ရှီမာယူယူသည် လမ်းလျှောက်သွားလိုက်ကာ ကျောက်တုံးပေါ်မှ လတ်ဆတ်သော သွေးများကို ကြည့်ပြီး ပြောလိုက်သည်။ “ဒီလူက သွေးတွေအများကြီးထွက်ထားတာ သေနေပြီလား”
“ယူယူ ငါသူ့အသက်ရှုသံကို ကြားနေရသေးတယ်” ဟိန်းသံလေးသည် ရှိမာယူယူအား အထင်သေးသလိုကြည့်လိုက်သည်။
ဟူး သူမ ပြန်ဝင်စားကတည်းက မှတ်ဉာဏ်တွေပျောက်သွားတာ သူမပိုပြီး တုံးလာပါ့လား။
“ဒီလောက်သွေးတွေထွက်ထားတာ မြေကြီးပေါ်မှာ ရှိနေသေးတာပဲ သူသေဆုံးသင့်တာကြာပြီလေ”
ဟိန်းသံလေးသည် ထိုလူနှင့်ပတ်သတ်၍ စိတ်ဝင်စားပုံရသည်။ ရှီမာယူယူ လမ်းလျှောက်မသွားခင်မှာပင် သူမ ခန္ဓာကိုယ်မှ ခုန်ထွက်ကာ ထိုသူရှိသောနေရာကို ပျံ့သန်းသွားပြီးပြီ။
“ယူယူ ဒီလူက တကယ်ဆွဲဆောင်မှုရှိတာပဲ” ဟိန်းသံလေးသည် ထိုသူ၏မျက်နှာကို ကြည့်ကာ အံ့အားသင့်စွာပြောလိုက်သည်။
ရှီမာယူယူ လျှောက်သွားလိုက်ကာ သူ့မျက်နှာအား ရှင်းရှင်းလင်းလင်းကြည့်လိုက်သည်။ ကြော့မော့သော မျက်နှာ၊ ဖြောင့်တန်းသောနှာတံ၊ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းတို့ပေါင်းစပ်လိုက်သောအခါ အလွန်ချောမောလှသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူ့မျက်လုံးများသည် ပိတ်ထားသည်။ သူတို့ ကြည့်ကောင်းလားဆိုသည်ကို သိရန် မဖြစ်နိုင်ပေ။ သို့သော် သူ၏ ရှည်လျားသော မျက်တောင်မွေးများသည် အလွန်ပင် ဆွဲဆောင်မှုရှိသည်။
သူတကယ့်ကိုပင် ချောမောလှသော ယောက်ျားတစ်ယောက်ပင်။ သို့သော် သူမအရင်ဘဝတွင် ထိုလိုလူမျိုူးကို အများကြီးတွေ့ခဲ့ဖူးသည်။ သူတို့သည် ထိုသူလောက်မချောသော်လည်း သူမ ခံနိုင်ရည်ရှိသည်။
သူမ မျက်မှောင်ကြုတ်၍ ပြောလိုက်သည် “သူက ငါ့ထက်အများကြီးချောနေတယ်။ ငါ့ထက် ဆွဲဆောင်မှုရှိတဲ့သူတွေအကုန်လုံးက ငါ့ရန်သူပဲ သွားရအောင်”
“ယူယူ မင်းသူ့ကို မကယ်ဘူးလား” ထိုသူ၏ မျက်နှာကိုကြည့်ပြီး ကြက်သေသေကာ ထွက်သွားမည်လုပ်နေသည့် ရှီမာယူယူအားမြင်သည်နှင့် ဟိန်းသံလေးအော်လိုက်သည်။
“ငါက ဘာလို့သူ့ကို ကယ်ရမှာလဲ” ရှီမာယူယူသည် ထိုသူအားတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဒီနေရာကနေ အရင်ထွက်သွားသင့်ပြီ မင်းပြန်လာရင် ဒီမှာရှိမှာတောင်မဟုတ်ဘူး ငါတို့ရှိနေတဲ့ အချိန်အတွင်း ဘယ်လိုလုပ်ရောက်လာတာလဲ မထူးဆန်းဘူးလား”
“ငါပြန်လာတဲ့အချိန်မှာ သူက ဝိညာဉ်သားရဲကြောင့် ထိခိုက်ပြီး ဒီနေရာရောက်လာပြီး မေ့လဲသွားတာဖြစ်နိုင်တယ်” ဟိန်းသံလေးပြောလိုက်သည်။
ရှီမာယူယူ ခြေနှစ်လမ်းလောက်ရှေ့တိုးသွားပြီး လဲနေသော ထိုသူ၏ရှေ့တွင် သားရေကျနေသော ဟိန်းသံလေးကို မ,ယူလိုက်သည်။ သူမပြောလိုက်သည် “ဟိန်းသံလေး မင်းရဲ့ အပြင်ပုံပန်းသဏ္ဌာန်က ဖြူစင်ပြီး အထဲမှာ ဖောက်ပြန်တဲ့စိတ်ရှိတာ ငါသတိမထားမိဘူးမထင်နဲ့။ မင်းက မြင့်မြတ်တဲ့သားရဲနော် နှာဘူးမဟုတ်ဘူး”
“ငါ နှာဘူးမဟုတ်ဘူး” ရှီမာယူူယူသည် ဟိန်းသံလေးအား လည်ပင်းမှ ဆုပ်ကိုင်လိုက်ရာ သူ၏ ခြေထောက်များသည် လေထဲတွင် တွဲလောင်းကျနေတော့သည်။ “ယူယူ ငါတို့သူ့ကို ကယ်လိုက်ရင် ဒီနေရာက ဘယ်နေရာလဲဆိုတာ သိနိုင်တယ်။ ဝိညာဉ်သားရဲကိုမေးတာထက် လူကိုမေးတာပိုကောင်းတယ် ပြီးတော့ ဝိညာဉ်သားရဲက မင်းကို ဒီနေရာက ဘယ်နေရာလဲဆိုတာပဲ ပြောနိုင်မယ် လူဆိုရင်ဘယ်လိုထွက်ရမလဲဆိုတာကိုပါ ပြောနိုင်တယ်”
ရှီမာယူယူသည် သူမခြေလှမ်းများကိုရပ်တန့်လိုက်သည်။ ဟိန်းသံလေး၏ စကားများကို စဉ်းစားချင့်ချိန်ကာ သူမ ပြောလိုက်သည် “မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ဒါဆိုကောင်းပြီ ငါတို့သူ့ကို အရင်ကယ်မယ်”
ထိုသူအား ခြောက်သွေ့သော မြေပြင်သို့ခေါ်ဆောင်သွားကာ သူ့အား လှည့်လိုက်သည်။ သူ့ဝမ်းဗိုက်တွင် ရှိသော ဒဏ်ရာရှည်အားကြည့်လိုက်ရာ ထိုဒဏ်ရာသည် ဝိညာဉ်သားရဲ၏ လက်သည်းကြောင့် ဖြစ်ပုံရသည်။ ထိုဒဏ်ရာသည် ဘယ်လက်ရင်အုံမှစ၍ ဝမ်းဗိုက်အထိရှည်လျားသည်။
“ဒီလောက်ကြီးမားတဲ့ဒဏ်ရာရတာ သွေးလည်းအမျာကြီးထွက်တယ် သူအခုထိမသေသေးတာ အံ့သြဖို့ကောင်းတယ်” သူ၏ ဒဏ်ရာကိုကြည့်ပြီး သူမစုပ်တစ်ချက်သတ်လိုက်ကာ သက်ပြင်းချလိုက်သည်။
“ယူယူ သူ့ကို ကယ်လို့ရသေးလား” ဟိန်းသံလေးသည် သူမဘေးတွင် ပျံဝဲကာ မေးလိုက်သည်။
“သူမသေသေးဘူး” ရှီမာယူယူပြောလိုက်သည်။ သူမ အဖေထားခဲ့သော လက်စွပ်ကို ဖွင့်လိုက်ရာ သူထားခဲ့သော ဆေးလုံးကိုရှာတွေ့လေသည်။ သူမ သူ့အားကျွေးရန်ထုတ်လိုက်သည်။ သူစားပြီးချိန်မှပင် ကျောက်စိမ်းပုလင်းပေါ်တွင် ‘အဆင့်(၄)’ဟူသော စကားလုံးကို သတိထားမိလေသည်။ ထိုအရာသည် ဒုံချန်းပြည်ထောင်စုတစ်ခုလုံးတွင် တန်ဖိုးရှိသော ပစ္စည်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုပစ္စည်းလက်ဝယ်တွင်ရှိသော သူများကို လက်ချိုးရည်လို့ရသည်။ အဆင့်(၄)ရှိသော ဆေးလုံးကိုသူစိမ်းတစ်ယောက် အားပေးလိုက်သည်ကို တွေးကြည့်ရာ သူမစိတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။
“ဒါနဲ့လောက်ပါမလား” ဟိန်းသံလေး မေးလိုက်သည်။
“ဒါက အဆင့်(၄)ရှိတဲ့ ဆေးလေ” ရှီမာယူယူမေးလိုက်သည်။ “ငါထိခိုက်တဲ့အချိန်တုန်းက စစ်သူကြီးအိမ်တော်မှာ ဒီ အဆင့်(၄)ဆေးတောင်ရှိတာမဟုတ်ဘူး။ အဘိုးက ဆေးကို အဆင့်(၃)ရှိတဲ့ဆေးနှစ်လုံးနဲ့ သခင်ကြီးရှီဆီမှာတောင် သွားလဲခဲ့ရတာ”
ရှီမာလိုင်အကြောင်းပြောရင်းနှင့် အနည်းငယ်လွမ်းသလိုခံစားမိသည်။
“အဘိုးအခုဆို ဘာတွေလုပ်နေမလဲမသိဘူးနော် ငါသူတို့နဲ့ မတွေ့တာကြာပြီ အဘိုးနဲ့ အစ်ကိုတွေက စိုးရိမ်လွန်းလို့ သေတော့မယ်ထင်တယ်”
“ယူယူ မစိုးရိမ်ပါနဲ့ သူပြန်ကောင်းလာတာနဲ့ ဘယ်လိုပြန်သွားရမလဲဆိုတာ သိသွားမှာပါ” ဟိန်းသံလေးနှစ်သိမ့်လိုက်သည်။
“ဟူး သူနိုးလာတာကို စောင့်ရုံပဲရှိတော့တယ်” ရှီမာယူယူ သက်ပြင်ချကာပြောလိုက်သည်။ “မင်းရဲ့ ခန္ဓာကို ကြီးအောင်လုပ်နိုင်တယ်မလား”
“ရတယ် ရတယ်” ဟိန်းသံလေးသည် ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းကြီးအောင်လုပ်ပြီး သူ့ကို ဂူထဲကို သယ်လာခဲ့လိုက်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာ ဘာပြောတယ် မင်းတကယ်ပဲ သယ်လာခိုင်းတာလား” ဟိန်းသံလေးအံ့သြစွာအော်လိုက်သည်။
“မင်း သူ့ကို ကယ်ချင်တာမဟုတ်ဘူးလား” ရှီမာယူယူ သူ့နားရွက်အား ဆွဲကာပြောလိုက်သည်။ “သူက အရမ်းကြီးတယ် ပြီးတော့ ဒီနေရာက ဂူကနေဆိုတော်တော်ဝေးတာ။ တကယ်လို့ ငါသူ့ကို ဆွဲသွားရင် ဂူအဝင်ပေါက်မရောက်ခင် သူသေသွားမှာ ကြောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအတွက် ဒီလိုလူချောနဲ့ ရင်းနှီးသွားအောင် ကောင်းတဲ့အခွင့်အရေးပဲ”
“ငါက တည်ကြည်ပြီး သိက္ခာရှိတဲ့ မြင့်မြတ်တဲ့သားရဲပဲ” ဟိန်းသံလေးပြန်ပြောလိုက်သည်။
“အဲတော့ မင်းသယ်မှာလား မသယ်ဘူးလား” ရှီမာယူယူမေးလိုက်သည်။
“ငါ…သယ်ပါမယ်” အဖြူရောင်အလုံးလေးသည် ဒီလူချောလေးအတွက် တည်ကြည်မှုနှင့် သိက္ခာကို ပစ်လိုက်သည်။
ဟိန်းသံလေးသည် လေထဲတွင် တုန်ခါသွားပြီး နဂိုသေးငယ်သော ခန္ဓာကိုယ်မှ တဖြည်းဖြည်းကြီးလာကာ လူတစ်ယောက်အရွယ်အစားဖြစ်သွားတော့သည်။
ရှီမာယူယူသည် ဟိန်းသံလေး၏နောက်ကျောပေါ်သို့ ထိုလူအားရွေ့လိုက်ပြီး သူမကိုယ်တိုင်လည်းတက်သွားလိုက်သည်။ ဟိန်းသံလေးသည် ကျောပေါ်တွင် နှစ်ယောက်လုံးကိုသယ်ဆောင်ကာ ဂူသို့ပျံ့သန်းသွားလိုက်သည်။
ဂူသို့ရောက်သည်နှင့် ရှီမာယူယူသည် ကြင်နာသော အမူအရာဖြင့် ဝိညာဉ်ပုလဲအတွင်းမှ အိပ်ရာဟောင်းတစ်ခုအား ဆွဲထုတ်လိုက်သည်။ လူတစ်ယောက်သည် အိပ်ရာဟောင်းပေါ်တွင် ထိုင်နေခြင်းဟာ သက်တောင့်သက်သာရှိချင်မှရှိမည်။ သို့သော် မြေကြီးပေါ်တွင် ပစ်ထားခြင်းထက် အိပ်ရာပေါ်တွင် လှဲနေခြင်းက ပိုကောင်းသည်မဟုတ်လား။
အိပ်ရာအဆင်သင့်ဖြစ်သည်နှင့် သူမ သူ့အားအိပ်ရာပေါ်သို့ ဂရုတစိုက်တင်ပြီးသည်နှင့် လင်းလုံးအား ဓားအဖြစ်ပြောင်းကာ သူ့ကိုယ်မှာ အဝတ်အစားများကို ဖြတ်လိုက်သည်။
“ယူယူ မင်းလူဆိုးလုပ်မလို့လား” ဟိန်းသံလေးသည် အကောင်ငယ်အဖြစ်ပြန်ပြောင်းကာ ပျံသန်းရင်း ဘေးတွင် ရှိနေသည်။ ရှီမာယူယူ အဝတ်များကို ဖြတ်နေစဉ်တွင် သူ့၏နားရွက်များသည် တွဲလွဲကျနေသည်။ ဟိန်းသံလေးသည် သူ့မျက်လုံးနှစ်ဖက်ကို လက်သည်းများဖြင့် ကာလိုက်သည်။ ထိုအမူအရာသည်အချည်းအနှီးပင် အဘယ်ကြောင့်ဆိုသော သူ့မျက်လုံးများသည် ချောင်းကြည့်နေခြင်းကြောင့်ပင်။
ဟိန်းသံလေးပြောသော ထိုစကားကိုကြားသည်နှင့် ရှီမာယူယူမျက်နှာသည် တည်သွားပြီး ပြန်ပြောလိုက်သည်။ “မင်းလူတစ်ယောက်ကို မကယ်ချင်ရင်မကယ်နဲ့လို့ ငါအရင်ကသင်ဖူးတယ် ဒါပေမယ့် ကယ်မယ်ဆိုရင် အကောင်းဆုံးလုပ်ဖို့လိုတယ်။ သူဆေးသောက်ပြီးပေမယ့် သူ့ဒဏ်ရာက သန့်ရှင်းဖို့လိုသေးတယ်”
“သြော် အဲဒါကြောင့်လား ငါထင်တာ သူ့ကို အခွင့်အရေးယူချင်လို့ လူဆိုးလိုလုပ်နေတယ်ထင်နေတာ” အိပ်ရာပေါ်တွင် လှဲနေသော လူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်ကာ ဟိန်းသံလေး ပါးစပ်အဟောင်းသားနှင့် ပြောလိုက်သည်။ တစ်ခုလွတ်သွားသည်မှာ အသည်းနှလုံးပုံစံ မျက်လုံးပင်။
ထိုပြင်းထန်စွာ တဏှာစိတ်တပ်မက်နေသော မျက်နှာကို ရှီမာယူယူ မကြည့်နိုင်တော့ပဲ သူ့ဝမ်းဗိုက်ကနေ ဆုပ်ကိုင်ကာ အပြင်ဘက်သို့တည့်တည့် နောက်ပြန်ပစ်ပေါက်လိုက်သည်။
ဟိန်းသံလေး အနားတွင်မရှိတော့သည်နှင့် ရှီမာယူယူ ပြန်၍ အာရုံစူးစိုက်တော့သည်။ သူရေနှင့် တဘက်ကို ဝိညာဉ်ပုလဲအတွင်းမှ ထုတ်ကာ သူ့ခန္ဓာကိုယ်မှ သွေးကွက်များကို သုတ်လိုက်သည်။ ပြီးနောက် ဒဏ်ရာများကို ဂရုတစိုက်ဆေးကြောပေးလိုက်သည်။ အိပ်ရာပေါ်မှ လူ နာကျင်မှုကြောင့် နိုးလာသည်ကို ရှောင်ရှားရန် သူမ ဂရုစိုက်၍ ပိုပြီးညင်သာစွာ လှုပ်ရှားလေသည်။
သူမ ဒဏ်ရာများကို ဆေးကြောပြီးချိန်ခဏအတွင်းတွင် အိပ်ရာပေါ်မှ လူသည် နိုးလာသည်။ သူ ဝါးနေသော မျက်လုံးများအားဖွင့်လိုက်ကာ ရှင်းလင်းတောက်ပနေသော မျက်လုံးများဖြင့် သူ့ဒဏ်ရာအား စစ်ဆေးနေသော သူမအားတွေ့လိုက်ရသည်။
သူအကယ်ခံလိုက်ရတာလား။
သူ့ ခန္ဓာကိုယ် အခြေအနေကို တိတ်တဆိတ်စစ်ဆေးကာ သူအကယ်ခံရခြင်းကို သေချာအောင် စိစစ်လိုက်သည်။ ပြီးနောက် ချက်ချင်းပင် ပြန်လည်မေ့မျောသွားလေသည်။
ထိုသူနိုးလာချိန်တွင် ရှီမာယူယူသည် တဘက်ကို ဆေးနေချိန်ဖြစ်ရာ သူမသတိမထားမိလိုက်ပေ။ သူမ သူ့ကိုယ်မှ သွေးကွက်များကို ဆေးကြောပြီးချိန်တွင်တော့ သူ့ဒဏ်ရာသည် စတင်၍ အနာကျက်နေသည်ကို သတိထားမိလိုက်သည်။
“ဒီကမ္ဘာကဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို အကြိမ်ပေါင်းများစွာတွေ့ဖူးလည်း အမြဲတမ်း အံ့သြနေတုန်းပဲ” ဒဏ်ရာများကို ထိတွေ့ရန်သူမ လက်ကို ဆန့်ထုတ်လိုက်သည်။ “ငါမှာအချိန်ရှိရင် ဆေးစာအုပ်နှစ်အုပ်လောက်ရှာဖတ်ပြီး ဆေးဖော်နည်းကို သင်ယူဦးမယ်”
သူမ အကုန်ထုတ်ပိုးပြီးချိန်တွင် ဂူထဲတွင် ကြီးမားသော အိပ်ရာရှိသည်ကိုသာ တွေးမိလေသည်။ သူမ ကျင့်ကြံနေရခြင်းကြောင့်ပင် အခုချိန်ထိမအိပ်ရသေးပေ။ အိပ်ရာကိုကြည့်ရင်း သူမ အိပ်ချင်လာသည်။
အိပ်ရာပေါ်တွင် နေရာတစ်ဝက်လောက်အိပ်နေသော လူအားကြည့်လိုက်၊ သူမ ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ထားသည်ကိုကြည့်လိုက်လုပ်နေသည်။ ထို့နောက် သူမ အိပ်ရာပေါ်သို့တွားသွားလိုက်ကာ အိပ်ပျော်သွားတော့သည်။