ကောင်းကင် ပြက္ခဒိန်တွင် နှစ်တစ်သောင်းကို ကျော်လွန်ရန် နှစ်ရက်သာ လိုတော့သည်။ ဒွန်ဟိုင်မြို့တော်ကား ပျော်ပွဲရွှင်ပွဲ၏ အငွေ့အသက်များ ဖုံးလွှမ်းလျက် ပိုမိုကာ အသက်ဝင်လာသည်။
ဟွာဖန်းလူ၏ အိမ်ဆောင်တွင် ယခု လူအများအပြား ရောက်နေကြသည်။ သူတို့မှာ ရီဖူရှင်း။ ယူချင်း။ ယိချိန်ချန်။ ယိချန်။ တန်လန်နှင့် တန်ဝမ်တို့ ဖြစ်ကြသည်။
“မနက်ဖြန်က နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့ပဲ… မနက်ဖြန် ပြီးသွားရင် မင်းတို့ကို ငါကိုယ်တိုင်လိုက်ပို့မယ်…” ယိချန်က ပြောသည်။
“ဘာလို့ အလျင်လိုတာလဲ အဖေ…” ယိချိန်ချန်က မေးသည်။
“ဒီရက်တွေမှာ ကု့ချင်းဥယျာဉ်ကို လူတွေ စောင့်ကြည့်နေတာ သမီး သတိမထားမိဘူးလား…” ယိချန်က ပြောသည်…” သူတို့က ဘာမှ မလုပ်သေးဘူး… ဒါကြောင့် လျစ်လျူရှုထားလို့ရတယ်… ဒါပေမဲ့ သတိထားဖို့တော့ လိုလိမ့်မယ်… ညတာရှည်လေ အိပ်မက်ဆိုးရှည်လေပဲ… ငါတို့ မြန်မြန် သွားဖို့လိုတယ်…”
ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကား ရီဖူရှင်းကို အငြိုးထားသည်မှာ သေချာလှသည်။ သို့သော် မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။ ဖြစ်နိုင်သည်မှာ သူတို့တွင်လည်း စိုးရိမ်စရာများ ရှိနေပုံရသည်။ သို့သော် ယိချန် ဂရုမစိုက်ပေ။ ရီဖူရှင်း နန်းမြို့တော်ကို မြန်မြန်ရောက်လေ သူစိုးရိမ်စရာ မလိုလေဖြစ်သည်။
“စီနီယာ ယိ… ခင်ဗျားမှန်တယ်…” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။
“ရှင်က မနက်ဖြန် ဝန်ယမ်ကို တွေ့ရတော့မယ်… စိတ်လှုပ်ရှားနေတာလား…” တန်လန်က ပြုံးလျက် ဟွာဖန်းလူအား မေးလိုက်သည်။ နောက်ဆုံးအကြိမ် ဟွာဂျီယူလာတုန်းက နန်ဒူမိသားစုက ဟွာဖန်းလူနှင့် ရီဖူရှင်းအား နှစ်သစ်တွင် လာရောက်ခွင့်ပြုသည်ဟု ပြောခဲ့သည်။
“ဘယ်ဟုတ်မလဲ… ငါက မင်းတို့အားလုံးနဲ့ အတူတူရှိနေချင်တာ…” ဟွာဖန်းလူက ရယ်မောလျက် ပြောသည်။
“တကယ်လား… ဒါဆို ရီဖူရှင်းတစ်ယောက်တည်း လွှတ်လိုက်မယ်…” တန်လန်က ပြုံးလျက် ပြောသည်။
ဟွာဖန်းလူ မျက်နှာပျက်သွားသည်။ သူက ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်သည်။ ရီဖူရှင်းကယ်မှ သူသက်သာရာ ရတော့မည်။
“ဆရာပဲ ဆုံးဖြတ်ပါ…” ရီဖူရှင်းက တခြားဘက်ကို လှည့်သွားသည်။ ယခု သူက သူ့ဆရာကို ကူညီရန် မဖြစ်နိုင်ပေ။ သည်အချိန်တွင် သစ္စာစောင့်သိနေ၍ မရပေ။
ဟွာဖန်းလူက ရီဖူရှင်းကို ဒေါသတကြီး ကြည့်လိုက်သည်။ သူ့တပည့် … သူ့အနာဂတ် သမက်က အဘယ်ကြောင့် သည်ကဲ့သို့ သူ့ကို လျစ်လျူရှုနိုင်ရသနည်း။
“တန်လန်… ငါတကယ် ဂျီယူနဲ့ အတူတူရှိနေချင်တယ်…” ဟွာဖန်းလူက အတင်းပြုံးကာ ပြောလိုက်သည်။
တန်လန်က ပြုံးလျက် ပြောသည်… “အတုအယောင် စကားတွေ…” ထို့နောက် သူမက နောက်လှည့်ကာ ထွက်ခွာသွားရန် ဟန်ပြန်လိုက်သည်။ ထွက်ခွာခါနီးသူမ ပြောခဲ့သေးသည်…̏ အစေခံတွေကို နှစ်သစ်ကူး ညစာစားပွဲ ပြင်ဆင်ခိုင်းထားတယ်… ငါတို့က ကြိုပြီး စားပွဲလုပ်မယ်…”
“ဒီလိုလုပ်လို့လည်း ရတယ်လား…” ရီဖူရှင်းက သူမ၏ဆုံးဖြတ်ချက်အား လေးစားသွားသည်။ တန်လန်ကား ထွက်ခွာသွားလေပြီ။
“ဒီကိုလာ…” ဟွာဖန်းလူက အေးစက်စွာ ပြောသည်။ ရီဖူရှင်းက ပြန်ကြည့်လိုက်ကာ ပြုံးလျက် ဟွာဖန်းလူအား သွားရောက် နှိပ်နယ်လိုက်သည်…”ဆရာ… တပည့် ဘာကူညီရမလဲ…”
“ငါက မင်းကို အကူအညီ ဘယ်လိုလုပ် တောင်းမလဲ…” ဟွာဖန်းလူက အေးစက်စွာ ပြောသည်။
“ဆရာ့ကို ကူညီရမှာ ကျွန်တော့်တာဝန်ပါ…” ရီဖူရှင်းက တက်ကြွစွာ ပြောသည်…̏ အာ…ဆရာ… ဒါနဲ့ နောက်ဆုံးအကြိမ်က ဆရာကတော်ကို စတွေ့ဖူးတာ ဖြစ်ပေမဲ့ ကျွန်တော် ချက်ချင်း မှတ်မိတယ်… ဆရာကတော်လို အရမ်းလှတဲ့သူကို ဆရာမို့လို့ ရတယ်…”
“မှန်တာပေါ့… “ ဟွာဖန်းလူက ဂုဏ်ယူစွာ ပြောသည်။ နှစ်ပေါင်းများစွာ အကြာက နန်ဒူဝန်ယမ်အား ကြိုက်နှစ်သက်သူ အများအပြား ရှိခဲ့သည်။ အနုပညာ သူတော်စင်မှာ အင်အား အကြီးဆုံး ပြိုင်ဘက်ဖြစ်သည်။ သို့တိုင်အောင် နောက်ဆုံး သူသာလျှင် အနိုင်ရခဲ့သည်။
“ဆရာကတော်က အခုတောင် တော်တော်လှတယ်… ငယ်ငယ်တုန်းကဆို ပြောနေစရာတောင် မလိုတော့ဘူး… ဆရာရဲ့ ရုပ်ရည်ကလည်း ကျွန်တော်နဲ့ ယှဉ်နိုင်လောက်မယ်လို့ ကျွန်တော် ထင်တယ်…” ရီဖူရှင်းက ဆက်ပြောသည်။
သူ့တပည့်က စကားလမ်းကြောင်းအား အောင်မြင်စွာ လွှဲနိုင်သည့်အပေါ် ဟွာဖန်းလူအား အမှန်တကယ်ပင် ချီးကျူးရသည်။
အတန်ကြာလျှင် စားပွဲကား အဆင်သင့်ဖြစ်ပြီ။ လူတိုင်းက စကားများပြောကာ စားကြသောက်ကြသည်။ သူတို့က မိသားစုတစ်ခုလို စုဝေးနေကြစဉ်မှာပင် စွမ်းအားကောင်းသော လူတစ်စု ကု့ချင်းဥယျာဉ် ဂိတ်ပေါက် အပြင်ဘက်နားသို့ ကောင်းကင်မှ ဆင်းသက် လာကြသည်။
ခေါင်းဆောင်မှာ အရှေ့ပင်လယ် စီရင်စုခေါင်းဆောင် ရှာဖိန်နှင့် သူ့ဘေးတွင်ကား သူ့သား ရှာဖန်ဖြစ်သည်။ သူတို့က စွမ်းအားကောင်းသော လူအတော်များများအား ခေါ်ဆောင်လာကြသည်။ ရှာဖန်၏မျက်လုံးများကား ကောက်ကျစ်သော အငွေ့အသက်များ ပြည့်နှက်နေသည်။
“ဝင်သွား…” ရှာဖိန် လက်ဝှေ့ယမ်းပြသည်။ သူတို့အုပ်စု ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားပြီး ဥယျာဉ်ထဲသို့ ရောက်ရှိသွားသည်။
အထဲတွင် ယိချင်က တစ်စုံတစ်ခုအား သင်္ကာမကင်း ဖြစ်သွားပုံရသည်။ သူက ဥယျာဉ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လူတိုင်းကလည်း သူကြည့်ရာကို လိုက်ကြည့်လိုက်ကြသည်။ အတန်ကြာလျှင် စွမ်းအားမြင့်သော လူတစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။
“ရှာဖိန်… ရှင် ဘာလာလုပ်တာလဲ…” တန်လန်က ရှာဖိန်အား အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။
ရှာဖိန်၏မျက်လုံး များကလည်း အေးစက်သော အငွေ့အသက်များ ယှက်သန်းလာသည်။ သူတို့က မြေပြင်သို့ ဆင်းသက်လာပြီး သူတို့စားပွဲနေရာသို့ လျှောက်လာကြသည်။ ရှာဖန်က ရီဖူရှင်းကို မနှစ်မြို့စွာ ကြည့်လိုက်သည်။ သူဆော့ကစားလို့ရသော သာမန် ပုရွက်ဆိတ်တစ်ကောင်ဟု သူထင်မှတ်ထားခဲ့သော သည်ကောင်လေးက သူ့အား သတ်လုနီးပါးပင်။ ယခု သူ့အလှည့် ပြန်ရောက်လာခဲ့ပြီ။
ရီဖူရှင်းက ရှာဖန်အား မြင်လျှင် သူ့မျက်လုံးများတွင် လူသတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
“နှောင့်ယှက်သလို ဖြစ်သွားရင် အကုန်လုံးကို တောင်းပန်ပါတယ်… ကျုပ်က ဒီကို ဧကရာဇ်အမိန့်အရ လာခဲ့တာ… ဒါက သတင်းကောင်းဖြစ်လို့ ကျုပ်ကို ဂုဏ်ပြုစကား အရင် ပြောခွင့်ပြုပါ…” ရှာဖိန်က စားပွဲမှ လူများအားလုံးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ ရီဖူရှင်း နားမလည်ပေ။ မည်သို့သော အမိန့်ပေနည်း။ သူက နန်ဒူတော်ဝင် မိသားစုနှင့် ပတ်သက်ခြင်း မရှိပေ။ သူက အဘယ်ကြောင့် သူက ဧကရာဇ်အမိန့်အား လက်ခံရရှိသနည်း။
“ရီဖူရှင်း…” ရှာဖိန်၏အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ လူတိုင်း၏အကြည့်က ရီဖူရှင်းထံ ရောက်သွားကြသည်။ ဧကရာဇ်က ရီဖူရှင်းကို မည်သည့်အမိန့်မျိုး ချမှတ်လိုက်သနည်း။
“ဘုရင်မင်းမြတ် အမိန့်တော် ချမှတ်သည်မှာ ထူးခြားသော ပါရမီများကြောင့် အရှေ့ပင်လယ်ဒေသက ရီဖူရှင်းကို အိမ်ရှေ့စံမင်းသားရဲ့ ပညာသင်ဘက် အဖြစ် သတ်မှတ်လိုက်တယ်… အခုအချိန်ကစပြီး သူက အိမ်ရှေ့စံမင်းသားရဲ့ လေ့လာမှုတွေနဲ့ တန်ခိုးကျင့်တာတွေမှာ အဖော်လုပ်ပေးရမယ်…”
ရှာဖိန်က ရီဖူရှင်းအား အမိန့်တော်အား ဖတ်ပြရင်း ပြုံးကာ ကြည့်နေသည်။ ဒွန်ဟိုင်ကျောင်းတော်တွင် ရီဖူရှင်းက အိမ်ရှေ့စံမင်းသား၏ ဝန်ကြီးချုပ်ရာထူး ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့သည်။ သူက ထိပ်ဆုံးသို့ တိုက်ရိုက်တက်သွားနိုင်ရန် အခွင့်အရေး ရှိခဲ့သော်လည်း သူ့အတွက် မည်သည့်အရာက ကောင်းသည်ကို မသိပေ။ ယခု အိမ်ရှေ့စံက အမျက်ထွက်သွားပုံရကာ ဧကရာဇ်အား အမိန့်တော် ပြန်စေကာ နန်းမြို့တော်အား အတင်းအဓမ္မအားဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
ရီဖူရှင်း သွားရမည်ဖြစ်သည်။
“အခုက နှစ်သစ်ကို မရောက်သေးဘူး…” ရှာဖိန်က ဆက်ပြောသည်… “ဘုရင်မင်းမြတ်က သူ့ကို ဒီမှာ နှစ်ဟောင်းကို ကုန်လွန်စေဖို့ ခွင့်ပြုထားတယ်… နှစ်သစ်ရောက်တာနဲ့ သူက နန်းမြို့တော်ကို သွားရမယ်…”
စားပွဲမှ လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ အိမ်ရှေ့စံမင်းသား၏ ပညာသင်ဘက်ဖြစ်ရန်မှာ လူပေါင်းများစွာ၏ အိပ်မက်ဖြစ်သည်။ သို့သော် ရီဖူရှင်းက မူလက အိမ်ရှေ့စံ၏ ဖိတ်ခေါ်ခြင်းကို ငြင်းဆန်ဖူးရာ သည်အခွင့်အရေးက သူ့အတွက် ကောင်းမွန်ခြင်း မရှိပေ။ ယခု ဧကရာဇ်က တိုက်ရိုက်အားဖြင့် အမိန့်ချလိုက်ပြီဖြစ်ရာ သူ့တွင် ငြင်းဆန်ပိုင်ခွင့် မရှိတော့ပေ။
ရီဖူရှင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူ၏စိတ်ထဲမှာကား အလွန်ဒေါသ ထွက်နေသည်။ ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းဆောင်ခုနစ်ခု စုဝေးပွဲတွင် အိမ်ရှေ့စံက သူ့အမိန့်ကို ငြင်းပယ်ခြင်း၏ အကျိုးအပြစ်အား သိသလား မေးခဲ့သည်။ သူကား ဧကရာဇ် မဟုတ်သေးသော်လည်း အိမ်ရှေ့စံမင်းသားဖြစ်သည်။
ယခု ဧကရာဇ်၏ အမိန့်တော် ရောက်လာခဲ့လေပြီ။
ပထမဆုံး အကြိမ်အဖြစ် ရီဖူရှင်းက အိမ်ရှေ့စံမင်းသား တစ်ပါး၏ ရန်လိုမှု။ အေးစက်မှုများအား ခံစားရသည်။ သူ့အား လေးစားရန် မလိုအပ်သလို လေးစားမှုလည်း မရှိပေ။ ဝန်ကြီးချုပ်ကျိုက သူ့အား တန်ဖန်းပွဲတော်ကို တက်ရောက်ရန် လိုလားသည်။ သူက နှစ်သစ်တွင် နန်းမြို့တော်ကို သွားရန် စီစဉ်ထားသော်လည်း ဧကရာဇ်က သူ့အား သွားရန် အမိန့်ပေးလာမည်ဟု လုံးဝမထင်မှတ်ထားပေ။
“ပညာသင်ဘက်…” ရီဖူရှင်းက အေးစက်စွာ မေးလိုက်သည်။ သူတို့က မိမိအား အိမ်ရှေ့စံမင်းသားကို အဖော်လုပ်စေလိုသည်။ ယခု သူက တန်ဖန်းပွဲတော်ကို တက်ရောက်ရန်ပင် လိုအပ်သေးသလော မသိတော့ပေ။ ဝန်ကြီးချုပ်ကျိုက သူ့အား အလွန်မျှော်လင့်ထားပုံ ရသော်လည်း သည်ရလာဒ်ကိုမှု မျှော်လင့်ထားပုံရမည် မဟုတ်ပေ။
သည်အမိန့်တော်မှာ ဝန်ကြီးချုပ်ကျို၏ အကြံအစည် မဟုတ်နိုင်သည်ကို ရီဖူရှင်း သိသည်။ ဝန်ကြီးချုပ်ကျိုကား သူ့ကို ရင်းနှီးခင်မင်ပုံရဟန်တူပြီး သူ့ဆုံးဖြတ်ချက်များအား လေးစားသည်။ သူက နန်းမြို့တော်ကို သွားရန် အတင်းတိုက်တွန်းမည် မဟုတ်ပေ။
“သိပြီ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
ရှာဖိန်၏မျက်လုံးများက ရီဖူရှင်းကို စူးရဲစွာ ကြည့်လိုက်သည်။
“ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ… ရီဖူရှင်း… မင်းရဲ့ အပြုအမူကို ဆင်ခြင်ဖို့လိုတယ်…” ရှာဖန်က အေးစက်စွာပြောသည်။
“ဧကရာဇ်က ကျုပ်ကို အိမ်ရှေ့စံရဲ့ ပညာသင်ဘက်အနေနဲ့ ချီးမြှောက်တယ်…ကျုပ်ကို အပြစ်ပေးတာမဟုတ်ဘူး… ဒါဆို မင်းရဲ့ အပြုအမူက ဘာလဲ…” ရီဖူရှင်းက ထိုင်ခုံမှ ထိုင်လျက်ပင် ရှာဖန်ကို စိုက်ကြည့်ပြီး ပြောသည်။ သူ့အား အပြစ်ရှိသူတစ်ယောက်လို ကြေညာရန် သူတို့က ကု့ချင်းဥယျာဉ်အား အတင်းဝင်ရောက်လာကြသည်။
ရှာဖိန်က နှာခေါင်းရှုံ့လိုက်သည်။ သူက ရီဖူရှင်းက အိမ်ရှေ့စံမင်းသားအား အမျက်ထွက်စေခဲ့သည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် ဧကရာဇ်အား အမိန့်ထုတ်စေကာ သူ့အား အတင်းခေါ်ယူခဲ့ခြင်းဖြစ်မည်။ ဝန်ကြီးချုပ်ဟွာက သည်ကိစ္စအတွက် တာဝန်ယူကာ ဆောင်ရွက်မည်ဖြစ်ရာ ရီဖူရှင်းအတွက် လက်ခံရန်မှတစ်ပါး တခြားနည်းမရှိပေ။
ရှာဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ရယ်မောလိုက်သည်။ သူက ပြောသည်… “ကောင်းတယ်… မင်းဘယ်လောက်အထိ ဆက်ပြုံးနိုင်မလဲ ကြည့်ကြတာပေါ့…ငါမင်းကို ပြောဖို့မေ့နေတာ တစ်ခုရှိသေးတယ်… ဝန်ကြီးချုပ်ဟွာက နန်ဒူနန်းတော်ကို ဧကရာဇ်ရဲ့ နောက်ထပ် အမိန့်တော်တစ်ခုနဲ့ သွားနေတယ်…”
သူက ပြောပြီးသည်နှင့် ရီဖူရှင်း ထရပ်လိုက်သည်။ သူက ရှာဖန်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်… “ဘာအမိန့်တော်လဲ…”
“ခန့်မှန်းလေ…” ရှာဖန်က ပြုံးလျက် ပြောသည်… “ဒါက မင်းရဲ့ ချစ်သူနဲ့ ပတ်သက်တယ်…”
“ဟမ်…ဒါက မင်းရဲ့ ကိစ္စလား … “ ရှာဖိန်က ထူးမခြားနားစွာ ပြောသည်။ ထို့နောက် သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြောသည်… “နှောင့်ယှက်မိပြီ… ငါက အပြင်ဘက်က စောင့်နေမယ်… နှစ်သစ်ရောက်တာနဲ့ ငါတို့သွားမယ်…”
ထိုသို့ပြောပြီး ရှာဖိန်က သူကလူများအား ခေါ်ကာ ထွက်သွားသည်။
ရီဖူရှင်းနှင့် တခြားလူများက ရှာဖိန်တို့ ပြန်သွားသည်ကို ကြည့်နေကြသည်။ ထို့နောက်မှ သူတို့ သတိဝင်လာကြသည်။ သူတို့၏ပျော်ရွှင်သော စိတ်ခံစားချက်များ အားလုံးမှာလည်း ထိုလူများ ရောက်ရှိလာသည်နှင့် အားလုံး ပျောက်ဆုံးသွားရသည်။
အထူးသဖြင့် ရီဖူရှင်းနှင့် ဟွာဖန်းလူတို့နှစ်ယောက်မှာ အဆင်ပြေပုံမရပေ။
***
ရှာဖိန်က ရီဖူရှင်းအတွက် ဧကရာဇ် အမိန့်တော်ကို ထုတ်ပြန်နေသော အချိန်တွင် ဝန်ကြီးချုပ်ဟွာက နန်ဒူမိသားစုခြံဝင်းထဲသို့ ရောက်လာသည်။
နန်ဒူတိုင်က သူ့အား ကိုယ်တိုင်ကြိုဆိုနေသည်။ သူ့အား မြင်လျှင် ဝန်ကြီးချုပ်ဟွာက ပြုံးလျက် ပြောသည်… “အစ်ကိုနန်ဒူ…ဂုဏ်ပြုပါတယ်…”
“ဘာကို ဆိုလိုတာလဲ…” နန်ဒူတိုင် နားမလည်ပေ။
“သတင်းကောင်းပဲ… ဘုရင်မင်းမြတ်က အမိန့်တော်ထုတ်ပြန်တယ်… ဟွာဂျီယူရှိလား…”
နန်ဒူတိုင်၏အမူအရာ ပြောင်းလဲသွားသည်။ ဝန်ကြီးချုပ်ဟွာက ဟွာဂျီယူကို အဘယ်ကြောင့် ရှိရန် လိုအပ်သည်ကို သူနားမလည်ပေ။ ဧကရာဇ်၏အမိန့်တော်က ဂျီယူနှင့် ဆက်စပ်နေသလော။
ဝန်ကြီးချုပ်ကျိုက ဧကရာဇ်ကို ပြောလိုက်သလော။ ဤသို့ဆိုလျှင် ဝန်ကြီးချုပ်ဟွာက သည်နေရာတွင် အဘယ်ကြောင့် ရှိနေရသနည်း။
“ကျုပ် ဂျီယူကို သွားခေါ်လိုက်မယ်… “ နန်ဒူတိုင်က ပြောသည်။
“မလိုဘူး…ကျုပ်က သူမကို ကိုယ်တိုင်သွားတွေ့ပါ့မယ်…” ဝန်ကြီးချုပ်ဟွာက ပြုံးလျက် ပြောသည်။
နန်ဒူတိုင်က နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်… “ကောင်းပြီ… ဒီဘက်…”
ထို့နောက် သူတို့အုပ်စု ထွက်လာကာ နန်ဒူဝန်ယမ်၏ အဆောင်သို့ ရောက်ရှိလာကြသည်။ သတင်းအား ကြားသည်နှင့် သူမနှင့် ဟွာဂျီယူတို့က နားမလည်စွာဖြင့် လာရောက် ကြိုဆိုကြသည်။
ဝန်ကြီးချုပ်ဟွာက ဟွာဂျီယူကို ကြည့်ကာ ပြုံးလိုက်သည်… “ထင်တဲ့အတိုင်း… မင်းက မိန်းမလှပဲ… မင်းက ထူးခြားအံ့သြဖို့ ကောင်းတဲ့ ကံကြမ္မာရှိနေတာ မထူးဆန်းတော့ဘူး…”
“ဝန်ကြီးချုပ်ဟွာ… ကျုပ်တို့ကို ရှင်းပြပါဦး…” နန်ဒူတိုင်က ပြောသည်။ ဝန်ကြီးချုပ်ဟွာက သူမ၏ကြမ္မာနှင့် ပတ်သက်၍ အမှန်တကယ်ပင် ဘုရင်ကြီးအား ပြောခဲ့လေသလော။ သို့သော် နက္ခတ်ဗေဒဆရာများက တခြားလူများ၏ ဟောကိန်းများအား မဆိုင်သော သူများအား ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ အထူးသဖြင့် ဟွာဂျီယူ၏ ဟောကိန်းကို လုံးဝပြောလိမ့်မည် မဟုတ်ပေ။ နန်ဒူတိုင်ကလည်း သူမ၏ဟောကိန်းကို မိသားစုထဲတွင် မပြောပြရဲပေ။ လူအများက ထိုဟောကိန်းအား သိသွားလျှင် သူမကံကြမ္မာ ပြောင်းလဲ သွားနိုင်သည်ကို သူသိသည်။
“ဧကရာဇ်က ဟွာဂျီယူကို အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်အဖြစ် ချီးမြှောက်လိုက်တယ်… ကောင်းကင်ပြက္ခဒိန်ရဲ့ နှစ်၁၀ဝ၀၁ နှစ် မြှောက်မှာ သူမက နန်းမြို့တော်ကို သွားပြီး ဘွဲ့အမည်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရမယ်…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ သူက ပြောနေရင်း တွေးနေသည်။ ဘုရင်မင်းမြတ်က ဘုရင်ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သည်အမိန့်စာ နှစ်ခုဖြင့် သူက ဝန်ကြီးချုပ်ကျိုအားလည်း ခက်ခဲသော အခြေအနေကို မရောက်စေသလို အဓိက ပြဿနာမှာလည်း ဖြေရှင်းပြီးသား ဖြစ်သွားသည်။ သူတို့နှစ်ယောက်က နိုင်ငံ၏အနာဂတ်ကို လွှမ်းမိုးနိုင်သည်ဆိုမှတော့ ဘုရင်က သူတို့အား ကြွယ်ဝချမ်းသာမှုများပေးပြီး သူတို့အလွယ်တကူ ထိန်းချုပ်လို့ရနိုင်သော နေရာတွင် ထားလိုက်သည်။
တစ်ယောက်ယောက်က ငြင်းဆန်ခဲ့ပါက သူက အခြေအနေကို လိုက်၍ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ ကံကြမ္မာမှာ ပြောင်းလဲ၍ရသည်။ သို့သော် ဧကရာဇ်၏အမိန့်တော်မှာ မနာခံ၍ မရပေ။
ဟွာဂျီယူအတွက်မူ သည်အမိန့်တော်မှာ မိုးကြိုးပစ်ခံရသလိုပင်။
*****