Switch Mode

အခန်း (၄၅၅)

အနာဂတ်မရှိ

” တော်တော်တရားလွန်လှပါလား ” ဆယ့်လေးစင်းမြောက် လမင်းကြီး ကောင်းကင်ယံထဲသို့ မြင့်တက်လာပြီးနောက် ၎င်းထဲမှ မင်ခွန်းကျိ၏ စကားသံကြီးထွက်ပေါ်လာပြီး ခရမ်းရောင်နေမင်းထဲမှ အသံကြီးအား ပြန်လည်တုံ့ပြန်လိုက်၏။ မင်ခွန်းကျိ၏ စကားသံမှာ ရေခဲတမျှ အေးစက်နေပြီး ခံစားချက်များကင်းမဲ့နေသည်။ မိုးကောင်းကင်တာအို၏ စိတ်ဆန္ဒများ ကိန်းအောင်းနေသော ထိုစကားသံကြီးမှာ မိုးကောင်းကင်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။

ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် နေမင်းခုနစ်စင်း ပေါ်ပေါက်လာမှုကြောင့် သိမ့်သိမ့်တုန်နေရပြီး ဖိအားများအောက်ရောက်နေရသည့် နယ်မြေကြီးမှာ နဂိုအတိုင်း ပြန်ဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် ထိုအငွေ့အသက်များအားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။ ထို့ကြောင့် မိုးကောင်းကင်တာအို ဆင်းသက်လာပြီး အမှောင်ဂိုဏ်းအား လွှမ်းခြုံပေးထားသည့်အလား ဖြစ်နေတော့သည်။ မိုးကောင်းကင်တာအိုမှာ အာကာသထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် နေမင်းခုနစ်စင်းအား ချက်ချင်းပင် ပြန်လည်တုံ့ပြန်တိုက်ခိုက်လိုက်တော့သည်။

ထို့ကြောင့် မိုးကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး နေမင်းခုနစ်စင်းမှာ တုန်ရီသွားရ၏။ ထိုအချိန်တွင် ခရမ်းရောင်နေမင်းမှာ ပို၍ပင်တောက်ပလာပြီး ၎င်းထဲ၌ လူရိပ်တစ်ခုပေါ်ပေါက်လာ၏။ ၎င်းမှာ ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်နေ၏။ သူ၏နောက်တွင် ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ နေမင်းကြီးနှင့် တစ်သားတည်း ပေါင်းစည်းနေသကဲ့သို့ ဖြစ်နေပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေ၏။

” မင်ခွန်းကျိ။ မင်းရဲ့ အမှောင်ဂိုဏ်းက ငါ့သားသမီးတွေရဲ့ ဝိညာဉ်တွေကို လမ်းပြရဲတယ်ပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါတို့ရဲ့ အဆုံးမဲ့မျိုးနွယ်စုကို ပြန်ရှင်းပြဖို့ ပြင်ထား ”

” သက်ရှိတိုင်းက ပြန်လည်‌မွေးဖွားခြင်းစက်ဝန်းထဲမှာ ရှိနေကြတာပဲလေ။ မိုးကောင်းကင်တာအို ကိုယ်တိုင်က စက်ဝန်းတစ်ခု ဖြစ်နေတာ။ နိုးထလာပြီးသား လူတစ်ယောက်က အိပ်မက်တွေမက်ဖို့ လိုတော့မှာ မဟုတ်ဘူး။ နောက်ဘဝဆိုတဲ့ အရာတစ်ခုပဲ ရှိတာ… ဒီ နိယာမကို ပြောင်းလဲပစ်လို့မရဘူး ” အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် မင်ခွန်းကျိမှာ ဆယ့်လေးစင်းမြောက် လမင်းကြီးထဲမှ ထွက်လာပြီး ကောင်းကင်ယံထဲ၌ ရပ်ကာ တည်ကြည်စွာ ဆိုလိုက်၏။

” ပြောင်းလဲလို့မရဘူး ဟုတ်လား ” ထိုအခါ သက်လတ်ပိုင်းလူကြီးမှာလည်း ခရမ်းရောင်နေမင်းထဲမှ ထွက်လာ၏။ သူသည် ဒေါသစိတ်များဖြင့် ရယ်မောကာ သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ပတ်ပတ်လည်တွင်ရှိနေသော အနီရောင် နေမင်းခြောက်စင်းထဲမှ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုနေရာကြီးတစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မင်ခွန်းကျိဆီသို့ အနီရောင်ပင်လယ်ကြီးတစ်စင်း အရှိန်အဟုန်ဖြင့် ဦးတည်လာနေသကဲ့သို့ ဖြစ်နေသည်ကို မြင်ရမည်ဖြစ်သည်။

မင်ခွန်းကျိမှာမူ နှာမှုတ်လိုက်၏။ ထို့နောက် သူသည်လည်း သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းတန်းတစ်ခု ဖြာထွက်လာ၏။ ၎င်းမှာ ညအမှောင်ထုနှင့် ဆင်တူနေပြီး သူ့ဆီသို့ ဦးတည်လာနေသည့် အနီရောင်အလင်းတန်းကြီးနှင့် ရိုက်ခတ်သွားတော့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ ဉာဏ်မမီသော ပညာရပ်များကို အသုံးပြုကာ ကောင်းကင်ယံထဲ၌ ယှဉ်ပြိုင်တိုက်ခိုက်နေကြတော့သည်။

ထို့ကြောင့် မိုးကောင်ကင်ကြီးမှာ တုန်ရီနေပြီး ထိုနယ်မြေကြီး တစ်ခုလုံးမှာလည်း သိမ့်သိမ့်တုန်နေရတော့သည်။ သို့သော် ထိုတိုက်ပွဲထဲတွင် မည်သူ့ကိုမှ မမြင်ရပေ။ ကောင်းကင်ယံထဲတွင် အနီရောင်နှင့် အနက်ရောင်အလင်းတန်းနှစ်ခုမှာ အချင်းချင်း ရိုက်ခတ်နေကြပြီး အပြန်အလှန် ဝါးမျိုနေကြသည်ကိုသာ မြင်ရသည်။

ထိုတိုက်ပွဲကြီးမှာ အချိန်ကုန်ဆုံးမှုအပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိနေသည့်ပုံပင်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပေါ်ရှိ အချိန်ကုန်ဆုံးမှု နှုန်းများမှာ မတူကြတော့ပေ။ ကမ္ဘာမြေကြီးပေါ်၌ အသက်ရှူကြိမ်တစ်ကြိမ် ကုန်ဆုံးသွားချိန်တွင် ကောင်းကင်ယံထဲရှိ လူနှစ်ယောက်အတွက်မူ တစ်ရက်တိတိ ကုန်ဆုံးသွားပြီဖြစ်သည် ဖြစ်နေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် အသက်ရှူသံများ မတည်မငြိမ် ဖြစ်နေရစဉ် ကောင်းကင်ယံထဲရှိ အနီရောင်အလင်းတန်းကြီးထဲမှ လက်ကြီးတစ်ဖက် ပေါ်ထွက်လာ၏။ ၎င်းမှာ အလင်းရောင်ပင်လယ်ကြီးကို ထိုးခွင်းကာ အမှောင်ဂိုဏ်းရှိနေသည့် နန်းတော်ကြီးဆီသို့ ဦးတည်သွားပြီး ရုတ်တရက်ဆိုသလို လှမ်းဆွဲလိုက်၏။

” အတင့်ရဲလှပါလား ” ထိုအခါ မင်ခွန်းကျိ၏ အော်ဟစ်သံကြီးမှာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် ကောင်းကင်ယံထဲရှိ အနက်ရောင်အလင်းတန်းကြီးထဲမှ ရုတ်တရက်ဆိုသလို မီးအိမ်လှော်တက်တစ်ချောင်း ပေါ်ထွက်လာ၏။ ၎င်းမှာ ဆက်တိုက်ဆိုသလို အရွယ်အစား ကြီးမားသွားပြီး မိုးကောင်းကင်ကြီးကိုပင် ပင့်ပေးထားနိုင်သည့် အရွယ်အစားအထိ ရောက်သွား၏။ ထို့နောက် ၎င်းမှာ ဧရာမလက်ကြီးအား အားဖြင့် ရိုက်ချလိုက်တော့သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ သူ၏ပြိုင်ဘက်မှာ သေချာပြင်ဆင်ပြီးမှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ထိုဧရာမလက်ကြီးမှာ တစ်ချက် လှမ်းဆွဲလိုက်ပြီးနောက် အမှောင်ဂိုဏ်း၏ ပြန်လည်မွေးဖွားခြင်းခန်းမထဲမှ ဝိညာဉ်တစ်ခုကို ဆွဲထုတ်သွားတော့သည်။

၎င်းမှာ ရုပ်အလောင်းမျက်နှာ ရေးဆွဲထားပြီးသားဖြစ်သည့် အမျိုးသမီးတစ်ယောက်၏ ဝိညာဉ်တစ်ခု ဖြစ်သည်။ သူမသည် ရုပ်ရည်ချောမောလှပပြီး မျက်လုံးများမှိတ်ထားသောကြောင့် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေ၏။ အကယ်၍ ယနေ့ အဖြစ်အပျက်ကြီးကြောင့်သာ မဟုတ်ပါက သူမသည် ရက်အနည်းငယ်အကြာတွင် မိုးကောင်ကင်တာအို၏ ဦးဆောင်မှုနှင့်အတူ နောက်ဘဝ၌ ပြန်လည်မွေးဖွားလာတော့မည်ဖြစ်သည်။

သို့သော် ယနေ့အဖြစ်အပျက်များကြောင့် သူမသည် အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရ၏။ သို့သော် ထိုကဲ့သို့ သူမ ဆွဲထုတ်ခံလိုက်ရသည့် အချိန်တွင် မင်ခွန်းကျိ၏ မီးအိမ်လှော်တက်ကြီးမှာ အောက်သို့ အရှိန်အဟုန်ဖြင့် ကျလာပြီး ဧရာမလက်ကြီးအား ရပ်တန့်လိုက်၏။ ထိုအခါ ဧရာမလက်ကြီးမှာ ထိုတိုက်ကွက်ကြီးကို ခုခံနိုင်စွမ်းမရှိသောကြောင့် ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ ၎င်းတို့၏ ရိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများ၏ အဖျက်စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။ ထို့ကြောင့် ဝိညာဉ်တစ်ခုပင် မဆိုထားနှင့် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းအား ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားရမည်သာဖြစ်သည်။

ထို့ကြောင့် အမှောင်ဂိုဏ်းထဲတွင် ရှိနေသည့် လူတိုင်း၏ ရှေ့တွင် ထိုဝိညာဉ်လေးမှာ တုန်ခါမှုလှိုင်းများကြောင့် တစ်စစီ ကြေမွပျက်စီးသွားရပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အဆုံးမဲ့မျိုးနွယ်စု၏ လုပ်ရပ်ကြောင့်လား မင်ခွန်းကျိ၏ လုပ်ရပ်ကြောင့်လားတော့ မသိပေ။ ထိုဝိညာဉ်လေးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရပြီ ဖြစ်သည်။ ၎င်းမှာ ဤကမ္ဘာကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားပြီ ဖြစ်သည်….

မီးအိမ်‌လှော်တက်ကြီးနှင့် ဧရာမလက်ကြီးတို့၏ ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာသည့် တုန်ခါမှုလှိုင်းများမှာ ထိုဝိညာဉ်လေးကို ဖျက်ဆီးပစ်လိုက်ရုံသာမက အမှောင်ဂိုဏ်းတစ်ခုလုံးထဲ၌ ပျံ့နှံ့သွား၏။ အကာအကွယ် မန္တန်အစီအရင် အမြောက်အမြား ရှိနေသည့်တိုင်အောင် အဆုံးမဲ့မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်တစ်ကွက်မှာ အလွန်အင်မတန်မှ အားပြင်းနေဆဲပင်။ ထို့ကြောင့် ဂြိုဟ်အဆင့်၏ အောက်တွင်ရှိနေသော ကျင့်ကြံသူများအားလုံးမှာ ခေါင်းထဲ၌ မူးနောက်သွားရပြီး တဝီဝီမြည်သံများ ပဲ့တင်ထပ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ အခြေတည်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသောကြောင့် သူ၏နားထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး မည်သည့်အရာကိုမှ မမြင်ရတော့ဘဲ သတိလစ်သွားတော့သည်။

အချိန်‌အတော်အတန် ကြာမြင့်ပြီးသွားသောအခါမှ သူသည် သတိပြန်ရလာ၏။ တိုက်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူ သတိပြန်ရလာပြီးနောက် ပထမဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ သူ၏ဆရာ မင်ခွန်းကျိ၏ နောက်ကျောပင် ဖြစ်သည်။

မင်ခွန်းကျိမှာ ဝမ်ပေါင်လဲ့အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူသည် အကောင်းပတိအတိုင်း ရှိနေသေးကြောင်း သေချာသွားသောအခါမှ ထွက်ခွာသွား၏။ သို့သော် သူသည် ထွက်မသွားခင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ တွေဝေတုံ့ဆိုင်းမှုများနှင့် သံသယစိတ်များကို မြင်လိုက်ရသောကြောင့် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ဆိုလိုက်၏။

” ပေါင်လဲ့။ အမှောင်ဂိုဏ်းက ငါတို့တွေက မိုးကောင်ကင်တာအိုကို ခစားကြရဝာာ။ ငါတို့တွေ အတိတ်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုလက်ရှိမှာ ဒါက ငါတို့ရဲ့ တာဝန်ပဲ။ မင်း သေချာမှတ်ထား… ငါတို့တွေ ဒီ ရှင်သန်ခြင်းနဲ့သေဆုံးခြင်း သံသရာစက်ဝန်းကို ပြောင်းပြန်လှန်လိုက်လို့ မရဘူး ” မင်ခွန်းကျိမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်နေ၏။ သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ ခံစားချက်များ ရောထွေးနေရပြီဖြစ်သည်။ သူသည် အဆုံးမဲ့မျိုးနွယ်စုက မှန်နေသည်လော အမှောင်ဂိုဏ်းက မှန်နေသည်လော မသိနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့နောက် သူသည် အမှောင်ဂိုဏ်းထဲ၌ လေ့လာမှုအချို့ ပြုလုပ်လိုက်ပြီးနောက် ထိုနေ့တုန်းက သူတို့၏ ဂိုဏ်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာခဲ့သည်သူမှာ ထို့မူဆိုသည့်လူ ဖြစ်နေကြောင်း သိလိုက်ရ၏။ သူ၏ သမီးဆိုသူမှာမူ…. ခေတ်ကာလပေါင်း မြောက်မြားစွာ ရှည်ကြာနေခဲ့ပြီ ဖြစ်သောကြောင့် ထို့မူကိုယ်တိုင်ပင်လျှင် သူ့ဆီ၌ သမီးဘယ်နှယောက် ရှိမှန်းကိုပင် အတိအကျ သိနိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုမှတ်တမ်းများအား လှန်လှောဖတ်ရှုကြည့်လိုက်ပြီးနောက် ငြိမ်ကျသွား၏။ သူသည် ဖြစ်ကြောင်းကုန်စင်ကို နားမလည်ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စု၏ ဧကရာဇ်ကြီး သူတို့ဆီသို့ ရောက်ရှိလာရသည်မှာ သူ့သမီး၏ ဝိညာဉ်ကြောင့် မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ ထိုသို့ရောက်ရှိလာရသည့် အကြောင်းအရင်း အတိအကျကို မသိနိုင်ဘဲဖြစ်နေရသည်။ သူသည် အဖြေတစ်ခုတလေပင် ရှာမတွေ့ခဲ့ပေ။ သို့သော် သူသည် အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ကျင့်ကြံသူများကို မျက်ဝါးထင်ထင် မြင့်ခဲ့ရသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သတ်၍ စိုးရိမ်စိတ်များ ကြီးထွားလာရပြီဖြစ်သည်။ သူတို့နှင့် ယှဉ်လိုက်ပါက သူသည် အားအင်ချည့်နဲ့လွန်းနေသောကြောင့် လေမုန်တိုင်းထဲမှ သစ်ကိုင်းခြောက်တစ်ချောင်းကဲ့သို့ ခံစားနေရ၏။

ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီးနောက် သူ၏ ‌လေ့ကျင့်ခန်းများအပေါ် အာရုံစိုက်လိုက်၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုဖြစ်သူကိုလည်း မမြင်ခဲ့ရသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူသည်လည်း တံခါးပိတ်ကျင့်ကြံနေခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။

ထိုသို့ဖြင့် နောက်ထပ်တစ်လတိတိ ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက် အရေအတွက်မှာလည်း သုံးဆယ့်ခုနစ်ခုအထိ မြင့်တက်လာပြီဖြစ်သည်။ တစ်ရက်တွင် မင်ခွန်းကျိမှာ သူ့အား အမှောင်ဂိုဏ်းထဲရှိ မဟာခန်းမကြီး တစ်ခုထဲသို့ ခေါ်ဆောင်သွား၏။ ထိုခန်းမကြီးထဲတွင် အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေသည်။

ထိုခန်းမကြီး၏ အပြင်ဘက်၌သာမက အတွင်းထဲတွင်ပါ မြူခိုးများက လွှမ်းခြုံထား၏။ ခန်းမကြီး၏ အလယ်တွင် အရောင်မရှိသော ရေကန်ကြီးတစ်ကန် ရှိနေသည်ကို မြင်နေရသည်။ ထိုရေကန်ထဲမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာနေပြီး ပူဖောင်းများဖြင့် ဗလုံစီထနေ၏။

၎င်းမှာ ဝိညာဉ်ရေကန်ပင် ဖြစ်သည်။

အမှောင်ဂိုဏ်းထဲတွင် ဝိညာဉ်ရေကန်ပေါင်း မြောက်မြားစွာ ရှိပြီး ဤရေကန်မှာ ၎င်းတို့ထဲမှ တစ်ကန်သာဖြစ်သည်။ ဝိညာဉ်များမှာ အမှောင်ဂိုဏ်းသို့ ရောက်ရှိလာကြပြီးနောက် ဤနေရာ၌ အရင်ဆုံး စုဝေးကြသည်ဖြစ်သည်။ ထိုသို့စုဝေးပြီးမှသာ ၎င်းတို့မှာ ရုပ်အလောင်းမျက်နှာကြေးမုံများထဲသို့ ဝင်ရောက်ကာ ဂိုဏ်းသားများ၏ ရုပ်အလောင်းမျက်နှာ ရေးဆွဲပေးခြင်းကို ခံကြရသည်ဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းပေါ်သို့ ရောက်လျှင်ရောက် မဟုတ်လျှင် ပြန်လည်မွေးဖွားခြင်း ပုံရိပ်ယောင်မန္တန်အစီအရင်ထဲသို့ ရောက်သွားကြ၏။ ထိုပုံရိပ်ယောင်ကြီးမှာ သူတို့၏ အကျင့်စရိုက်များကို အစမှပြန်၍ ဖန်တီးပေးသည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ မိုးကောင်ကင်တာအို၏ ဦးဆောင်မှုကို စောင့်ဆိုင်းကာ ဝိညာဉ်မြစ်များထဲသို့ ရောက်ရှိသွားကြပြီး ပြန်လည်မွေးဖွားခြင်းမုခ်ဝအား ဖြတ်၍ စီးဆင်းသွားကြသည်ဖြစ်သည်။

ဝိညာဉ်ရေကန်ထဲ၌ လူးလွန့်နေကြသည့် ဝိညာဉ်ပေါင်း မြောက်မြားစွာ ရှိနေကြသည်။ အချို့မှာ ဗလုံစီထနေသော ပူစီဖောင်းများနှင့်အတူ ခုန်ထွက်လာနိုင်ရန် ကြိုးပမ်းနေကြပြီး အခြားဝိညာဉ်များမှာမူ ရေကန်မျက်နှာပြင်ဆီသို့ ကူးခတ်လာကြသောကြောင့် ၎င်းတို့၏ မျက်နှာများကို မြင်နေရသည်။

ထိုမျက်နှာများထဲတွင် လူကြီးလူငယ်၊ ကျားမမ‌ရွေး ရှိနေကြ၏။ အချို့သောမျက်နှာများမှာ တည်ငြိမ်အေးချမ်းနေကြပြီး အချို့မှာ အမျက်ချောင်းချောင်းထွက်နေကြ၏။ အချို့မှာ ငိုကြွေးနေကြပြီး အချို့မှာ ရယ်မောနေကြသည်။ ၎င်းတို့မှာ အရောင်အဆင်းများလည်း မတူကြပေ။ အချို့မှာ‌ ရေကန်နှင့် အရောင်အတူတူ ဖြစ်နေကြပြီး အချို့မှာမူ မည်းနက်နေ၏။ ထို့ကြောင့် ရေကန်ထဲမှ ရေများပင်လျှင် ၎င်းတို့အား အချိန်တိုလေးအတွင်း မသန့်စင်ပေးနိုင်ဘဲ ဖြစ်နေရ၏။

” အရောင်မရှိတဲ့ ဝိညာဉ်တွေက သာမန်ဝိညာဉ်တွေ။ အနက်ရောင်ဝိညာဉ်တွေကတော့ အခဲမကျေနိုင်တဲ့ အငြိုးအတေးတွေ ရှိနေတဲ့ ဝိညာဉ်တွေပေါ့။ ပေါင်လဲ့။ မင်းရဲ့ ဝိညာဉ်လမ်းညွှန်မှုပညာရပ်ကို အသုံးပြုပြီးတော့ ဝိညာဉ်ရေကန်ထဲက ဝိညာဉ်သုံးခုကို ဆွဲထုတ်လိုက်။ ပြီးရင် သူတို့ကို ကြေးချွတ်သန့်စင်ပြီးတော့ နောက်ကျရင် မင်းဖန်တီးမယ့် အမှောင်အဆောင်ပစ္စည်းအတွေအတွက် လိုအပ်တဲ့ အဆောင်ဝိညာဉ်တွေအဖြစ် အသုံးပြုလိုက် ” ဝမ်ပေါင်လဲ့တစ်ယောက် ရေကန်ထဲသို့ ငေးကြည့်နေစဉ် မင်ခွန်းကျိက ဖြည်းဖြည်းချင်း ဆိုလိုက်၏။ သူသည် အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။

” ‌အဆောင်ဝိညာဉ် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ သူ၏ မှတ်ဉာဏ်များ မှုန်ဝါးဝါး ဖြစ်လာသည်ကို အာရုံခံမိလိုက်၏။

” အမှောင်ကလေးငယ်တစ်ယောက်က အမှောင်အဆောင်ပစ္စည်းသုံးခုဖြစ်တဲ့ လှေတစ်စင်း၊ အနက်ရောင်ဝတ်ရုံတစ်ခုနဲ့ မီးအိမ်လှော်တက်တစ်ချောင်းတို့ကို လိုအပ်တယ်။ ဒါ အမှောင်ကလေးငယ်တိုင်းမှာ ရှိထားသင့်တဲ့ ပစ္စည်းတွေပဲ။ အဲဒီ အမှောင်အဆောင်ပစ္စည်းထဲက အဆောင်ဝိညာဉ်တွေကို မင်းကိုယ်တိုင် ရွေးချယ်သင့်တယ် ” မင်ခွန်းကျိမှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားဆက်မပြောတော့ပေ။

ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ တွေးတောနေလိုက်၏။ ထို့နောက် သူ၏စကားများမှာ အမှန်ပင်ဖြစ်နေကြောင်း ခပ်ရေးရေးခန့် မှတ်မိလိုက်သဖြင့် ထိုကိစ္စအကြောင်း ဆက်၍ စဉ်းစားမနေတော့ဘဲ ရေကန်၏ အောက်တွင် ရှိနေသော အရာများအား လှမ်း၍ ငေးကြည့်နေလိုက်တော့သည်။ တစ်အောင့်ခန့် ကြာပြီးသွားသောအခါ သူသည် သူ၏ အမှောင်မီးတောက်အား အသုံးပြုကာ ဝိညာဉ်လမ်းညွန်မှုပညာရပ်အား ထုတ်သုံးရန် ကြိုးပမ်းလိုက်၏။ သူသည် ခြောက်ကြိမ်တိတိ မအောင်မမြင် ဖြစ်ခဲ့ရပြီးနောက် သတ္တမမြောက်အကြိမ်သို့ရောက်မှ ဝိညာဉ်လမ်းညွန်မှုပညာရပ်အား အောင်မြင်စွာ ထုတ်သုံးနိုင်သွားတော့သည်။

ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင် လက်ကြီးတစ်ဖက် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကာ ရေကန်ထဲသို့ နစ်ဝင်သွားပြီးနောက် ဝိညာဉ်သုံးခုအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ပထမဆုံးဝိညာဉ်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဧရာမလူကြီးတစ်ယောက် ဖြစ်သည်။

ဒုတိယဝိညာဉ်မှာ မျက်နှာအမူအရာ သုန်မှုန်နေသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။

နောက်ဆုံးဝိညာဉ်မှာမူ… ခုနစ်၊ ရှစ်နှစ်အရွယ်ခန့်ရှိသော ကောင်ကလေးတစ်ယောက် ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset