လျိုဂျင်လန်ကား အိမ်ရှေ့စံမင်းသား ဖြစ်သည်။ ဆိုလိုသည်မှာ သူက နောင်တစ်ချိန်တွင် နန်ဒူ၏ဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။
ဧကရာဇ်၏စကားအား အလွန် အလေးထားကြရမည် ဖြစ်သည်။ လျိုဂျင်လန်ကိုယ်တိုင်က သည်စကားအား ပြောခြင်းဖြစ်ရာ သူအမှန်တကယ် ပြောနေခြင်း ဖြစ်ကြောင်း ထင်ရှားစေသည်။ ထို့ကြောင့် ရီဖူရှင်းက ခေါင်းတစ်ချက် ညိတ်လိုက်လျှင် သူက ဂုဏ်သရေရှိလူကြီးမင်း ဖြစ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ယောက်အနေဖြင့် သည်ဂုဏ်ပုဒ်မှာ အလွန်ကြီးမြတ် လှပေသည်။ သည်အခွင့်အရေးကား ရီဖူရှင်းကဲ့သို့သော လူငယ်တစ်ယောက် အနေဖြင့် ငြင်းဆန်မရနိုင်သော မက်လုံးတစ်ရပ်လည်း ဖြစ်သည်။
လူအချို့က သူတို့၏မျက်လုံးရှေ့မှ အဖြစ်အပျက်အား ကြည့်ကာ မယုံကြည်နိုင်ကြပေ။ အိမ်ရှေ့စံက ရူးသွပ်သွားခြင်းပေလော။ ရီဖူရှင်းက မည်မျှ ထူးချွန်နေပါစေ သူကား လူငယ်တစ်ယောက်သာ ဖြစ်သည်။ အနာဂတ်ကား မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ အိမ်ရှေ့စံက ဝန်ကြီးချုပ်ရာထူးအား သည်မျှအဘယ်ကြောင့် အလွယ်တကူ ကတိပေးနိုင်ရသနည်း။
ထိုင်ခုံနေရာတွင် ဝန်ကြီးချုပ်ကျိုကား အံ့အားသင့်လွန်းသောကြောင့် အေးခဲနေလေပြီ။ သူ၏မျက်လုံးများက စူးရှနေသော်လည်း သူက လျိုဂျင်လန်အား မတားပေ။ အိမ်ရှေ့စံအား တားဆီးရအောင် သူက မည်သူနည်း။
သည်အခြေအနေတွင် ရှာဖိန်ကား ကူရာမဲ့ကာ သနားစရာ ကောင်းလွန်းလှသည်။ သူက သူ့သားအား ကယ်တင်ရန် ဝန်ကြီးချုပ်ဟွာနှင့် အိမ်ရှေ့စံတို့ထံတွင် ခုနကပင် တောင်းပန်ခဲ့သည်။ ယခု အိမ်ရှေ့စံက ရီဖူရှင်းအား သူ့နောက်ကို လိုက်ရန် ခေါ်နေသည်။ အခြေအနေကို ကြည့်ရလျှင် ရီဖူရှင်းက ညဏ်ကောင်းပါက အိမ်ရှေ့စံ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်မည် မဟုတ်ပေ။ သည်အတိုင်း ဆက်သွားပါက သူ့သား ရှာဖန်ကား အခြေအနေကောင်းမည် မဟုတ်တော့။
မူဟောင်၊ လင်းဇီယွီနှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တာဝန်ရှိသူများကလည်း လက်ရှိအခြေအနေကို နားမလည်ကြပေ။ ရီဖူရှင်းက အလွန် ထက်မြက်နေသည် ဆိုလျှင်ပင် အိမ်ရှေ့စံ၏စကားများက အလျင်လိုနေသည် မဟုတ်ပေလော။
သိသာ ထင်ရှားစွာပင် လျိုဂျင်လန်ကား ရူးသွပ်နေသူ မဟုတ်ပေ။ သူက ရီဖူရှင်းထံမှ တူညီသော ကိုယ်ရောင်ကိုယ်ဝါကို ခံစားနေရသည်။ သည်လူငယ်မှာ ဝန်ကြီးချုပ်ကျိုက အရေးပေးခံရသူဖြစ်ပြီး သူ့ထံတွင် ဝန်ကြီးချုပ် အမိန့်ပြားပင်လျှင် ရှိသည်။ ထိုအပိုင်းအစများအား အတူထား၍ တွေးတောလိုက်လျှင် ဆက်စပ်မှုများစွာ ရလာသည်။ ထို့အပြင် သူက ဝန်ကြီးချုပ်ကျိုအား အလွန်နားလည်ပြီး သူစီမံခန့်ခွဲသော ပုံစံများအားလည်း သိနားလည်သည်။
ရီဖူရှင်းလည်း ထိတ်လန့်သွားသည်။ သီချင်းတစ်ပုဒ်က အိမ်ရှေ့စံမင်းသားထံမှ သည်မျှပြင်းထန်သော တုံ့ပြန်မှုရသည်ကို သူနားမလည်ပေ။ အိမ်ရှေ့စံက သူ့အား ဝန်ကြီးချုပ် ရာထူးကိုပင် ပေးလိုသည်။
“အရှင့်သား… ကျွန်တော်က ဒီမှာ ချည်နှောင်ထားတဲ့အရာတွေ များလှတဲ့အတွက် အရာအားလုံးကို ပစ်ပြီး အရှင့်သားနောက်ကို လိုက်ဖို့ ခက်ခဲပါတယ်… ကျွန်တော်တို့က နောင်တစ်ချိန်မှ ထပ်ဆွေးနွေးလို့ မရဘူးလား…” ရီဖူရှင်းက လျိုဂျင်လန်ကို မေးလိုက်သည်။ သူက ထိုကမ်းလှမ်းချက်ကို လက်ခံရန် ရည်ရွယ်ချက် မရှိသော်လည်း သူက တော်ဝင်မိသားစုကိုလည်း မဆန့်ကျင်လိုပေ။
လျိုဂျင်လန် ခေါင်းယမ်းလိုက်သည်။ သူ့အမူအရာကို ကြည့်ပြီးလျှင် ရီဖူရှင်းက ဦးညွှတ်လိုက်သည်… “ခွင့်လွှတ်စေလိုပါတယ်… အရှင့်သား…”
“သူငြင်းလိုက်တယ်…” မျက်လုံးပေါင်းများစွာက ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ရီဖူရှင်းက ဝန်ကြီးချုပ်ဖြစ်ရန် အခွင့်အရေးအား အမှန်တကယ်ပင် ငြင်းပယ်ခဲ့သည်။
နန်ဒူနိုင်ငံက ဒေသ သုံးဆယ့်ခြောက်ခုအား ထိန်းချုပ်ထားကာ ဒေသတစ်ခုစီတွင် မြို့ပေါင်း မြောက်မြားစွာ ပါဝင်သည်။ စီရင်စုခေါင်းဆောင် တစ်ယောက်တွင် လုပ်ပိုင်ခွင့် အာဏာ အမြောက်အမြားရှိပြီး သူ၏ဒေသတွင် ဘုရင်ငယ်တစ်ပါးဟုပင် သတ်မှတ်နိုင်သည်။ သည်လိုဆိုလျှင် ဝန်ကြီးချုပ်ဖြစ်ပါက ဆိုဖွယ်မရှိတော့။ နန်ဒူနိုင်ငံတွင် ဝန်ကြီးချုပ် နှစ်ဦးရှိသည်။ ဝန်ကြီးချုပ်ကျိုက နိုင်ငံ၏အုပ်ချုပ်ရေး ယန္တရားအား ထိန်းချုပ်ကာ ဝန်ကြီးချုပ်ဟွာက စစ်တပ်ကို ထိန်းချုပ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်တစ်ယောက်၏အာဏာမှာ ဘုရင်ပြီးလျှင် ဒုတိယနေရာတွင် ရှိပေသည်။
သည်မျှ ကြီးမားသော အခွင့်အလမ်းမှာ ရီဖူရှင်း၏ရှေ့တွင် လာရောက် ပေးအပ်သော်လည်း သူက အမှန်တကယ်ပင် ငြင်းပယ်ခဲ့သည်။
လျိုဂျင်လန်က ရီဖူရှင်းအား စိုက်ကြည့်နေသည်။ သူက ပြောသည်… “ဧကရာဇ်ရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ အကျိုးအပြစ်ကို မင်းသိလား… ငါက အခု ဧကရာဇ် မဟုတ်သေးပေမဲ့ အနာဂတ်မှာ ငါပဲဖြစ်လိမ့်မယ်…”
သည်ကဲ့သို့ လွှမ်းမိုးနိုင်သော စကားများအား ကြားကာ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။ အိမ်ရှေ့စံတစ်ယောက် အနေဖြင့် လျိုဂျင်လန်ကား ဧကရာဇ် တစ်ယောက်၏ဟန်ပန်ကို ဖော်ပြနေပြီး ဖြစ်သည်။
“တကယ်လို့ ဒါက ဧကရာဇ်ရဲ့ အမိန့်ဆိုရင် ကျွန်တော်က ငြင်းပယ်စရာ မရှိပါဘူး… အရှင့်သား…” ရီဖူရှင်းက ဖြေလိုက်သည်။
လျိုဂျင်လန်က ရီဖူရှင်းအား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ဖိအားလှိုင်းများ ရီဖူရှင်းကို လာရောက် ရိုက်ခတ်နေသည်။
ရုတ်တရက် လျိုဂျင်လန်က ပြုံးလိုက်ကာ ပြောလိုက်သည်… “ဒီလိုဆိုရင်လည်း ငါက မင်းကို အတင်း မတိုက်တွန်းတော့ဘူး… မင်းသွားနိုင်ပြီ…”
“ကျေးဇူးတင်ပါတယ်… အရှင့်သား…” ရီဖူရှင်းက အရိုအသေပေးကာ ပြောလိုက်သည်။ ထို့နောက် သူထိုင်နေရာသို့ ပြန်သွားလိုက်သည်။
ရီဖူရှင်းက ဟွာဖန်းလူဘေးမှ သူ့နေရာသို့ ပြန်သွားလိုက်လျှင် လျိုဂျင်လန်ကား ထိုထွက်ခွာသွားသော ရီဖူရှင်း၏နောက်ကျောကို ကြည့်ကာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေဆဲပင်။ သူက သူ့ထိုင်ခုံနေရာသို့ ပြန်သွားသောအခါ မူလနှင့်မတူ ခြားနားစွာ လူသတ်လိုသော ခံစားချက်များအား လူတိုင်းက ခံစားနေကြရသည်။
လူတိုင်းက သည်လူငယ်နှစ်ယောက်အား ကြည့်နေကြသည်။ တစ်ယောက်မှာ ဧကရာဇ်၏ အမူအကျင့်များအား ပိုင်ဆိုင်ထားပြီးသား ဖြစ်သော အာဏာရှိသော အိမ်ရှေ့စံမင်းသား ဖြစ်သည်။ နောက်တစ်ယောက်မှာကား ကောင်းကင်မှပေးသော လက်ဆောင်များအား ပိုင်ဆိုင်ထားသော အလွန်ပါရမီပါကာ ထက်မြက်သော သူ၏အနာဂတ်အား ခန့်မှန်းမရသေးသော လူငယ်လေး တစ်ယောက် ဖြစ်သည်။
လျိုဂျင်လန်က သူ၏နေရာတွင် ထိုင်လိုက်ပြီးလျှင် မျက်နှာသုန်မှုန်စွာဖြင့် ပြောသည်… “ဒီနေ့ ကျုပ် အရမ်း စိတ်ပျက်တယ်… ဒီနေ့ ကျောင်းဆောင်ခုနစ်ခု စုဝေးပွဲမှာ ကျုပ်အမြင်အရ ထူးချွန်တဲ့ ကျောင်းသားတွေ သိပ်မတွေ့ရဘူး… ကျောင်းဆောင် ခုနစ်ခုမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်နှစ်ခုက နည်းနည်း အဆင့်မီတယ်… ဒါဆိုရင် ကျောင်းဆောင်ခုနစ်ခုက ဘာလုပ်ဖို့ ထားနေမှာလဲ… ဒီနေ့ကစပြီး ဒွန်ဟိုင်ကျောင်းတော်က ကျောင်းဆောင်တွေကို ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ထိန်းချုပ်ပြီးတော့ ရတနာ ကျောင်းဆောင်က ကူညီရမယ်…”
တိတ်ဆိတ်သွားကြသည်။ သည်စကားများမှာ ကြယ်စင်ဧကရာဇ် ကျောင်းအုပ်ထံမှ ထွက်လာခြင်း မဟုတ်ပေ။ ထို့အတူ ဝန်ကြီးချုပ်ဟွာထံမှလည်း မဟုတ်ပေ။ သည်စကားများက အိမ်ရှေ့စံမင်းသားထံမှ လာခြင်းဖြစ်သည်။ သူကား ယနေ့ ရီဖူရှင်းထံတွင် ငြင်းပယ်ခြင်း ခံခဲ့ရသည်။ သူ့မျက်နှာ သုန်မှုန်နေပုံကို ထောက်လျှင် တစ်စုံတစ်ယောက်က ဆန့်ကျင်သော စကားပြောလျှင် သူ၏ အဆုံးသတ်လှမည် မဟုတ်သည်ကို လူတိုင်း သိသည်။
သူ၏စကားတစ်ခွန်းက ဒွန်ဟိုင် ကျောင်းတော်အား အကြီးအကျယ် ပြောင်းလဲ သွားစေခဲ့ပြီ။
“ဟုတ်ကဲ့… အရှင့်သား…” ရတနာကြယ် ကျောင်းဆောင်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်တို့က အမိန့်အား နာခံလိုက်ကြသည်။ တခြား ကျောင်းအုပ် ငါးယောက်ကလည်း တခြားစကားများ မပြောကြတော့ပေ။ သူတို့ကလည်း မတ်တတ်ရပ်ကာ ဦးညွှတ်လျက် အမိန့်ကို နာခံလိုက်ကြသည်… “အရှင့်သား… ဆန္ဒအတိုင်းပါ…”
အိမ်ရှေ့စံမင်းသားနှင့် ဝန်ကြီးချုပ်ဟွာတို့ ဒွန်ဟိုင် ကျောင်းတော်ကို ရောက်ရှိလာသောအခါ လူအများအပြားက သည်ကိစ္စမျိုး ဖြစ်လာမည်ကို သိကြပြီးဖြစ်သည်။ သူတို့အား တားနိုင်စွမ်း သူတို့တွင် မရှိပေ။ ယခု ထိုအပြောင်းအလဲက အမှန်တကယ် ဖြစ်ပျက်လာခဲ့ပြီ။
“အကုန်လုံး ပြန်နိုင်ပြီ…” လျိုဂျင်လန်က လက်ဝှေ့ယမ်းလျက် ပြောသည်။ ထို့နောက် သူလည်း လှည့်ထွက်သွားသည်။ သူ၏စကားလုံးတိုင်းက အကြွင်းမဲ့ အာဏာဖြစ်သည်။
ဝန်ကြီးချုပ်ဟွာက သူ၏ထိုင်ခုံနေရာမှထကာ လျိုဂျင်လန်၏နောက်ကို လိုက်မသွားမီ လူအုပ်ကြီးအား တစ်ကြိမ် ကြည့်ခဲ့သေးသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူအုပ်ကြီးကလည်း လျိုဂျင်လန်နှင့် ဝန်ကြီးချုပ်ဟွာတို့ အတော်လှမ်းသွားမှ သူတို့၏နောက်မှ ခပ်ခွာခွာ လိုက်ပါလာကြသည်။
“အခု ဖြစ်သွားတာတွေကို ခင်ဗျားက ဘယ်လိုထင်လဲ…” လျိုဂျင်လန်က ဝန်ကြီးချုပ်ဟွာအား မေးလိုက်သည်။ ဝန်ကြီးချုပ်ဟွာကလည်း လျိုဂျင်လန် ဆိုလိုသည်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မဟုတ်ဘဲ ရီဖူရှင်း ဖြစ်သည်ကို နားလည်သည်။
“အရှင့်သားမှာ ဒီလိုလုပ်ရတဲ့ အကြောင်းပြချက် ရှိမယ်လို့ ကျုပ်ထင်တယ်…”
“သူက ကု့ချင်းကို တီးခတ်နေတဲ့အချိန်မှာ ဧကရာဇ်ရဲ့ အရောင်အဝါကို ထုတ်လွှတ်ခဲ့တယ်…” လျိုဂျင်လန်က ပြောသည်။ ဝန်ကြီးချုပ်ဟွာ ထိတ်လန့်သွားသည်။ သို့သော် မည်သို့မှ မပြောပေ။ သည်စကားများက အိမ်ရှေ့စံမင်းသားသာ ပြောနိုင်သည်။ ဝန်ကြီးချုပ် ဖြစ်သည့်တိုင် သူက သည်စကားအား ထုတ်ဖော် မပြောနိုင်ပေ။
“ကျုပ်က သူ့ကို ဝန်ကြီးချုပ်ရာထူး ပေးမယ်ဆိုတော့ သူ စိတ်မဝင်စားဘူး… သူ့မှာ လောဘမရှိဘူး… ကြည့်ရတာ သူက ဝန်ကြီးချုပ်ရာထူးကို စိတ်မဝင်စားဘူးပဲ…” လျိုဂျင်လန်က အေးစက်စွာ ရယ်မောလိုက်သည်…” သူက ဝန်ကြီးချုပ်ကျို အရေးပေးတဲ့လူ ဖြစ်သင့်ပါတယ်လေ…”
“ဝန်ကြီးချုပ်ကျိုက တကယ်ပဲ အမြင်သန်တယ်…”
“ကျုပ်တို့နိုင်ငံရဲ့ နန်တွင်း မှူးမတ်တွေနဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေ အတော်များများက ဝန်ကြီးချုပ်ကျို ရှာတွေ့ထားတာတွေပဲ…” လျိုဂျင်လန် ပြောလိုက်သည်။ ဝန်ကြီးချုပ်ဟွာ၏ အမူအရာ ပြောင်းလဲသွားသည်။ လျိုဂျင်လန် ပြောသည်မှာ မှန်ကြောင်း သူသိသည်။ နက္ခတ်ဗေဒ ပညာရှင်များကား အမှန်ပင် ထူးခြားသောသူများ ဖြစ်ကြသည်။
“ဒါပေမဲ့ ဝန်ကြီးချုပ်ကျိုက အရင်တုန်းက ဝန်ကြီးချုပ် အမိန့်ပြားကို ဘယ်သူ့ကိုမှ မပေးဖူးဘူး… ဒါကြောင့်ပဲ ကျုပ်က ဒွန်ဟိုင်မြို့ကို လာခဲ့တာပဲ… ဒီတစ်ခေါက် ဝန်ကြီးချုပ်ကျို ရှာတွေ့တဲ့ ရီဖူရှင်းက ကွဲပြားခြားနားတယ်…” လျိုဂျင်လန်က ပြောလိုက်သည်။
“အရှင့်သားက ဘာကို ဆိုလိုတာလဲ…” ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်။
“ကျုပ်က အနာဂတ် ဧကရာဇ်ဆိုပေမဲ့ နန်းမြို့တော်မှာ ဘုရင်မင်းမြတ်ကလွဲပြီး အလွှမ်းမိုးနိုင်ဆုံးလူက ဝန်ကြီးချုပ်ကျိုပဲ…” လျိုဂျင်လန်က ပြောသည်။
“အရှင့်သား… အရှင့်သားက တစ်နေ့ သရဖူကို ပိုင်ဆိုင်ရမှာ သေချာပြီးသားပဲ… ပြီးတော့ အရှင့်သားရဲ့ အရည်အချင်းနဲ့ဆို ဘုရင်မင်းမြတ်ထက်တော့ နိမ့်မှာ မဟုတ်ဘူး… အာဏာက အရှင့်သားရဲ့ လက်တစ်ကမ်းမှာပဲ ရှိတယ်…”
လျိုဂျင်လန်က နှာခေါင်းရှုံ့လျက် ပြောသည်… “ဒါက ပေးထားပြီးသားပဲ… သရဖူက ကျုပ်ရဲ့နောက်ဆုံး ရည်မှန်းချက် မဟုတ်ဘူး… ဒါပေမဲ့ ဝန်ကြီးချုပ်ကျိုက ကျုပ်လမ်းကို တစ်ခုခု နှောင့်ယှက်ဖို့ ကြိုးစားမယ် ဆိုရင်တော့ သူ့ကိုလည်း အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး…”
ဝန်ကြီးချုပ်ဟွာက အိမ်ရှေ့စံမင်းသား၏စကားကို ကြားကာ ထိတ်လန့်သွားသည်။
“အရှင့်သား… ဝန်ကြီးချုပ်ကျိုက ဘာမှ မလုပ်လောက်ပါဘူး…” ဝန်ကြီးချုပ်ဟွာက ပြောသည်။
“သူ ချင်းကျူမြို့ကို သွားတုန်းက ရီဖူရှင်းကို ဝန်ကြီးချုပ် အမိန့်ပြား ပေးအပ်တဲ့အပြင် ဝန်ကြီးချုပ်ကျိုက နန်ဒူမိသားစုက တောင်းဆိုချက် တစ်ခုကိုလည်း လက်ခံခဲ့တယ်။ နန်ဒူနန်းတော်ကို သူတို့က ဘာလို့ ဖိတ်ခေါ်ရတာလဲ… သေချာတာပေါ့… သူတို့က ရှေ့ဖြစ်ဟော ကုန်းတစ်ခု လိုချင်လို့လေ… ဝန်ကြီးချုပ်ကျိုက နန်ဒူမိသားစု အကြီးအကဲတွေရဲ့ ရှေ့ဖြစ်ကိုတော့ ဟောမှာမဟုတ်ဘူး… လူငယ်မျိုးဆက်ထဲက နန်ဒူမိသားစုမှာ အထူးချွန်ဆုံးကို ပြပါဆိုရင် ဟွာဂျီယူလို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက်ပဲ ရှိတယ်… ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို အနိုင်ယူခဲ့တဲ့နေ့ပြီးတော့ နောက်နေ့ သူက နန်ဒူနန်းတော်ကို သွားခဲ့တယ်… သူတို့က ချစ်သူတွေပဲ…” လျိုဂျင်လန် ရှင်းပြသည်။
အတန်ကြာလျှင် သူ ထပ်ပြောသည်… “နန်းမြို့တော်ကို ပြန်ရောက်ပြီး နောက်ပိုင်း ဝန်ကြီးချုပ်ကျိုက နောက်နှစ် တန်ဖန်းပွဲတော်အတွက် ပြင်ဆင်နေခဲ့တယ်… ပြီးတော့ သူက နန်ဒူမိသားစုက လူတွေကိုလည်း အရေးကြီးတဲ့ နေရာတွေပေးဖို့ အဖေ့ကို တိုက်တွန်းခဲ့တယ်… သူက ဘယ်သူ့အတွက် လမ်းဖောက်ပေးနေတယ် ထင်လဲ…”
“ရီဖူရှင်းနဲ့ဟွာဂျီယူ…” ဝန်ကြီးချုပ်ဟွာ ထိတ်လန့်သွားသည်။ သူ၏ကျောများ စိမ့်လာသလို ခံစားရသည်။ အိမ်ရှေ့စံကား သူ ထင်ထားသည်ထက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“မှန်တယ်… ဝန်ကြီးချုပ်ကျိုက ဒီလူငယ်အတွဲအတွက် လမ်းဖောက်ပေးနေတာက အရမ်း ရဲတင်းတဲ့ အပြုအမူပဲ… ပြီးတော့ ရီဖူရှင်းက ဒီနေ့ ဧကရာဇ်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ခဲ့တယ်… ဝန်ကြီးချုပ်ကျိုက ဘာမှလုပ်ဖို့ မကြိုးစားဘူးလို့ ခင်ဗျား ထင်တုန်းလား…” လျိုဂျင်လန်က မေးလိုက်သည်။ ဝန်ကြီးချုပ်ဟွာ ထိတ်လန့်သွားသည်။ အိမ်ရှေ့စံမင်းသား တွေးထားသည်မှာ ဖြစ်နိုင်ခြေ အလွန်များကြောင်း သူသိသည်။ ဝန်ကြီးချုပ်ကျိုကား နက္ခတ်ဗေဒ ဆရာဖြစ်သည်။ သူက ထိုလူငယ်အတွဲအား ရှေ့ဖြစ်ဟောခဲ့ ရပေမည်။ ယနေ့ ရီဖူရှင်းက ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါ ထုတ်ဖော်ခဲ့သည်။ သူတို့၏ကံကြမ္မာမှာ အဘယ်နည်း။
ထိုအတွေးကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ရီဖူရှင်းနဲ့ နန်ဒူမိသားဆီကို လူလွှတ်ပြီး စောင့်ကြည့်ထား… ပြီးတော့ အဖေ့ကို တွေ့ဖို့ ကျုပ်တို့ နန်းမြို့တော်ကို ပြန်ကြမယ်…” လျိုဂျင်လန်က ပြောသည်။ သူက ဝန်ကြီးချုပ်ဟွာအား မပြောရသေးသော အကြောင်းအရာ ပါဝင်သည်။ ချင်းကျူမြို့တွင် ဝန်ကြီးချုပ်ကျိုက သူ၏ညီမဖြစ်သူ မင်းသမီးလေးအား ငေါက်ငမ်းကာ ရီဖူရှင်းအား တောင်းပန်စေခဲ့သည်။ သူ့ညီမ မင်းသမီးက မည်သို့ပင် ဖြစ်နေပါစေ သာမန်လူကို တောင်းပန်စရာ အကြောင်း မရှိပေ။ ရီဖူရှင်းမှာ သာမန်လူ မဟုတ်သည်မှာ ထင်ရှားသည်။ ဝန်ကြီးချုပ်ကျိုက သည်ကဲ့သို့ အရေးပေး ဆက်ဆံရအောင် ရီဖူရှင်းက မည်ကဲ့သို့သော သူပေနည်း။
သူ့စိတ်ထဲ မကျေနပ်သည့် အခြား အကြောင်းအရာတစ်ခု ရှိသေးသည်။ အိမ်ရှေ့စံတစ်ယောက် အနေဖြင့် သူက ဝန်ကြီးချုပ်ကျိုအား ဆရာတင်ရန် အကြိမ်များစွာ တောင်းဆိုခဲ့သော်လည်း အမြဲ ငြင်းပယ်ခံရသည်။ ဝန်ကြီးချုပ်ကျိုက ပြောသည်မှာ သူက အနာဂတ်ဧကရာဇ်၏ ဆရာဖြစ်ရန် မရဲဟု ပြောသည်။ ဆိုလိုသည်မှာ ဝန်ကြီးချုပ်ကျိုက သူ့အား မကူညီလိုဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် သူက လျိုဂျင်လန်၏ ကံကြမ္မာကိုလည်း ဟောရန် ငြင်းပယ်ခဲ့သည်။ အကြောင်းပြချက်က အနာဂတ်ဧကရာဇ်၏ ရှေ့ဖြစ်အား ဟောကြားခြင်း မပြုသင့်ဟူ၍ ဖြစ်သည်။ လျိုဂျင်လန်က ထိုအဓိပ္ပာယ်မရှိသော အကြောင်းပြချက်များအား မယုံကြည်ပေ။
နက္ခတ်ဗေဒဆရာ တစ်ယောက် အနေဖြင့် ဝန်ကြီးချုပ်ကျိုက သူ့အား ကူညီလိုခြင်း မရှိသည့် အကြောင်းအရာမှာ တစ်ခုတည်းသာ ရှိသည်။ အိမ်ရှေ့စံမင်းသားမှာ ဧကရာဇ်ဖြစ်ရန် ကံကြမ္မာ မပါဟူ၍ ဖြစ်သည်။ ဝန်ကြီးချုပ်ကျိုက ထိုစကားအား မပြောရဲခြင်းသာ ဖြစ်သည်။
ဝန်ကြီးချုပ်ကျိုက တစ်ခါက ပြောဖူးသည်မှာ ရှေ့ဖြစ်ဟောခြင်းမှာ ယေဘုယျ အဖြစ်အပျက်များသာ ဖြစ်သည်။ ထိုအဖြစ်အပျက်များအား ဆန့်ကျင်ခြင်းက မိမိကိုယ်ကိုသာ ထိခိုက်စေမည်။ သို့သော် လျိုဂျင်လန်က မယုံကြည်ပေ။ သူကား မိမိ၏ကံကြမ္မာကို ပြောင်းလဲတော့မည် ဖြစ်သည်။ သူကား ဧကရာဇ်ဖြစ်ရန် မွေးဖွားလာသူဖြစ်သည်။ လျိုဂျင်လန်က မိမိ၏ကြမ္မာကို မိမိ ဖန်တီးမည်ဖြစ်သည်။
***
ဒွန်ဟိုင်ကျောင်းတော်တွင် လူအုပ်ကြီးအား ထိုနေရာမှ အားလုံး ထွက်ခွာ မသွားကြသေးပေ။ ကျောင်းဆောင်ခုနစ်ခုက တစ်ခုတည်း ဖြစ်သွားပြီးခဲ့လျှင်ပင် သူတို့က မည်ကဲ့သို့သော လုပ်စရာများ ရှိနေရသနည်း။
လာဘ်လာဘ ကျောင်းဆောင် လူအုပ်ကြီးလည်း ထိုနေရာတွင် ရှိနေသည်။ ယိချင်က သူတို့အား တစ်စုံတစ်ခု ရှင်းပြနေပုံရကာ လူအများအပြားက မလိုလားသော အမူအရာများ တွေ့မြင်နေရသည်။
ကျောင်းအုပ်ယိချင်ကား သူ၏ရာထူးကို အခြားတစ်ယောက်အား လွှဲအပ်ကာ ကျောင်းတော်မှ ထွက်ခွာ သွားတော့မည်ဖြစ်သည်။
“ဒီနှစ်တွေမှာ ငါ အရမ်း ပင်ပန်းခဲ့ပြီးပြီ… အခုက စပြီး မင်းတို့က ဒီထက် ကြိုးစားရတော့မယ်… အခုငါက ငါ့သမီးနဲ့ ငါ့တပည့်ကိုပဲ အုပ်ချုပ်ရတော့မယ်…” ယိချန်က ရယ်စရာလုပ်ကာ ပြောလိုက်သည်။
“ဆရာကြီး ဆိုလိုတာက သမီးနဲ့ သမက် မလား…” ရီဖူရှင်းက စနောက်လိုက်သည်။ ယိချိန်ချန်က သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။ သို့သော် ယိချင်က ရယ်မော၍ ယူချင်းအား ကြည့်ကာ ပြောလိုက်သည်။ “သမက်ဆိုလည်း ရတယ်…”
“အာ…” ယူချင်းက မျက်လုံးပြူးလျက် ရီဖူရှင်းအာ ကြည့်လိုက်လျှင် ရီဖူရှင်းက ဂုဏ်ယူစွာ ပြန်ပြုံးပြသည်။ သူက ယူချင်းထံမှ ကျေးဇူးတင်စကားကို စောင့်နေပုံရသည်။
“ဆရာ… နှစ်သစ် ရောက်ခါနီးနေပြီ… ကု့ချင်းဥယျာဉ်က အကျယ်ကြီးပဲ… ဟွာဖန်းလူနဲ့ တပည့်က အဲဒီမှာ အရမ်း အထီးကျန်တယ်… ဆရာက တပည့်တို့နဲ့ လိုက်နေပါလား…” တန်လန်က ယိချင်ကို မေးလိုက်သည်။
ယိချန်က သူမအား ကြည့်လိုက်သည်။ သူမ၏ စိုးရိမ်သောနေသော ပုံစံကို ကြည့်ကာ ယိချန်ပြုံးလျက် ပြန်ပြောသည်…. “ကောင်းပြီ…”
တန်လန်က တောက်ပစွာ ပြုံးလျက် ပြောသည်… “ကောင်းပြီ… ဒါဆို အိမ်ပြန်ကြမယ်…”
“သွားစို့…” ယိချင်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ကို လှမ်းသွားလိုက်သည်။ ယူချင်းနှင့် ယိချိန်ချန်တို့က သူ့နောက်က လိုက်ကြသည်။ ရီဖူရှင်းက ဟွာဖန်းလူအား ကျောတွင်ပိုးကာ တန်လန်က သူတို့၏နောက်ဆုံးမှ လိုက်ပါလာသည်။ ရီဖူရှင်းက သူ၏ရှေ့မှလူစုအား ကြည့်ကာ ပြုံးလိုက်သည်။ သူက မိသားစုကြီးတစ်ခု ပြန်လည် ဆုံစည်းသလို ခံစားနေရသည်။ သည်ခံစားချက်ကား ကောင်းမွန်လွန်းလှသည်။ အကယ်၍ ဆရာကတော်နှင့် မြေခွေးမသာရှိလျှင် အရာအားလုံး ပြည့်စုံသွားပေလိမ့်မည်။ သူကား သည်လို ဖြစ်ရန် ကြိုးစား လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည်။
နေမှာ အပြီးတိုင် ဝင်သွားပြီ ဖြစ်ကာ အမှောင်များ တဖြည်းဖြည်း ကြီးစိုးလာပြီဖြစ်သည်။ သူတို့အုပ်စု ဒွန်ဟိုင်ကျောင်းတော်မှ ထွက်ခွာလာကြသည်။
**