်ကွက်တစ်ခု ဖြစ်သည်။ သည်တိုက်ကွက်က မီးဓာတ်အခြေခံ တိုက်ကွက်ဖြစ်ပြီး အလွန်ပေါက်ကွဲအား ပြင်းသော တိုက်ကွက်မျိုးဖြစ်သည်။ ထို့အပြင် လေ့ကျင့်ရန် ခက်ခဲလှသည်။ အနည်းဆုံး လိုအပ်ချက်မှာ လေ့ကျင့်သူသည် မှော်ပညာနှင့် သိုင်းပညာ နှစ်မျိုးလုံးကို လေ့ကျင့်ရန် လိုသည်။ ထို့အပြင် လေ့ကျင့်သူတွင် လုံလောက်သော မီးဓာတ်စွမ်းအင်များ ရှိရမည်။ တစ်ဝက်တစ်ပျက် လေ့ကျင့်လျှင် သူ့စွမ်းအင်မှာ မပြောပလောက်သော်လည်း တိုက်ကွက်အား ပိုင်နိုင်စွာ လေ့ကျင့်အောင်မြင်သွားလျှင် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုတိုက်ကွက်မှာ တန်ခိုးအဆင့် သတ်မှတ်မထားဘဲ မည်သည့်အဆင့်မဆို လေ့ကျင့်နိုင်သည်။
ရီဖူရှင်း သည်တိုက်ကွက်ကို လေ့ကျင့်ခဲ့သည်ကို ယိချန်မသိခဲ့ပေ။ ယခုအချိန်တွင် ရီဖူရှင်းတွင် တခြား မည်သည့် လျှို့ဝှက်ချက်များ ရှိနေသေးမည်ကို သူတွေးနေသည်။ ဖြစ်နိုင်သည်က ယနေ့ သူ့အစွမ်းအားလုံးကို မြင်ရတော့မည် ဖြစ်သည်။ ရီဖူရှင်း လုပ်လိုသည်ကို သူခန့်မှန်းမိပြီး ဖြစ်သည်။
ယခု ရီဖူရှင်းကား နေတစ်စင်းလို ကိုယ်ရောင်များ ဝင်းလက်တောက်ပနေသည်။ သူ့ခန္ဓာကိုယ်မှာလည်း နေမင်းအသွင်ပြောင်းလဲသွားပြီဖြစ်သည်။ နန်ဒူမူက သူ့ထံချဉ်းကပ်လာနေရင်း ရီဖူရှင်းထံမှ ကြောက်မက်ဖွယ် အပူလှိုင်းများအား သူခံစားလာနေရသည်။
ထိုစဉ် နန်ဒူမူ၏ ဓားဝိညာဉ်က ဓားတစ်ချက်တည်းဖြင့် သူက အရာအားလုံးကို ဖျက်ဆီးမည်ကဲ့သို့ ရီဖူရှင်းထံ တိုးဝင်လာနေသည်။ ရီဖူရှင်းအနီးသို့ ရောက်လျှင် သူ၏ သက်စောင့်ဝိညာဉ်ဓားက ရုတ်တရက် အော်ဟစ်သံ ထွက်လာသည်။ ဓားဝိညာဉ်၏ သိစိတ်ကား ထိတ်လန့်နေပြီ။
ရီဖူရှင်းက သူ့လက်ကို ဆန့်တန်းလိုက်သည်။ နေမင်း၏ ရောင်ခြည်ရောင်ဝါများ ထွန်းလင်းနေသော လက်ဝါးက ထိုဓားအား တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ နန်ဒူမူ၏ ထိတ်လန့်နေသော အကြည့်အောက်တွင်ပင် သူ၏ဓားကား တဖြည်းဖြည်း အရည်ပျော်သွားကာ နောက်ဆုံး ပျောက်ကွယ်သွားတော့သည်။ ကြောက်မက်ဖွယ် အပူလှိုင်းက နန်ဒူမူထံ လာရောက် ရိုက်ခတ်နေကြသည်။ နန်ဒူမူက သူ့ခန္ဓာကိုယ်အား ရှေ့ဆက်တိုးလျှင် သူသည်လည်း ထိုဓားလို ဖြစ်သွားမည် သေချာလှသည်။ သူ့ခန္ဓာကိုယ်က ထိုထက်မြက်သော ဓားနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။
အရည်အချင်းရှိသော လူငယ်တစ်ယောက် အနေဖြင့် သူက ရှေ့ကို အရှိန်ဖြင့် တိုးဝင်နေသော ခန္ဓာအား ရပ်တန့်နိုင်စွမ်း ရှိသည်။ သူ့ဓားအား စွန့်လွှတ်လိုက်ကာ သူက လျင်မြန်စွာ ဆုတ်လိုက်သည်။ သို့သော် သူအလွန် နောက်ကျသွားပြီ။ ရီဖူရှင်း၏ အတောင်ပံများ ခတ်လိုက်သံ တစ်ချက်ကြားလိုက်ရပြီး သူ့ခန္ဓာက လျှပ်စီးတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ ချက်ချင်းပင် နန်ဒူမူ၏ရှေ့တွင် ပေါ်လာကာ နန်ဒူမူ၏လည်ပင်းအား သူ့တေဇောလက်ဝါးဖြင့် ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ရီဖူရှင်းက ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားသည်။
နန်ဒူမိသားစု၏ စွမ်းအားကောင်းသော လူကြီးတစ်ဦးက ဒဏ်ရာပြင်းထန်စွာ ရသွားသော နန်ဒူမူအား သယ်ဆောင်ကာ ဆေးကုသရန် ပြေးသွားသည်။ လူအများအပြားက ရီဖူရှင်းအား စိုက်ကြည့်ကာ ထိတ်လန့်နေကြသည်။
ရီဖူရှင်းကား စွမ်းအား ကောင်းလွန်းရကား နန်ဒူမူကဲ့သို့ လူပင်လျှင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သည်လိုဆိုလျှင် နန်ဒူမိသားစုတွင် ရီဖူရှင်းအား ယှဉ်နိုင်သော ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် ရှိနိုင်တော့မည် မထင်ကြတော့ပေ။
“ကျရှုံးနေတဲ့ မိသားစုတစ်ခုအနေနဲ့ မင်းတို့ရဲ့ မာနက ဘယ်က လာတာလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောကာ ရှေ့ကို တိုးသွားလိုက်သည်။ နန်ဒူမိသားစုကား အလွန် အရှက်ရသော်လည်း ရီဖူရှင်း၏စကားကို သူတို့ ငြင်းပယ်နိုင်စွမ်းမရှိပေ။
ရီဖူရှင်းက စားပွဲသို့ တဖြည်းဖြည်း ပျံသန်းသွားသည်ကို မြင်လျှင် လူကြီးတစ်ယောက်က ပြောသည်… “သူ့ကို ရိုက်ချစမ်း…သူ ရှေ့ကို တိုးသွားတာ ငါမမြင်ချင်ဘူး…”
ရီဖူရှင်းအား သည်မျှ စွမ်းအား ကောင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ အကယ်၍ သူတို့က ရီဖူရှင်းကို စားပွဲသို့ ရောက်အောင် သွားခွင့်ပေးလိုက်ပါက သူတို့မိသားစုအတွက် အရှက်ရဖွယ်ဖြစ်သည်။ ယနေ့ ဒွန်ဟိုင်မြို့တော်မှ ဂုဏ်သရေရှိ လူကြီးများ။ သြဇာကြီးမားသူများ ရောက်ရှိနေကြသည်။ ထို့အတူ ဝန်ကြီးချုပ်ဟွာနှင့် လတ်တလော ကြင်ရာတော် မင်းသမီးအဖြစ် ချီးမြှောက်ခံထားရသော ဟွာဂျီယူလည်း ရှိနေသည်။ သည်အချိန်ကား အနှောင့်အယှက် မရှိသင့်သော အောင်ပွဲခံရမည့် အချိန်ဖြစ်သည်။
လူအများအပြား ထွက်ပေါ်လာကြသည်။ တချို့က ကောင်းကင်သို့ ပျံသန်းသွားကြသည်။ တချို့က သူတို့ တိုက်ကွက်များအား မြေပြင်မှ ပြင်ဆင်နေကြသည်။ လေထုထဲတွင် သဘာဝစွမ်းအင်များက နေရာအနှံ့ ပြန့်ကျဲနေသည်။ ရီဖူရှင်းက နန်ဒူမိသားစု လူငယ်များထဲမှ ကောင်းကင်အဆင့် မည်သူ့ကို မဆို စိန်ခေါ်ထားပြီးဖြစ်ရာ သူတို့ကလည်း သူစိတ်ကျေနပ်အောင် တိုက်ခိုက်ပေးရမည် မဟုတ်ပါလား။ သူတို့က လူစုဖြင့် ရီဖူရှင်းကို ရိုက်ချခြင်းက ရှက်စရာ ကောင်းလှသော်လည်း သူတို့မှာ သည်ထက် ရှက်စရာကောင်းသော အခြေအနေ မရှိတော့ပေ။
ရီဖူရှင်းကား ယခု စွမ်းအားကောင်းသော လူငယ်များ အများအပြား ဝန်းရံထားခြင်း ခံနေရပြီဖြစ်သည်။ သို့တိုင်အောင် သူက မည်သည့်အရာကိုမှ မမြင်သလို ရှေ့ကို လှမ်းသွားလိုက်သည်။ မှော်သိုင်းကွက်များစွာက တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံ အဆက်မပြတ် တိုးဝင်လာကြသည်။
ရီဖူရှင်းကား လေထဲတွင် ပျံသန်းနေကာ သူ့ကိုယ်မှ ရွှေဝါရောင် ကိုယ်ရောင်ကိုယ်ဝါများ ထုတ်လွှတ်နေသည်။ ရီဖူရှင်းကား နေတစ်စင်းလို တောက်ပနေ၏။
*****