သူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်သိန်းအတွင်းတွင် ကျော်ဖြတ်ခဲ့ရသည့် အတွေ့အကြုံများကို ပြန်တွေးကြည့်လိုက်၏။ အစပိုင်းတွင် အရာအားလုံးမှာ အဆင်ပြေနေခဲ့သည်။ သူသည် တိုင်းပြည်လေးတစ်ခု၏ တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်ခဲ့သောကြောင့် သူ၏ ရာထူးအဆင့်အတန်းမှာ အတော်အတန် မြင့်မားနေခဲ့၏။ ထို့နောက် သူသည် လောဘများတက်လာခဲ့ပြီး သိပ်မကြာခင်တွင် သူ၏ တိုင်းပြည်ထက် ပို၍ ဘုန်းတန်ခိုးကြီးမားသည့် တိုင်းပြည်တစ်ခုမှာ တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် လိုအပ်ကြောင်း သိလိုက်ရသည်။ ထိုတိုင်းပြည်မှာ သူ့အား လိုလိုလားလား ဖိတ်ကြားခဲ့သောကြောင့် သူဘက်မှလည်း လက်ခံလိုက်၏။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ထိုတိုင်းပြည်ထက် ပို၍ တန်ခိုးအာဏာကြီးမားသော နောက်ထပ်တိုင်းပြည်တစ်ခုမှာ တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် လိုအပ်လာသောကြောင့် သူ့အား ထပ်၍ ဖိတ်ခေါ်လိုက်ပြန်သည်…
ထိုစဉ်တုန်းက သူ၏ ရည်မှန်းချက်ပန်းတိုင်များမှာ ကြီးမားနေဆဲဖြစ်သောကြောင့် သူသည် ထိုတိုင်းပြည်၏ ကမ်းလှမ်းချက်အား လက်ခံလိုက်၏။ သူသည် တိုင်းပြည်အသစ်တစ်ခု၏ တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်လာသည့်အချိန်တိုင်း တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် လိုအပ်နေသည့် တန်ခိုးအာဏာ ပို၍ကြီးမားသော အခြားတိုင်းပြည်တစ်ခုနှင့် ချက်ချင်းပင် ကြုံလိုက်ရသည်သာဖြစ်သည်။ ထိုသို့ဖြင့် သူသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်သိန်းတိတိ ထိုကဲ့သို့ သံသရာလည် နေခဲ့ရ၏။ သူသည် သူ တော်ဝင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တိုင်းပြည်အရေအတွက်ကိုပင် အတိအကျ မမှတ်မိနိုင်တော့ပေ။
ထို့ကြောင့် သူသည် ထိုရာထူးအား ငြီးငွေ့လာရတော့သည်။ ထိုသံသရာကြီးမှာ ရပ်တန့်သွားခြင်းမရှိသောကြောင့် သူသည် တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် လိုအပ်နေသည့် တိုင်းပြည်များနှင့် ဆက်တိုက်ကြုံခဲ့ရ၏။ သို့ဖြစ်ရာ နောက်ဆုံးတွင် သူသည် သွက်သွက်ခါအောင် ရူးသွားရပြီး လုံးဝသည်းမခံနိုင်တော့ပေ။ သူသည် ” တော်ဝင်ညွှန်ကြားရေးမှူး” ဆိုသည့် စကားလုံးများကို ကြားလိုက်ရသည်နှင့် အသိစိတ်ပျောက်လုမတတ် ခံစားလိုက်ရသည်သာ ဖြစ်သည်။
ထိုကြောင့်လည်း သူသည် ထွက်ပြေးလာခဲ့ခြင်းဖြစ်၏။ သို့သော် သူသည် မည်သည့်အကြိမ်တုန်းကမှ လွတ်မြောက်အောင် ထွက်ပြေးလာနိုင်ခဲ့ခြင်းမရှိပေ။ သူတို့မှာ သူ့အား အမြဲတမ်း ဖမ်းမိသွားကြသည်သာဖြစ်ပြီး သူတို့၏ တိုင်းပြည်များဆီသို့ ပြန်ခေါ်သွားကာ သူ့အား တော်ဝင်ညွှန်ကြားရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းလိုက်သည်သာ ဖြစ်သည်။
ထို့ကြောင့် ထိုအဘိုးကြီးမှာ သွေးမျက်ရည်များ ကျနေရပြီး ရင်နာနာနှင့် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ယခုလက်ရှိတွင် သူသည် တည်ငြိမ်အေးချမ်းသော ဘဝလေးတစ်ခုကိုသာ လိုချင်နေတော့သည်။ သူသည် တော်ဝင်ညွှန်ကြားရေးမှူးဆိုသည့် ရာထူးကို မက်မောမနေတော့ပေ။ သူသည် သာမန်ဘဝတစ်ခုကိုသာ ရရှိနိုင်မည်ဆိုပါက သူ့ကိုယ်သူ အဆောင်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန်ပင် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့်လည်း သူ ထိုသို့ထွက်ပြေးလာရင်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ မျက်ရေများကျလာရတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ရှေ့တွင် ဒူးထောက်ကျသွားပြီး ဝပ်တွားခယကာ တောင်းတောင်းပန်ပန်နှင့် ဆိုလိုက်တော့သည်။
” သခင် နောက်ဆုံးတော့ရောက်လာပြီပေါ့။ ကျေးဇူးပြုပြီး ကျနော့်ကို ခေါ်သွားပေးပါ။ ကျနော် အဆောင်ဝိညာဉ်တစ်ခု ဖြစ်လာဖို့ သဘောတူပါတယ်။ တော်ဝင်ညွှန်ကြားရေးမှူး မဖြစ်ချင်တော့ဘူး။ ကျနော် ရူးနေခဲ့လို့သာ အဲလို ဖြစ်ချင်နေခဲ့တာပါ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း မျက်ရည်လည်ရွဲ ဖြစ်နေသည့် ကောက်ကျစ်စဉ်းလဲသော အဘိုးကြီးအား ပြန်ခေါ်သွားတော့သည်။ ထို့နောက် သူသည် သက်ပြင်းများချကာ လူသားများ၏ သဘောသဘာဝများကို ပို၍ပင် နားလည်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။
” သူတို့ ငါ့ကို ကျေးဇူးတင်သင့်တယ်။ သူတို့ တကယ်လိုအပ်တဲ့အရာတွေကို သိသွားအောင် ငါက လုပ်ပေးခဲ့တာလေ ”
” ငါ့ရဲ့ အဆောင်ဝိညာဉ်တွေ ဖြစ်လာဖို့က သူတို့ရဲ့ အကြီးမားဆုံးဆန္ဒပဲ ” ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သူ၏ဗိုက်ကို ပုတ်လိုက်၏။ ထိုအခါ သူသည် ထိုသို့ သူ၏ဗိုက်ကို ပုတ်ရသည့် ခံစားချက်ကြီးမှာ ကောင်းမွန်လွန်းနေသောကြောင့် နောက်ထပ်အကြိမ်အနည်းငယ်ခန့်ထပ်၍ ပုတ်လိုက်ပြန်သည်။
” ငါ တစ်ခုခု လိုနေသေးတဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ ဦးနှောက်ခြောက်ခံ၍ အပြင်းအထန် စဉ်းစားကြည့်လိုက်ပြီးနောက် အချိန်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှ သူ လိုနေသည့်အရာကို ပြန်၍ သတိရသွားတော့သည်။
” နှမြောစရာပဲကွာ။ အိပ်မက်ထဲမှာက မုန့်တွေပါ ပါတာမလို့ ပိုပြီးတော့ ကောင်းနေတာ ” ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာဖြင့် ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် အလွန်အင်မတန်မှ တဏှာရာဂကြီးမားသည့် လူကြီးရှိနေသော ကမ္ဘာကြီး၏အကြောင်းကို တွေးမိလိုက်တော့သည်။
” ငါ သူ့ကို ယောက်ျားတစ်ယောက်ပဲရှိပြီး အမျိုးသမီးတွေကြီးစိုးနေတဲ့ ကမ္ဘာကြီးထဲကို ပို့လိုက်တာ မှတ်မိနေသေးတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်တောက်ပလာ၏။ ထို့နောက် သူသည် မန္တန်လက်ကွက်အချို့ ဖော်လိုက်ပြီးနောက် ထိုနှာဗူးကြီး၏ ကမ္ဘာထဲသို့ ဝင်သွားလိုက်တော့သည်။
ထိုကမ္ဘာကြီးမှာ အစပိုင်းတွင် ရှေးခေတ်မှ ကမ္ဘာကြီးတစ်ခုအဖြစ် ရှိနေခဲ့၏။ သို့သော် နှစ်ပေါင်း နှစ်သိန်းတိတိ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပြီးနောက် ၎င်းမှာ အင်ပါယာပေါင်း မြောက်မြားစွာရှိနေသည့် ကမ္ဘာကြီးတစ်ခုအဖြစ်သို့ ရောက်ရှိလာတော့သည်။ ထိုအင်ပါယာကြီးများမှာ မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားကာ ရန်သတ်နေကြ၏။
ထိုကမ္ဘာကြီးထဲရှိ ဘုရင်မ အဆင့်မှ ခြေလျင်စစ်သားအဆင့်ထိ လူအားလုံးမှာ အမျိုးသမီးများဖြစ်နေကြပြီး အမျိုးသား တစ်ယောက်တလေပင် မရှိပေ။ သူတို့၏ မျိုးပွားမှုစနစ်မှာ တမူထူးခြား၏။ သူတို့မှာ ရိုးရာဓလေ့ပွဲတော်တစ်ခုကို ကျင်းပပြီးလျှင် နောက်ထပ်အမျိုးသမီးများကို မွေးဖွားနိုင်စွမ်းရှိကြ၏။
အမှန်အတိုင်း ဆိုရမည်ဆိုလျှင် နှာဗူးတစ်ယောက်သာ ထိုကမ္ဘာကြီးထဲသို့ ရောက်သွားခဲ့မည်ဆိုပါက သူသည် အမျိုးသမီး ခြွေရံသင်းပင်းများနှင့် ဝန်းရံခံထားရမည် ဖြစ်သောကြောင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဘဝကြီးတစ်ခုကို ပိုင်ဆိုင်သွားမည်သာ ဖြစ်သည်…
လက်တွေ့တွင်မူ သူ့အား မိန်းမများဖြင့် ဝိုင်းဝိုင်းလည်နေသည်ဟု သတ်မှတ်ရန်မှာ ပုံကြီးချဲ့လွန်းရာ ကျနေမည် ဖြစ်သည်။ ထို့အပြင် သူသည် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဘဝကြီးတစ်ခုကို ပိုင်ဆိုင်ထားသည်ဟုလည်း ဆိုနိုင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ထိုကမ္ဘာကြီးထဲသို့ ရောက်ရှိသွားပြီး ထိုနှာဗူးကြီးအား ရှာတွေ့သွားသောအခါ သူတို့မှာ အလွန်အင်မတန်မှကြီးကျယ်ခမ်းနားသော ဈာပနပွဲကြီးတစ်ခုအား ကျင်းပနေကြသည်ကို မြင်လိုက်ရသည်။
ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ထိုနေရာကြီးကို စောင့်ရှောက်ထားကြ၏။ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ချောမောပြီး လုံးကြီးပေါက်လှ ခန္ဓာကိုယ် အချိုးအစားများကို ပိုင်ဆိုင်ထားကြ၏။ သူတို့အား မြင်လိုက်ရရုံနှင့် ဆန့်ကျင်ဘက် လိင်များ၏ နှလုံးသားထဲတွင် စိတ်ဆန္ဒများ ထကြွလာရမည်သာ ဖြစ်သည်။
သူတို့မှာ စင်မြင့်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသော ပလ္လင်ကြီးတစ်ခုအား ဝန်းရံထားကြ၏။ ထို ပလ္လင်ကြီး၏ အထက်တွင်မူ လူတစ်ယောက်ရှိနေသည်။ သူသည် အလွန်အင်မတန်မှ ပိန်ချုံးနေသောကြောင့် အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ အရေပြားထဲသို့ ပြွန်ချောင်းများစွာ စိုက်ဝင်နေသည်။ ထို့နောက် အာဟာရဓာတ်များနှင့် ဆင်တူသည့် အရည်များမှာ သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေ၏။
ထိုသူမှာ လွန်ခဲ့သည့်နှစ်ပေါင်းနှစ်သိန်းခန့်က ဝမ်ပေါင်လဲ့ ဤကမ္ဘာကြီးထဲသို့ ပစ်ထည့်ခဲ့သည် နှာဗူးကြီးပင် ဖြစ်သည်။
သူ၏မျက်ဝန်းများမှာ အသက်မဲ့နေသကဲ့သို့ ဖြစ်နေပြီး ထိုအရည်များ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာတိုင်း သူသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူမည်မျှပင် သေကြောင်းကြံစည်ခဲ့စေကာမူ သူတို့မှာ သူ့အား အသက်ရှင်အောင် ထားထားကြ၏။ သူ၏ဘေးတွင်မူ မိဖုရားဝတ်စုံများ ဆင်မြန်းထားကြသည့် အမျိုးသမီး ဆယ့်နှစ်ယောက် ရှိနေကြသည်။ သူတို့အားလုံးမှာ သူ့အား ဝိုင်းထားကြပြီး တဏှာရာဂမီးများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် ထိုနှာဗူးအား စိုက်ကြည့်နေတော့သည်။
သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ရန်လိုသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် အံ့ဩမှင်တက်သွားရ၏။ သူသည် ထိုကိစ္စအကြောင်း စဉ်းစားတွေးရန် အချိန်မရှိခင်မှာပင် မိဖုရားကြီးတစ်ပါးက ဆိုလိုက်၏။
” ကြီးမြတ်လှတဲ့ ဧကရာဇ်ကြီးရှင့်။ ဈာပနပွဲကပြီးသွားပါပြီ။ အဲ့တာမလို့ လိုရင်းတိုရှင်းပဲ ပြောလိုက်ရအောင်လားရှင် ”
” ဟုတ်ပါတယ် မဟာဧကရာဇ်ကြီးရှင့်။ ကျမရဲ့ အင်ပါယာထဲမှာဆို မဟာဧကရာဇ်ကြီး လာရောက်ပြုစုပေးမယ့် အချိန်ကိုစောင့်ဆိုင်းနေတဲ့ အမျိုးသမီးအရေအတွက် သန်းသုံးဆယ်ကျော်အထိ ရှိနေတာ။ သူတို့တွေက ဧကရာဇ်ကြီး သူတို့ကို ကောင်းချီးပေးဖို့ စောင့်ဆိုင်းနေကြတာပါ။ ကျေးဇူးပြုပြီးတော့ သူတို့ဆီ သွားလည်ဖို့ တောင်းဆိုပါရစေ ”
” မရဘူး။ သူ ငါတို့ဆီကို အရင်ဆုံး လိုက်လာမှဖြစ်မယ်။ ငါ့ရဲ့ တိုင်းပြည်ထဲမှာ လူအယောက် သန်းငါးဆယ်အထိ ရှိနေပြီးတော့ သူတို့အကုန်လုံးက ဧကရာဇ်ကြီး ရောက်လာတာကို စောင့်နေတာ ကြာနေပြီ။ တကယ်လို့ သူသာ စောစောရောက်မလာဘူးဆိုရင် ပြဿနာအကြီးကြီးတွေ တက်သွားနိုင်တယ် ”
” နင်တို့ရဲ့ တောင်းဆိုမှုတွေအကုန်လုံးကို နောက်ဆုတ်လို့ရပါတယ်။ ငါ ငါ့ရဲ့ တိုင်းပြည်ထဲကနေ ထွက်လာခဲ့တဲ့အချိန်တုန်းက လူအယောက်သန်းနှစ်ရာတိတိက ပုန်ကန်ဖို့ ပြင်နေကြတာ။ တကယ်လို့ ငါသာ ဧကရာဇ်ကြီးကို ငါနဲ့အတူ ပြန်ခေါ်မသွားဘူးဆိုရင် သူတို့တွေအကုန်လုံး ဒီကို ရောက်လာကြလိမ့်မယ် ”
ထိုမိဖုရားများမှာ အဆက်မပြတ် ငြင်းခုံနေကြ၏။ နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်မှာ မျက်မှောင်ကြုတ်သွားပြီး တည်ကြည်စွာ ဆိုလိုက်၏။
” ရန်မဖြစ်ကြပါနဲ့။ အရင်ဆုံး မဟာဧကရာဇ်ကြီးရဲ့ ထင်မြင်ချက်ကို မေးကြည့်ကြတာပေါ့။ တကယ်လို့မှ နောက်ဆုံးအချိန်အထိ အဖြေမထွက်ဘူးဆိုရင် သူ့ကို ပလ္လင်ပေါ် တင်ထားပြီးတော့ ငါတို့ရဲ့ လက်အောက်ငယ်သားတွေကို သူ့ဆီ လာလည်ခိုင်းလို့ရပါတယ်။ အဲလိုသာဆိုရင် ငါတို့တွေ အခကြေးငွေတွေပါ ကောက်ခံလို့ ရလောက်တယ်။ ဒါပေမဲ့ ဧကရာဇ်ကြီးကို ဘယ်သူမှ အန္တရာယ်မပြုနိုင်အောင် အစောင့်တွေ သေချာချထားဖို့တော့ လိုလိမ့်မယ် ”
သူမ ထိုသို့ဆိုလိုက်သည်နှင့် ပလ္လင်ကြီးပေါ်တွင် လဲလျောင်းနေပြီး ဤကမ္ဘာကြီးအပေါ် မေတ္တာလုံးဝမရှိတော့သည့် နှာဗူးကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားရတော့သည်။ ထို့နောက် သူသည် မျက်ရည်များကျလာပြီး အင်အားနုံးချည့်စွာဖြင့် စကားပြောနိုင်ရန် ကတုန်ကယင်နှင့် ကြိုးပမ်းလိုက်၏။
” ကျေးဇူးပြုပြီးတော့… ငါ မင်းတို့အကုန်လုံးကို…. တောင်းပန်ပါတယ်။ ငါ့ကို သွားခွင့်ပေးပါတော့။ ငါ ဒိီလိုကြီး ဆက်မလုပ်နိုင်တော့ဘူး… ”
စိတ်ဓာတ်များတတ်ကြွကာ ရည်မှန်းချက်များ ကြီးမားနေခဲ့သည့် နှာဗူးကြီးမှာ ယခုတွင် ဝမ်းနည်းပက်လက်နှင့် ခိုးကိုးရာမဲ့နေရပြီ ဖြစ်သည်။ သူသည် စိတ်ထိခိုက်သွားရပြီး အသံအကျယ်ကြီး အော်ငိုလိုက်ပါသော်လည်း မိဖုရားများမှာ သဘောတူညီချက်တစ်ခု ချမှတ်ပြီးသွားသည့်ပုံပင်။ သူတို့မှာ သူ့အား ပလ္လင်ပေါ်၌သာ ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်၏။
ထိုအချိန်တွင် မျှော်လင့်ချက်အားလုံး ပျက်သုဉ်းနေခဲ့သည့် ထိုလူကြီးမှာ လေထဲ၌ ရစ်ဝဲနေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရ၏။ ထိုအခါ သူသည် စိတ်လှုပ်တရှားဖြစ်သွားကာ အော်ဟစ်တောင်းဆိုလိုက်တော့သည်။
” သခင်။ ကယ်ပါဦးဗျာ။ ကျေးဇူးပြုပြီးတော့ ကျနော့်ကိုကယ်ပါဦး။ ကျနော် ဒီနေရာကနေသာ ထွက်ခွာခွင့်ရမယ်ဆိုရင် သခင်ခိုင်းသမျှ အကုန်လုပ်ပါ့မယ်။ ကျ… ကျနော် အဆောင်ဝိညာဉ်တစ်ခု ဖြစ်ပေးပါ့မယ်ဗျာ ”
ဝမ်ပေါင်လဲ့မှာ ထိုလူကြီးအား စာနာသနားစိတ်အပြည့်ဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပုံရိပ်ယောင်ကမ္ဘာကြီးမှာ ပျောက်ကွယ်သွားတော့သည်။ သူသည် ပြန်ပေါ်လာသည့်အချိန်တွင် သူ၏အိမ်ထဲသို့ ပြန်ရောက်နေပြီဖြစ်၏။ သူ၏ရှေ့တွင်မူ ဝိညာဉ်သုံးခုမှာ ဒူးထောက်လျက်သား ဖြစ်နေကြသည်။ ၎င်းတို့၏ ပတ်ပတ်လည်တွင် ဝန်းရံနေခဲ့သည့် အငြိုးအတေးကြီမားသော အငွေ့အသက်များမှာလည်း သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သည်။ သူတို့မှာ ခြောက်ပြစ်သဲလဲ ကင်းစင်သည့် အဆင့်အထိ မရောက်သေးပါသော်လည်း အဆောင်ဝိညာဉ်အဖြစ် ပြောင်းလဲခံရမည့် အစီအစဉ်အား ငြင်းဆိုနေခြင်း မရှိကြတော့ပေ။ ထို့အပြင် သူတို့မှာ ထိုသို့ ပြောင်းခဲခံရရန် စိတ်အားထက်သန်နေသည့်ပုံပင် ပေါက်နေကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ အလွန်အင်မတန်မှ ကျေနပ်သွားရ၏။ ထိုဝိညာဉ်သုံးခုမှာ သူ့အား လိုလိုလားလား သစ္စာခံကြတော့မည်ဖြစ်ရာ သူသည် အတော်အသင့် ဩဇာညောင်းသည့် လူတစ်ယောက် ဖြစ်နေသေးကြောင်း ခံစားလိုက်ရ၏။ ထို့နောက် သူသည် ကောင်ကလေးနှင့် ကောက်ကျစ်စဉ်းလဲသော တော်ဝင်ညွှန်ကြားရေးမှူးတို့ကို ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ သံသယစိတ်များ ပြန်လည်ပေါ်ပေါက်လာရပြန်သည်။
သူသည် ထိုနှစ်ယောက်အား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရစဉ်တုန်းက သူတို့အား ရင်းနှီးနေသကဲ့သို့ ခံစားခဲ့ရပါသော်လည်း ထိုကဲ့သို့ ဖြစ်နေရသည့် အကြောင်းအရင်းကို မမှတ်မိနိုင်ခဲ့ပေ။ ယခုတွင်လည်း သူသည် သူတို့နှစ်ယောက်အား ထပ်၍ ကြည့်နေရင်း ထိုခံစားချက်ကြီးမှာ ပို၍ပင် ကြီးထွားလာရတော့သည်။
” ငါ သူတို့နဲ့ အရင်တုန်းက ဆုံဖူးလောက်တယ် ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကို ပွတ်လိုက်၏။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောခဲ့သည့်တိုင်အောင် ခေါင်းထဲ၌ ဘာမှပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူသည် ထိုကိစ္စကြီးအား မေ့ထားရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ထိုဝိညာဉ်ကြီး သုံးခုအား သူ့စကားနားထောင်လာအောင် လုပ်ပြီးသွားပြီဖြစ်ကြောင်း သူ၏ဆရာအား တင်ပြလိုက်၏။
မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့တစ်ယောက် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ထိုဝိညာဉ်သုံးခုအား ကြေးချွတ်သန့်စင်နိုင်ခဲ့သည့် နည်းလမ်းများအား အသေးစိတ် မေးမြန်းနေခြင်းမရှိပေ။ သူသည် ဝမ်ပေါင်လဲ့အတွက် အမှောင်အဆောင်ပစ္စည်းများ ဖန်တီးပေးပြီး ၎င်းတို့ထဲသို့ အဆောင်ဝိညာဉ်များ ထည့်သွင်းပေးနိုင်ရန် ထိုဝိညာဉ်သုံးခုအား ခေါ်ဆောင်သွားလိုက်၏။
တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တာဝန်တစ်ခု ထပ်ပေးလိုက်၏။
” အမှောင်ဂိုဏ်းရဲ့ ပညာရပ်တစ်သောင်းအဆောင်ကို သွား။ ပြီးရင် အမှောင်ဂိုဏ်းနဲ့ လျှို့ဝှက်ဆန်းကြယ် အမှောင်ပညာရပ်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေအားလုံးကို ဖတ်ခဲ့။ မင်း အဲဒီ အချက်အလက်တွေအကုန်လုံးကို မလေ့လာနိုင်ရင်တောင် ဒီ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တွေအကြောင်းကို သိထားသင့်တယ်။ မင်း ဉာဏ်အလင်းပွင့်လာတဲ့ အချိန်ကျ အခြေတည်အဆင့်ကနေ အမှောင်အမြုတေအဆင့်ကို ဖောက်ထွက်နိုင်အောင် ကြိုးစားကြည့်ပေါ့ ”
ဝမ်ပေါင်လဲ့မှာ သူ့ဆရာ၏ ညွှန်ကြားချက်များကို တဝေမသိမ်း လိုက်နာလိုက်၏။ သူသည် မှတ်ဉာဏ်များ ပြန်လည်ရရှိလာသောကြောင့် တစ်ခုခုမှာ လွဲနေဆဲဖြစ်ကြောင်း ရိပ်မိလာပါသော်လည်း သူ၏ မှတ်ဉာဏ်များအားလုံးမှာ သူ၏ခေါင်းထဲသို့ ပြန်ရောက်မလာသေးပေ။ သူသည် သူ၏ မှတ်ဉာဏ်များကို ပို၍ ထိန်းချုပ်နိုင်ရန်အတွက် အမှောင်ဂိုဏ်းနှင့် သူတို့ဂိုဏ်း၏ နတ်ဘုရားစွမ်းရည်များအကြောင်းကို လေ့လာဖတ်ရှုရန် လိုအပ်ပေသည်။
နောက်လ တစ်လလုံးတွင် ဝမ်ပေါင်လဲ့မှာ ပညာရပ်တစ်သောင်း အဆောင်ထဲ၌ သူ၏ အချိန်အများစုကို ကုန်ဆုံးစေခဲ့၏။ သူသည် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များအကြောင်း ရေးသားထားသည့် စာအုပ်များနှင့် စာလိပ်များကို လှန်လှောဖတ်ရှုနေခဲ့သည်။ ထို့ကြောင့် သူသည် အမှောင်ဂိုဏ်းနှင့် အမှောင်ပညာရပ်အကြောင်းများကို ပို၍ သိရှိနားလည်လာတော့သည်။
” ထာဝရဝိညာဉ်အဆင့်ကို အခြေတည်အဆင့်၊ အမြုတေအဆင့်၊ ယွမ်ယင်အဆင့်၊ ဝိညာဉ်ကြားခံနယ်အဆင့်နဲ့ ထာဝရဝိညာဉ်အဆင့်ဆိုပြီးတော့ အသေးစားအဆင့်ငါးဆင့် ခွဲထားတယ်။ အဲဒီတစ်ဆင့်ချင်းစီမှာ ရုပ်အလောင်းမျက်နှာပညာရပ်၊ ဝိညာဉ်လမ်းညွှန်မှုပညာရပ်၊ ဝိညာဉ်အက်ကွဲကြောင်းပညာရပ်၊ မြေမြှုပ်သင်္ဂြိုဟ်ခြင်းပညာရပ်နဲ့ မဟူရာချောက်နက်ပညာရပ်ဆိုတဲ့ အမှောင်ပညာရပ်တစ်ခုစီ ရှိတယ် ” သူသည် ထိုမှတ်တမ်းများမှတစ်ဆင့် ရုပ်အလောင်းမျက်နှာပညာရပ်မှ မဟူရာချောက်နက်ပညာရပ်အထိ ရှိနေသော ပညာရပ်အဆင့်ဆင့်မှာ အမှောင်ပညာရပ်၏ ပထမအဆင့်တွင်သာရှိနေသေးကြောင်း သိလိုက်ရသည်။
အမှောင်ပညာရပ်မှာ…. စုစုပေါင်း အဆင့်ခုနစ်ဆင့်အထိ ရှိနေ၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ အချက်အလက်အမျိုးမျိုးကို ရှာဖွေဖတ်ရှုရင်း အလွန်အင်မတန်မှ ထူးခြားသည့် နတ်ဘုရားစွမ်းရည်တစ်မျိုးကိုလည်း ရှာတွေ့ခဲ့သေးသည်။ ၎င်းမှာ ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီးနှင့် ဆင်တူနေသလို ကွဲပြားနေသည်ဟုလည်း ဆိုနိုင်ပေသည်။
၎င်း၏အမည်မှာ… အမှောင်အိပ်မက် ဖြစ်၏။