Switch Mode

အပိုင်း(၉၁)

ဧကရာဇ်လျို

ဒွန်ဟိုင်မြို့တော်တွင် ဒွန်ဟိုင်ကျောင်းတော်ကား အပြောင်းအလဲ ကြီးမားစွာ ဖြစ်ပျက်သွားသည်။ ကျောင်းတော်ကား ယခင်ကနှင့် မတူတော့ပေ။ လူအများအပြားက ကျောင်းတော်မှ ထွက်ခွာသွားကြသည်။ သူတို့၏မိသားစုဝင်များနှင့် တပည့်များအား ခေါ်ဆောင်ကာ ကျောင်းတော်မှ အရေးကြီးပုဂ္ဂိုလ် အများအပြားလည်း ထွက်ခွာသွားကြသည်။ သို့သော်လည်း ကျောင်းတော်တွင် ဆက်နေ ကျန်ရစ်သူများလည်း ရှိသည်။

ကောင်းကင်ဒေသ ပြက္ခဒိန်၏ သက္ကရာဇ်နှစ် ၁၀ဝ၀ဝ မှာ မွေးဖွားခြင်း နှစ်သစ်တစ်ခု ဖြစ်သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ဒွန်ဟိုင်ကျောင်းတော်အတွင်း အာဏာကို ဆုပ်ကိုင်ပြီး ရတနာကြယ် ကျောင်းဆောင်က ကူညီသည်။ ကျောင်းဆောင်ခုနစ်ခု တန်းတူညီမျှသည့် အချိန်ကား အတိတ်တွင် ကျန်ခဲ့ပြီ။ သို့သော် သည်အသစ်တစ်ဖန် မွေးဖွားခြင်းက ကျောင်းတော်အား ပိုမို၍ အားကောင်းလာမည်လော။ သို့မဟုတ် ယုတ်လျော့သွားမည်လော မည်သူမှ မသိပေ။

သည်ကျောင်းတော်တွင် ကောင်းကင်မှ ကြယ်တစ်စင်း ပြုတ်ကျလာသလို ရုတ်တရက် ကျောင်းသားတစ်ယောက် ရောက်ရှိလာခဲ့သည်။ အလွန်တိုတောင်းသော အချိန်ကာလ အတွင်းတွင်ပင် သူ့အား ကျောင်းတော်တစ်ခုလုံးက သိအောင် သူလုပ်နိုင်ခဲ့သည်။ သို့သော်လည်း တစ်နှစ်ပင်လျှင် မပြည့်သေးပါဘဲ သူက လာဘ်လာဘကျောင်းဆောင်မှ ကျောင်းအုပ်ကြီးနှင့်အတူ ကျောင်းတော်မှ ထွက်ခွာသွားသည်။

သည်ကျောင်းတော်တွင် အလွန်ထင်ရှား ကျော်ကြားခဲ့သော သည်ကောင်လေးမှာ အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိပေ။ သို့သော်လည်း ကျောင်းဆောင်ခုနစ်ခု စုဝေးပွဲသို့ ရောက်ရှိလာသူတိုင်းက သိသည်မှာ အကယ်၍ သည်ကောင်လေးသာလျှင် ကျောင်းတော်တွင် လုံလောက်သော အချိန်တစ်ခုအထိ တန်ခိုးဆက်လက် ကျင့်နေခဲ့ပါက တစ်ချိန်တွင် နန်ဒူနိုင်ငံအတွက် အလွန်အရေးပါသောသူ တစ်ဦးဖြစ်လာမည်မှာ သေချာပေသည်။

နှစ်သစ်ကား နီးကပ်လာပြီဖြစ်သည်။ နန်ဒူနိုင်ငံကား ပွဲတော်၏ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ အချိန်ကြာမြင့်သည်အထိ အိမ်မှ ဝေးကွာနေသော သူများအားလုံး မိမိတို့ အိမ်ကိုယ်စီသို့ ပြန်လာကြသည်။ နှစ်သစ်ကို ကြိုဆိုတော့မည့် ဟန်ဖြင့် ဒေသတိုင်း၊ မြို့တိုင်းတွင် လှုပ်ရှား အသက်ဝင်နေကြသည်။

နန်းမြို့တော်တွင်လည်း ထူးမခြားနားပေ။ လူအချို့ဆိုလျှင် ပျော်ပွဲရွှင်ပွဲများပင်လျှင် ကျင်းပနေကြပြီ။ အိမ်တိုင်းက နှစ်သစ်ကူးပွဲတော် အဆင်အယင်များဖြင့် ပြင်ဆင်ထားကြပြီးပြီ။ နန်းမြို့တော်၏ အကြီးကျယ် အခမ်းနားဆုံးသော ဘုရင်မင်းမြတ်နန်းစံရာ နန်းတော်တွင်လည်း ပွဲတော်၏ အငွေ့အသက်များ ထုံမွှမ်းနေသည်။ သို့တိုင်အောင် နန်းမြို့တော် လူထုကြားထဲမှ ပတ်ဝန်းကျင်နှင့် ယှဉ်လျှင်မူကား အနည်းငယ် အေးစက်နေသယောင်ယောင်ဟု ဆိုနိုင်ပေသည်။ နန်းတော်၏ အရောင်အဝါမှာမူကား တော်ဝင်မိသားစုနှင့် ထပ်တူညီသည်။

ထိုအခိုက်တွင် နန်းတော်ခန်းမဆောင် အတွင်းတွင် လူတစ်ယောက် ထိုင်နေသည်။ သူ၏ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားပြီး ပန်းရောင်နှင့် ရွှေရောင်ပေါင်းစပ်ထားသော ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏ခေါင်းမှစ၍ ခြေအဆုံးအထိ အလွန်လွှမ်းမိုးနိုင်သော ကိုယ်ရောင်ကိုယ်ဝါအား ပိုင်ဆိုင်ထားသည်။ သည်လူကား နန်ဒူနိုင်ငံအတွင်းတွင် အာဏာအရှိဆုံး လူဖြစ်သည်။ သူကား ဧကရာဇ်လျို ဖြစ်သည်။ သူ့ရှေ့တွင် ရပ်နေသည်ကား ဝန်ကြီးချုပ်ကျိုဖြစ်သည်။

“မင်းကို ငါဘာလို့ ခေါ်လိုက်ရတာလဲ သိလား… “ဧကရာဇ်လျိုက ဝန်ကြီးချုပ်ကျိုအား မေးလိုက်သည်။

“မသိပါဘူး…အရှင်… “ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းလိုက်သည်။

“အိမ်ရှေ့စံက မင်းရဲ့ ဝန်ကြီးချုပ် အမိန့်ပြားကို မင်းက လူငယ်တစ်ယောက်ကို ပေးခဲ့တယ်လို့ ကြားခဲ့တယ်…ဒါကြောင့် လူငယ်ကို တွေ့ဖို့ သူကိုယ်တိုင် ဒွန်ဟိုင်မြို့တော်ကို သွားခဲ့တယ်…မင်းရဲ့ မျက်လုံးတွေက တကယ်ကောင်းတယ်…အရင်တုန်းကလိုပဲ ဒီတစ်ခေါက်တွေ့တဲ့ လူငယ်လေးကလည်း တော်တော်ကို အရည်အချင်းရှိတယ်…အကောင်းဆုံးထဲက အကောင်းဆုံးပဲ…” ဧကရာဇ်လျိုက ပြောသည်။

ဝန်ကြီးချုပ်ကျိုက တစ်စုံတစ်ခု လွဲချော်နေသည်ကို သိလိုက်သည်။ သူက လူငယ်တစ်ယောက်အား အရေးပေးရုံဖြင့် ဒွန်ဟိုင်မြို့တော်အထိ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ပေ။

“အမှန်တကယ်ပဲ သူက အရမ်းထူးချွန်တဲ့ လူငယ်လေးပါ… ဒါပေမဲ့ အရှင့်သားက ဒွန်ဟိုင်ကို ဒီလို ကိစ္စသေးသေးလေး အတွက်နဲ့ သွားတာ သွားစရာ လိုလို့လား။ အရှင်မင်းကြီးက အိမ်ရှေ့စံကို ဒီလိုမျိုး အချိန်မဖြုန်းဖို့ ပြောသင့်တယ်…” ဝန်ကြီးချုပ်ကျိုက အကြံပေးလိုက်သည်။ သူက အခြေအနေကို ထိန်းရန် ကြိုးစားနေခြင်းဖြစ်သည်။

“ကြည့်ရတာတော့ သူက ဒီခရီးမှာ အတွေ့အကြုံ တော်တော်ရလာတယ် ထင်တယ်… သူအပြင်ဘက်ကို ခရီးသွားတာလည်း သိပ်တော့ မဆိုးလှပေဘူး… ဒါနဲ့ မင်းတွေ့ထားတဲ့ လူငယ်လေးရဲ့ ကံကြမ္မာက ဘယ်လိုလဲ…” ဧကရာဇ်လျိုက ထူးမခြားနားစွာ ပြောသည်။

“အရှင်မင်းကြီး… ကျွန်တော်က တခြားလူတွေရဲ့ ရှေ့ဖြစ်ကို သိပ်မဟောဖြစ်တော့တာ ကြာပါပြီ။ လူတွေကို သူတို့ရဲ့ ရှေ့ဖြစ်ကို သိစေခြင်းက သူတို့ရဲ့ အပြုအမူနဲ့ အလှည့်အပြောင်းတွေကို လွှမ်းမိုးစေပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲစေပါတယ်…ဒါက ကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်ရာ ရောက်ပြီးတော့ ကျွန်တော်က ဒီလိုလုပ်တဲ့အတွက် အပြစ်ခံရပါလိမ့်မယ်…” ဝန်ကြီးချုပ်ကျိုက ဦးညွှတ်၍ တောင်းပန်လိုက်သည်။ သူပြောခဲ့သည်မှာလည်း လုံးဝမှားနေသည်တော့ မဟုတ်ပေ။ သူက ရီဖူရှင်း၏ အနာဂတ်အား ခန့်မှန်းခဲ့သည်ကို ဧကရာဇ်အား မပြောရဲပေ။ အကယ်၍ သည်ဟောကိန်းသာလျှင် ပေါက်ကြားသွားပါက သူ့ကံကြမ္မာ ပြောင်းလဲသွားနိုင်ရာ ကောင်းမွန်သော ကိစ္စတော့ မဟုတ်ပေ။ ထို့ကြောင့်လည်း နက္ခတ်ဗေဒ ပညာရှင်များမှာ အသက်ရှည်လေ့ မရှိကြပေ။

“မင်းတို့ကောင်တွေ အကြောင်းပြချက် များလိုက်တာ… အရင်တုန်းကတော့ အစီအစဉ်တိုင်း ငါတို့က လိုက်နာရင် ပြဿနာ မရှိဘူးလို့ မင်း မပြောခဲ့ဘူးလား…” ဧကရာဇ်လျိုက မတ်တတ်ရပ်လိုက်ကာ ရယ်မောလိုက်သည်…” ဒါဆို နန်ဒူမိသားစုက မိန်းကလေးကရော… ကောင်မလေးရဲ့ ကံကြမ္မာက ဘာလဲ… မင်းက နန်းမြို့တော်ကို ပြန်ရောက်ပြီး ကတည်းက အရမ်း အလုပ်ရှုပ်နေသလိုပဲ… ငါမမေးသင့်တာ သိပေမဲ့ ငါအရမ်း စိတ်ဝင်စားနေပြီ…”

ဝန်ကြီးချုပ်ကျို ရင်ထိတ်သွားသည်။ သူ့လှုပ်ရှားမှုများ အားလုံးကို ဘုရင်မင်းမြတ်နှင့် အိမ်ရှေ့စံတို့က စောင့်ကြည့်နေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ခဲ့ပေ။ ထိုသို့တွေးလိုက်လျှင် နန်ဒူတိုင်၏ တောင်းဆိုမှုကို အလွယ်တကူ လက်ခံမိခဲ့သည်ကို နောင်တရလာသည်။ သူမ၏ကံကြမ္မာ အလွန်ထိတ်လန့်ဖွယ်ရာ ကောင်းမွန်နေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ခဲ့ပေ။ ထို့အပြင် သူမက ရီဖူရှင်းနှင့် ပတ်သက်နေလိမ့်မည်ဟုလည်း မူလက သူလုံးဝမသိခဲ့ပေ။

“အရှင်မင်းကြီး… “ဝန်ကြီးချုပ်ကျိုက လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ရှေ့တွင်ထားလျှင် ဧကရာဇ်အား ဦးညွှတ်ကာ ပြောလိုက်သည်…” အရှင်မင်းကြီးနဲ့ ဆုံတွေ့ခဲ့ရတာ ကျွန်တော့် ကံကောင်းမှုပါ… ကျွန်တော်က အရှင်မင်းကြီးနောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ… ဒီနှစ်တွေ အတွင်းမှာ ကျွန်တော်က ပျင်းမနေဘဲ နန်ဒူနိုင်ငံအတွက် ထက်မြက်တဲ့ လူတွေကို လိုက်ရှာနေခဲ့ပါတယ်…”

“ငါသိတာပေါ့… မင်းလုပ်တာတွေ ငါနားလည်တယ်…” ဝန်ကြီးချုပ်ကျိုအား ကြည့်ကာ ဧကရာဇ်ကျိုက ခေါင်းယမ်းလျက် ပြုံးလိုက်သည်။ ထိုအခိုက်တွင် သူကား ဧကရာဇ်တစ်ယောက်နှင့် မတူဘဲ အစ်ကိုကြီး တစ်ယောက်နှင့် တူနေသည်။

“ဒီနှစ်တွေအတွင်းမှာ နက္ခတ်ဗေဒ ဆရာတစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို သုံးတာကို ကန့်သတ်ခဲ့တယ်… ပြီးတော့ သုံးခဲ့တဲ့ အကြိမ်တိုင်းလည်း လုံလောက်တဲ့ အကြောင်းပြချက် ရှိခဲ့တယ်… အခု ချင်းကျူမြို့ကို ခရီးထွက်တုန်းက ဒွန်ဟိုင်မြို့တော်ကို ဖြတ်သွားတုန်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ နန်ဒူမိသားစုက မိန်းကလေး တစ်ယောက်ကို ရှေ့ဖြစ်ဟောခဲ့တယ်… သူတို့နှစ်ယောက်လုံးက အလွန်ကံကောင်းတဲ့ လူငယ်တွေ ဖြစ်တာကြောင့် အနာဂတ်မှာ သူတို့က နန်ဒူနိုင်ငံရဲ့ ကံကောင်းမှုကိုလည်း လွှမ်းမိုးနိုင်လိမ့်မယ်… ဒါကြောင့်ပဲ ကျွန်တော်က သူတို့နှစ်ယောက်အတွက် လမ်းဖွင့်ပေးနေတာပါ…” ဝန်ကြီးချုပ်ကျိုက ပြောသည်။

ဧကရာဇ်လျိုက အနည်းငယ် ခေါင်းညိတ်လိုက်ကာ ပြုံးလိုက်သည်… “မင်းရဲ့ စိတ်ကူးတွေအတွက် ငါဝမ်းသာတယ်… ပြီးတော့ မိန်းကလေးက အရမ်းဉာဏ်များတယ်… ဒါကြောင့် သူမကို မင်းသည်းခံရလိမ့်မယ်… သူမက မင်းကို မလေးမစားလုပ်ရင် သင်ခန်းစာပေးဖို့ မကြောက်နဲ့… ငါ့အတွက်နဲ့ သူမကို လျော့ပေါ့ပေးစရာ မလိုဘူး…”

“မင်းသမီးလေးက ဉာဏ်များပေမဲ့ သူမရဲ့ အရည်အချင်းနဲ့ စိတ်နေသဘောထားက တော်တော်ကောင်းတယ်…” ဝန်ကြီးချုပ်ကျိုက ပြောသည်။

“ကောင်းပြီ… သွားလို့ရပြီ… “ဧကရာဇ်လျိုက ဝန်ကြီးချုပ်ကျို၏ ပခုံးအား ပုတ်လျက် ပြောသည်။ ဝန်ကြီးချုပ်ကျိုက လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ မြှောက်လျက်သားပင် နောက်သို့ ဆုတ်သွားသည်။ သူက အပြင်ကို လုံးဝ ရောက်ရှိသွားတော့မှသာလျှင် ကျောခိုင်းလိုက်သည်။

ဝန်ကြီးချုပ်ကျို၏ နဖူးမှ ချွေးသီးလုံးများ ကျလာသည်။ နက္ခတ်ဗေဒ ဆရာတစ်ယောက် အနေဖြင့် သူက သတိထား၍ ပြုမူရန် လိုသည်။ သူမပြောပြနိုင်သည့်အရာ များစွာ ရှိသည်။ ဥပမာအားဖြင့် နန်ဒူနိုင်ငံ၏ကံကြမ္မာနှင့် အိမ်ရှေ့စံမင်းသား၏ဟောကိန်းတို့ ဖြစ်ကြသည်။

ဝန်ကြီးချုပ်ကျိုက သူ့စွမ်းဆောင်မှုများ အလဟဿ မဖြစ်ရန်ကိုသာ မျှော်လင့်မိသည်။

ဝန်ကြီးချုပ်ကျို မသိခဲ့သည်ကား သူထွက်သွားပြီးသောအခါ ခန်းမဆောင်ထဲကို လူနှစ်ယောက် ဝင်လာသည်။ သူတို့မှာ လျိုဂျင်လန်နှင့် ဝန်ကြီးချုပ်ဟွာတို့ ဖြစ်ကြသည်။

ဧကရာဇ်လျိုကား သူ၏စာရေးခုံတွင် တစ်စုံတစ်ခုကို ရေးနေဟန်တူသည်။ သူက ရေးနေရင်းမှ ပြောသည်…̏ ဝန်ကြီးချုပ်ကျိုက သူတို့နှစ်ယောက်က အရမ်း ကံကောင်းတဲ့လူတွေဖြစ်ပြီး နန်ဒူနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်လို့ ပြောတယ်…ဒါဆို ငါက သူ့ဆန္ဒအတိုင်း လိုက်ပြီး အစီအစဉ်ချရတာပေါ့…”

ဝန်ကြီးချုပ်ဟွာနှင့် အိမ်ရှေ့စံမင်းသားတို့က မည်သို့မှ မပြောပေ။ သူတို့က တိတ်ဆိတ်စွာ စောင့်နေကြသည်။ ဧကရာဇ်လျိုက အမိန့်စာတစ်ခုကို ရေးသားနေသည်ကို သူတို့သိကြသည်။

အတန်ကြာလျှင် သူက စုတ်တံကို ချလိုက်သည်။ သူ၏လက်အား ဝှေ့ယမ်းလိုက်လျှင် စာလိပ်က ဝန်ကြီးချုပ်ဟွာထံသို့ ပေါလောမျောလျက် ရောက်ရှိသွားသည်။

“အဲဒါကို ယူသွား…”ဧကရာဇ်လျိုက စေခိုင်းလိုက်သည်။ ဝန်ကြီးချုပ်ကျိုက လက်ဆန့်လျက် စာလိပ်ကို ယူလိုက်သည်။ သူက အမိန့်စာအား တစ်ချက်ကြည့်လိုက်လျှင် လန့်ဖျပ်သွားသည်။ ဘုရင်မင်းမြတ်ကား တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသော ဧကရာဇ်ပီသပေသည်။ သူ၏အမိန့်စာက ဝန်ကြီးချုပ်ကျို၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းရာ ရောက်သလို တစ်ချိန်တည်းမှာပင် စိုးရိမ်ဖွယ်ရာများအား ရှင်းလင်းရာလည်း ရောက်ပေသည်။

“နက္ခတ်ဗေဒကို ယုံကြည်ပေမဲ့ ငါကလုံးဝဥဿုံယုံကြည်လို့ မရဘူး…ကံကြမ္မာက ပြောင်းလဲလို့ရတယ်… ဒါပေမဲ့ …တစ်ခုရှိတယ်… နန်ဒူနိုင်ငံရဲ့ ကောင်းကင်အောက်မှာ ငါ့ဆန္ဒက ကောင်းကင်ရဲ့ ဆန္ဒဖြစ်ရမယ်…” ဧကရာဇ်လျိုက ပြောသည်…” ဝန်ကြီးချုပ်ဟွာ… မင်းကိုယ်တိုင်သွားပြီး လုပ်လာခဲ့… နှစ်ဟောင်း ကုန်တော့မယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ မင်းကို နောက်တစ်ခါ ခရီးထွက်ဖို့ ခိုင်းရပြန်ဦးမယ်… ပြီးတော့ လျိုဂျင်လန်… မင်းက နန်းတော်မှာပဲနေပြီး တန်ခိုးကျင့်တာမှာ အာရုံစိုက်ထား… ဝန်ကြီးချုပ်ကျို ပြောတဲ့အထဲမှာ မှန်ကန်တာ တစ်ခုရှိတယ်… မင်းအတွက် သရဖူကလွဲပြီး တခြား ဘာမှ အရေးမပါဘူး…”

“ဟုတ်ကဲ့… ခမည်းတော်…”လျိုဂျင်လန်က ခေါင်းညိတ်သည်။

“ကျွန်တော်က ဒွန်ဟိုင်မြို့တော်ကို မြန်မြန် သွားလိုက်ပါ့မယ်…ဒါပေမဲ့ အရှင်…တကယ်လို့ တစ်ယောက်ယောက်က ဧကရာဇ်အမိန့်ကို မလိုက်နာခဲ့ရင်ရော…” ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်။

“ငါက မင်းကိုယ်တိုင် စီမံဖို့ ပြောထားပြီးပြီ… နောက်ထပ် မေးနေဖို့ လိုသေးလား…” ဧကရာဇ်လျိုက ပြောသည်။ ဝန်ကြီးချုပ်ဟွာ ချက်ချင်း ဆိုလိုရင်းကို နားလည်လိုက်သည်။ အကယ်၍ သူက ဧကရာဇ်အမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ပါက တစ်ယောက်ယောက်အား စေလွှတ်၍ အမိန့်စာကို ပို့ဆောင်မည်ဖြစ်သည်။ ယခု ဧကရာဇ်က သူ့အား ကိုယ်တိုင်သွားရောက်ရန် စေခိုင်းခြင်းဖြစ်ရာ ငြင်းဆန်ရဲမည့်လူ ရှိနိုင်မည် မဟုတ်ပေ။ ငြင်းဆန်ခဲ့ပါကလည်း ထိုလူမှာ ကောင်းမွန်စွာ အဆုံးသတ်မည် မဟုတ်ပေ။

‘ဒီနန်ဒူနိုင်ငံရဲ့ ကောင်းကင်အောက်မှာ ငါ့ဆန္ဒက ကောင်းကင်ရဲ့ ဆန္ဒပဲ…” ထိုစကားများက သူ့သဘောထားကို ရှင်းလင်းစေသည်။

“ကျွန်တော့်ကို ခွင့်ပြုပါဦး… “ဝန်ကြီးချုပ်ဟွာက ဦးညွှတ်၍ ပြောသည်။

***

နန်းမြို့တော်နှင့် မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်တွင် ရှိသော ရီဖူရှင်းကား မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိခြင်းမရှိပေ။ နှစ်ဟောင်းကုန်ရန် နှစ်ရက်သာ လိုတော့သည်။ သူ့မိဘများ မည်သည့်နေရာတွင် ရှိသည်ကို ယခုထိ မသိသေးပေ။ သူ၏ဦးလေးနှင့် ဒေါ်လေးတို့ နေကောင်းကြသလား။ ရီရှာကျင်းနဲ့ ရီမိုတို့ကကော။ အဆင်ပြေကြသလား။ သည်နှစ်ကုန်ပြီးလျှင် သူက ဒွန်ဟိုင်မြို့တော်မှ ထွက်ခွာကာ နန်းမြို့တော်ကို သွားတော့မည်ဖြစ်သည်။ ဟွာဂျီယူနှင့် အတူတူ ကုန်ဆုံးရတော့မည့် ထိုနေ့ရက်များမှာ စိတ်ဝင်စားစရာ အတိဖြင့် ဖြစ်နေမည်မှာ သေချာလှသည်။

ဥယျာဉ်ခြံဝင်းထဲတွင် ယူချင်းနှင့် ယိချိန်ချန်တို့က အမြဲ အပူးတွဲတွဲဖြစ်နေသည်ကို မြင်လျှင် သူနာကျင်ရသည်။

“ယူချင်း…” သူခေါ်လိုက်သည်။ ယူချင်းက ခေါင်းမော့ကာ သူ့အား နားမလည်သလို ကြည့်သည်။

“ကောင်းကောင်း တန်ခိုးကျင့်… မင်းရဲ့ ရည်းစားနားပဲ ကပ်မနေနဲ့…” ရီဖူရှင်းက လေးနက်စွာ ပြောလိုက်သည်။

ယူချင်း ထိတ်လန့်သွားသည်။ ယိချိန်ချန်က ရယ်မော၍ သူ့ကို ပြောလိုက်သည်…”ယူချင်း… ဟွာဂျီယူ ဒီမှာမရှိတာနဲ့ တစ်ယောက်က ငါတို့ကို မနာလို ဖြစ်နေတယ်…”

“ဟုတ်တယ်… ချင်းကျူမြို့မှာတုန်းက ငါတန်ခိုးကျင့်နေတုန်း သူနဲ့ ဟွာဂျီယူတို့က နေ့တိုင်း ပူးပူးတွဲတွဲနဲ့ပဲ… ပြီးတော့ သူတို့ အတွဲဖြစ်သွားတယ်…” ယူချင်းက ခေါင်းညိတ်လိုက်သည်။

ရီဖူရှင်း၏မျက်နှာ မဲ့သွားသည်… “မင်းတို့ကောင်တွေ စိတ်ပျက်လိုက်တာ…” သူက ထိုနေရာမှ ထွက်ခွာလာသည်။ သူက တခြားအဆောင်နား တစ်နေရာသို့ ရောက်လာရာ သူ့ရှေ့တွင် ဆံပင်ဖြူအဘိုးအို တံမြက်စည်း လှည်းနေသည်ကို မြင်ရသည်။

“အဘိုးယူ…” ရီဖူရှင်းက ရှေ့ကိုလှမ်းသွားလိုက်သည်။ အဘိုးအိုက ခေါင်းမော့ကာ ပြုံးလိုက်သည်… “သခင်လေးရီ…”

“နှစ်သစ်ကိုတောင် ရောက်တော့မယ်… အဘိုးယူက အိမ်မပြန်ဘူးလား…” ရီဖူရှင်းက မေးလိုက်သည်။ သည်ရက်ပိုင်းတွင် သူက မကြာခဏ အဘိုးအိုနှင့် လာရောက် စကားပြောလေ့ရှိသည်။

“အဘိုးမှာ ပြန်ရမယ့် အိမ်မရှိဘူးကွယ့်…” အဘိုးအိုက ဝမ်းနည်းဟန်ဖြင့် ခေါင်းယမ်းကာ ပြောသည်။

“အဘိုးယူက ပြန်ရမယ့် အိမ်မရှိဘူးဆိုတာ ဘယ်လိုလဲ… ကျွန်တော်နားမလည်ဘူး… အဘိုးယူ ဘယ်ကလဲ…” ရီဖူရှင်းက ဆက်မေးလိုက်သည်။

“အဘိုးရဲ့အချိန်တချို့ကို အရှေ့ပင်လယ်ရဲ့ ကျွန်းစုတစ်ခုမှာ နေခဲ့တယ်… သခင်လေးက အဲဒီနေရာကို သိမှာ မဟုတ်ဘူး… ပြီးတော့ အဘိုးက ဒွန်ဟိုင်မြို့တော်ကို ရောက်လာတယ်… ပြန်မသွားနိုင်တော့ဘူး…” အဘိုးအိုက စိတ်မကောင်းစွာ ပြောသည်။

“အဘိုးယူ… အဘိုးယူရဲ့ အသက်အရွယ်နဲ့ဆို အတွေ့အကြုံတွေ အများကြီးရှိမှာပဲ… ကျွန်တော့်ကို နည်းနည်းပြောပြလေ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“အဘိုးလို လူမျိုးက ဘယ်လို အကြောင်းအရာတွေ ပြောစရာရှိမှာလဲ… တစ်သက်လုံး သူများခိုင်းတာ လုပ်လာတာ… အဘိုးကို ကောင်းကောင်း ဆက်ဆံတဲ့ သခင်တစ်ယောက် ရှိခဲ့ဖူးတယ်… ပြဿနာက တံခါးမခေါက်ဘဲ ရောက်လာခဲ့တယ်… ဒါပေမဲ့ သခင်လေးရီ… သခင်လေးကလည်း အဘိုးကို ကောင်းကောင်း ဆက်ဆံတယ်…” အဘိုးအိုက ရီဖူရှင်းကို ကျေးဇူးတင်စွာ ပြောသည်။

“ဒါက ပြောနေစရာမလိုပါဘူး… အဘိုးယူ… အဘိုးယူရဲ့ အသက်အရွယ်နဲ့ဆို ကျန်းမာရေးကို ပိုဂရုစိုက်သင့်တယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပါပြီ… သခင်လေးရီ… သခင်လေးက တခြား လုပ်စရာတွေ ရှိနေမှာပဲ… ဒီအဘိုးအိုနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူးလေ…” အဘိုးအိုက ရယ်မောလိုက်သည်။

“ကောင်းပြီ… ကျွန်တော် သွားတော့မယ်… နောက်အချိန်ရရင် ကျွန်တော် လာကြည့်ဦးမယ်…” ထိုသို့ပြောကာ ရီဖူရှင်းက အတွေးနက်လျက် ပြန်လာသည်။

အမှန်တကယ်ပင် သူအတွေးလွန် နေခြင်းလား ရီဖူရှင်း မပြောတတ်ပေ။ သူက အမှန်တကယ် လေ့လာလျှင်လည်း မည်သည့်သဲလွန်စမှ မတွေ့ပေ။ သို့သော် အဘိုးအိုအား ရင်းနှီးသလို ခံစားနေရသည်။ သည်ခံစားချက်အား ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲလွန်းလှသည်။

****

Comment

Leave a Reply

Options

not work with dark mode
Reset