Switch Mode

အခန်း (၄၅၆)

ပေကပ်ကပ် ဝိညာဉ်သုံးခု

ဝမ်ပေါင်လဲ့မှာ ထိုဝိညာဉ်သုံးခုအား မည်ကဲ့သို့ ဆွဲထုတ်နိုင်ခဲ့သည်ကိုပင် မသိဘဲဖြစ်နေရ၏။ အမည်မသိသော စွမ်းအားကြီးတစ်ခုကြောင့် သူ၏ ဝိညာဉ်လမ်းညွှန်မှုပညာရပ်၏ လက်ကြီးမှာ ရေကန်ထဲသို့ နစ်ဝင်သွားပြီး ၎င်းတို့အား အလိုလို ဆွဲထုတ်လာသကဲ့သို့ပင်။

” အမှောင်ကလေးငယ်တိုင်းရဲ့ ကံကြမ္မာတွေက သူတို့ရဲ့ အမှောင်အဆောင်ပစ္စည်းတွေထဲမှာ ရှိတဲ့ အဆောင်ဝိညာဉ်တွေနဲ့ ဆက်နွယ်နေတာ။ ကြည့်ရတာ ဝိညာဉ်ရေကန်ထဲက ဒီဝိညာဉ်သုံးခုက မင်းနဲ့ ရေစက်ပါနေတဲ့ပုံပဲ ” မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့ ဝိညာဉ်လမ်းညွှန်မှုပညာရပ်ကို ထုတ်သုံးကာ ဝိညာဉ်ရေကန်ထဲမှ ဝိညာဉ်သုံးခုအား ဆွဲထုတ်လိုက်သည့် မြင်ကွင်းကိုကြည့်ရင်း မသိမသာပြုံးကာ ဆိုလိုက်၏။

” ဒါပေမဲ့ ဒီဝိညာဉ်သုံးခုစလုံးက အနက်ရောင်တွေဆိုတော့ အရင်ဘဝတုန်းက သူတို့သုံးယောက်စလုံးက ကြီးမားတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တာပဲဖြစ်ရမယ်။ အဲ့တာမလို့ သူတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကို ပြန်မဝင်နိုင်သေးတာ။ မင်းရဲ့ ကံကြမ္မာက သူတို့နဲ့ ဆက်နွယ်နေမှတော့ သူတို့ရဲ့ အပြစ်တွေကို ကြေးချွတ်သန့်စင်ပေးပြီးတော့ အငြိုးအတေးတွေကို ဖျောက်ဖျက်ပေးနိုင်ဖို့အတွက် မင်းဆီမှာ တာဝန်ရှိတယ်။ ဒီဝိညာဉ်သုံးခုကို မင်းရဲ့စကား နားထောင်လာ‌အောင် လုပ်ပြီးတော့ မင်းရဲ့ အဆောင်ဝိညာဉ်အဖြစ် ပြောင်းလဲပစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ သူဖမ်းမိထားသည့် ဝိညာဉ်သုံးခုနှင့် ၎င်းတို့၏ မည်းနက်နေသော ခန္ဓာကိုယ်များကို စိုက်ကြည့်လိုက်၏။ ယခုတွင် ၎င်းတို့မှာ သူ၏ ပုံရိပ်ယောင်လက်ကြီးထဲ၌ အဖမ်းခံထားရသည်။ ၎င်းတို့မှာ စိုးရိမ်နေသည့်ပုံ ပေါက်နေပါသော်လည်း မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေကြ၏။

ကောင်ကလေး၏ မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် စိုးရိမ်စိတ်များ ပိုများလာသည်နှင့်အမျှ ပို၍ ‌ဒေါသထွက်လာသကဲ့သို့ ဖြစ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး အခွင့်အရေးရသည်နှင့် သူ့အား ဝါးမျိုပစ်မည့်ပုံစံ ပေါက်နေသည်။

ထိုကဲ့သို့ ရင်ထဲမှခံစားချက်များ အထင်းသားပေါ်နေသည့် ထိုကောင်‌ကလေးနှင့် ယှဉ်လိုက်ပါက သူ၏ဘေးတွင်ရှိနေသော အဘိုးကြီး၏ မျက်နှာအမူအရာမှာ လုံးဝကွဲပြားနေ၏။ သူသည် စောစောတုန်းက မှုန်ကုပ်ကုပ် ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ မျက်နှာအမူအရာ ပြန်လည်တည်ကြည်သွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ဦးညွှတ်ပြလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား အရှုံးပေးလိုက်သည့်ပုံ ပေါက်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာမှာမူ ပုံရိပ်ယောင်လက်ကြီး၏ ဖမ်းချုပ်ခြင်းကို ခံထားရသည့် ထိုအဘိုးကြီး၏ ခံစားချက် အစစ်အမှန်များကို အာရုံခံမိနေသည်။ ထိုအဘိုးကြီးမှာ အလွန်အင်မတန်မှ ကောက်ကျစ်စဉ်းလဲ၏။ သူသည် အပြင်ပန်းတွင် အညံ့ခံနေသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ မကောင်းကြံလိုသည့်စိတ်များဖြင့် ပြည့်နှက်နေ၏။

အရပ်ရှည်ရှည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံပန်းသွင်ပြင်တစ်ခုကို ပိုင်ဆိုင်ထားသော လူကြီးမှာမူ သူ့ထက်ပို၍ ရိုးအသည့်ပုံ ပေါက်နေ၏။ သူ၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာကောင်းနေပါသော်လည်း သူသည် ရေကန်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီးနောက် စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ဝိညာဉ်ရေကန်များနှင့် ထိုရေကန်များကို ကြည့်ရှုစောင့်ရှောက်နေကြသည့် အမျိုးသမီးဂိုဏ်းဝင်များကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောက်တောက်သွားတော့သည်။ သူသည် တဏှာရာဂမီးများ ‌တောက်လောင်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ သွားရည်များပင် ထွက်ကျလာလုမတတ် ဖြစ်သွားရ၏။ သို့သော် သူသည် ဝိညာဉ်တစ်ခု ဖြစ်နေသောကြောင့် ကျစရာ သွားရည်တစ်စက်ပင် မရှိပေ။

သူ၏ တဏှာရာဂကြီးကာ စိတ်လှုပ်တရှား ဖြစ်နေသည့် ပုံပန်းသွင်ပြင်ကိုကြည့်လျှင် သူသည် နှာဗူးတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

” ဒါတွေက… ဆရာ ဒီဝိညာဉ်တွေကို ကြေးချွတ်သန့်စင်ပေးဖို့က တော်တော်ကိုခက်မှာနော် ” ဝမ်ပေါင်လဲ့မှာ ထိုဝိညာဉ်သုံးခုအား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ခေါင်းခဲနေရတော့သည်။ ထို့နောက် သူသည် သူ၏ ဆရာနှင့် ထပ်၍ဆွေးနွေးကာ နောက်ထပ်ဝိညာဉ်အသစ်များကို ထပ်ဖမ်းခွင့်ပေးဖို့ တောင်းဆိုရန် သင့်မသင့် တွေးနေမိတော့သည်။

မင်ချွန်းကျိမှာမူ ဝမ်ပေါင်လဲ့၏ အတွေးများကို ရိပ်မိသွားသည်ပုံပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သို့သော် သူသည် ထွက်ခွာမသွားခင် ဝမ်ပေါင်လဲ့အား ထိုဝိညာဉ်များအား နောက်ဆုံးထား၍ သန့်စင်ပေးရမည့် အချိန်သတ်မှတ်ချက်တစ်ခုကို ချမှတ်ပေးလိုက်၏။

” မဟုတ်တာတွေလျှောက်တွေးမနေနဲ့။ တစ်လတိတိ အချိန်ရမယ်။ အဲဒီတစ်လအတွင်းမှာ ပြီးအောင် သန့်စင်ထား ”

ဝမ်ပေါင်လဲ့မှာ သူ့ဆရာက ဇွတ်အတင်းခိုင်းနေသောကြောင့် ခေါင်းခဲသွားရတော့သည်။ ထို့ကြောင့် သူ၏ဆရာ ထွက်ခွာသွားပြီးနောက်တွင် သူသည် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ထိုဝိညာဉ်သုံးခုအား အမှောင်ဂိုဏ်းထဲရှိ သူ၏နေအိမ်ဆီသို့ ခေါ်သွားလိုက်တော့သည်။

သူသည် သူ၏ အိမ်ထဲသို့ရောက်သောအခါ ထိုဝိညာဉ်သုံးခုအား လွှတ်ပေးလိုက်၏။ ၎င်းတို့မှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် နေအိမ်ကြီးအား ချက်ချင်းပင် အကဲခတ်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ သူတို့အပေါ် အာရုံစိုက်မနေဘဲ ဆိုလိုက်၏ ” ကဲ ဆွေးနွေးကြတာပေါ့။ မင်းတို့က အရင်ဘဝတုန်းက ကြီးမားတဲ့ပြစ်ဒဏ်တွေ ကျူးလွန်ခဲ့တာမလို့ ပြန်လည်မွေးဖွားခွင့် မရှိတော့ဘူး။ မင်းတို့အတွက်ကျန်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ငါ့ရဲ့ အဆောင်ဝိညာဉ် ဖြစ်လာပေးဖို့ပဲ။ အဲ့တာမလို့… ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုနေရင်း စကားမဆုံနိုင်ခင်မှာပင် ကောင်ကလေးမှာ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ အလောတကြီးနှင့် ဆုတ်ခွာသွား၏။ ၎င်းမှာ ဤနေရာကြီးထဲမှ ထွက်ပြေးလွတ်မြောက်ချင်နေသည့်ပုံပင်။ သို့သော် ဝမ်ပေါင်လဲ့၏ အိမ်ထဲတွင် မန္တန်အစီအရင်တစ်ခု ရှိနေ၏။ ထိုအချိန်တွင် ထိုကောင်ကလေးမှာ သူဦးခေါင်းဖြင့် မန္တန်အစီအရင်ကြီးအား ပြေးတိုက်လိုက်သောကြောင့် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် နာကျည်းစွာအော်ဟစ်မြည်တမ်းလိုက်ပြီး နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွားရတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး သူသည် အသံကုန်အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီသို့‌ ပြေးလာတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်ချင်နေသည့်ပုံပင်။

သို့သော် သူ အနားသို့ရောက်မလာနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အမှောင်မီးတောက်များကြောင့် မီးစွဲသွားရသဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ရပြန်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဆိုသွမ်းနေသော လုပ်ရပ်များကို ရပ်တန့်လိုက်ပြီးနောက် အသားများ တုန်ရီလာရတော့သည်။ သို့သော် သူသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရူးသွပ်မှုအရိပ်အယောင်များကြောင့် ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေဆဲပင်။ ထို့ကြောင့် သူ၏ပုံစံမှာ ချော့မြှူ၍ မရမည့်ပုံစံ ပေါက်နေတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မရွှင်မပျဖြစ်လာရတော့သည်။ သူသည် ထိုကောင်ကလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် အခြားဝိညာဉ်နှစ်ခုအား ပြန်၍ ကြည့်လိုက်ပြန်သည်။

နှာဗူးဝိညာဉ်ကြီးမှာ ကောင်ကလေးကိုသာမက ဝမ်ပေါင်လဲ့ကိုပါ အထင်မကြီးသည့် အမူအရာဖြင့် သန်းဝေလိုက်၏။ သူသည် ထွက်ပြေးရန်ကြိုးစားနေခြင်း ရှိပါသော်လည်း သူ၏ မျက်နှာအမူအရာကိုကြည့်လိုက်ပါက သူသည် ဝမ်ပေါင်လဲ့၏ အဆောင်ဝိညာဉ်တစ်ခု အဖြစ်ခံမည်မဟုတ်ကြောင်း အထင်အရှား သိနိုင်ပေသည်။

အလားတူပင် အဘိုးကြီးမှာလည်း ထွက်ပြေးရန်ကြိုးစားနေခြင်းမရှိပေ။ အခြားဝိညာဉ်နှစ်ခုနှင့် ယှဉ်လိုက်မည်ဆိုပါက သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိသောကြောင့် ပျော်ရွှင်နေသည့်ပုံလည်း ပေါက်မနေလို ဒေါသထွက်နေသည့်ပုံလည်း ပေါက်မနေပေ။ သူသည် အစေခံအဘိုးကြီးတစ်ယောက်ကဲ့သို့သာ ခေါင်းငုံ့ထား၏။

” ငါ မင်းတို့ကို ဝေ့လည်ကြောင်ပတ် ပြောနေမှာမဟုတ်ဘူး။ မင်းတို့ ငါ့ရဲ့ အဆောင်ဝိညာဉ်ဖြစ်လာဖို့ သဘောမတူဘူးဆိုရင် မင်းတို့ကို အမှုန့်ခြေပစ်မယ် ” ဝမ်ပေါင်လဲ့မှာ စိတ်မရှည်တော့ပေ။ ဤ ဝိညာဉ်သုံးခုအား သန့်စင်ရသည်မှာ အချိန်ဖြုန်းရာကျကြောင်း သူက ခံစားနေရ၏။ သူသည် ထိုဝိညာဉ်များ ယခင်ဘဝတုန်းက၌ ကျူးလွန်ခဲ့သောပြစ်မှုများကို မမြင်ရပါသော်လည်း ၎င်းတို့၏ အရောင်အဆင်းများနှင့် အပြုအမူများကို ကြည့်လိုက်ပါက ၎င်းတို့ ကျူးလွန်ခဲ့သည့် အနိဋ္ဌာရုံများကို ခန့်မှန်းကြည့်နိုင်ပေသည်။

” မင်းက ငါ့ကို မင်းရဲ့ အဆောင်ဝိညာဉ်တစ်ခုဖြစ်‌လာအောင် ပြောင်းလဲချင်နေတာလား။ မဖြစ်နိုင်ပါဘူး။ ငါ့ရဲ့ ရည်မှန်းချက်က ဘယ်တော့မှ အသက်မကြီးဖို့နဲ့ ငါ့ရဲ့ မိဘနှစ်ယောက်က ငါ့ကို တစ်သက်လုံး ပြုစုနိုင်ဖို့ပဲ။ အခု ငါ့ရဲ့ ရည်မှန်းချက်က ပြည့်ဝသွားပြီမလို့ မင်း ငါ့ကိုသတ်လည်း ငါက ဂရုစိုက်မှာမဟုတ်ဘူး။ ငါသေသွားတော့ရော ဘာဖြစ်လဲ။ အရင်တုန်းကရော မသေဖူးတာကျလို့ ” ကောင်ကလေးမှာ စူးရှကျယ်လောင်စွာ ပြန်ပြောလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုကောင်ကလေး၏ စကားကြောင့် အံ့ဩမှင်တက်သွားရ၏။ သူသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာ ရှိနေသေးသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူ၏ ဘဝရည်မှန်းချက်အား သိလိုက်ရပြီးနောက် မည်သည့်စကားမှ ဆက်မပြောနိုင်တော့ပေ။

သူ၏ဘေးတွင် ရှိနေသော နှာဗူးဝိညာဉ်ကြီးမှာမူ အဆက်အပြတ် သမ်းဝေနေပြီး ဝမ်ပေါင်လဲ့အား မျက်စောင်းထိုး၍ ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ပေါင်တံများနှင့် ရင်ဘတ်အား အကဲခတ်ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားသည့်ပုံဖြင့် ပြန်ပြောလိုက်တော့သည်။

” မင်းက မိန်းမတစ်ယောက် ဖြစ်နေပြီးတော့ ငါ့ကို အပျင်းပြေအောင် လုပ်ပေးမယ်ဆိုရင် ငါက စဉ်းစားဦးမှာ။ အခုကတော့ မင်း လုပ်ချင်တာလုပ်ကွာ။ ငါ့ကို သတ်ချင်ရင်လည်း သတ်ပစ်။ ငါက ကြောက်နေမှာ မဟုတ်ဘူး။ ငါ့ရဲ့ ဝိညာဉ် အမှုန့်ဖြစ်သွားရင်တောင် ငါ့ရဲ့ စိတ်ဆန္ဒတွေက ငါနဲ့ စိတ်တူကိုယ်တူရှိတဲ့ မိတ်ဆွေတွေဆီ ရောက်သွားမှာ။ သူတို့က ဒီကမ္ဘာကြီးထဲက ဆန့်ကျင်ဘက်လိင်တွေ အကုန်လုံးကို ကြီးစိုးသွားကြမှာကွ။ အဲ့တာ ငါ့ရဲ့ ဘဝရည်မှန်းချက်ပဲ ” နှာဗူးဝိညာဉ်ကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ရင်ကော့ကာ ဆိုလိုက်၏။

ထိုကဲ့သို့သော ဘဝရည်မှန်ချက်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းလာရတော့သည်။ ထို့နောက် သူသည် ခေါင်းညိတ်လိုက်ပြီး အစေခံအိုကြီးတစ်ယောက်ပုံစံ ဟန်ဆောင်နေသည့် ဉာဏ်နီဉာဏ်နက်များသော အဘိုးကြီးအား ကြည့်လိုက်၏။

ထိုအခါ ထိုအဘိုးကြီးမှာ ပြုံးသွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်၏။

” ကြီးမြတ်လှပါ‌သော အမှောင်ကလေးငယ်။ ကျနော် သဘောမတူနိုင်ပါဘူး။ ကျနော် မလိမ်ဘဲ အမှန်အတိုင်း ပြောရမယ်ဆိုရင် အရင်ဘဝတုန်းက ကျနော်က ကူလင်နိုင်ငံတော်ကြီးရဲ့ တော်ဝင်ညွှန်ကြားရေးမှူး ဖြစ်ခဲ့တာပါ။ ကျနော့်ရဲ့ အထက်မှာ လူတစ်ယောက်တည်းသာ ရှိခဲ့ပေမဲ့ ကျနော့်ရဲ့ လက်အောက်မှာ လူ‌တွေ ထောင်သောင်းမက ရှိနေခဲ့တာပါ။ ကျနော့်ရဲ့ တစ်ခုတည်းသော နောင်တက အဲဒီရာထူးကို နှစ်ပေါင်းသုံးရာတိတိပဲ ပိုင်ဆိုင်ခဲ့ရတဲ့ အချက်ပါ။ ကျနော်က တော်ဝင်ညွှန်ကြားရေးမှူး လုပ်ရတာ မဝသေးတာမလို့ ဘယ်လိုလုပ်ပြီးတော့ အမှောင်ကလေးငယ်ရဲ့ အဆောင်ဝိညာဉ် ဖြစ်လာနိုင်မှာလဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ခေါင်းညိတ်သွားရပြီး မောက်မာဝင့်ကြွားလွန်းနေသော ဝိညာဉ်သုံးခုအား ‌စိုက်ကြည့်နေမိတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပြီးနောက် ကောင်ကလေးအား လက်ညှိုးထိုးကာ ဆိုလိုက်၏။

” မင်းက လုံးဝအသက်မကြီးချင်ဘဲ မင်းရဲ့မိဘ‌တွေ မင်းကို တစ်သက်လုံး ပြုစုပေးတာ ခံချင်တာမလားကွ။ မင်းက သားလိမ္မာလေးမလို့ ငါက ကူညီပေးရတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ ထိုကောင်ကလေးအား လှမ်း၍ ဖမ်းချုပ်လိုက်၏။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ‌ဖော်လိုက်ပြီး သူ့အား သူ၏အိမ်ထဲရှိ မန္တန်အစီအရင်ကြီးထဲသို့ ပစ်ထည့်လိုက်တော့သည်။

ထိုအခါ ထိုမန္တန်အစီအရင်ကြီးမှာ ပုံသဏ္ဍာန်ပြောင်းလဲသွား၏။ ၎င်းမှာ လေမုန်တိုင်းတစ်ခုကဲ့သို့ ကောင်ကလေး၏ ဝိညာဉ်အား ချက်ချင်းပင် စုပ်ယူပစ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ မန္တန်လက်ကွက်များ ထပ်ဖော်ကာ မန္တန်အစီအရင်ကြီးအား လိုသလို ပြုပြင်ထိန်းညှိလိုက်ပြီးနောက် နှာဗူးဝိညာဉ်ကြီးအား စိုက်ကြည့်လိုက်၏။

” မင်းက ဒီကမ္ဘာကြီးထဲက ဆန့်ကျင်ဘက်လိင်တွေ အကုန်လုံးကို ကြီးစိုးချင်တာမလား။ လွယ်ပါတယ်။ ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး ထိုနှာဗူးဝိညာဉ်ကြီးအား တုံ့ပြန်ချိန်ပင် မပေးဘဲ သူ၏ လက်ကြီးကို ဝှေ့ယမ်းကာ ထိုနှာဗူးဝိညာဉ်ကြီးအား လေမုန်တိုင်းထဲသို့ ဆွဲထည့်လိုက်ပြန်သည်။ ထို့နောက် သူသည် မန္တန်အစီအရင်ကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် အဘိုးကြီးဘက်သို့ လှည့်လာ၏။

ထိုအဘိုးကြီးမှာ က‌ယောင်ချောက်ချား ဖြစ်နေရပြီ ဖြစ်သည်။ သူသည် အခြားဝိညာဉ်နှစ်ခု မည်သည့်အခြေအနေသို့ ရောက်သွားမှန်း မသိပါသော်လည်း သူသာ ထိုမန္တန်အစီအရင်ကြီးထဲသို့ ပစ်ထည့်ခံလိုက်ရမည် ဆိုပါက သူ၏ ဘဝမှာ အသက်သေဆုံးရသည်ထက် ပို၍ ဆိုးရွားသွားမည်သာဖြစ်ကြောင်း အာရုံခံမိနေ၏။ ထို့ကြောင့် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လက်ကြီးမှာ သူ့အား ဖမ်းချုပ်လိုက်ပြီးနောက် မန္တန်အစီအရင်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ သူသည် ထိုမန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားရင်း ဝမ်ပေါင်လဲ့၏ နှာမှုတ်သံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

” ခဗျားကရော နှစ်သုံးရာလောက်ပဲ တော်ဝင်ညွှန်ကြားရေးမှူး လုပ်ခဲ့ရတာကို နောင်တရနေတာမလား။ ပြဿနာမရှိပါဘူး။ ကျုပ်က ခဗျားရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပြီးတော့ ခဗျား နောင်တလုံးဝမရအောင် ကူညီပေး‌နိုင်ပါတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မန္တန်အစီအရင်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ပြုပြင်ပြောင်းလဲလိုက်ပြန်သည်။ သူ ထိုဝိညာဉ်သုံးခုအား ပစ်ထည့်လိုက်သည့် မန္တန်အစီအရင်ကြီးမှာ အမှောင်ဂိုဏ်း၏ ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီးပင် ဖြစ်သည်။ ထိုမန္တန်အစီအရင်ကြီးမှာ ဝိညာဉ်များအား အကျင့်စရိုက်များကို ပြုပြင်ပေးပြီး ၎င်းတို့၏ ယခင်ဘဝနှင့် နောက်ဘဝကြားတွင် ဆက်သွယ်မှုပြတ်တောက်သွားအောင် ကူညီပေးသည် ဖြစ်သည်။ ထို့အပြင် အမှောင်ဂိုဏ်းသားများမှာ ဉာဏ်အလင်းပွင့်နိုင်ရန်အတွက် ၎င်းအား အသုံးပြုလေ့ ရှိသည်။ သူတို့မှာ ထိုမန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်ကာ လေ့ကျင့်နိုင်၏။ ထို ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ကြီးမှာ မိုးကောင်းကင်တာအိုနှင့် ချိတ်ဆက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းများကို ဖန်တီးပေးနိုင်စွမ်း ရှိနေ၏။

တစ်ချိန်ထဲမှာပင် ၎င်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့် ရှိသူများမှာ မိမိစိတ်တိုင်းကျ ပုံရိပ်ယောင်ကမ္ဘာများကိုလည်း ဖန်တီးနိုင်စွမ်း ရှိပေသည်။ ထိုကမ္ဘာများထဲသို့ ပို့ခံလိုက်ရသည့် ဝိညာဉ်များနှင့် လူများမှာ အတုနှင့်အစစ်ကို ခွဲခြားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် ထိုပုံရိပ်ယောင်ကမ္ဘာကြီးများကို ထိန်းချုပ်နေသည့် လူများမှာ ထိုကမ္ဘာများထဲရှိ အချိန်ကုန်ဆုံးမှုနှုန်းကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်။

သူသည် ယခင်ဘဝတုန်းက တော်ဝင်ညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲသော အဘိုးကြီးအတွက် စစ်ပွဲများဖြင့် ပြည့်နှက်နေသည့် စကြဝဠာကြီးတစ်ခု ဖန်တီးပေးလိုက်၏။ သူသည် ထိုကမ္ဘာကြီးထဲတွင် တော်ဝင်ညွှန်ကြားရေးမှူးအဖြစ် ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သည်…

နှာဗူးကြီးအတွက် ဖန်တီးပေးရသည့် ကမ္ဘာမှာ ပို၍ပင် ရိုးရှင်းနေ၏။ ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးအား ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် သူသည် မိန်းမများကြီးစိုးနေသည့် လူအဖွဲ့အစည်းတစ်ခုထဲရှိ တစ်ဦးတည်းသော ယောက်ျားဖြစ်နေရသည့် ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးလိုက်သည်…

ကောင်ကလေးအတွက် ဖန်တီးပေးရသည့် ကမ္ဘာကြီးမှာလည်း ရိုးရှင်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဆန္ဒများအားလုံးကို ဖြည့်ဆည်းပေးလိုက်ပြီးနောက် သူ၏ စိတ်ကူးယဉ်အိပ်မက်ထဲမှ ပြီးပြည့်စုံသော ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးလိုက်သည်။

အဓိကအချက်မှာမူ ထိုကမ္ဘာများ၏ အချိန်ကုန်ဆုံးမှုနှုန်းမျာပင် ဖြစ်သည်။ သူ၏ ပြုပြင်မွမ်းမံမှုများကြောင့် ပြင်ပကမ္ဘာထဲရှိ တစ်ရက်မှာ ထိုပုံရိပ်ယောင်ကမ္ဘာကြီးများထဲတွင် နှစ်ပေါင်းတစ်သောင်းနှင့် ညီမျှနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆောင်ရွက်လိုက်ပြီးနောက် သူ၏ ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား ဆက်၍ လေ့ကျင့်နေလိုက်တော့သည်။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် ထိုဝိညာဉ်များကို လုံးဝမေ့ပျောက်သွားပြီဖြစ်၏။ ထိုသို့ဖြင့် နှစ်ပတ်တိတိ ကုန်ဆုံးသွားတော့သည်….

Comment

Leave a Reply

Options

not work with dark mode
Reset