ရှီမာယူယူ အနည်းငယ်စိတ်တိုသွားကာ ဝူလင်းယူအား ရန်လိုသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ဝူလင်းယူ သူမမျက်တောင်ခတ်လိုက်သည်ကိုတွေ့သည်နှင့် သူသတိမေ့နေစဉ်အတွင်းတွင် စူးရှစွာစိုက်ကြည့်နေသော မျက်လုံးတစ်စုံအား ရုတ်တရက်စဉ်းစားမိလိုက်သည်။
“မင်းက ငါ့ဒဏ်ရာကိုကုပေးခဲ့တာပဲ”
သူ့ဗိုက်တွင် ဒဏ်ရာရှိခဲ့ကြောင်းကို ရှီမာယူယူသတိရလိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်မှ ထလိုက်ကာ ပြောလိုက်သည် “ဒီသခင်ကြီးက ယောက်ျားပဲ ခင်ဗျားကို စိတ်မဝင်စားဘူး ဟိုဘက်မြန်မြန်တိုး”
ဒီတစ်ကြိမ်တွင် ဝူလင်းယူဘာမှမပြောတော့လဲ အနည်းငယ်တိုးပေးလိုက်သည်။
ရှီမာယူယူ မှော်ဝင်လက်စွပ်မှ ခေါင်းအုံးထုတ်ကာ အပြင်တွင်ထားလိုက်သည်။ သူမဘေးတွင် လှဲလျောင်းကာ ဝူလင်းယူအား လျစ်လျူရှုသလိုနှင့် မျက်စိမှိတ်ထားလိုက်သည်။
သူမသည် မိန်းကလေးဖြစ်သော်လည်း သူတို့တစ်အိပ်ရာတည်း အိပ်ရာသည်ကို ဂရုစိုက်ခြင်းနည်းနည်းမျှပင် မရှိပေ။ တစ်ဖက်တွင်တော့ သူ့နှလုံးသားသည် ဗြောင်းဆန်နေပြီး ချီတုံချတုံဖြစ်လို့နေချေပြီ။
ရှီမာယူယူ စိတ်ဆိုးသွားသည်ကို ဝူလင်းယူခံစားမိပြီး သူ့ဗိုက်မှ ဒဏ်ရာကို လက်နှင့်ထိလိုက်သည်။ ဒီကောင်လေးက ဒီလောက်ကျွမ်းကျင်တဲ့ အရည်အချင်းရှိမယ်လို့ဘယ်သူထင်မှာလဲ။ ဒီလို အနီးကပ်တိုက်ခိုက်မှု အရှိန်နဲ့ဆိုရင် သူသာ တိုက်ပွဲအတွေ့အကြုံမရှိခဲ့ဘူးဆိုရင် သူမအား ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
သူမ နှင့်ပတ်သတ်သော ကောလဟလများကို သူတွေးနေလိုက်သည်။ သူမ တကယ်ပဲအမှိုက်မှဟုတ်ရဲ့လား။
တကယ်လို့ ကောလဟလတွေဟာ အမှားတွေဆိုရင် သူမ လေးလေးနက်နက်ဖုံးကွယ်ထားတာဆိုတာ ဘာကိုအဓိပ္ပာယ်လဲ။
သူမ အမှန်တကယ်တိုက်ခိုက်သောအခါတွင် ထိုအရည်အချင်းသည် တကယ့်ကိုပင် အားကောင်းလှသည်။
သို့သော် သူမ ယောက်ျားလေးဟန်ဆောင်သည်ကို မြင်လိုက်တိုင်းတွင် သူ မယုံနိုင်လောက်အောင် သဘောကျမိသည်။
သူ့အား စိတ်ဝင်စားမှု တစိုးတစိမျှမရှိဟု တရားဝင်ကြေညာသည်ကို တွေး၍ မသိစိတ်မှ သူ့မျက်နှာအား ထိကြည့်မိသည်။
အထက်လောကတွင်တောင် သူဘယ်သွားသွား အားလုံး၏ အာရုံစိုက်မှုကိုရရှိသည်။ သူ၏ အာရုံစိုက်မှုနှင့် ချစ်ခြင်းကို လိုချင်သော မိန်းကလေးများမှာ မရေမတွက်နိုင်ပေ။
ထိုမိန်းကလေးများအား နှစ်သက်ခြင်းမရှိသည့်အပြင် အမှန်တိုင်းပြောရမည်ဆိုလျှင် မုန်းတောင်မုန်းသေးသည်။ သူ့အား စိတ်ဝင်စားခြင်းမရှိသည်ကို ကျယ်လောင်စွာအော်ဟစ်သောအသံကို ကြားရမည့်နေ့ရောက်လာမည်ကို မတွေးမိခဲ့ပေ။
ရှီမာယူယူအိပ်ပျော်နေသော်လည်း ဟိန်းသံလေးနှင့်တခြားသူများသည် ဝူလင်းယူ၏အခြေအနေအား စိတ်ဝင်စားမှုရှိနေကြသည်။
သူမ အိပ်ပျော်တိုင်းတွင် အရင်ဘဝကို ထပ်၍အိမ်မက်မက်မည်ကို ကြောက်သည်။ သို့သော် သူတို့အား အိမ်မက်မက်ရန်လည်းမျှော်လင့်မိသည်။ သို့သော် ထိုညသည် အိမ်မက်မက်ခြင်းမရှိလဲ မိုးလင်းသွားခဲ့သည်။
ဝူလင်းယူတစ်ယောက်သာ ညဉ့်နက်မှ အိပ်ပျော်သွားခဲ့သည်။ သူသည် မည်သည့်တစ်စုံတစ်ယောက်နှင့်မျှ ထိုကဲ့သို့ နီးကပ်စွာနေဖူးခြင်းမရှိပေ။ အိပ်ရာအတူတူအိပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ထိုသူသည် မိန်းကလေး။ ထိုအရာသည်သူ့အား အနေရခက်ကာ အာရုဏ်တက်ချိန်လောက်မှပင် အိပ်ပျော်သွားတော့သည်။
ဒုတိယနေ့ မနက်ခင်းတွင် ရှီမာယူယူ အိပ်ရာမှထလိုက်သည်။ အိပ်ပျော်နေသော ဝူလင်းယူအား သူမကြည့်လိုက်ကာ တိတ်တဆိတ်ထွက်လာခဲ့ပြီး စားစရာများကို ပြင်ဆင်လိုက်သည်။ ပြီးနောက်တွင် သူမ တိတ်တဆိတ်ပြန်လာကာ ပြန်မထွက်ခင် စားပွဲပေါ်တွင် စားစရာများကို ခင်းကျင်းလိုက်သည်။
ရှီမာယူယူထွက်သွားမည့်အချိန်ကို ဝူလင်းယူစောင့်ကာ သူ့မျက်လုံးများဖွင့်လိုက်သည်။ သူ သူ့နေရာတွင် လဲလျောင်းကာ ခေါင်းအောက်တွင် လက်ဖြင့်ထောက်ထားသည်။ စားပွဲပေါ်တွင် ပြင်ဆင်ထားသော စားစရာများကိုကြည့်ရင်း သူရယ်မိသည်။
သူ အိပ်ရပေါ်မှထကာ စားပွဲဘေးတွင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ “ဒီကောင်ကတော့ လူတိုင်းကို သူ့လိုပဲ ထမင်းသုံးနပ် တစ်နပ်မှမလွတ်ပဲစားတဲ့သူလို့ထင်နေတာလားမသိဘူး”
သူထိုင်ချလိုက်ကာ စွပ်ပြုတ်နှစ်လုတ်စားပြီးသည်နှင့် ပြောလိုက်သည် “ဒီကောင်က ဟင်းလျာအသစ်တွေပဲချက်နေတာပဲ ဒီစိတ်ကူးတွေကဘယ်ကရတာလဲမသိဘူး ဘယ်လိုပဲဖြစ်ဖြစ် အရသာကတော့ တကယ်ကောင်းတယ်”
ဒီတစ်ကြိမ်တွင် ရှီမာယူယူ လမ်းလျှောက်ထွက်ရုံပဲ၊ မကြာခင်ပြန်လာလိမ့်မည်ဟု ဝူလင်းယူထင်လိုက်သည်။ သို့သော် နေ့တစ်ဝက်လောက်စောင့်ပြီးချိန်ထိ သူမအရိပ်အယောင်မတွေ့ရပေ။
မနက်ခင်းတွင် ရှီမာယူယူဂူမှထွက်လာသည်နှင့် ရာဟွောင်သည် အော်လိုက်သည် “သခင် ဝိညာဉ်ပုလဲအတွင်းက တကယ်မိုက်တယ်” ရာဟွောင်သည် စိတ်လှုပ်ရှားစွာရှီမာယူယူအားပြောလိုက်သည်။
“ယူယူ ဒီကောင်ကတော့ ဝိညာဉ်ပုလဲအတွင်းကိုဝင်တာနဲ့ ခုန်ပေါက်နေတော့တာပဲ ထိန်းမနိုင်သိမ်းမနိုင် စိတ်လှုပ်ရှားနေတာလေ” ဟိန်းသံလေးသည် ရာဟွောင်ခေါင်းအား ကုတ်လိုက်ကာ ရှီမာယူယူအား အစီရင်ခံနေသည်။
“ဒီလောက်ကောင်းတဲ့နေရာကို ရောက်ဖူးတာပထမဆုံးအကြိမ်မို့ပါ အဲဒါကြောင့် နည်းနည်းစိတ်လှုပ်ရှားသွားတာ” အနည်းငယ် ရှက်ရွံ့စွာဖြင့် ရာဟွောင်ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းအဆင်ပြေတယ်ဆိုရင် အဲမှာပဲနေခဲ့လိုက်လေ ကျင့်သားရဖို့အထောက်အကူဖြစ်မှာပါ” ရှီမာယူယူပြောလိုက်သည် “အစွန်အဖျားကိုအေးအေးဆေးဆေးရောက်ဖို့ ဘယ်လိုလုပ်ရမလဲမင်းသိလား”
“တိုက်ခိုက်မှုအရည်အသွေးတက်အောင် ဝိညာဉ်သားရဲရှာဖို့ သခင်လိုအပ်နေတာလား” ရာဟွောင်မေးလိုက်သည်။
“ဟုတ်တယ် ငါ့အခုလက်ရှိအင်အားက မလုံးလောက်ဘူး ဝိညာဉ်အရည်အချင်းတွေလည်း အများကြီးမသိဘူး အားအနည်းဆုံးဝိညာဉ်သားရဲကနေ လေ့ကျင့်မှုကိုစချင်တယ်” ရှီမာယူယူပြောလိုက်သည်။
“အပြင်ဘက်ကိုထွက်ဖို့ သေချာပေါက်လုံခြုံတဲ့လမ်းတော့မရှိဘူး။ ဒါပေမယ့် ဟိန်းသံလေးရှိနေတော့ အဆင့်မြင့်ဝိညာဉ်သားရဲတွေနဲ့ကြုံရင် သူ့ရောင်ဝါလက္ခဏာကို ထုတ်ပြဖို့တော့လိုလိမ့်မယ်။ အဲဒါတွေ့တာနဲ့ ဝေးတဲ့နေရာမှာ သွားပုန်းနေကြလိမ့်မယ် ဟိန်းသံလေး သူ့ရောင်ဝါလက္ခဏာကို ဖျောက်လိုက်တာနဲ့ ငါတို့အပြင်ဘက်ကို ရောက်လိမ့်မယ်” ရာဟွောင်ပြောလိုက်သည်။
“ဒီလိုနည်းနဲ့ပဲ လှုပ်ရှားကြမယ်လေ” ရှီမာယူယူပြောလိုက်သည်။
“သခင် ဒီနေရာကနေဆို အပြင်ဘက်က တော်တော်ဝေးသေးတယ်။ ငါ့နောက်ကျောကိုတက်လိုက် အဲဒီကို ခေါ်သွားမယ်” ရာဟွောင်ပြောပြီးသည်နှင့် သူ့ခန္ဒာကိုယ်သည် လှုပ်ခါလိုက်သည်နှင့် အရွယ်အစားကြီးလာသည်။
ဝိညာဉ်သားရဲများ သူတော်စင်အဆင့်နှင့်အထက်ရောက်ပြီဆိုသည်နှင့် သူတို့သည် ကိုယ်ယောက်ဖျောက်နိုင်ကြသည်။ ထိုမတိုင်ခင်တွင် ရာဟွောင်သည် အမြဲတမ်း ကိုယ်ယောက်ဖျောက်နိုင်ခဲ့သည်။
ရှီမာယူယူ ရာဟွောင်ကိုယ်ပေါ်သို့ တက်ကာ ပြောလိုက်သည် “သွားကြစို့”
ရာဟွောင် အမိန့်ကိုရသည်နှင့် ရှီမာယူယူအားသယ်ဆောင်ကာ အပြင်ဘက်ဒေသသို့ပြေးထွက်လာခဲ့လိုက်သည်။ လမ်းတစ်လျှောက် ဟိန်းသံလေး၏ ဝိညာဉ်ဖိအားကို အသုံးပြု၍ ပူလွောင်တောင်တန်း၏အစွန်းသို့ လျင်မြန်စွာရောက်ရှိလာသည်။
ရာဟွောင်သည် ဟိန်းသံလေးကဲ့သို့ ဝိညာဉ်ဖိအားကို လွယ်ကူစွာ ထုတ်နိုင်သွင်းနိုင်မရှိသဖြင့် တောင်ထိပ်တွင် ရပ်တန့်လိုက်သည်။ ထိုဝိညာဉ်သားရဲများသည် ဝိညာဉ်ပုလဲအတွင်းဝင်ကာ ပုန်းနေမည်ကို ရှီမာယူယူစိုးရိမ်သည်။ ထို့ကြောင့် သူမအားစောင့်ပေးရန် ဟိန်းသံလေးနှင့်သာ ထွက်ခဲ့လိုက်သည်။
ပူလွောင်တောင်တန်းတွင်ရှိသော ဝိညာဉ်သားရဲအရေအတွက်မှာ များပြားလှသည်။ သူတို့ တောင်ထိပ်မှဆင်းသည်နှင့် မီးတောက် ပုတ်သင်နှင့်တွေ့တော့သည်။
“ယူယူဒါက အဆင့်သုံးရှိတဲ့ ဝိညာဉ်သားရဲပဲ မင်းရဲ့ လက်ရှိအားနဲ့ဆိုရင် တိုက်ခိုက်ဖို့ဆို သင့်တော်တယ်” မီးတောက်ပုတ်သင်၏ အဆင့်ကိုကြည့်၍ ဟိန်းသံလေးပြောလိုက်သည်။
“ပြီးတော့ သူကလည်းမီးတောက်အရည်အချင်းပဲ ငါရဲ့ မီးတောက်ဝိညာဉ်ကို စမ်းသပ်ဖို့အတွက် အချိန်ကောင်းပဲ” ရှီမာယူယူပြောလိုက်သည်။
မီးတောက် ပုတ်သင်သည် ရှီမာယူယူအားမြင်သည်နှင့် မျက်လုံးများအရောင်တောက်လာလေသည်။ ဆာလောင်နေသော ခွေးသည် အရိုးတွေ့သကဲ့သို့ သူမအားကိုက်စားချင်စိတ်ပေါက်နေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ရှီမာယူယူတွင် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ရောင်ဝါထွက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုမီးတောက်ပုတ်သင်သည် သူမအား သာမာန်လူလို့သာ အထင်မှားနေသည်။ အစပိုင်းတွင် သူမအား ဝိညာဉ်စွမ်းအင်အသုံးပြု၍ တိုက်ခိုက်ရန်အစီအစဉ်မရှိပါ။ သာမာန်အမြီး လှုပ်ရုံချင်သာဖြစ်သည်။
ထိုဝိညာဉ်သားရဲသည် အလွန်ခက်ခဲသည့်အပြင်ပန်းပုံစံရှိသည်မှာ ပြောစရာမလိုပေ။ ထိုမီးတောက် ပုတ်သင်သည် အမြီးကိုလှုပ်ရုံသာလှုပ်သော်လည်း ထိုရိုက်ခတ်မှုကြောင့် ရှီမာယူယူ ရပ်နေသော ကျောက်တုံးမှာ အစိတ်စိတ် အမြွှာမြွှာကွဲသွားတော့သည်။
“အားကောင်းလှချည်လား” ရှီမာယူယူဘေးတွင်ရပ်ပြီး ကွဲသွားသော ကျောက်တုံးအားကြည့်လိုက်သည်။ သူမ အနည်းငယ်တုန်လှုပ်ကာပြောလိုက်သည်။ “ဒီဝိညာဉ်သားရဲရဲ့ ခန္ဓာကိုယ်က အားကောင်းတဲ့ပုံပဲ ဒါကတော့မဆိုးပါဘူး”
သန်မာသော ရန်သူနှင့် ထိပ်တိုက်တွေ့ခြင်းကြောင့် သူမပို၍ စိတ်လှုပ်ရှားမိသည်။ ထိုအားသည် လူတစ်ယောက်၏ အားနည်းသောခန္ဓာကိုယ်နှင့် ယှဉ်လျှင်အားကောင်းလှသောကြောင့် သူမ ကိုယ်ပိုင်အားနှင့် ပြိုင်ရန်ဆုံးဖြတ်လိုက်သည်။
“ငါ့ဝိညာဉ်စွမ်းအားကိုသုံးပြီး တခြားဘယ်ပြိုင်ဘက်နဲ့မှ မတိုက်ဖူးဘူး… မင်းက ငါ့ရဲ့ပထမဆုံး စမ်းသပ်တဲ့အကောင်ပဲ” ထိုသို့ပြောပြီးနောက် သူမဝိညာဉ်အတွင်းအားများကို စတင်စုစည်းကာ တဖြည်းဖြည်း သူမ လက်ဖဝါးတွင် ပေါင်းစည်းလိုက်လေသည်။
ရှီမာယူယူ ဝိညာဉ်စွမ်းအားများကို စုစည်းသည်ကို မီးတောက်ပုတ်သင်မြင်သောအခါ အားလျော့သွားသည်။ ဒီတစ်ကြိမ်တွင် သူမလှုပ်ရှားမှုအား နှောင့်ယှက်ရန် သူ့အမြီးကိုသုံးကာ သူမအားရွယ်လိုက်သည်။
မီးတောက်ပုတ်သင် လှုပ်ရှားသည်ကို ရှီမာယူယူမြင်သည်နှင့် လျင်မြန်စွာ ဘေးကိုရှောင်တိမ်းလိုက်သည်။ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရာတွင် အန္တရာယ်များလှသည်။
အကယ်၍ တခြားသူသာဆိုလျှင် ထိုတိုက်ခိုက်မှုတွင် သေချာပေါက် ကျရှုံးမည်ဖြစ်သည်။ ပြိုင်ပွဲစင်ပေါ်မှာတုန်းက မုန်ထန်ပြုလုပ်ခဲ့သလိုပင် အချိန်မကျသေးဘဲ ဝိညာဉ်စွမ်းအားကို ပစ်ပေါက်လိုက်လေသည်။
သို့သော် သူမ အချိန်တစ်ခဏမျှသာတုန့်ဆိုင်းသွားပြီး အရိုက်မခံရဘဲ သူမလက်တွင် ဝိညာဉ်စွမ်းအင်ကို ဆက်လက်စုစည်းလိုက်သည်။
သူမလက်ထဲမှ ဝိညာဉ်စွမ်းအားသည် ကြီးထွားလာသည်။ သူမလက်အတွင်းရှိ စွမ်းအားကို သူမခံစားမိသည်။ ထိုခံစားမှုသည် အရင်ဘဝမှ တစ်စုံတစ်ယောက်အား သေနတ်နှင့်ချိန်သော ခံစားမှုနှင့်မတူပေ။ ထိုစွမ်းအားသည် ကောင်းကင်အားတစ်ခဏမျှ ကွဲသွားစေလောက်သည်ကို ခံစားမိသည်။
မီးတောက်ပုတ်သင် ပါးစပ်တွင် အနီရောင် မီးဘောလုံးစတင်စုစည်းလာသည်။ ထိုမီးဘောလုံးအား ရှီမာယူယူဆီသို့ ပစ်ပေါက်လိုက်ချိန်တွင် သူမသည်လည်း ဝိညာဉ်စွမ်းအင်လုံးကို ပစ်ပေါက်လိုက်သည်။ လေထဲတွင် ထိုအလုံးနှစ်လုံးထိမိချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ အသံများထွက်လာသည်။