ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အဖြစ်အပျက်မှာ လူတိုင်းအား အံ့အားသင့် ထိတ်လန့်စေခဲ့သည်။ ထိုအဖြစ်ကို မသိသောသူ မရှိပေ။
ကျောက်မူကား ရီဖူရှင်းထံတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ သူ၏ရှုံးနိမ့်မှုက အနုပညာ သူတော်စင်အား ပါးရိုက်ခံရခြင်းနှင့်တူကာ အနုပညာ သူတော်စင်နှင့် ရင်းနှီးသူများ အကြားတွင် ဖွင့်ဟပြောရန် လုံးဝမသင့်တော်သော အကြောင်းအရာ ဖြစ်သည်။ သူနှင့် ပြောဆိုရာတွင် ထိုအကြောင်းနှင့် ပတ်သက်၍ ပြောမိကြမည်ကို လူတိုင်းက အလွန်အမင်း သတိထားနေရသော အချိန်ဖြစ်သည်။
ယခု မူဟောင်က ထိုအကြောင်းအရာအား လူပုံအလယ်တွင် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ ဒွန်ဟိုင်ကျောင်းတော်မှ လူများ မည်သို့ တွေးနေမည်မှာ သိသာလှသည်။ အထူးသဖြင့် သူပြောသောစကား… အကယ်၍ အစ်ကိုဖန်းလူရဲ့ တပည့် တိုးတက်လာသလား သိရအောင် သူတို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်းသင့်တယ်… ဟူသောစကားကို ကြားပြီး အနုပညာ သူတော်စင် မည်သို့ ခံစားရမည်နည်း။
လူအများအပြားက မူဟောင်ကို သေချာ မကြည့်ရဲကြပေ။ အနုပညာ သူတော်စင်က သူတို့အကြား ပတ်သက်မှု ရှိသည်ဟု သံသယ ဝင်သွားမည်ကိုပင် ကြောက်ရသည်။
“ဒီအရူး…” ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တာဝန်ရှိသူများ အားလုံးက မူဟောင်ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။
ယန်းယန်ကျောင်းဆောင်မှ တာဝန်ရှိသူများကလည်း သူ့ကို စိုက်ကြည့်နေကြသည်။ သည်အရူး၏သားနှင့် သမီးနှစ်ယောက်မှာ ရီဖူရှင်း၏ ရိုက်နှက်ခြင်းကို ခံထားရသည်။ သူက သည်ကိစ္စကို မသိသလော။
မူဟောင်က လူအမြောက်အမြားက သူ့ထံ အာရုံစိုက်နေကြသည်ကို သတိထားမိလိုက်လျှင် မိမိကိုယ်ကို တွေးလိုက်သည်။ အနုပညာ သူတော်စင်နှင့် ကု့ချင်းမိစ္ဆာတို့၏ ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းရကား လူအများအပြားက သည်မျှ စိတ်ဝင်စားကြလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ထိုသို့တွေးမိလျှင် မူဟောင်က ပြုံးလိုက်သည်။ သည်လိုဆိုလျှင် သူတို့၏ တပည့်အချင်းချင်း စိန်ခေါ်ယှဉ်ပြိုင်မည်ကို လူအများအပြား မျှော်လင့်နေကြမည်ဟု သူ ကောက်ချက်ချလိုက်သည်။
သူ ထပ်တွေးလိုက်သည်မှာ… သနားစရာ ကောင်းသည်မှာကား ဟွာဖန်းလူမှာ အလွန် နိမ့်ကျနေပြီဖြစ်ကာ လူအများက ခွေးလေခွေးလွင့်လို သဘောထားရသော အဆင့်ကို ရောက်ရှိနေလေပြီ။ ထို့ကြောင့် သူ့တပည့်ကလည်း ကျောက်မူကဲ့သို့သော အလွန် ထူးချွန်ထက်မြက်သော သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိမည်မှာ သေချာလှသည်။
“အဖေ…” မူယွန်နီက သူမအဖေအား ခေါ်လိုက်သည်။ မူဟောင်၏ဘေးတွင် ရပ်နေသော မူယွန်နီနှင့် မူယွန်ချိန်တို့မှာ အလွန် ရှက်ရွံ့နေကြပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်း ရောက်မလာသည်ကို မြင်ကာ ပျော်ရွှင်မည်ပင် မကြံသေးပေ။ ရုတ်တရက် သူ့ဆရာနှင့်အတူ ရောက်လာသည်သာမက သူတို့၏အဖေ ကိုယ်တိုင်ကပင် အနုပညာ သူတော်စင်နှင့် ကု့ချင်းမိစ္ဆာတို့၏ ပြိုင်ဆိုင်မှု အကြောင်းကို ကျယ်လောင်စွာ ပြောဆိုနေသေးသည်။ အနုပညာ သူတော်စင်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တို့မှ မူဟောင်၏စကားများအား စိတ်ဆိုးကြမည်မှာ သေချာလှသည်။
ရီဖူရှင်းပင်လျှင် မူဟောင်၏စကားများကို ကြားကာ အံ့အားသင့်ရသည်။ မည်သို့ပင်ဆိုစေ သူကား ဒွန်ဟိုင်ကျောင်းတော်ကို ရီဖူရှင်း ရောက်ရောက်ချင်း သူ၏ဆရာ ကိုယ်တိုင် မိတ်ဆက်ပေးသောသူ ဖြစ်သည်။ သည်နေရာတွင် မူဟောင်က သည်ကိစ္စကို ပြောမည်ဟု ရီဖူရှင်း လုံးဝ မထင်မှတ်ထားပေ။
သူတို့၏ အဖေနောက်တွင် ရပ်နေသော မူမောင်နှမအား ကြည့်ကာ ရီဖူရှင်းက အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ပြုံးလိုက်သည်။ သူ တွေးထင်ခဲ့သလိုပင် မူမောင်နှမမှာ သူတို့ အရိုက်ခံရသော အကြောင်းကို သူတို့၏အဖေအား မပြောရဲကြပေ။ ဖြစ်နိုင်သည်က သူတို့က ပြောရန် အလွန် ရှက်ရွံ့ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
“စီနီယာကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက မူဟောင်အား ပြုံးလျက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ ဆက်ပြောလိုက်သည်… “စီနီယာကို စတွေ့တဲ့အချိန်က ခင်ဗျားက အရမ်း စွမ်းအားကြီးတဲ့လူလို့ ကျွန်တော် တွေးထင်ခဲ့တယ်… ဒါကြောင့်ပဲ ခင်ဗျားရဲ သားနဲ့သမီးက အတော်ဆုံးထဲက အတော်ဆုံးလို့ ကျွန်တော် မှတ်ယူထားတာ… ကျွန်တော် ဒွန်ဟိုင် ကျောင်းတော်ကို ဝင်တဲ့အချိန်ကျမှ ခင်ဗျားရဲ့ သားနဲ့သမီးက ယန်းယန် ကျောင်းဆောင်ကမှန်း သိရတယ်… ခင်ဗျားရဲ့ လမ်းညွှန်မှုကြောင့် မူယွန်နီနဲ့ မူယွန်ချန်က အရမ်း ထူးခြား ထက်မြက်ကြမှာပဲ…”
ဟွာဖန်းလူ မျက်လုံးပြူးသွားသည်။ သူ့တပည့်အား ကြည့်ကာ ဆွံ့အသွားသည်။ ရီဖူရှင်းက သည်ထက် မျက်နှာ မပြောင်နိုင်တော့ပေ။ သို့သော် ရီဖူရှင်းက မည်သို့ ကြံစည်နေသည်ကို သူ သိလိုလှသည်။
ရီဖူရှင်းကြောင့် အံ့အားသင့် ထိတ်လန့်ရသည်မှာ ဟွာဖန်းလူ တစ်ယောက်တည်း မဟုတ်ပေ။ ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသားများအားလုံး ရီဖူရှင်းကြောင့် အံ့အားသင့် ကြရသည်။ ရီဖူရှင်း ကျောင်းတော်ကို ရောက်ရောက်ချင်း သူ ပထမဆုံး ရိုက်ခဲ့သည်မှာ သည်မောင်နှမ နှစ်ယောက် မဟုတ်ပေလော။ မူဟောင်အား သည်ကဲ့သို့ လှည့်စားရလောက်အောင် ရီဖူရှင်းက မည်မျှ အငြိုးအတေးများ ရှိနေရသနည်း။
“ယွန်နီနဲ့ ယွန်ချိန်က ပါရမီရှင်တွေလို့ ပြောလို့မရပေမဲ့… သူတို့က အတော် အရည်အချင်းရှိတယ်…” မူဟောင်က ယုံကြည်မှုရှိစွာ ပြောသည်။ မူယွန်နီက သူမ၏အဖေ အင်္ကျီစအား နောက်မှ အသာဆွဲကာ တိုးတိုးလေးလေး ပြောသည်… “အဖေ… ထပ်မပြောနဲ့တော့…”
“ဟမ်…” မူဟောင် မျက်မှောင်ကုတ် လိုက်သည်။ သူ အနည်းငယ် တွေဝေသွားသည်။
“တကယ်လည်း အရည်အချင်း ရှိကြတယ်… ကျွန်တော်က ဒီကျောင်းတော်ကို ရောက်ရောက်ချင်း ပထမဆုံးနေ့မှာပဲ လက်တွေ့ သိလိုက်ရတယ်… သူတို့နှစ်ယောက်လုံးက စီနီယာရဲ့ သက်စောင့်ဝိညာဉ်ကို ဆက်ခံနိုင်ကြတယ်… ကျွန်တော်တော့ အရမ်းကို လေးစားမိတယ်… ဟ… ဟ…” ရီဖူရှင်းက ရယ်မောလိုက်သည်။ လူတိုင်း၏အမူအရာများ မည်းမှောင်သွားကြသည်။ သည်ကောင်လေး…။
မူမောင်နှမနှစ်ယောက်မှာ နေရသည်မှာ သက်သောင့်သက်သာ မရှိတော့ပေ။ သူတို့ကား အလွန် ရှက်ရွံ့နေကြပြီ။ မူယွန်နီက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ သည်ကောင်ကား တမင် သူတို့ကို အရှက်ခွဲနေသည်။
သူ့သားသမီး နှစ်ယောက်၏ မျက်နှာအမူအရာကို မြင်လျှင် မူဟောင်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူက မေးလိုက်သည်… “အဲဒီနေ့က တိုက်ပွဲအခြေအနေ ဘယ်လိုလဲ…”
မူယွန်နီနှင့် မူယွန်ချိန်တို့က ခေါင်းငုံ့လိုက်သည်။ ရီဖူရှင်းအပေါ် သူတို့၏မုန်းတီးမှုက ပိုမို အားကောင်းလာသည်။
မူဟောင်က အလွန် တုံးအနေသည်တော့ မဟုတ်ပေ။ ချက်ချင်းပင် ရီဖူရှင်းက သူ့အား အကွက်ချ လုပ်ကြံနေသည်ကို သတိထားမိလိုက်သည်။
သူ့သားသမီးထံမှ အာရုံကို ဖယ်လိုက်ပြီး မူဟောင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက အတင်းပြုံးလိုက်ကာ ပြောလိုက်သည်… “မင်းက ကု့ချင်းမိစ္ဆာရဲ့ တပည့်လို့မပြောရဘူး… တော်တော် အရည်အချင်း ရှိတာပဲ… ဒီအသုံးမကျတဲ့ နှစ်ယောက်က ရှက်ရကောင်းမှန်း သိသေးတာ ကံကောင်းတယ်… သူတို့က တိုက်ပွဲကို ငါ့ကို ရှက်လို့ မပြောကြဘူးလေ… ငါက အနုပညာ သူတော်စင်ရဲ့ စွမ်းရည်တွေကို မြင်တွေ့ပြီးပြီဆိုတော့ အခုငါက ကု့ချင်းမိစ္ဆာရဲ့ တပည့်က ဘယ်လောက် အရည်အချင်းရှိလဲ သိချင်နေပြီ…”
ရီဖူရှင်း နှာခေါင်းရှုံ့လိုက်သည်။ သည်လူကြီးကား တခြားလူများအား ရန်စလို့ ရန်စနေမှန်းပင် သိပုံမရပေ။
“အဖေ…” မူယွန်ချိန်က သူ့အဖေအား တစ်ဖန် ခေါ်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်လူအုပ်ထဲမှ အေးစက်သော အသံတစ်သံ ထွက်လာသည်… “ခင်ဗျား… မတော်သေးဘူးလား…”
မူဟောင် ထိတ်လန့်သွားသည်။ သူက အသံလာရာဘက်သို့ ကြည့်လိုက်လျှင် အေးစက်သော မျက်လုံးတစ်စုံအား တွေ့လိုက်ရသည်။ ကျောက်မူကလည်း တိုက်ပွဲနေရာမှ သူ့အား အေးစက်စွာ ကြည့်နေသည်။ သူက ထိုနေရာမှနေ၍ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အုပ်စုထဲ ရောက်သွားသည့်တိုင်အောင် မူဟောင်အား ဒေါသတကြီး ကြည့်နေဆဲပင်။ ရီဖူရှင်းနှင့် တိုက်ပွဲက သူ့ဘဝတွင် အရှက်ရစရာ အကောင်းဆုံး တိုက်ပွဲဖြစ်သည်။ သည်ကိစ္စကို ပြန်အစဖော်သည့် မူဟောင်က မည်သည့် ရည်ရွယ်ချက် ရှိနေသနည်း။
မူဟောင်က ရုတ်တရက် လူအများစု၏ ရန်သူဖြစ်သွားသကဲ့သို့ ခံစားရသည်။ မည်သို့ ဖြစ်ပျက်နေသည်ကို သူ လုံးဝ နားမလည်ပေ။
“ကျုပ်တပည့်က ဟွာဖန်းလူရဲ့ တပည့်ကို မမီဘူးဆိုတာ ကျုပ်လက်ခံပါတယ်… နောက်ဆုံးအကြိမ်က သူရှုံးနိမ့်ခဲ့ပြီးနောက် ကျုပ်က ကျောက်မူကို သူ့တန်ခိုးကျင့်တာမှာပဲ အာရုံစိုက်ထားဖို့ ပြောထားပြီးပါပြီ… အစ်ကိုမူက ဒီကိစ္စကို ပြန်အစဖော်ဖို့ လိုအပ်နေသေးလား သိချင်တယ်…” တစ်စုံတစ်ယောက်က ဖြည်းညင်းစွာ ပြောလိုက်သည်။
စကားပြောလိုက်သော သူကား အနုပညာသူတော်စင် ဖြစ်သည်။
မူဟောင်က အနုပညာ သူတော်စင်အား ကြည့်ကာ ထိတ်လန့်တကြား ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ် တုန်ယင်လာသလို ခံစားရ၏။ နောက်ဆုံးတွင် လူတိုင်းက သူ့အား ထူးဆန်းသလို အဘယ်ကြောင့် ကြည့်နေကြသည်ကို နားလည်လိုက်သည်။ ထို့အတူ ရီဖူရှင်းက သူ့အား ကြည့်၍ အဘယ်ကြောင့် ရယ်မောသည်ကို နားလည်လိုက်သည်။
သည်လိုဆိုလျှင် အနုပညာ သူတော်စင်၏ တပည့်ကျောက်မူက ကု့ချင်းမိစ္ဆာ၏တပည့် ရီဖူရှင်းနှင့် တိုက်ခိုက်ပြီးကြလေပြီ။ ထို့အပြင် ကျောက်မူက ရှုံးနိမ့်ခဲ့သေးသည်။
သူ၏မျက်ခုံးများ တွန့်သွားသည်။ သူက မူယွန်နီနှင့် မူယွန်ချိန်တို့အား ဒေါသတကြီး ကြည့်လိုက်သည်။ သူတို့၏ပါးများအား လူပုံအလယ်တွင် ရိုက်ပစ်ချင်လောက်အောင် ဒေါသများ တလှိုက်လှိုက် တက်လာသည်။ သည်အသုံးမကျသော နှစ်ကောင်က ရီဖူရှင်းနှင့်ပတ်သက်၍ သူ့အား လုံးဝမပြောခဲ့ကြပေ။
အနုပညာသူတော်စင်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တာဝန်ရှိသူများအား ကြည့်လိုက်ပြီး မူဟောင်က သူ၏စကားများမှာ မည်ကဲ့သို့ အခြေအနေအထိ သက်ရောက်သွားသည်ကို သိလိုက်သည်။
“ကျုပ်ကို ခွင့်လွှတ်ပါ… ဟွာအစ်ကို… ကျုပ်က ဒီကိစ္စကို တကယ် မသိခဲ့ဘူး… ကျုပ်က ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒ မရှိပါဘူး…” မူဟောင်က တောင်းပန်လိုက်သည်။
အနုပညာသူတော်စင်က မူဟောင်ထံမှ သူ့အကြည့်အား လွှဲလိုက်သည်။ မူဟောင်၏နှုတ်ခမ်းများ တွန့်သွားသည်။ သူ၏မျက်လုံးများက ရီဖူရှင်းအား ထွင်းဖောက်မတတ် ကြည့်လိုက်သည်။
ရီဖူရှင်း မချိပြုံး ပြုံးလိုက်သည်။ သူက သည်နေရာကို ရောက်စတွင် အခြေအနေအား တစ်ခုမှ မသိပေ။ မူဟောင်က စကားတစ်ခွန်းတည်းဖြင့် လူအများအပြားအား ထိခိုက်အောင် ပြောခဲ့ခြင်းဖြစ်သည်။ သူက မူဟောင်နှင့် အလိုက်သင့် လိုက်လံ ပြောဆိုခြင်းသာ ဖြစ်၏။
ထိုအချိန်တွင် ပြင်ပမှလာသော ပရိသတ်များက ရီဖူရှင်းအား သေချာ လေ့လာ ကြည့်ရှုနေကြသည်။ ကု့ချင်းမိစ္ဆာ၏တပည့်က အနုပညာ သူတော်စင်၏တပည့်အား အနိုင်ယူခဲ့ခြင်းမှာ စိတ်ဝင်စားစရာ ကောင်းသော သတင်းဖြစ်သည်။
ရီဖူရှင်းအား တစ်ချန်လုံး ကြည့်နေသော လင်းဇီယွီက ပြုံးလျက် ပြောလိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်ကို ရောက်ပြီး အချိန်နည်းနည်းလေးမှာ သူ ဒီလောက် စွမ်းအား မြင့်သွားလိမ့်မယ်လို့ ငါမထင်မိဘူး…”
“လျိုနန်းတော်မှာတုန်းက သူက နည်းနည်း အားနည်းတယ် ထင်ရပေမဲ့ သူက ကျောက်မူကို တကယ်ကြီး အနိုင်ယူခဲ့တယ်…” ရှောက်ဟီကလည်း ထိတ်လန့်တကြား ပြောလိုက်သည်။
“ဆက်ရအောင်…” ဟန်မိုကပြောသည်။ သူက သည်ကိစ္စတွင် အချိန်မဖြုန်းလိုပေ။ ယနေ့ကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ထွန်းတောက်ရမည့်နေ့ ဖြစ်သည်။ ယခု ရီဖူရှင်းက လူအများ၏အာရုံစိုက်မှုကို ရနေသည်။ သူရောက်လာသည်ကပင် စိတ်ရှုပ်စရာ ကောင်းလှသည်။ ထို့အပြင် ထိုအရူး မူဟောင်က ရီဖူရှင်းနှင့် ကျောက်မူတို့၏တိုက်ပွဲအကြောင်း ပြောနေပြန်သေးသည်။ မူဟောင်၏အပြုအမူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား အရှက်ရစေသည်။
ကျောင်းမှ ကျောင်းသား အများအပြားက ရှေ့ကိုဆက်လက်၍ ထွက်လာကြသည်။ ကျောင်းဆောင်ခုနစ်ခု၏စုဝေးပွဲမှာလည်း ဆက်လက်ပြုလုပ်သည်။
ရီဖူရှင်းနှင့် ဟွာဖန်းလူတို့ကလည်း လာဘ်လာဘကျောင်းဆောင် လူအုပ်အတွင်း ထိုင်နေကြသည်။ သူတို့က တခြားလူများ၏ ယှဉ်ပြိုင် တိုက်ခိုက်ကြမှုများအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။ အခြေအနေကို ကြည့်လျှင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က လာဘ်လာဘ ကျောင်းဆောင်အား ပစ်မှတ်ထား တိုက်ခိုက်နေသည်ကို သတိပြုမိကြသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေသည်။ သူက သက်ပြင်းသာ ချနိုင်တော့သည်။ သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က မည်မျှ ကောက်ကျစ်သည်ကို သိသည်။ သူက ရှေ့ကို ထွက်ခဲ့လျှင်ပင် အခြေအနေက ပြောင်းလဲမည် မဟုတ်ပေ။
ကျောင်းဆောင်တစ်ခု အနေဖြင့် လာဘ်လာဘ ကျောင်းဆောင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား အင်အားချင်း မယှဉ်သာပေ။ သူတို့အား အလွန် အင်အားကြီးမားလှသည်။
ကျောင်းဆောင်ခုနစ်ခုမှ လူငယ်များ တိုက်ခိုက်ကြသည်ကို မြင်လျှင် ဟွာဖန်းလူက အတိတ်ကို ပြန်သတိရမိသည်။ စိတ်မကောင်းစရာက ယခုကား အခြေအနေများ အလွန် ကွဲပြားခြားနား နေလေပြီ။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လူအုပ်ကြားထဲတွင် သူသိသောသူ အများအပြား ရှိသော်လည်း သူတို့က သူ့အား တစ်ချက်မှပင် မကြည့်ကြချေ။ သူ့အား ဆက်ဆံသည့်ပုံစံနှင့် သူနှင့်အတူတူ ကျော်ကြားခဲ့သော အနုပညာ သူတော်စင်ကို ဆက်ဆံပုံချင်း အလွန် ကွာခြားနေလေပြီ။
“အတိတ်ကို ပြန်တွေးနေတာလား…” တန်လန်က ဟွာဖန်းလူ၏အမူအရာအား ကြည့်ကာ မေးလိုက်သည်။
“ငါ့ကို ရယ်စရာ လာမလုပ်နဲ့…” သူက မချိပြုံးပြုံးလျက် ပြောလိုက်သည်။
“ရှင်က အရင်တုန်းက ဒီကျောင်းတော်မှ ကျော်ကြားခဲ့တယ်လေ… အတိတ်ကို ပြန်တွေးတယ်ဆိုတာ … ဖြစ်သင့်တာပဲ…” တန်လန်က ပြန်ပြောလိုက်သည်။ သူမက ရှေ့ကို ကြည့်လိုက်သည်။ ထိုအချိန်က သည်ကျောင်းတော်တွင် ကျော်ကြားခဲ့သူမှာ ဟွာဖန်းလူ တစ်ယောက်တည်း မဟုတ်ပေ။ အနုပညာသူတော်စင်။ နန်ဒူဝန်ယမ်နှင့် သူမတို့လည်း ကျော်ကြားခဲ့ကြသည်။ သူတို့အားလုံး အလွန်ပါရမီ ပါကြသူများ ဖြစ်ကြ၏။
“ငါအမြဲတမ်း နောင်တရတယ်… ဆရာက အရမ်းကို အဆင့်မြင့်တဲ့ မှော်ဂီတပညာရှင်ဖြစ်ပေမဲ့ ငါဒီကျောင်းက ထွက်သွားပြီးနောက်ပိုင်း ငါက မှော်ဂီတပညာရှင် တစ်ယောက် အနေနဲ့ ငါ့စွမ်းအားတွေကို ထုတ်ဖော်နိုင်စွမ်း မရှိခဲ့ဘူး…” ဟွာဖန်းလူက သက်ပြင်းချလိုက်သည်။ တန်ဝန်က ခေါင်းညိတ်လိုက်သည်…” အကြီးအကဲချင်က တကယ်ကို လေးစားဖို့ကောင်းတဲ့ သူပဲ… ဒါပေမဲ့ ရီဖူရှင်းက စစ်သူကြီးရဲ့အမိန့်သံ သီချင်းကို တီးခတ်ပြီး ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ သူ့အရည်အချင်းကို သက်သေပြခဲ့တယ်… ဒီကိစ္စက ရှင့်ရဲ့ နောင်တတွေကို ပြေပျောက်စေလိမ့်မယ်လို့ ကျွန်မယုံတယ်…” သူမက နှစ်သိမ့်လိုက်သည်။
“ဟုတ်တယ်…” ဟွာဖန်းလူ ခေါင်းညိတ်လိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ နေရောင်များ ပျောက်ဆုံးသွားပြီး အမှောင်ထုက ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။ နေလုံးကြီး ပျောက်ကွယ်သွားရာ အရပ်မှ ကောင်းကင်ကား နီစွေးနေသည်။
“သူ တကယ်ကို မတိုက်ခိုက်တော့ဘူးလား…” လင်းဇီယွီက မေးလိုက်သည်။ သူမ၏လှပသော မျက်လုံးများက သူ့ထံတွင် အချိန်ပြည့် ရှိနေသည်။ သည်ကဲ့သို့နေ့တွင် သူက အဘယ်ကြောင့် မတိုက်ခိုက်ရသနည်း သူမ နားမလည်ပေ။ ရီဖူရှင်းက ကျောက်မူကိုပင် အနိုင်ယူနိုင်ခဲ့သည် ဆိုပါက သူသည်လည်း အလွန် ထက်မြက်သည်ဟု ဆိုရပေမည်။
နောက်ဆုံးတွင် တိုက်ပွဲစည်းဝိုင်းထဲသို့ တက်ရောက်မည့်လူ မရှိကြတော့ပေ။ လူတိုင်းက ဘယ်မှညာသို့ တိုးတိုးလေး ပြောနေကြသည်။ တစ်ယောက်က ရယ်မောလျက် ပြောလိုက်သည်… “ဒီနေ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားတယ်… သူက တကယ့်ကို ဒွန်ဟိုင်ရဲ့ အကောင်းဆုံး ကျောင်းတော်ပဲ…”
“ရတနာကြယ်ကလည်း သိပ်မဆိုးပါဘူး… သူတို့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ယှဉ်ရင် နည်းနည်းပဲ လိုအပ်တာ… သူတို့ကလည်း ဒွန်ဟိုင် ကျောင်းတော်မှာ ဒုတိယ အကောင်းဆုံး ကျောင်းလို့ ပြောနိုင်တယ်…” တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည်။
ထိုမှတ်ချက်များအရ လူတိုင်းက သည်စုဝေးပွဲ၏တကယ့် အစီအစဉ်မှာ ယခုမှ စတင်သည်ကို နားလည်လိုက်ကြသည်။
ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လူအုပ်ကြားထဲတွင် ဟန်မိုက အနည်းငယ် ပြုံးလိုက်သည်။ သူက အိမ်ရှေ့စံနှင့် ဝန်ကြီးချုပ်ဟွာတို့ ဘက်သို့ လှည့်ကာ ပြောလိုက်သည်… “ဝန်ကြီးချုပ်ကျို အရေးပေးခံရတဲ့ လူငယ်က အခုထိ မလှုပ်ရှားသေးဘူး…”
ဝန်ကြီးချုပ်ဟွာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်ကြီး၏နားသို့ ကပ်ကာ တစ်စုံတစ်ခု တိုးတိုးလေး ပြောလိုက်သည်။ ကျောင်းအုပ်ကြီး၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက မတ်တတ်ရပ်ကာ ခေါ်လိုက်သည်… “ဟွာဖန်းလူ…”
ဟွာဖန်းလူက နားမလည်သလိုဖြင့် ခေါင်းမော့လိုက်သည်။ သူက ကျောင်းအုပ်ကြီးအား ကြည့်ကာ ပြုံးလိုက်သည်… “ဆရာဦးလေးကို နှုတ်ဆက်ပါတယ်…”
ကျောင်းအုပ်ကြီးက ခေါင်းညိတ်လျက် ပြောလိုက်သည်… “မင်းက ငါတို့ ကျောင်းဆောင်ရဲ့ တပည့်ဟောင်း တစ်ယောက်ပဲ… ဒီနေ့ ဘာလို့ လာဘ်လာဘ ကျောင်းဆောင်လူတွေနဲ့ အတူတူ ထိုင်နေရတာလဲ…”
“ဒီနေ့ ဒီကို ကျွန်တော့်တပည့်နဲ့ အတူ လာခဲ့ပါတယ်… သူက လာဘ်လာဘ ကျောင်းဆောင်က ကျောင်းသားဖြစ်လို့ သူနဲ့အတူတူ ထိုင်နေတာပါ…” ဟွာဖန်းလူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါဆိုလည်း ငါ့မှာ ပြောစရာ မရှိတော့ဘူး… အိမ်ရှေ့စံမင်းသားလေးနဲ့ ဝန်ကြီးချုပ်ဟွာတို့က ဒီနေ့ ဒွန်ဟိုင်ကျောင်းတော်ကို လာရောက် ချီးမြှောက်တယ်… သူတို့က ဒွန်ဟိုင်ကျောင်းတော်ရဲ့ အထူးချွန်ဆုံးသော လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို မြင်လိုကြတယ်… မင်းရဲ့ တပည့်က တကယ့်ပါရမီရှင်တစ်ယောက်ပဲ… ဒါပေမဲ့ ဘာလို့ ရှေ့ကို မထွက်တာလဲ…” ကျောင်းအုပ်ကြီးက ငေါက်ငမ်းလိုက်သည်။ ပရိသတ်များက နားမလည်ပေ။ အဘယ်ကြောင့် ကျောင်းအုပ်ကြီးက ရီဖူရှင်းအား ရှေ့ကို ထွက်ခိုင်းသနည်း။ သို့သော်လည်း လူအများအပြားက အနုပညာ သူတော်စင်၏တပည့် ကျောက်မူအား အနိုင်ယူခဲ့သော အလွန်ထူးချွန်သော ထိုလူငယ်လေး၏ စွမ်းဆောင်ရည်ကို ကြည့်လိုကြသည်။
ဟွာဖန်းလူနှင့် ရီဖူရှင်းတို့က တစ်စုံတစ်ခု လွဲနေသည်ကို ခံစားမိသည်။ သို့သော် ကြည့်ရသည်မှာ တိုက်ပွဲက ရှောင်လွှဲ၍ ရတော့မည့်ဟန် မတူတော့ပေ။
ထိုအခိုက်တွင် တန်လန်က ကု့ချင်းတစ်လက်အား သယ်ဆောင်ကာ သူ့ထံ လှမ်းလာနေသည်ကို ရီဖူရှင်း မြင်လိုက်ရသည်။
“ဒူယူ… ငါတမင် သူ့ကို ယူလာတာ… ကု့ချင်းမိစ္ဆာရဲ့ တပည့်က ကု့ချင်းမရှိဘဲ ဘာလုပ်မှာလဲ…” သူမက ပြောသည်။ ရီဖူရှင်းက သူမအား ကြည့်ကာ ပြုံးလိုက်သည်။ သူမက သည်နေရာကို ဒူယူအား ယူဆောင်လာခြင်းမှာ သည်စုဝေးပွဲအား အကြောင်းပြ၍ ဒွန်ဟိုင်မြို့မှ လူများအား ကု့ချင်းမိစ္ဆာ၏နာမည်ကို ပြန်လည် အမှတ်ရစေရန် မျှော်လင့်ထားပုံရကြောင်း ရီဖူရှင်း ရိပ်မိသည်။
ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ကု့ချင်းအား ယူလိုက်သည်။ သည်ကု့ချင်းနာမည်ကား ဒူယူဖြစ်သည်။ သူ့ဆရာ၏ လက်စွဲတော်ဆိုလျှင်လည်း မမှားပေ။ ယနေ့ ဒူယူအား အသုံးပြုလျက် ရီဖူရှင်းက သူ့ဆရာအတွက် သီချင်းတစ်ပုဒ် တီးခတ်လိုသည်။
***