အပိုင်း(၃၅)-မြစ်ဘေးမှာ တစ်စုံတစ်ယောက်ရှိနေတယ်

ကျောင်းအုပ်ဆရာကြီးမေးသည်ကို ဖန်ကျိရှင်းကြားသည်နှင့် အနည်းငယ်တွေးဆကာ ပြောလိုက်သည် “ကျွန်တော်နဲ့ သူနဲ့ဆက်ဆံရေးက သာမာန်ပါပဲ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူ့ကို ဂရုစိုက်ဖို့ အပ်နှံထားလို့ပါ”

“ဘယ်သူက မင်းကိုဂရုစိုက်ဖို့ပြောထားတာလဲ” ကျောင်းအုပ်ဆရာကြီးမေးလိုက်သည်။

“ကျောင်းအုပ်ကြီး ဒီလောကမှာဖြစ်နေတဲ့ဟာတွေကို ဆရာကြီးလည်းသိတာပဲ ဆရာကြီးနဲ့ စစ်သူကြီး ရှီမာ တို့က ရင်းနှီးတယ်ဆိုတာကျွန်တော်သိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အန္တရာယ်မပေးပါဘူး ပြီးတော့ ရှီမာမိသားစုကို ထည့်စဉ်းစားရမယ်လေ” ဖန်ကျိရှင်းပြောလိုက်သည် “ပြီးတော့ ကျွန်တော်လုပ်ကိုင်ရမယ့် ဘောင်လည်းကျဉ်းပါတယ်။ နေရာတကာ ဝင်စွက်ဖက်လို့မှမရတာ”

“မင်းတစ်ခုခုလုပ်မယ်ဆိုတာကို စိုးရိမ်တာမဟုတ်ပါဘူး” ကျောင်းအုပ်ကြီးသည် သက်ပြင်းချကာ ပြောလိုက်သည် “ငါကမင်းကို စိုးရိမ်တာပါ တကယ်လို့ ဒီကလေးမှာ တစ်ခုခုဖြစ်ခဲ့ရင်….”

“ဘာမှဖြစ်မှာမဟုတ်ပါဘူး” ဖန်ကျိရှင်း အခိုင်အမာပြောလိုက်သည်။ “အဲလူရဲ့ ကလေးဟာ အလွယ်တကူ အသက်ပေးရမှာမဟုတ်ဘူး”

ဖန်ကျိရှင်းသည် ထိုကဲ့သို့အခိုင်အမာပြောသော်လည်း ရှီမာယူယူသည် ဆိုးဝါးသော အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး သူမခန္ဓာကိုယ်တွင် လက်ရှိမှာ တခြားဝိညာဉ်ကနေထိုင်နေသည်ကို သူမသိခဲ့ရပေ။

“ဟူး မင်းက ဆရာဆိုတော့ ဒီမှာအကြာကြီး စောင့်ကြည့်နေလို့မရဘူးလေ” ကျောင်းအုပ်ဆရာကြီးပြောလိုက်သည်။

“အတန်း စ,ချိန်ရောက်ရင် ကျွန်တော်အတန်းကို သွားပါမယ်” ဖန်ကျိရှင်းပြောလိုက်သည်။ “သြော် ဟုတ်သားပဲ ကျောင်းအုပ်ကြီး ဒီဖြတ်လမ်း တည်ဆောက်မှုက ဘယ်ကို ဦးတည်ထားလဲဆိုတာ ဆရာကြီးသိလား”

“မသိဘူး ထွက်လာတဲ့သူတွေကလည်း သူတို့ဘယ်ရောက်ခဲ့လဲဆိုတာ မပြောနိုင်ကြဘူး၊ ငါသိတဲ့ အချက်ကတော့ ဝင်သွားတဲ့သူတိုင်းက မတူညီတဲ့နေရာတစ်ခုကို ရောက်သွားတာပဲ” ကျောင်းအုပ်ကြီးကပြောလိုက်သည်။ “ဒါပေမယ့် ထူးခြားတဲ့နေရာပဲ မထင်ရှားပဲကျန်ခဲ့တဲ့နေရာပဲ”

“ဒီလို ကိစ္စမှာ….” ဖန်ကျိရှင်းသည် အနည်းငယ် မချင့်မရဲဖြစ်လာသည်။

“မင်းပြန်သွားသင့်ပြီ ဘယ်လိုပဲဖြစ်ဖြစ် သူတခြားနေရာကနေပြန်လာရင် မင်းဒီမှာတွေ့ရမှာမဟုတ်ဘူး” ကျောင်းအုပ်ကြီးပြောလိုက်သည် “ခဏနေရင် ငါလည်း စစ်သူကြီးအိမ်တော်ကို သွားပြီး ဒီကြောင်းကို စစ်သူကြီးရှီမာဆီကို သွားပြောပြရဦးမယ်”

“ကျွန်တော်လည်းလိုက်မယ်” ဖန်ကျိရှင်းသည် ရုတ်တရက်တစ်စုံတစ်ခုကို စဉ်းစားမိပြီး ကျောင်းအုပ်ကြီးကို ပြောလိုက်သည်။

ကျောင်းအုပ်ကြီးသည် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်သည် စစ်သူကြီးအိမ်တော်သို့ ဦးတည်ခဲ့ကြတော့သည်။

ရှီမာယူယူနှင့်ပတ်သတ်၍ မည်သည့်သတင်းမှမကြားရသည်ကို ရှီမာလိုင်ကြားရ၍ တုန်လှုပ်သွားတော့သည်။ သူချက်ချင်းပင် သူမကိုသွားရှာချင်သည်။ သို့သော် သူမကို ပို့လိုက်သော ဖြတ်လမ်းတည်ဆောက်မှုသည် မည်သည့်နေရာတွင် ရှိသည်ကို သူလုံးဝမသိပေ။ သူမကိုရှာချင်သော်လည်း နည်းလမ်းမရှိပေ။

“စစ်သူကြီးရှီမာဆီမှာ ရှီမာယူူယူရဲ့ အသက်ကျောက်စိမ်းရှိတယ်မဟုတ်လား” ဖန်ကျိရှင်းမေးလိုက်သည်။

ဖန်ကျိရှင်း၏ စကားများကို ရှီမာလိုင်ကြားပြီးနောက် မျက်နှာချက်ချင်းပျက်သွားကာ မေးလိုက်သည် “ခင်ဗျားဘယ်လိုလုပ်သိလဲ”

“ကျွန်တော် ဒါကိုဘယ်လိုသိလဲဆိုတာ ဂရုစိုက်မနေပါနဲ့ သူမရဲ့ အသက်ကျောက်စိမ်းက အခြေအနေကောင်းလားဆိုတာ အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါဦး” ဖန်ကျိရှင်း အလောတကြီးပြောလိုက်သည်။

ဖန်ကျိရှင်းမျက်နှာမှ စိုးရိမ်မှုကို ရှီမာလိုင်မြင်သည်နှင့် ထိုမေးခွန်းအား ထပ်မေးသည်ကို ရပ်တန့်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် အနက်ရောင်ကျောက်သေတ္တာသည် သူ့လက်ထဲတွင်ပေါ်လာသည်။

သူအနက်ရောင်ကျောက်သေတ္တာကို ဖွင့်ကာ အထဲတွင် အဖြူရောင်ကျောက်စိမ်းကို စစ်ဆေးလိုက်သည်။ အဖြူရောင် ကျောက်စိမ်းတွင် အနီရောင်စက်ဝိုင်းနှစ်ခုထွက်ပေါ်နေသည်။ အဲဒါသည် လူသွေးဖြစ်နိုင်သည်။

“ဒါက ယူယူရဲ့ အသက်ကျောက်စိမ်းပဲ၊ အခြေအနေကောင်းပုံရတော့ သူမအသက်ရှင်သေးတာပဲ” ရှီမာလိုင်ပြောကာ အဖြူရောင်ကျောက်စိမ်းကို ကြည့်လိုက်သည်။

ရှီမာလိုင်စကားကို နားထောင်ပြီးနောက် ဖန်ကျိရှင်း၏ စိုးရိမ်မှုသည် တည်ငြိမ်သွားတော့သည်။

“သူမ အသက်ကျောက်စိမ်းက ဘာလက္ခဏာမှမပြတာနဲ့ ဘာအန္တရာယ်မှမရှိဘူးထင်နေတာ” ရှီမာလိုင် ကျောက်စိမ်းအား ပြန်သိမ်းလိုက်သည်။

ဖန်ကျိရှင်း ပြန်ပြောသည်မှာ “ကျွန်တော်လည်းသိပါတယ် ဘာလို့လည်းဆိုတော့ သူ့အမေဒီဟာကို လုပ်ဖို့ကူညီပေးခဲ့တာ ကျွန်တော်ပါ”

“ဒါဆို မင်းက…” ဖန်ကျိရှင်းအား ရှီမာလိုင် တအံ့တသြကြည့်လိုက်သည်။

“ဟုတ်ပါတယ်” ဖန်ကျိရှင်းပြောလိုက်သည် “ဒီအကြောင်းကို ယူယူကို မပြောပါနဲ့”

“ကျွန်တော် နားလည်ပါတယ်” ရှီမာလိုင်ပြောလိုက်သည်။

“ပြီးသွားပြီဆိုတော့ ကျွန်တော် ကျောင်းကို ပြန်လိုက်ပါဦးမယ်” ကျောင်းအုပ်ဆရာကြီးက ပြောလိုက်သည်။

“ကောင်းပါပြီ အဲကလေးရဲ့ လှုပ်ရှားမှုတစ်ခုခုကို လက္ခဏာပြပြီဆိုတာနဲ့ ကျွန်တော့်ကို အသိပေးပါဦး” ရှီမာလိုင်ပြောလိုက်သည်။

“အဲလိုလုပ်ပါမယ်”

ကျောင်းအုပ်ဆရာကြီးနှင့် ဖန်ကျိရှင်းတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် ရှီမာယူရွှီနှင့် ကျန်သုံးယောက်တို့သည် ရှီမာလိုင်အိမ်ထဲသို့ ဝင်လာကာ ပြောလိုက်သည် “အဘိုး ညီလေး (၅)မှာ အန္တရာယ် ရှိနေတာမဟုတ်လောက်ပါဘူးနော်”

“အခုချိန်တော့ သူ့အသက်အန္တရာယ်မရှိတာပဲ သိနိုင်တယ်” ရှီမာလိုင်ပြောလိုက်သည်။ “ဒါပေမယ့်သူ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့မှ သိမှမသိတာ အသက်ကျောက်စိမ်းကနေ ဒီအကြောင်းကို သိဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ကျွန်တော် ညီလေး(၅)ကို သွားရှာမယ်” ရှီမာယူရန်ပြောလိုက်သည်။

“ပြန်လာခဲ့” ရှီမာလိုင်ပြန်ခေါ်လိုက်သည်။ “ကျောင်းတော်ရဲ့ ဖြတ်လမ်းဝင်္ကပါကို မင်းလည်းသိတာပဲ ယူယူဘယ်ကိုရောက်သွားလဲ ဘယ်သူမှမသိဘူး တိုင်းပြည်က ကြီးလွန်းတယ် မင်းဘယ်ကိုသွားရှာမှာလဲ”

“ဒါပေမယ့် ဒီမှာထိုင်စောင့်နေလို့မှမရတာ” ရှီမာယူမင် ပြောလိုက်သည်။

“စောင့်နေတာကလွဲလို့ ငါတို့ အခုလုပ်နိုင်တာမရှိဘူး” ရှီမာလိုင်ပြောလိုက်သည်။

“ညီလေး(၅)ရဲ့ အသက်ကျောက်စိမ်းက အခြေအနေကောင်းသေးတာပဲ ငါတို့သူ့ရဲ့ လက်ရှိအခြေအနေကို ခန့်မှန်းလို့ရပါတယ်” ရှီမာယူရန်ပြောလိုက်သည်။ “ညီလေး(၅)က အခြေအနေတစ်ခုကို ပက်ပင်းကြုံနေလို့ ချက်ချင်းပြန်မလာနိုင်တာနေမှာပါ နောက်ရက်အတွင်း ပြန်မလာဘူးလို့ ဘယ်သူပြောနိုင်လဲ”

“ဟူး…..”

ထိုရက်ပိုင်းအတွင်းတွင် ဖန်ကျိရှင်းသည် ရက်အနည်းငယ် လာရောက်၍ ယူယူ၏အသက်ကျောက်စိမ်းအခြေအနေကို မေးမြန်းသည်။ လူတိုင်းသည် နေ့တိုင်း အသက်ကျောက်စိမ်းကို စစ်ဆေးခြင်းတွင် ကျင့်သားရနေကြပြီဖြစ်သည်။

သူမ လက်ရှိတွင် အသက်ရှိသည်ကို သူတို့သိသော်လည်း ကျောင်းတွင်တော့ ရှီမာယူယူသည် လေးခုမြောက် ဖြတ်လမ်း ဝင်္ကပါကိုဝင်သွားပြီး နတ်ဘုရား၏ အလိုအတိုင်း တစ်နေရာသို့ အပို့ခံရကာ အသက်သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများပျံ့နှံ့နေသည်။

ထိုသတင်းများပျံ့နှံ့သွားချိန်တွင်တော့ ကျောင်းမှလူများသည် တခြားသူဒုက္ခရောက်နေသည်ကို ဝမ်းသာသူများလည်းရှိသည်။ ရှီမာယူယူကို မုန်းသောသူများသည် အပျော်ဆုံးဖြစ်နေမည်မှာတော့ အသေအချာပင်။ အပျော်ဆုံးမျာ မူရုန်အန်းနှင့် နာလန်မိသားစုပင်ဖြစ်သည်။

သူမ အဆောင်အခန်းဖော်နှင့် ဖန်ကျိရှင်းမှလွဲ၍ သူမကို စိတ်ပူသောသူမှာ မုန်ထန်ပင်ဖြစ်သည်။

ရက်များသည် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်။ သတင်းစကားများ ငြိမ်သွားသော်လည်း ရှီမာယူယူသည် ပြန်မလာသေးပါ။ စိုးရိမ်နေသော လူတချို့မှလွဲ၍ ကျန်သောသူများသည် သူမသေဆုံးပြီဟု အခိုင်အမာယုံကြည်နေကြသည်။ ဟီကျူကျိ၏ စိုးရိမ်မှုသည်လည်း တည်ငြိမ်လာခဲ့သည်။

ရှီမာယူယူအား အားလုံးစိတ်ပူနေစဉ်အတောအတွင်းတွင် သူမသည် တရားထိုင်ကာ ကျင့်ကြံနေခဲ့သည်။

သူမ ဝိညာဉ်သခင်အဆင့်ရောက်ရှိပြီးဖြစ်၍ မည်သည့် စားစရာမှ စားရန်မလိုတော့ပေ။ သူမ ရက်ပေါင်းများစွာ မနားတမ်း ကျင့်ကြံနေခဲ့သည်။ အရင်မျိုးဆက်၏ပြောစကားအရ ရက်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည်။

သူမ အကြိမ်ရေအနည်းငယ် မျက်စိမှိတ်ခြင်းကိုစောင့်ဆိုင်းပြီးနောက် အလင်းများသည် သူမခြေထောက်အောက်တွင် အဆင့်တိုးသွားခြင်း လက္ခဏာကိုပြနေသည်။ သူမ အဆင့်တိုးမြှင့်ပြီးသွားချိန်တွင်တော့ အဆင့်ငါးရောက်နေပြီဖြစ်သည်။

ဂူထဲမှ ဝိညာဉ်ချီများသည် ပျောက်ကွယ်သွားခြင်းမရှိပေ။ ရှီမာယူယူပတ်ဝန်းကျင်အားကြည့်လိုက်ပြီး ထိုမထင်ရှားသော ဂူသည် မီးအရည်အချင်းဝိညာဉ်ချီများပြည့်နှက်သည်ကို မထင်ခဲ့မိပေ။ ထို့အပြင် အလွန်ထူထပ်သည်။ အချိန်တိုအတွင်းတွင် သူမ အဆင့်လေးဆင့် တိုးမြှင့်ပြီးသားဖြစ်နေသည်။

“ဒါဟာ ဒီပတ်ဝန်းကျင်ကြောင့်ရတဲ့ ရလဒ်ပဲ” ဝိညာဉ်လေးအသံသည် ထွက်လာသည် “ဝိညာဉ်သားရဲဥနဲ့ သဘောတူညီချက်အရ မင်းရဲ့ခန္ဓာကိုယ်မှာ အားအင်တွေစုစည်းမိတဲ့အတွက်ကြောင့်ပဲ။ ဒီလိုအချိန်တိုအတွင်းမှာ ဒီလောက်တိုးတက်လာတာမဖြစ်နိုင်ဘူး။ အခုတော့ နည်းနည်းစီ တိုးလာတယ်။ ဒီပတ်ဝန်းကျင်ရဲ့ အကျိုးကျေးဇူးကြောင့်ပဲ မင်းအဆင့်လေးဆင့်တက်လာတာပဲ”

ဆိုလိုတာက ဝိညာဉ်သားရဲဥကြောင့်ဖြစ်လာတာပေါ့။

ဒီလောက် ဝိညာဉ်စွမ်းအင်တိုးတက်ဖို့ဖြစ်လာတာ ဘယ်လို ဝိညာဉ်သားရဲဖြစ်နိုင်မလဲ။

“ယူယူ မင်းလေ့ကျင့်နေတုန်းမှာ ငါတို့အပြင်ထွက်ပြီးကြည့်လိုက်ဦးမယ်။ ဒီချောက်ရဲ့ အပြင်မှာ တောင်တန်းရှိတယ်။ ဒီတောင်တန်းက အရမ်းကြီးတယ်”

“ကြီးမားတဲ့တောင်တန်းဟုတ်လား” ရှီမာယူယူ သူ့ခေါင်းထဲတွင် သတင်းအချက်အလက်ကို ရှာဖွေတော့သည်။ ဘေချန်းတွင် ကြီးမားသော တောင်တန်းမှာ မြောက်ဘက်တွင်ရှိသော ပူလွောင်တောင်တန်းရှီသည်။ တောင်ဘက်တွင် ဘီလီတောင်တန်းရှိသည်။ တောင်တန်းနှစ်ခု ယှဉ်ကြည့်လျှင် ပူလွောင်တောင်တန်းမှာ ဘီလီတောင်တန်းထက်အနည်းငယ် သေးသည်။ ထို့အပြင် ဘီလီတောင်တန်းတွင် ဝိညာဉ်တိရိစ္ဆာန်များ နေထိုင်မှုပမာဏများသည်။

“ငါတို့ရောက်နေတာ ဘီလီတောင်တန်းလား ပူလွောင်တောင်တန်းလားငါမသိဘူး” သူမ မတ်တတ်ရပ်ကာ သူမ အဝတ်အစားမှ ဖုန်များကို ခါလိုက်သည်။

“ငါတို့ ချောက်ကနေထွက်ရင် ရှင်းသွားလိမ့်မယ် ဝိညာဉ်သားရဲတစ်ကောင်ကို ဖမ်းပြီးမေးလိုက်ရုံပဲ” ဟိန်းသံလေးသည် ပြန်ဖြေသည်။

“ဟုတ်တယ် ငါတို့အခုလုပ်နိုင်တာ အဲဒါပဲရှိတယ်”

ရှီမာယူယူ ဟိန်းသံလေးအား ပွေ့ဖက်ကာ ဂူမှ ထွက်လာခဲ့သည်။ ချောက်အတိုင်းလိုက်လာခဲ့ရာ တောင်ကြားသို့ရောက်ရှိလာသည်။ သူမ ပတ်ဝန်းကျင်ကို မစစ်ဆေးရသေးခင်ပင် ဟိန်းသံလေးပြောသည်ကို ကြားလိုက်သည် “ယူယူ မြစ်ဘေးမှာ လူတစ်ယောက်ရှိနေတယ်”

ရှီမာယူယူ မြစ်ဘေးကိုကြည့်လိုက်ရာ မြစ်ဘေးတွင် ရှိသောကျောက်တုံးပေါ်တွင် လူတစ်ယောက်လှဲနေသည်ကို တွေ့ရလေသည်။ သူသည် ကျောက်တုံးထိပ်တွင် ခြေပစ်လက်ပစ်လဲနေကာ သူ့မျက်နှာသည် တစ်ဖက်သို့ မျက်နှာမူထားသည်။ ကျောက်တုံးသည် ခန္ဓာကိုယ်အောက်မှာ စီးဆင်းလာသော လတ်ဆတ်သော အနီရောင်သွေးများကြောင့် အနီရောင်များလွှမ်းနေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset