ကောင်းကင်ပြက္ခဒိန် သက္ကရာဇ် ၁၀ဝ၀ဝ ခုနစ်မြောက်၏နောက်ဆုံးနေ့မှာ အေးချမ်းသောနေ့ ဖြစ်နိုင်မည် မဟုတ်တော့ပေ။ ဒွန်ဟိုင်မြို့တွင် ရီဖူရှင်းက အိမ်ရှေ့စံမင်းသား၏ပညာသင်ဘက် ဖြစ်လာပြီး ဟွာဂျီယူက အိမ်ရှေ့စံမင်းသား၏ ကြင်ရာတော်အဖြစ် ချီးမြှင့်ခံရသော သတင်းမှာ တောမီးပမာ ပျံ့နှံ့နေပြီဖြစ်သည်။ လူတိုင်းက အံ့အားသင့် ထိတ်လန့်ရသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့စုံတွဲမှာ ယခုအချိန် ဒွန်ဟိုင်မြို့တော်တွင် အလွန်ကျော်ကြားသော စုံတွဲဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဧကရာဇ်၏အမိန့်တော် နှစ်ခုက ထိုလူငယ်စုံတွဲ၏ အနာဂတ်အား တစ်မျိုးတစ်ဖုံ ပြောင်းလဲစေတော့မည် ဖြစ်သည်။
ကြယ်စင်ဧကရာဇ် ကျောင်းတော်အတွင်း လူအများအပြား စုဝေးနေကြသည်။ သူတို့မှာ ကျောင်းအုပ်ကြီး ယန်ရှာအိုနှင့် သူ့တပည့် ကျောင်းချိန်။ လက်ထောက်ကျောင်းအုပ်ကြီး ဟန်မိုနှင့် တာဝန်ရှိသူများအားလုံး စုစည်းနေကြသည်။
̏ကျောင်းအုပ်ကြီးနဲ့ တခြားလူတွေ ဘယ်ကို သွားမလို့လဲ…” အဝေးမှ ကြည့်နေသော ကျောင်းသားတစ်ယောက်က ဘေးမှ တစ်ယောက်ကို မေးလိုက်သည်။
“သူတို့က နန်ဒူနန်းတော်ကို သွားပြီးတော့ ဟွာဂျီယူ အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်အဖြစ် ချီးမြှောက်ခံရတာကို ဂုဏ်ပြုစကားပြောမလို့ သွားကြမှာ…” နည်းနည်းသိသော ကျောင်းသား တစ်ယောက်က ဝင်ဖြေသည်။
ထို့နောက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူအုပ်ကြီးက နန်ဒူနန်းတော်ကို ထွက်ခွာသွားကြသည်။
သည်သတင်းအား ကြယ်စင်ဧကရာဇ် ကျောင်းဆောင် တစ်ခုတည်းက သိသည်မဟုတ်ပေ။ ဒွန်ဟိုင်မြို့တော်မှ လူအများအပြားလည်း သိနေကြပြီဖြစ်သည်။ သည်သတင်းအား ရသော သြဇာအာဏာရှိသော သူတိုင်းက နန်ဒူနန်းတော်အား ဂုဏ်ပြုစကားပြောရန် ထွက်လာကြသည်။
နန်ဒူမိသားစုကား တစ်ချိန်က တော်ဝင်မိသားစုဖြစ်ခဲ့ရာ အတော်အင်အား ကောင်းသည်။ ယခု သူတို့၏ လူငယ်မျိုးဆက်မှ တော်ဝင်မိသားစုဝင် ဖြစ်တော့မည်ဖြစ်ရာ သည်အချိန်ကား နန်ဒူမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဖန်တီးရမည့် အချိန်ဖြစ်သည်။ ထို့အပြင် ဝန်ကြီးချုပ်ဟွာမှာလည်း နန်ဒူနန်းတော်တွင် ရှိနေသည်။
ယိချန်နှင့် ရီဖူရှင်းတို့က ဥယျာဉ်အပြင်သို့ ထွက်လိုက်သည်နှင့် ရှာဖိန်နှင့်ရှာဖန်တို့အပြင် တခြား စွမ်းအားကြီးသော လူအများအပြားက သူတို့အား ဝိုင်းထားလိုက်သည်။ ရှာဖိန်က ရီဖူရှင်းကို မေးသည်… “မင်းတို့ ဘယ်ကို သွားမလို့လဲ…”
“ဘုရင်ကြီးရဲ့ အမိန့်မှာ ကျုပ်ကို ချုပ်ချယ်ဖို့ရော ပါလား…” ရီဖူရှင်းက မေးလိုက်သည်။
“မပါဘူး…ဒါပေမဲ့ ငါတို့က နန်းမြို့တော်ကို မနက်ဖြန် သွားကြတော့မှာ… မင်းက ဟိုဟိုဒီဒီ လျှောက်မသွားရင် ကောင်းမယ်…” ရှာဖိန်က ပြုံးလျက် ပြောသည်။
ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် ရှာဖ ိန်က ပြုံးလျက် ပြောသည်… “မင်းရဲ့ ကောင်မလေးကို တွေ့ဖို့ စိတ်မထိန်း နိုင်တော့ဘူးလား…”
ရီဖူရှင်းက သူ့ခြေလှမ်းကို ရပ်လိုက်ကာ ရှာဖန်ကို လှည့်ကြည့်လိုက်သည်။ ရှာဖန်က ပြုံးလိုက်ကာ ပြောသည်… “ဒါက အခု အတိတ်က အကြောင်းအရာ ဖြစ်သွားပြီ… ဟွာဂျီယူက ကြင်ရာတော် မင်းသမီးဖြစ်တော့မယ်… မင်းကိုယ်မင်း ထိန်းသိမ်းဖို့တော့ လိုလိမ့်မယ်… မဟုတ်ရင်…” ရှာဖန်က ဆက်မပြောတော့ဘဲ ရယ်မောလိုက်သည်။ သူ၏မျက်လုံးထဲတွင် သရော်သော အရိပ်အယောင်များ အပြည့်ပါဝင်နေသည်။
ရီဖူရှင်းက ရုတ်တရက် ပြုံးလိုက်ကာ ရှာဖန်ထံ လျှောက်သွားလိုက်သည်။ ရှာဖန်က ရီဖူရှင်းအား နှာခေါင်းရှုံ့လျက် ကြည့်လိုက်သည်။ သူဂရုမစိုက်ပေ။ အခြေအနေက ယခုအချိန်တွင် ကွာခြားနေလေပြီ။
ရီဖူရှင်းက ရှာဖန်၏ရှေ့တွင် ရပ်လိုက်ကာ ဝန်ကြီးချုပ် အမိန့်ပြားအား ထုတ်ပြလိုက်သည်…” ဒါဘာလဲ မင်းသိလား…”
ရှာဖန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သည်အချိန်တွင် ရီဖူရှင်းက သူ့အား ဝန်ကြီးချုပ် အမိန့်ပြားနှင့် ခြိမ်းခြောက် နိုင်သေးသည်လား။
ထိုစဉ်မှာပင် ရီဖူရှင်းက လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှာဖန်၏ပါးကို ရိုက်လိုက်သည်။ ရှာဖန်အား တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ မြေကြီးပေါ်သို့ မျက်နှာအပ်ကာ တလိမ့်ကောက်ကွေး ကျသွားသည်။
“ဘယ်လောက် အတင့်ရဲသလဲ… “ရှာဖိန် အော်ဟစ်လိုက်သည်။ သူ့နောက်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းအနီးသို့ တိုးကပ်လာကြသည်။ ထိုစဉ် ယိချန်ကလည်း ရီဖူရှင်းအနီးသို့ ရောက်လာသည်။
“သူက ဒါဘာလဲ မသိတောင် ခင်ဗျားကတော့ သိတယ်… ဟုတ်တယ်မလား…” ရီဖူရှင်းက ဝန်ကြီးချုပ် အမိန့်ပြားအား ကိုင်ကာ ရှာဖိန်ကို ပြောလိုက်သည်…” ကျုပ်က အိမ်ရှေ့စံရဲ့ ပညာသင်ဘက် အနေနဲ့ ချီးမြှင့်ခံခဲ့ရသလို ဝန်ကြီးချုပ် အမိန့်ပြားလည်း ရှိတယ်… ကျုပ်ကို လူမြင်ကွင်းမှာ စော်ကားတာ ဧကရာဇ်နဲ့ ဝန်ကြီးချုပ်ကို စိတ်မကျေမနပ် ဖြစ်အောင် လုပ်နေတာပဲ…”
ရီဖူရှင်း၏ စကားကို ကြားကာ ရှာဖိန်၏မျက်နှာ မည်းမှောင်သွားသည်။ မည်သို့ပင်ဆိုစေ ရီဖူရှင်းပြောနေသည်မှာ သဘောဝကျပေသည်။
ရှာဖိန်က ပါးစပ်မှ စီးကျလာသော သွေးကို လက်ဖြင့် သုတ်လိုက်ပြီး ပြုံးလျက်ပြောသည်… “မင်း ပြောတာဟုတ်တယ်… ငါ့အပြုအမူက အလျင်လိုနေတယ်… ငါတောင်းပန်တယ်…” ရှာဖိန် နှာခေါင်းရှုံ့လိုက်သည်။ သူ့အား အနည်းငယ်ကြာကြာ မောက်မာခွင့်ပြုလိုက်မည်။ မကြာခင် ရီဖူရှင်းမှာ ကောင်းမွန်စွာ အဆုံးသတ်မည် မဟုတ်သည်ကို သူသိသည်။
ရီဖူရှင်းက မည်သို့မှ မပြောတော့ဘဲ သူ့လမ်းကို ဆက်သွားလိုက်သည်။
“နောက်ကလိုက်ကြ…” ယိချန်နှင့် ရီဖူရှင်းတို့ ထွက်သွားသည်ကို မြင်လျှင် ရှာဖိန်က သူ့လူများအား အမိန့်ပေးလိုက်သည်။ သူတို့အုပ်စုကလည်း နန်ဒူနန်းတော်ရှိနေရာသို့ ဦးတည်၍ လာနေကြသည်။
သည်နေ့ကား နန်ဒူမိသားစုအတွက် တိတ်ဆိတ်သော နေ့တစ်နေ့ မဟုတ်ခဲ့ပေ။ လူအများအပြားက လက်ဆောင်များဖြင့် ဂုဏ်ပြုစကားပြောရန် အဆက်မပြတ် ရောက်ရှိလာနေကြသည်။ ကြီးမားသော နန်းတော်ကြီးကား ဧည့်သည်များနှင့် ပြည့်နှက်နေပြီဖြစ်သည်။ နန်ဒူမိသားစုဝင် အများအပြားက မကြာခင် ပြန်လည် တောက်ပလာတော့မည့် သူတို့ မိသားစု၏အနာဂတ်ကို ခန့်မှန်းကာ စိတ်လှုပ်ရှား ဝမ်းသာနေကြသညည်။
သို့တိုင်အောင် နန်ဒူမိသားစုဝင် အများအပြား နားမလည်ကြသည်ကား ဟွာဂျီယူ၏ ခေါင်းမာမှုပင်ဖြစ်သည်။ သူမက သည်အချိန်အထိ ငြင်းဆန်ဆဲပင်။ လူတိုင်းက ရီဖူရှင်းကဲ့သို့သော နောက်ခံအင်အား မရှိသော သာမန်လူငယ်နှင့် နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံတို့တွင် မည်သူ့ကို ရွေးချယ်ရမည်ကို သိကြသည်။ သူမက ငယ်ရွယ်လွန်းသော ကြောင့်လည်း ဖြစ်နိုင်သည်။ ဟွာဂျီယူ၏ အသက်အရွယ်မှာကား စိတ်ကူးယဉ်ဆန်သော အရွယ်ပင် မဟုတ်ပါလား။
ထိုအခိုက်တွင် နန်းတော်၏ ဂိတ်တံခါး အနီးသို့ သိမ်းငှက်နက်ကြီး တစ်ကောင် ဆင်းသက်လာသည်။ သိမ်းငှက်နက်ပေါ်မှ လူနှစ်ယောက် ဆင်းသက်လာသည်။ သူတို့မှာ ရီဖူရှင်းနှင့် ယိချန်တို့ဖြစ်ကြသည်။ သူတို့က ဂိတ်တံခါးအနီးသို့ လျှောက်သွားလိုက်ကြသည်။ ထိုနေရာတွင် နန်ဒူမိသားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များ ရှိနေသည်။ သူတို့က ဧည့်သည်များအား ကြိုဆိုနေကြခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်းအား မြင်လျှင် တစ်ယောက်က အေးစက်စွာ ပြောသည်… “မင်း ဒီကိုဘာလာလုပ်တာလဲ…”
“ငါက ငါ့ရည်းစားနဲ့ ဆရာကတော်ကို လာတွေ့တာ… နန်ဒူက သဘောတူထားပြီးသား မဟုတ်ဘူးလား…” ရီဖူရှင်းက မေးလိုက်သည်။
“အဓိပ္ပာယ်မရှိတာ… ဒီမှာ မင်းရည်းစားလို့ ပြောရမယ့်လူ မရှိဘူး…” လူကြီးတစ်ယောက်က ငေါက်ငမ်းလိုက်သည်။ ဟွာဂျီယူမှာ အိမ်ရှေ့စံမင်းသမီးအဖြစ် ချီးမြှောက်ခြင်း ခံထားရပြီးဖြစ်ရာ ရီဖူရှင်းနှင့် ပတ်သက်စရာ အကြောင်း မရှိတော့ပေ။
“ကျုပ်ကို ဝင်ခွင့်ပြုရင် ဟွာဂျီယူက ကျုပ်ရည်းစား ဟုတ်မဟုတ် သိရလိမ့်မယ်…” ရီဖူရှင်းက အထဲကို ဝင်ရန် ကြိုးစား လိုက်သော်လည်း လူအများအပြားက ပိတ်ဆို့ထားသည်။
̏မင်းတို့က သူရောက်နေတာကို သွားပြီး အကြောင်းကြား သင့်တယ်လို့ ငါထင်တယ်…” ယိချန်က ပြောသည်။
မှတ်တမ်းရေးနေသော လူကြီးတစ်ယောက်က ယိချန်ကို ကြည့်ကာ အနီးမှာ တစ်ယောက်အား စေခိုင်းလိုက်လျှင် သူက နန်းတော်ရှိရာသို့ ပြေးသွားလိုက်သည်။
ရီဖူရှင်းနှင့် ယိချန်တို့က ဂိတ်တံခါး အနီးတွင် တိတ်ဆိတ်စွာ ရပ်စောင့်နေစဉ် နန်းတော်ထဲတွင်ကား နန်ဒူတိုင်က ကြီးမားသော စားပွဲကြီးတစ်ခု ပြင်ဆင်ကာ ဝန်ကြီးချုပ်ဟွာနှင့် တခြား ဧည့်သည်များအား ဧည့်ခံနေသည်။ စားပွဲတွင် စားပွဲဝိုင်းတိုင်းက ရယ်မောသံများ စကားပြောသံများ လွှမ်းခြုံနေသည်။ ထိုစဉ်မှာပင် နန်းတော်ထဲသို့ လူတစ်ယောက် ပြေးဝင်လာကာ နန်ဒူတိုင်၏ နားသို့ကပ်၍ တစ်စုံတစ်ခု ပြောလိုက်သည်။ နန်ဒူတိုင်၏ မျက်နှာ အမူအရာ ပြောင်းသွားသည်ကို မြင်လျှင် ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်… “ဘာဖြစ်တာလဲ…”
“ဘာမှ မဟုတ်ပါဘူး… ဝန်ကြီးချုပ်ဟွာ… ကျုပ်ဖြေရှင်းလိုက်ပါ့မယ်…” နန်ဒူတိုင်က ပြုံးလျက် ပြောသည်။
“သူရောက်လာတယ်ဆိုရင်… အထဲကို ပေးဝင်လိုက်ပါ…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ ရီဖူရှင်းကား အချိန်ကိုက်ပင် ရောက်လာသည်။
နန်ဒူတိုင်က ထူးဆန်းသလို ဖြစ်သွားသော်လည်း မည်သို့မှ မမေးတော့ပေ။ သူ့လူအား အမိန့်ပေးလိုက်သည်… “သူ့ကို အထဲကို ဝင်ခိုင်းလိုက်…”
“ဟုတ်ကဲ့… ခေါင်းဆောင်…” သတင်းပေးသူက ပြောသည်။ ဝန်ကြီးချုပ်ဟွာ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သည်အချိန်တွင် သည်နေရာသို့ လာရဲသည်မှာ သည်လူငယ် မည်မျှ ခေါင်းမာသည်ကို သူသဘောပေါက်လိုက်သည်။ ဧကရာဇ်၏အမိန့်ကို သွေဖည်ခြင်းကား သေခြင်းတစ်လမ်းသာ ရှိသည်။ သည်အကြောင်း ပြချက်ကြောင့်ပင် ဧကရာဇ်လျိုက သူ့အား စေလွှတ်ခဲ့ခြင်းဖြစ်သည်။
နန်းတော်အပြင်ဘက်တွင် ရီဖူရှင်းက သတင်းပေးသူထံမှ အဖြေကို သူရသည်။ နန်ဒူမိသားစုမှ လူများ ဦးဆောင်ကာ ရီဖူရှင်းအား နန်းတော်သို့ ခေါ်လာသည်။ ရီဖူရှင်းက သူ့နောက်နားမှ ယိချန်ကို ပြောလိုက်သည်… “ဆရာကြီး… တစ်ခုခုဖြစ်တော့မယ်ဆို… ကျွန်တော့်ကို ထားပြီး ထွက်သွားပေးပါ…”
“မင်းပါးစပ်ပိတ်ထား…” ယိချန်က ကြိမ်းမောင်းလိုက်သည်။
ရီဖူရှင်းက မည်သို့ ဆက်ပြောရမည် မသိတော့ပေ။ သူက တိတ်ဆိတ်စွာပင် ရှေ့ကို လှမ်းသွားလိုက်သည်။ သူ နန်ဒူနန်းတော်ကို ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီ။
အဓိက လမ်းမကြီးတစ်လျှောက် သူလျှောက်လှမ်းလာရာ ဘေးဘက်မှ လူအများအပြား စုဝေးလာကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို မနှစ်မြို့စွာ ကြည့်နေကြသည်။ တချို့ သူ့အား စော်ကားသော စကားများပင် ပြောကြသည်… “ဂျီယူက အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်ဖြစ်နေပြီ… မင်းက ဒီကို ဘာလာလုပ်တာလဲ…”
“နောက်ဆုံးအကြိမ်က မင်းက ငါတို့နဲ့တောင် မတိုက်ခိုက်ရဲဘူး… ဘယ်လောက်တောင် အရေထူလို့ ဒီကို ထပ်လာရတာလဲ…”
အမျိုးမျိုးသော စော်ကားသော စကားများ ပြောလာကြသည်။ ရုတ်တရက် ရီဖူရှင်းက သွားနေရာမှ ရပ်လိုက်ကာ ထိုလူများအား စိုက်ကြည့်လျက် ပြောသည်… “ထီးနန်းကို လက်လွှတ်လိုက်ရတဲ့ ကျရှုံးထားတဲ့ မိသားစုက တော်ဝင်မိသားစုကို လက်ထပ်ရလို့ ဝမ်းသာဂုဏ်ယူ နေကြတာလား… ဘယ်လောက် ရှက်စရာကောင်းလဲ… နန်ဒူမိသားစုက ဒီအခြေအနေထိတောင် ရောက်သွားတာကို မယုံကြည်နိုင်ဘူး… ဘယ်လောက် သနားစရာကောင်းလဲ…”
“မင်း ဘာပြောလိုက်တာလဲ…” ရီဖူရှင်းက ထိုသို့ပြောလျှင် လူအများအပြားက သူ့ထံသို့ ဒေါသတကြီး လှမ်းလာကြသည်။
“နန်ဒူမိသားစုက ဂုဏ်သိက္ခာဆိုတာ ဘာမှန်းမသိဘူးလို့ ပြောတာ… နောက်ဆုံးအကြိမ်က ငါက မင်းတို့နဲ့ မတိုက်ခိုက်ခဲ့ဘူးဆိုတာ မင်းတို့ရဲ့ မာနကို မထိခိုက်စေချင်လို့ပဲ… မင်းတို့က ဒီလောက် ရှက်ရကောင်းမှန်း မသိမှတော့ မင်းတို့ နန်ဒူမိသားစုက လူတွေကို ဘယ်လောက် နိမ့်ကျနေပြီဆိုတာ သိအောင် ပြရတာပေါ့…” ရီဖူရှင်းက ပြောသည်။
ထို့နောက် သူ့ကျောတွင် ရွှေရောင် တောင်ပံတစ်စုံ ပေါ်လာသည်။ နတ်ငှက်ဝိညာဉ်က ရီဖူရှင်း၏နောက်တွင် ပေါ်လာသည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်လိုက်သည်။ တောက်ပသော သဘာဝစွမ်းအင်များက သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားကြသည်။
“ရီဖူရှင်း… ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့်… နန်ဒူနန်းတော်က ဓမ္မအဆင့်အောက်က ဘယ်သူမဆို စိန်ခေါ်တယ်…” သူက ပြောသည်။
****