စက္ကန့်ပိုင်းအတွင်း ဟွာဂျီယူမှာ အသက်မဲ့သွားသည်။ သူမ၏မျက်နှာလေးမှာ တစ္ဆေတစ်ကောင်လို ပြာနှမ်းသွားသည်။
ဘုရင်မင်းမြတ်က သူမအား အိမ်ရှေ့စံမင်းသမီးအဖြစ် ချီးမြှောက်ခဲ့သည်။ သူမက နှစ်သစ်၏ပထမနေ့တွင် ထွက်ခွာရတော့မည်။ သည်အတိုင်ခင် အချိန်လေးကပင် သူမက မနက်ဖြန်အတွက် ရီဖူရှင်းနှင့် သူမ၏အဖေတို့ ရောက်လာလျှင် လုပ်မည့် အစီအစဉ်များအား သူမ၏အမေနှင့် ပြောနေကြသည်။ ထို့နောက် သတိပေးခြင်း မရှိပါဘဲ သူမကား တစ်လောကလုံး အမှောင်ကျခဲ့ရ၏။
နန်ဒူဝန်ယမ်… နန်ဒူတိုင်နှင့် တခြားလူများအားလုံး ထိတ်လန့်သွားကြပြီး သတိပင် ပြန်မလည်လာတော့ပေ။
ဒါက ကံကြမ္မာလား… နန်ဒူတိုင်မိမိကိုယ်ကို မေးလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူအခုထိ ဝန်ကြီးချုပ်ကျို၏ဟောကိန်းကို နားမလည်သေးပေ။ ဝန်ကြီးချုပ်ကျိုက သူမက ဧကရီဖြစ်ရန် ကံကြမ္မာပါသည်။ ကမ္ဘာကြီး၏မိခင် ဖြစ်လာမည်ဟု ဟောခဲ့သည်။ ယခု ဝန်ကြီးချုပ်ကျို ဆိုလိုသည်မှာ နန်ဒူနိုင်ငံ၏ဧကရီ။ နန်ဒူနိုင်ငံ၏ မိခင်ဖြစ်နေကြောင်း သိလိုက်ရသည်။
“လက်မခံဘူး…” ဟွာဂျီယူက ပြောသည်။ သူမ ပြန်လည်၍ သတိဝင်လာသည်။ သူမက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ဝန်ကြီးချုပ်ဟွာအား ပြောလိုက်သည်… “ကျွန်မ လက်မခံဘူး…”
ဝန်ကြီးချုပ်ဟွာ မျက်မှောင်ကြုတ်သွားသည်… “အဓိပ္ပာယ်မရှိတာ… ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ…”
“ကျွန်မ ငြင်းတယ်… ” ဟွာဂျီယူက အေးစက်စွာ ထပ်ပြောသည်။ သူမက ဝန်ကြီးချုပ်ဟွာကို ကြည့်နေဆဲပင်။ ဝန်ကြီးချုပ်ဟွာ၏ မျက်လုံးများက ဓားသွားတစ်စင်းလို ထက်မြက်လွန်းလှသော်လည်း သူက ကြောက်လန့်ဟန် လုံးဝမရှိပေ။
“အစ်ကို နန်ဒူ… နန်ဒူမိသားစုက ဧကရာဇ်ရဲ့ အမိန့်တော်ကို သွေဖည်ဖို့ ကြိုးစားနေတာလား…” ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်။
̏သူမကို ခွင့်လွှတ်ပေးပါ… ဝန်ကြီးချုပ်ဟွာ… ဂျီယူက တော်တော် ခေါင်းမာတတ်လို့ပါ… ကျွန်တော်နားဝင်အောင် ပြောပါ့မယ်…” နန်ဒူတိုင်က ပြောသည်။ သူ၏အမူအရာများ ပြောင်းသွားသည်။ နန်ဒူမိသားစုကား တော်ဝင်မိသားစု မဟုတ်တော့ပေ။ သူတို့က ဧကရာဇ်နှင့် ယှဉ်ပြိုင်ရန် အင်အားမရှိပေ။
“ကောင်းပြီ… ကျုပ်က ခင်ဗျားတို့ကို အချိန်နှစ်ရက်ပေးမယ်… ဒီနှစ်ရက်အတွင်းမှာ ကျုပ်က ဒီမှာပဲနေမယ်… နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ကျုပ်တို့က နန်းမြို့တော်ကို သွားမယ်…” ဝန်ကြီးချုပ်ဟွာ ပြောသည်။ ဧကရာဇ်၏အမိန့်တော်အား သူ့ရှေ့တွင် မည်သူ ငြင်းဆန်ရဲသနည်း။
နန်ဒူတိုင်က ဝန်ကြီးချုပ်ဟွာ ထွက်သွားသည်နှင့် ဟွာဂျီယူအား ပြောလိုက်သည်… “ဂျီယူ… အိမ်ရှေ့စံမင်းသားက နောက်ဆို ဧကရာဇ်ဖြစ်လာမှာ… သူက အရမ်းထက်မြက်တဲ့ လူငယ်ပဲ… အသက်ကလည်း နှစ်ဆယ်ပဲရှိသေးပြီး လက်မထပ်ရသေးဘူး… နန်ဒူနိုင်ငံအတွင်းမှာ ဒီလိုအခွင့်အရေးက တစ်ကြိမ်တစ်ခါပဲရှိပြီးတော့ အဲဒီအခွင့်အရေးက နင့်ဆီရောက်လာပြီ… နင်က နန်ဒူနိုင်ငံရဲ့ ဧကရီဘုရင်မ ဖြစ်လာမှာ…”
“ကျွန်မက ဒီလို ကံကြမ္မာမျိုး မလိုအပ်ဘူး…” ဟွာဂျီယူက နန်ဒူတိုင်ကို ပြောသည်။
သူက သူမ၏မျက်လုံးထဲမှ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်နေရရာ ဆက်လက်၍ ပြောပြသည်… “ဂျီယူ…နင်က အသက်ဆယ့်ခုနစ်ပဲ ရှိသေးတယ်… ရီဖူရှင်းနဲ့ အဖြစ်အပျက်တွေက ခဏတာပါပဲ… တစ်နေ့ နင်တို့နှစ်ယောက်က မတူတဲ့ အဆင့်နှစ်ခုမှာ ဖြစ်တည်လာကြမှာ… နင်တို့က အချိန်ကြာသွားရင် မေ့သွားလိမ့်မယ်…ငါက နင့်အဖေကို နန်ဒူနန်းတော်ကို လာဖို့ သွားခေါ်ပေးမယ်…နင်တို့မိသားစု ပြန်လည် ပေါင်းစည်းလို့ ရတာပေါ့…”
ဟွာဂျီယူက နန်ဒူတိုင်အား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်… “ကျွန်မက လက်မခံသလို အဖေကလည်း သဘောတူမှာ မဟုတ်ဘူး…”
“ဝန်ယမ်… ဂျီယူကို နားဝင်အောင်ပြောဦး…” နန်ဒူတိုင်က နန်ဒူဝန်ယမ်အား တိုင်တွန်းလိုက်သည်။
“အခု ရှင့်အတွက် အကျိုးအမြတ်တွေ ပိုရလာတော့မယ်… သူ့ကို တကယ်ပဲ ပြန်လာစေချင်လို့လား…” နန်ဒူဝန်ယမ်က နှာခေါင်းရှုံ့လိုက်သည်… “ကျွန်မတို့ရဲ့ သမီးကို စတေးပြီးတော့ ရလာတဲ့ မိသားစု ပေါင်းစည်းမှုမျိုး ကျွန်မတို့ မလိုအပ်ဘူး…”
နန်ဒူတိုင်၏ အမူအရာမှာ မကောင်းတော့ပေ။ သူက အေးစက်စွာ ပြောသည်… “မင်းတို့က လက်မခံရင်တောင် ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ… ဧကရာဇ်အမိန့်တော်ကို ဘယ်သူ ငြင်းဆန်ရဲသလဲ… မင်းတို့အတွက် စဉ်းစားဖို့ အချိန်တစ်ရက် ကျန်သေးတယ်…” ထို့နောက် နန်ဒူတိုင်က ဒေါသတကြီး ထိုနေရာမှ ထွက်ခွာသွားသည်။
နန်ဒူတိုင် ထွက်သွားပြီးသည်နှင့် ဟွာဂျီယူက မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် နန်ဒူဝန်ယမ်ကို ကြည့်လိုက်သည်… “အမေ…” သူမ၏အသံကား အားနည်းလွန်းလှသည်။
“သနားစရာကောင်းတဲ့ ကလေး…”
သူမ၏သမီးရှိရာသို့ လျှောက်သွားလိုက်ပြီး ဟွာဂျီယူ၏ မျက်ဝန်းများမှ မျက်ရည်စများအား အသာအယာ လက်ဖြင့် သုတ်ပေးလိုက်သည်။ သူမ၏သမီးအား သည်ကဲ့သို့ မြင်ရသည်မှာ သူမအား အလွန်နာကျင်စေသည်။
သူမတို့ နှစ်ယောက်လုံးက သည်ကဲ့သို့ အဘယ်ကြောင့် ကြုံကြရသနည်း။ သူမတို့နှစ်ယောက် ချစ်သောသူနှင့် အဘယ်ကြောင့် အတူတူ ရှိနေ၍ မရသနည်း။
သည်အခိုက်တွင် ဟွာဂျီယူ၏ ခံစားချက်ကို အပြည့်အဝ နားလည်သူမှာ နန်ဒူဝန်ယမ်ဖြစ်သည်။ သူမကလည်း နှစ်ပေါင်းများစွာသည် ခံစားချက်များဖြင့် နေလာခဲ့ရသည်။ သူမတို့က ကြီးကျယ်ခမ်းနားမှုများ။ ကြွယ်ဝချမ်းသာမှုများ။ အာဏာများ မလိုအပ်ပေ။ သူမတို့ လိုအပ်သည်မှာ သူမတို့ ချစ်ခင်သောသူနှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ရန်သာ ဖြစ်သည်။
ထိုအခိုက်တွင် လူတစ်ယောက် ပြေးလာသည်။ သူကား နန်ဒူဝန်ရှန်းဖြစ်သည်။ ထို သမီးနှင့် အမေတို့၏ပုံစံကို မြင်လျှင် သူလည်း အလွန်နာကျင်ရသည်။ ဟွာဂျီယူကား သူမ၏အမေထက်ပင် ထက်မြက်လှသည်။ သူမက အလွန်ကြီးကျယ်သော ကံကြမ္မာကို ပိုင်ဆိုင်ထားသည်။ ယခု သူမက ကြင်ရာတော် မင်းသမီးဘွဲ့အား ပေးအပ်ခြင်းခံရသည်။
“အမေ…သမီး သူ့ကို တွေ့ချင်တယ်… သူ့ကို သွားတွေ့မယ်…” ဟွာဂျီယူက ငိုလျက်ပြောသည်။
“အရူးမလေး…နင် အပြင်ကို သွားလို့ မရတော့ဘူး…” နန်ဒူဝန်ယမ်က ခေါင်းယမ်းလျက် ပြောသည်။ သည်အခြေအနေအား သူမက ခန့်မှန်းမိပြီး ဖြစ်သည်။ သို့သော် ဟွာဂျီယူက သူမ၏ အမေစကားအား ကြားပုံမရပေ။ အဆောင်အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လူအများအပြား ပုန်းကွယ်ရာမှ ထွက်လာကာ သူမအား တားဆီးထားကြသည်။ ဧကရာဇ် အမိန့်တော်က နန်ဒူမိသားစုကို ရောက်ရှိလာပြီး ဟွာဂျီယူက ငြင်းဆန်ရန် ကြိုးစားနေသည်။ သူတို့က သူမအား အလွယ်တကူ ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။ သူတို့မတားလျှင်ပင် ဝန်ကြီးချုပ်ဟွာက တားမည်ဖြစ်သည်။
သူမက ထိုလူများအား အေးစက်စွာ ကြည့်ကာ သူမ၏အဆောင်သို့ ပြန်ဝင်လာသည်။
“ဂျီယူ… တစ်ခါတလေ… ကံကြမ္မာကို တိုက်ခိုက်လို့မရဘူး…” နန်ဒူဝန်ရှန်းက သက်ပြင်းချလိုက်သည်။ သူလည်းပဲ ဝမ်းနည်းရသည်။ သို့တိုင်အောင် သူ့တွင်လည်း ဖြေရှင်းရန် နည်းလမ်းမရှိပေ။
သည်တစ်ကြိမ်တွင်ကား နန်ဒူဝန်ယမ်တုန်းကထက်ပင် ပြန်လည် တိုက်ခိုက်ရန် ခက်ခဲလှသည်။ နန်ဒူမိသားစုက အနုပညာသူတော်စင်မှ တစ်ဆင့် ဝန်ကြီးချုပ်ဟွာနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားလိုသော်လည်း နန်ဒူဝန်ယမ်အား အနုပညာ သူတော်စင်နှင့် ပေးစားရန် မလိုအပ်ပေ။ နန်ဒူမိသားစု၏ သမိုင်းနောက်ခံအရ သူတို့တွင်လည်း အင်အားရှိပေသည်။ ထို့ကြောင့် အနုပညာ သူတော်စင်ကို ထည့်တွက်ရန် မလိုခဲ့ပေ။ ယခု ဧကရာဇ်၏ အမိန့်တော်က ဂျီယူထံ ရောက်ရှိလာသည်။ နန်ဒူနိုင်ငံအတွင်းတွင် ဧကရာဇ်၏အမိန့်တော်ကို ငြင်းပယ်နိုင်စွမ်း မည်သူ့တွင်မှ မရှိပေ။
“မဟုတ်ဘူး… ကျွန်မပြောသလိုပဲ… ကံကြမ္မာကို မယုံဘူး…” ဟွာဂျီယူက သူမ၏ ဦးရီးတော်အားကြည့်ကာ ခေါင်းယမ်းလိုက်သည်… “ကျွန်မက တော်ဝင်နန်းတော်ကို မသွားနိုင်သလို ကြင်ရာတော် မင်းသမီးလည်း မလုပ်နိုင်ဘူး… အခုလည်း မလုပ်ဘူး… နောက်လည်း မလုပ်ဘူး…”
“ဂျီယူ… ဒီလိုမတွေးနဲ့…” နန်ဒူဝန်ရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။ ဟွာဂျီယူ၏ ခိုင်မာသော ဆုံးဖြတ်ချက်အား ကြားလျှင် နန်ဒူဝန်ရှန်း ထိတ်လန့်သွားသည်။ အကယ်၍ သူမက ဧကရာဇ်၏ အမိန့်တော်အား ငြင်းဆန်လိုလျှင် တစ်နည်းသာရှိသည်။ သို့သော် သူက ထိုလမ်းအား ရွေးချယ်မည်ကို မလိုလားပေ။ ထို့အပြင် မဖြစ်နိုင်ပေ။
“ဦးရီးတော်…ကု့ချင်းဥယျာဉ်ကို သွားတားပေးလို့ မရဘူးလား…” ဟွာဂျီယူက ငိုကြွေးလျက် ပြောသည်။
“ဘာလိုချင်လို့လဲ…” နန်ဒူဝန်ရှန်း မေးသည်။
“သူ့ကို မနက်ဖြန် ဒီကို မလာဖို့ ပြောပေးပါလား… နန်ဒူမိသားစုက ခွင့်မပြုဘူးလို့ပဲ သူ့ကို ပြောလိုက်ပါ…” သူမ၏အသံက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူမက သူ့အား လာစေချင်သော်လည်း အလွန်ထုံအနေသည်တော့ မဟုတ်ပေ။ ဧကရာဇ်အမိန့်အား ငြင်းပယ်နိုင်ရန် သူမတို့တွင် အင်အားမရှိပေ။ သူ့အား လာခိုင်းခဲ့ပါက ရီဖူရှင်းအား အန္တရာယ်တွင်းထဲသို့ ဆွဲခေါ်ခြင်းနှင့် အတူတူပင်။ ရီဖူရှင်းအား တစ်စုံတစ်ခု ထိခိုက်စေရန် သူမ မလိုလားပေ။
“ဘာဖြစ်ခဲ့တယ်ဆိုတာ သူသိသွားရင်ရော…” နန်ဒူဝန်ရှန်းက ပြောသည်။
“ဒါဆို သူ့ကို ပြောလိုက်ပါ… ကျွန်မက သူ့အပေါ် ခံစားချက် မရှိတော့ဘူးလို့… ကျွန်မက ကြင်ရာတော် မင်းသမီး ဖြစ်ချင်တယ်လို့ … သူ့ကို ပြောပေးပါ…” ထိုစကားများအား ပြောလျက် သူမ၏အသံက တိမ်ဝင်သွားသည်။
ထိုစကားများအား ကြားလျှင် နန်ဒူဝန်ရှန်း၏ရင်ထဲမှ နာကျင်စွာ ခံစားရသည်။
“ဒီလိုပြောဖို့ သေချာလား…” နန်ဒူဝန်ရှန်း သက်ပြင်းချလျက် ပြောသည်။
ဟွာဂျီယူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ… ငါအခု သွားလိုက်မယ်…” ထို့နောက် သူအဆောင် အပြင်သို့ ထွက်ခွာသွားသည်။
သူမ၏ဦးရီးတော် အပြင်ထွက်သွားသည်ကို ကြည့်ကာ ဟွာဂျီယူ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူမ၏ဒူးများအား ဆုပ်ကိုင်လျှင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
နန်ဒူဝန်ယမ်က မည်သို့ဖြစ်နေသည်ကို မသိတော့ပေ။ သို့သော် သူမ၏မျက်လုံးများတွင်ကား မျက်ရည်များ ပြည့်နှက်နေလေပြီ။ သူမက ဟွာဂျီယူ၏ဘေးသို့ လျှောက်သွားလိုက်ကာ အသာအယာ ဖက်ပေးထားလိုက်သည်။
“အမေ… ဘာလို့လဲ မသိဘူး… သမီးရင်ထဲက အရမ်းနာတယ်…” ဟွာဂျီယူပြောသည်။ သူမ၏အသံအား နားထောင်ရသည်မှာပင် နှလုံးကြေကွဲဖွယ်ရာ ကောင်းလှသည်။
“အမေ… တကယ်လို့ သမီးတစ်ခုခု ဖြစ်သွားရင်… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်…” ဟွာဂျီယူက တိုးတိုးလေး ပြောသည်။
“အရူးမလေး…” သို့တိုင်အောင် ဟွာဂျီယူအား မည်သို့နှစ်သိမ့်ရမည် နန်ဒူဝန်ယမ် မသိပေ။ သူမကိုယ်တိုင်က သည်ကဲ့သို့ ကြေကွဲမှုများအား နှစ်ပေါင်းများစွာ ခံစားလာရပြီး ဖြစ်သည်။ သို့တိုင်အောင် သူမတွင် ဟွာဂျီယူရှိခဲ့သည်။ သူမတွင် သူမချစ်သောသူ၏ရင်သွေးရှိနေခဲ့သည်။
***
ကု့ချင်းဥယျာဉ်တွင် ရီဖူရှင်းက ရှာဖန်၏စကားကို တွေးနေဆဲဖြစ်သည်။ သူတို့စားပွဲမှ ပျော်ရွှင်မှုများမှာ ပျက်စီးသွားရပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်းက အိမ်ရှေ့စံမင်းသား၏ ပညာသင်ဘက် ဖြစ်လာမည်ကို စိတ်မပူကြတော့ပေ။ သူတို့က နန်ဒူမိသားစုအပေါ် ကျရောက်လာသော အမိန့်တော်ကို စိတ်ပူနေကြသည်။
ရီဖူရှင်းက မူလအပြင်ကို ထွက်၍ လေ့လာသော်လည်း ယိချင်က တားမြစ်ထားသည်။ လက်ရှိအချိန်တွင် အပြင်ကို ထွက်ခြင်းက အန္တရာယ် များလွန်းလှသည်။ တန်လန်က သူမ၏တပည့်နီဘန်အား နန်ဒူမိသားစုထံသို့ စနည်းနာရန် စေလွှတ်ထားသည်။ သို့သော် နီဘန် ပြန်ရောက်မလာမီတွင်ပင် ကု့ချင်းဥယျာဉ်သို့ လူတစ်ယောက် ရောက်ရှိလာသည်။
ရီဖူရှင်းက နန်ဒူဝန်ရှန်း ရောက်လာသည်ကို ကြားလျှင် လျင်မြန်စွာ ပြေးလာသည်။
“ဒီမှာ ဘာဖြစ်နေတာလဲ…”အပြင်မှ လူစုအား မြင်ခဲ့ကာ နန်ဒူဝန်ရှန်းက ထူးဆန်းသော အခြေအနေအား မေးလိုက်သည်။
“နန်ဒူဘုရင်က ကျုပ်ကို အိမ်ရှေ့စံရဲ့ ပညာသင်ဘက်အဖြစ် ချီးမြှင့်ခဲ့တယ်…” ရီဖူရှင်းက ပြောသည်။
နန်ဒူဝန်ရှန်း၏ မျက်နှာ မည်းမှောင်သွားသည်။ သည်လူငယ်စုံတွဲ နှစ်ယောက်မှာ တစ်ယောက်က အိမ်ရှေ့စံ၏ ပညာသင်ဘက်အဖြစ် ချီးမြှောက်ခြင်းခံခဲ့ရကာ နောက်တစ်ယောက်က အိမ်ရှေ့စံ၏ ကြင်ရာတော် မင်းသမီးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ မသိသူများအတွက်မူ သည်ကိစ္စမှာ အလွန်ကောင်းမွန်သော အခွင့်အရေးဟု ရှုမြင်ကြမည် ဖြစ်သော်လည်း သည်လူငယ်နှစ်ယောက်အတွက်မူ ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်သည်။
“ဂျီယူ ဘယ်မှာလဲ…” ရီဖူရှင်းက နန်ဒူဝန်ရှန်းကို မေးလိုက်သည်။
ဂျီယူက မင်းကို ပြောခိုင်းလိုက်တာရှိတယ်… နန်ဒူဝန်ရှန်းက ပြောသည်။
“ဘာလဲ…” ရီဖူရှင်း မေးသည်။
ဂျီယူက ပြောတာကတော့ သူမက မင်းအပေါ်ခံစားချက် မရှိတော့ဘူး… ပြီးတော့ အိမ်ရှေ့စံမင်းသမီး ဖြစ်လိုတယ်လို့ ပြောတယ်… မင်းကိုလည်း သူမကို မေ့ပစ်ပြီးတော့ သူ့ကို လာမတွေ့နဲ့တော့လို့ ပြောတယ်…” နန်ဒူဝန်ရှန်းက ကောင်လေး၏မျက်လုံးများအား စိုက်ကြည့်ကာ ပြောသည်။ သူက ရက်စက်သလို ခံစားရသော်လည်း ဟွာဂျီယူက သည်စကားများအား အဘယ်ကြောင့် ပြောခိုင်းသည်ကို သူနားလည်သည်။
ရီဖူရှင်းက သူ့အား မိုးကြိုးပစ်ခံ လိုက်ရသလို ခံစားလိုက်ရသည်။ သူက ထိုနေရာတွင်ပင် အေးစက်တော့ တင်းစွာ ရပ်နေသည်။ သူထိတ်လန့် သွားသည်မှာ ထိုရက်စက်သော စကားများကြောင့် မဟုတ်ဘဲ နန်ဒူမိသားစုထံသို့ ရောက်ရှိလာသည်မှာ မည်သို့သော် အမိန့်တော် ဖြစ်ကြောင်း ရိပ်မိလိုက်၍ ဖြစ်သည်။
“သေစမ်း…” ရီဖူရှင်း ရေရွတ်လိုက်သည်။
နန်ဒူဝန်ရှန်းက ရီဖူရှင်းကို အံ့သြစွာ ကြည့်သည်။ လူငယ်က သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်… “ဟင်း… ဂျီယူက ကျုပ် ဒီစကားတွေကို ယုံမယ်လို့ တကယ် ထင်တာလား… ကျုပ်ကို အရူးထင်နေတာလား…”
နန်ဒူဝန်ရှန်း ဆွံ့အသွားသည်။
“ဦးရီး… ကျုပ်ကို ပြောပါ…ဂျီယူ အခု ဘယ်လိုနေလဲ…” ရီဖူရှင်းက စိုးရိမ်စွာ မေးလိုက်သည်။
ရီဖူရှင်း၏ခေါ်သံကို ကြားလျှင် နန်ဒူဝန်ရှန်း၏ ရင်ဘတ်များ တင်းကျပ်သွားသည်။ သူက ပြောသည်… “ငါလည်း ဂျီယူအတွက် တကယ်စိုးရိမ်တယ်… သူမက တော်ဝင်နန်းတော်ကို ဘယ်တော့မှ ခြေမချဘူးပြောတယ်… ပြီးတော့ သူမက ကြင်ရာတော် မင်းသမီး ဘယ်တော့မှ မဖြစ်စေရဘူး ပြောတယ်…”
“ဘာလို့ဖြစ်ရမှာလဲ… ဂျီယူက ကျုပ်ပိုင်တာ…” “ရီဖူရှင်း ဆက်ပြောလိုက်သည်… ဒီဧကရာဇ်အရူးက ဘာလို့ ဒီလို အမိန့်မျိုးပေးရတာလဲ…”
“ငါလည်း အတိအကျ မသိဘူး… ဒါပေမဲ့ မင်းကို တစ်ခုတော့ ပြောပြနိုင်တယ်… ဝန်ကြီးချုပ်ကျိုက ဂျီယူရဲ့ အနာဂတ်ကို တစ်ခါ ဟောဖူးတယ်… သူက ပြောတာတော့ ဂျီယူက ဧကရီဘုရင်မ ဖြစ်လာဖို့ ကံပါတယ်တဲ့… ကမ္ဘာကြီးရဲ့ မိခင်ဖြစ်လာလိမ့်မယ်လို့ သူပြောခဲ့တယ်…”
“ဝန်ကြီးချုပ်ကျို… ဧကရီဘုရင်မ…” ရီဖူရှင်းက နန်ဒူဝန်ရှန်းကို ကြည့်လိုက်သည်… “ဝန်ကြီးချုပ်ကျိုက နက္ခတ်ဗေဒ ဆရာလား…”
“ဟုတ်တယ်…” နန်ဒူဝန်ရှန်းက ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ရီဖူရှင်းမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
“ဦးရီးမှားတယ်… ဝန်ကြီးချုပ်ကျိုက ဧကရာဇ်ကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြောသည်။ နန်ဒူဝန်ရှန်းက ရီဖူရှင်းကို နားမလည်စွာ ပြောသည်။
“တကယ်လို့ မြေခွေးမက ဧကရီဘုရင်မဖြစ်လာဖို့ ကံပါလာတယ်ဆိုရင် ဆိုလိုတာက ဝန်ကြီးချုပ်ကျိုက ကျုပ်ရဲ့ ကြမ္မာကို ကြည့်ခဲ့တယ်လို့ အဓိပ္ပာယ်ရတယ်…” ရီဖူရှင်းက အလေးအနက် ပြောသည်… “မြေခွေးမက ဧကရီဘုရင်မဖြစ်လာဖို့ ကံပါတယ်ဆိုရင် ကျုပ်က ဧကရာဇ်ဖြစ်ဖို့ ကံပါလာတယ်…”
*****