Switch Mode

အခန်း (၄၅၇)

သခင်၊ နောက်ဆုံးတော့ရောက်လာပြီပေါ့ 

ဝမ်ပေါင်လဲ့မှာ ထိုနှစ်ပတ်အတွင်းတွင် အဆင်မပြတ် လေ့ကျင့်နေခဲ့သောကြောင့် အမှောင်ပညာရပ်၏ ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား ပို၍ ကျွမ်းကျင်လာတော့သည်။ သို့သော် သူ၏ အောင်မြင်မှုရာခိုင်နှုန်းမှာ မျှော်လင့်သလောက် တိုးတက်လာခြင်းမရှိသေးပေ။ ထို့ကြောင့် သူသည် ၎င်းအား တိုက်ကွက်တစ်ခုအဖြစ် အသုံးပြုပါက အောင်မြင်နိုင်ဦးမည် မဟုတ်ကြောင်း ခံစားနေရ၏။

ယခုလိုဖြစ်နေရခြင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့်သာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ၎င်းမှာ အမြုတေအဆင့်မှ လူများအတွက် ဖန်တီးထားသော ပညာရပ်တစ်ခု မဟုတ်ပါလော။

သူသည် ထိုဝိညာဉ်လမ်းညွှန်မှုပညာရပ်အား တိုက်ခိုက်ရာ၌ အသုံးပြုရန်မလိုအပ်ဘဲ ၎င်းအား အထောက်အပံ တစ်ခုအဖြစ်အသုံးပြုကာ သူ၏ အမှောင်မီးတောက်များအား ပို၍ အစွမ်းထက်လာအောင် လုပ်ရန်သာ လိုအပ်ပေသည်။ သူသည် ၎င်းအား အသုံးပြု၍ သူ၏ အမှောင်မီးတောက်များ၏ အရေအတွက်ကို တိုးပွားအောင်လုပ်ကာ သူ၏ အမြုတေအဆင့်အတွက် ပြင်ဆင်ရမည်ဖြစ်သည်။

လက်ရှိတွင် သူ၏ အမှောင်မီးတောက် အရေအတွက်မှာ ခြောက်ဆယ့်သုံးခုအထိ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တိုင်း အံ့ဩမှင်တက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်သာဖြစ်သည်။ ၎င်းမှာ သူ ယခင်တုန်းက ထုတ်လွှတ်နိုင်ခဲ့သည့် စွမ်းအားများထက် အဆပေါင်းများစွာပို၍ သာလွန်နေပြီဖြစ်သည်။

အမြုတေအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသော ပါရမီရှင်များအတွက် အမှောင်ဂိုဏ်းမှ ချမှတ်ထားသည့် သတ်မှတ်ချက်တစ်ခုရှိပေသည်။ သူတို့မှာ အနည်းဆုံး အမှောင်မီးတောက် သုံးဆယ့်ခြောက်ခုအထိ ပိုင်ဆိုင်ထားရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသတ်မှတ်ချက်ကို ကျော်လွန်နေပြီဖြစ်ပါသော်လည်း ဆက်လက်တိုးတက်နိုင်စွမ်းရှိနေသေးသည်ဟု ယုံကြည်ထား၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့လေ့ကျင့်နေစဉ်အတွင်း သူ ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီးထဲသို့ ပစ်ထည့်ခဲ့သည့် ဝိညာဉ်သုံးခုအကြောင်းကို လုံးဝ‌မေ့သွားခဲ့၏။ သူ၏ဆရာ သူ့အား ထိုဝိညာဉ်များကို ကြေးချွတ်သန့်စင်ပေးရန် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ရက်ဆီသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာတော့သည်။ ထိသို့ဖြင့် နောက်ထပ်ခုနစ်ရက်တိတိ ထပ်၍ ကုန်ဆုံးသွားပြန်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အမှောင်မီးတောက် အခုခုနစ်ဆယ်အထိ ဖန်တီးနိုင်သွားပြီးနောက် သူ၏ဆရာ ပေးခဲ့သော တာဝန်အား ပြန်၍ သတိရသွား၏။

” ငါ တစ်ခုခု မေ့နေသလိုပဲ ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ မန္တန်အစီအရင်ကြီးအား မလုံမလဲနှင့် ကြည့်နေတော့သည်။

” မှတ်မိပြီ။ ငါက ပြင်ပကမ္ဘာမှာ အချိန်တစ်ရက်

ကုန်ဆုံးသွားတိုင်း ပုံရိပ်ယောင်ကမ္ဘာထဲမှာ နှစ်ပေါင်းတစ်သောင်း ကုန်ဆုံးသွားအောင် စီမံခဲ့တာပဲ ” ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်၏။ ထိုဝိညာဉ်သုံးခုမှာ သူတို့၏ ရည်မှန်းချက်ပန်းတိုင်းများကို ပုံရိပ်ယောင်ကမ္ဘာကြီးထဲအထိ ယူသွားလိမ့်မည်ဖြစ်ကြောင်း မှတ်ယူခဲ့၏။ သူသည် သူတို့သုံးယောက်၏အကြောင်းကို မေ့ပျောက်လုနီးပါး ဖြစ်နေပါသော်လည်း ထိုကဲ့သို့ ပြန်တွေးမိလိုက်သောအခါ ၎င်းမှာ သူ၏အမှားမဟုတ်ကြောင်း ခံစားလိုက်ရ၏။

ထို့ကြောင့် သူသည် စိတ်အေးသွားရပြီး ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီး၏ ရှေ့တွင်ရပ်ကာ သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး မန္တန်လက်ကွက်များဖော်၍ မန္တန်အစီအရင်ကြီးပေါ်သို့ လက်ဖြင့်ဖိလိုက်၏။ ထိုအခါ သူ၏အမြင်အာရုံမှာ ရုတ်တရက်ဆိုသလို ဝေဝါးသွားသည်။ သူ၏ဝိညာဉ်မှာ သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ ထွက်လာပြီးနောက် အပြင်ဘက်၌ လှည့်လည်သွားလာနေသကဲ့သို့ပင်။ ထို့နောက် သူသည် ထိုဝိညာဉ်သုံးခုအား ပြန်ခေါ်ရန် မန္တန်အစီအရင်ကြီးထဲသို့ ဝင်သွားလိုက်တော့သည်။

သူ ပထမဆုံး ဝင်သွားခဲ့သည့် ပုံရိပ်ယောင်ကမ္ဘာကြီးမှာ ကောင်ကလေးရှိနေသည့် ပုံရိပ်ယောင်ကမ္ဘာကြီးပင် ဖြစ်သည်

ထိုကမ္ဘာကြီးထဲတွင် ကျင့်ကြံသူများမရှိပေ။ ထို လူမှုအဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့၏ အိပ်မက်ထဲမှ ပြည်ထောင်စုကြီးနှင့် အနည်းငယ်ခန့်ပင် ဆင်တူနေသောကြောင့် လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ပြည်ထောင်စုကြီးကဲ့သို့ ဖြစ်နေ၏။ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ တည်ငြိမ်အေးချမ်းမှုအပြည့်ရှိနေသည်။

ထိုကောင်ကလေးရောက်နေသည့် မြို့တော်ကြီးမှာ ထိုကမ္ဘာကြီးထဲရှိ အရွယ်အစားကြီးမားသော မြို့တော်ကြီးတစ်ခုဖြစ်သည်။ နေ့အချိန်တွင် လူများဖြင့် စည်ကားသိုက်မြိုက်နေကြပြီး ညအချိန်တွင်လည်း ကောင်းကင်ယံကြီးမှာ မီးရောင်စုံများဖြင့် လင်းလက်တောက်ပနေသည်ဖြစ်သည်။ ၎င်းမှာ ချမ်းသာကြွယ်ဝမှုများနှင့် ပြည့်စုံနေသည့် နေရာတစ်ခုဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုကမ္ဘာကြီးထဲသို့ မနက်ခင်းအစောပိုင်းတွင် ရောက်ရှိသွားခဲ့၏။ နေမင်းကြီးမှာ ထိန်ထိန်သာနေပြီး လမ်းမကြီးများပေါ်တွင် ယာဉ်အမျိုးမျိုးဖြင့် ပြည့်နှက်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုမြို့တော်ထဲရှိ ကျောင်းနယ်မြေတစ်ခုထဲတွင် ပေါက်လာခြင်းဖြစ်သည်။

” ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေအရဆိုရင် ကောင်ကလေးက ဒီမှာရှိနေမှာ ” ဝမ်ပေါင်လဲ့မှာ လေထဲတွင် ဝဲပျံနေရင်း သူ၏မေးစေ့ကိုပွတ်ကာ လိုက်လံရှာဖွေနေလိုက်တော့သည်။ သိပ်မကြာခင်တွင် သူသည် လမ်းကြားလေးတစ်ခုထဲတွင် ရှိနေသော အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး အလွန်အင်မတန်မှ အရွယ်အစားကြီးမားကာ လေးလံနေသည့်ပုံပေါ်သည့် ကျောင်းလွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားရ၏။ သူသည် မောပန်းနွမ်းလျနေသည့် အမူအရာဖြင့် လမ်းလျှောက်နေပြီး ငိုမဲ့မဲ့ဖြစ်နေ၏။

သူ၏နောက်တွင်မူ သက်လတ်ပိုင်းစုံတွဲတစ်တွဲ လိုက်လာ၏။ သူတို့မှာ ထိုကောင်းကလေး၏ မိဘများဖြစ်ကြပေသည်။ သူတို့မှာလည်း ပို၍ပင်လေးလံသော ကျောင်းလွယ်အိတ်များကို လွယ်ထားကြပြီး လမ်းလျှောက်နေရင်း သတိပေးစကားများ အဆက်မပြတ် ရေရွတ်နေ၏။

ထိုမြင်ကွင်းမှာ ကြည်နူးဖွယ်ရာ ကောင်းလွန်းသောကြောင့် ဝမ်ပေါင်လဲ့မှာ ကိုယ်စိတ်နှလုံး အေချမ်သွားရ၏။ သူသည် အနည်းငယ်ခန့် နောက်ကျနေပါသော်လည်း ထိုကဲ့သို့ ချစ်ချစ်ခင်ခင် ရှိနေကြသည့် မိသားစုလေးကို မြင်လိုက်ရသောအခါ သူ၏မိဘများကို ပြန်၍သတိရသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ကြက်သေသေသွားရတော့သည်။ သူသည် သူ၏လက်တွေ့ဘဝထဲမှ မိဘများအကြောင်းကို ရေရေရာရာ မမှတ်မိပါသော်လည်း သူ၏ ပြည်ထောင်စုအိပ်မက်ကြီးထဲရှိ မိသားစုကိုမူ ရှင်းလင်းပြတ်သားစွာ မှတ်မိနေသည်ဖြစ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရပြီး သူ၏ ဘေးပတ်ပတ်လည်မှ ကမ္ဘာကြီးအား အကဲခတ်မိလိုက်၏။ ၎င်းမှာ လက်တွေ့ကမ္ဘာကြီးနှင့် အမှန်တကယ်တူနေ၏။ နူးညံ့သိမ်မွေ့စွာ

တိုက်ခတ်နေသည့် လေပြည်လေညင်းလေးများဖြစ်စေ၊ ခပ်လှမ်းလှမ်းရှိ လူအုပ်ကြီးထဲမှ ဆူညံသံများဖြစ်စေ၊ သူ့အတွက် မည်သည့်အရာကမှ အတုအယောင်ဖြစ်နေသကဲ့သို့ မခံစားရပေ။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အံ့သြမှင်တက်နေရင်း ထိုကောင်ကလေး၏ မိသားစုဆီမှ ထွက်ပေါ်လာသော စကားသံများမှာ ဝမ်ပေါင်လဲ့၏ နားထဲသို့ ရောက်ရှိလာတော့သည်။

” ရှောင်ပေါင်။ မင်း စာကြိုးစားရမယ်နော်။ ဗီဒီယိုဂိမ်းတွေပဲဆော့ပြီး ငွေတွေဖြုန်းဖို့ပဲ အာရုံရောက်မနေနဲ့။ မင်း အသက်ကြီးလာတဲ့အချိန်ကျရင် ငါတို့က မင်းကို နားပူနားဆာ လုပ်နိုင်တော့မှာ မဟုတ်ဘူး ”

” ကလေးကို မဆူပါနဲ့။ ရှောင်ပေါင်။ သားရဲ့အဖေက သားကောင်းဖို့အတွက် အခုလို ပြောနေတာပါ။ သားက ကလေးပဲ ရှိသေးတာလေ။ ဒါပေမဲ့ ဒီနေ့က သားရဲ့မွေးနေ့မလို့ ဒီနေ့ ကျောင်းဆင်းတဲ့အချိန်ကျရင် ခဏလောက်တော့ နားလို့ရမယ်။ ဒီနေ့ သင်ခန်းစာရှစ်ခုလောက်ပဲ လုပ်ပြီးတော့ စာရွက်အရွက်နှစ်ဆယ်စာ လေ့ကျင့်ပြီးသွားရင် ရှေးခေတ်ကဗျာ အပုဒ်ငါးဆယ်လောက်ပဲ ကျက်တော့။ အဲတာပြီးရင် သားကို ကိတ်မုန့်ကျွေးမယ် ”

” ရှောင်ပေါင်။ သားက ငယ်ငယ်လေး ရှိသေးတာပါ။ တစ်ချိန်လုံး သက်ပြင်းချည်းပဲ ချမနေနဲ့။ ကျောင်းတက်ရတဲ့အချိန်တွေကို တန်ဖိုးထား။ သား မူလသင်တန်း အောင်ဖို့ဆို နှစ်ပေါင်းသုံးသောင်းပဲ လိုတော့တာလေ။ အဲ့တာမလို့ မေမေ သားရဲ့အဖေနဲ့ ဆွေးနွေးပြီးသွားပြီ။ သား နှစ်ပေါင်းနှစ်သိန်းကြာအောင် တက်ရမ‌ယ့် အလယ်တန်းရောက်ရင် အမေတို့က သားအတွက် ပိုကောင်းတဲ့ ကျူရှင်တွေ ရှာပေးထားမယ် ”

ကောင်ကလေး၏ မျက်ဝန်းများထဲတွင်မူ စိတ်ရှုပ်ကာ ဇဝေဇဝါဖြစ်နေသည့် အကြည့်များကို မြင်နိုင်ပေသည်။ သူသည် သူ့မိဘများ၏ စကားကိုကြားလိုက်ရသောအခါ ငိုချင်စိတ်များ ပေါက်လာပါသော်လည်း သူ၏မျက်ရည်များမှာ ယခင်ကတည်း ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် မျက်ကွင်းများညိုကာ ရူးမလိုဖြစ်နေပြီး လွန်ခဲ့သော နှစ်ပေါင်းနှစ်သိန်းတိတိအား မည်ခဲ့သို ကျော်ဖြတ်ခဲ့သည်ကိုပင် မသိနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူသည် နေ့စဉ်နေတိုင်း ကျောင်းတက်ကာ ကျောင်းမှပြန်လာလျှင်လည်း ကျူရှင်ထပ်တက်ခဲ့ရပြီး အိမ်စာများလုပ်ကာ စာများကျက်ခဲ့ရ၏။

‌တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ထိုကဲ့သို့ ကုန်ဆုံးသွားခဲ့သည်သာဖြစ်သည်။ သူသည် သူ၏မိဘများ၏ အဖော်ပြုပေးမှုနှင့်အတူ မရပ်မနား စာလုပ်နေခဲ့ရ၏….

သူသည် ထိုအခြေအနေကြီးအား ပြောင်းလဲနိုင်ရန် မည်မျှပင်ကြိုးစားခဲ့စေကာမူ အရာမထင်ခဲ့ပေ။ သူ့ကိုယ်သူ သေကြောင်းကြံလိုက်လျှင်တောင် နောက်နေ့မနက်သို့ရောက်လျှင် သူသည် ပုံမှန်အတိုင်း ပြန်လည်နိုးထလာခဲ့သည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် အဆက်မပြတ် စာလုပ်ကာ ကျူရှင်များ တက်နေရတော့သည်…

သူ့အား အသိစိတ်ပျောက်မသွားအောင် ထိန်းထားပေးသည့် တစ်ခုတည်းသောအချက်မှာ ထိုအရာအားလုံးသည် အတုအယောင်များ ဖြစ်သည်ဆိုသည့် အတွေးပင်ဖြစ်သည်။ တစ်ရက်ရက်တွင် ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း သူက သိထားသောကြောင့် ဆက်လက်စောင့်ဆိုင်းနေခဲ့၏။ သူသည် နှစ်ပေါင်းနှစ်သိန်းတိတိ စောင့်ဆိုင်းပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ရောက်မလာသေးပေ။

ဝမ်ပေါင်လဲ့မှာ ထိုကောင်ကလေး၏ မိဘများ၏ အပြန်အလှန် ပြောစကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် ထိုကောင်ကလေး၏ သနားစရာကောင်းသော ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး သူ့အား သနားသွားရတော့သည်။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်၏။

သူ ချောင်းဟန့်လိုက်သည်နှင့် ထိုကမ္ဘာကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားတော့သည်။ သူနှင့် ထိုကောင်ကလေးတို့ နှစ်ယောက်သာလျှင် ရပ်တန့်သွားခြင်းမရှိဘဲ ကျန်ရစ်ခဲ့၏။

စစချင်းတွင် ထိုကောင်ကလေးမှာ မည်သည့်အရာကိုမှ သတိမထားမိလိုက်ပေ။ သူသည် သူ၏ ကျောင်းလွယ်အိတ်ကြီအား ဆက်လွယ်ကာ စိတ်ဆင်းရဲနေရသည့် မျက်နှာအမူအရာဖြင့် ရှေ့သို့ဆက်၍ လျှောက်လှမ်းသွား၏။ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးသွားသောအခါမှာသာ သူသည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာပြီး သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။ သူသည် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်တော့သည်။

” သခင်။ နောက်ဆုံးတော့ရောက်လာပြီပေါ့။ ကျနော် မှားသွားပါတယ်ဗျာ။ ကျေးဇူးပြုပြီး ကျနော့်ကို ပြန်ခေါ်သွားပါတော့။ ကျနော် ဒီမှာ မနေချင်တော့ဘူး။ ကျူရှင်တွေလည်း ထပ်ပြီးတော့မတက်ချင်တော့ဘူး။ ကျနော် သခင့်ဆီ ပြန်လာပြီးတော့ အဆောင်ဝိညာဉ်တစ်ခုပဲ လုပ်ပါတော့မယ်။ ကျေးဇူးပြုပြီးတော့ ကျနော့်ကို ပြန့်ခေါ်သွားပေးပါ သခင်… ”

ထို‌ကောင်ကလေးမှာ ငိုကြီးချက်မနှင့် တောင်းတောင်းပန်ပန်ဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ့အား လျစ်လျူရှုထားမည်ကို စိုးရိမ်နေသောကြောင့် ဝမ်ပေါင်လဲ့၏ ပေါင်များကို မလွှတ်တမ်းဖက်ထား၏။ ထို့နောက် သူ၏ ငိုသံများမှာ ပို၍ပင် ကျယ်လောင်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ကြံရာမရဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ထိုကောင်ကလေးအား ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီး၏ အပြင်ဘက်သို့ ပြန်ခေါ်သွားလိုက်တော့သည်။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး သူ့ကိုယ်သူ တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက်ဟု ‌သမုတ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲသောအဘိုးကြီး ရှိနေသည့် ကမ္ဘာကြီးထဲသို့ ဝင်သွားလိုက်တော့သည်။

ထိုကမ္ဘာကြီးမှာ ကောင်ကလေးရှိနေခဲ့သည့် ကမ္ဘာကြီးထက်ပင် ပို၍ ကြီးမားကျယ်ပြောနေ၏။ ကောင်းကင်ယံထဲတွင် ကြယ်တာရာများမှာ မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်သည့်အထိ အဆုံးမရှိလောက်အောင် ပြည့်နှက်နေ၏။ ၎င်းမှာလည်း လက်တွေ့ကမ္ဘာကြီးနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။ ဤ ကမ္ဘာကြီးထဲတွင် ကျင့်ကြံသူများ ရှိနေကြ၏။ သူတို့ထဲတွင် အလွန်အင်မတန်မှ အစွမ်းထက်ကြသည့် ကျင့်ကြံသူအချို့ပင် ပါဝင်ပေသည်။ သို့သော် သူတို့မှာ မည်မျှအထိအစွမ်းထက်နေစေကာမူ ဝမ်ပေါင်လဲ့ ထိုကမ္ဘာကြီးထဲသို့ ဝင်ရောက်လာသည်ကို မည်သူကမှ သတိမထားမိကြပေ။ ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှတွေးလိုက်ရုံနှင့် ဤကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးဖြစ်နိုင်သည် မဟုတ်ပါလော။

သူသည် ထိုကမ္ဘာကြီးထဲသို့ ရောက်ရှိသွားပြီးနောက် ယခင်ဘဝတုန်းက တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲသော အဘိုးကြီးကို ချက်ချင်းပင် ရှာတွေ့သွားသည်။ ထိုအဘိုးကြီးမှာ အသက်လု၍ ထွက်ပြေးနေရ၏။

သူသည် သွေးရူးသွေးတန်း ပြေးလွှားနေရပြီး တစ်ကိုယ်လုံး စုတ်ပြတ်သတ်ကာ ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေ၏။ သို့သော်ငြားလည်း သူ၏ အမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ သူသည် အခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ဘဲ အသက်လု၍ ထွက်ပြေးနေရသည်ပုံ ပေါက်နေ၏။

သူ၏နောက်တွင်မူ လူပေါင်းမြောက်မြားစွာမှာ သူ့၏နောက်မှ ပြေးလိုက်လာကြ၏။ သူတို့ထဲတွင် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေကြပြီး သင်္ဘောပျံကြီးများမှာလည်း ကောင်းကင်ယံထဲတွင် ပြည့်နှက်နေကြ၏။ သူတို့မှာ သူ့အား မရပ်မနား လိုက်လံဖမ်းဆီးနေကြသည်။

ထိုကျင့်ကြံသူများနှင့် သင်္ဘောပျံများအားလုံးမှာ အဖွဲ့အစည်းတစ်ခုထဲမှ မဟုတ်ကြပေ။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ အနည်းဆုံး အဖွဲ့အစည်း ဆယ့်နှစ်ခုဆီမှ ဖြစ်နေသည်ကို မြင်နိုင်ပေသည်။

အကယ်၍ သူတို့မှာ ထိုအဘိုးကြီးအား လိုက်လံဖမ်းဆီးနေရုံမျှသာဆိုလျှင် အံ့အားသင့်နေဦးမည်မဟုတ်ပေ။ သို့သော် သူတို့၏ လိုက်လံဖမ်းဆီးပုံမှာ ထူးဆန်းနေ၏။ ဝမ်ပေါင်လဲ့မှာ နောက်မှ ပြေးလိုက်လာကြသူများဆီမှ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသော အော်သံများကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရတော့သည်။ ထိုအဖွဲ့အစည်း အမျိုးမျိုးမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုနေကြပြီး အချင်းချင်း ရန်ဖြစ်နေကြသည်ပုံပင်။

” တော်ဝင်ညွှန်ကြားရေးမှူးခဗျား။ လူကြီးမင်းက အသက်မငယ်တော့တာမလို့ အခုလိုကြီး ပြေးလွှားနေဖို့ မသင့်ပါဘူး။ အနာတရ ဖြစ်မသွားအောင် ဂရုစိုက်ပါ ”

” တော်ဝင်ညွှန်ကြားရေးမှူး။ မသွားပါနဲ့။ ကျနော်တို့ရဲ့တိုင်းပြည်က တော်ဝင်ညွှန်ကြားရေးမှူး မရှိရင် ရပ်တည်နိုင်မှာမဟုတ်ဘူး။ တိုင်းပြည်ထဲက သန်းနဲ့ချီနဲ့ လူတွေက‌လည်း တော်ဝင်ညွှန်ကြားရေးမှူး မရှိဘဲ အသက်ရှင်နိုင်မှာမဟုတ်ဘူးဗျ ”

” တော်ဝင်ညွှန်ကြားရေးမှူး။ ဧကရာဇ်ကြီးက ကြေညာစာတစ်ခု ထုတ်ပြန်လိုက်ပြီ။ တကယ်လို့ တော်ဝင်ညွှန်ကြားရေးမှူး ပြန်မလာဘူးဆိုရင် သူ့ကိုယ်သူ သတ်သေပစ်လိုက်မှာတဲ့… ”

” တော်ဝင်ညွှန်ကြားရေးမှူး။ ကျနော်တို့တွေ နောက်ထပ်ကြယ်စင်စုတစ်ခုကို ရှာတွေ့ထားတယ်။ အဲဒီ ကြယ်စင်စုထဲက ထောင်နဲ့ချီတဲ့ လူမှုအဖွဲ့အစည်းတွေက လူကြီးမင်း သူတို့ဆီမှာ တော်ဝင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ စောင့်ဆိုင်းနေကြတာ ”

နောက်မှလိုက်လာကြသူများ၏ အော်ဟစ်အားပေးသံများမှာ လေထဲတွင်ပဲ့တင်ထပ်နေတော့သည်။ ထို့ကြောင့် ရှေ့ဆုံးမှနေ၍ ထွက်ပြေးနေရသည့် အဘိုးကြီးမှာ ရူးသွပ်လုမတတ် ခံစားနေရတော့သည်။ သူ၏ ဆံပင်များမှာ ဖားလျားကျကာ ရှုပ်ပွနေရပြီး သူ၏ မျက်ဝန်းများမှာလည်း ရဲရဲနီနေ၏။ နောက်ဆုံးတွေ သူသည် ဒေါသထွက်ကာ ဝမ်းနည်းပူဆွေးနေသည့် လေသံဖြင့် အော်ပြောလိုက်တော့သည်။

” မင်းတို့တွေအကုန်လုံး လစ်တော့ကွာ။ ငါက တော်ဝင်ညွှန်ကြားရေးမှူး မဟုတ်ဘူးကွ။ မင်းတို့ကမှ တော်ဝင်ညွှန်ကြားရေးမှူး။ မင်းတို့ရဲ့ တစ်မိသားစုလုံးကမှ တော်ဝင်ညွှန်ကြားရေးမှူးတွေ ဖြစ်နေတာ ” သူသည် ထိုသို့အော်ပြောလိုက်ပြီးနောက် မျက်ရည်များ ကျလာရပြန်သည်။ ထို့နောက် သူ၏ နှလုံးသားမှာလည်း ဝမ်းနည်းညှိုးငယ်နေရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset