ဟိန်းသံလေးသည် ရှီမာယူယူ၏ ဘေးတွင် သန်းလာပြီး ရုတ်တရက် သူမခြေလှမ်းများ ရပ်တန့်ကာ ထိုနေရာအား သုံးသပ်လိုက်သည်။ သူမ၏ ထူးဆန်းသော အပြုအမူအားကြည့်၍ သူမေးလိုက်သည် “ယူယူ ဘာဖြစ်တာလဲ”
“မင်းမကြားဘူးလား” သူမမေးလိုက်သည်။
“ဘာကို ကြားရမှာလဲ သစ်ရွက်တွေ လေတိုးတဲ့အသံပဲရှိနာ ဘာကိုပြောနေတာလဲ” ဟိန်းသံလေးသည် ရပ်တန့်သွားပြီး နားဆွံ့လိုက်ကာ အသံများကို အာရုံစိုက်လိုက်သည်။ သူ ဘယ်လောက်ပင် အာရုံစိုက်ပါစေ မည်သည့်အသံမျှမကြားပေ။
“ဒီမှာလေ” သူမ အခိုင်အမာပြောဆိုလိုက်ပြီး အရှေ့သို့မြန်မြန်ပြေးသွားကာ နောက်ဆုံးတွင် ဂူရှေ့တွင် ရပ်လိုက်သည်။
“ယူယူ ဒီမှာ ဂူရှိတာ မင်းဘယ်လိုသိလဲ” ဟိန်းသံလေးသည် သူမဘေးတွင် ပျံသန်းလာကာ မှောင်မဲသော ဂူဝင်ပေါက်ကို ကြည့်လိုက်သည်။
“ငါမသိဘူး အသံနောက်ကိုလိုက်လာတာ” သူမ အမှန်အတိုင်းပင်ဖြေလိုက်သည်။
“အထဲမှာ ဘာလဲ” ဟိန်းသံလေးမေးလိုက်သည်။
“ငါလည်းမသိဘူး ငါတို့ဝင်သွားရင် သိရမှာပဲ” ရှီမာယူယူသည် မြေပေါ်မှ ကျိုးနေသော သစ်ကိုင်းကို ကောက်ယူလိုက်ပြီး ဟိန်းသံလေးနှင့် မှောင်မဲသော ဂူအတွင်းသို့ မီးတုတ်ကိုင်ကာ ဂရုတစိုက်ဝင်သွားတော့သည်။
သူတို့ဝင်တာ နက်လေ အပူချိန်မြင့်လေဖြစ်သည်။ ပူလွန်း၍ အရှင်လတ်လတ် ချက်ပြုတ်ခံရသကဲ့သို့ ခံစားရသည်။
“ယူယူ ဒီမှာအရမ်းပူတယ်” ဟိန်းသံလေးသည် သည်းမခံနိုင်တော့ပေ။ ပုံမှန်အာဖြင့် ချွေးမထွက်သောသူသည် အခုတော့ ရွှဲရွှဲစိုနေလေပြီ။ သူ့အမွေးများသည် လုံးထွေးနေပြီး ချွေးများသည် အလွန်အမင်းကျနေတော့သည်။
ထိုကဲ့သို့ ပြင်းထန်သောအဆင့်ရောက်နေသည်ကို သူမမြင်သည်နှင့် သူ့အား ဝိညာဉ်ပုလဲအတွင်းသို့ပို့ကာ ဂူနက်အတွင်းသို့ တစ်ယောက်တည်းလျှောက်လာခဲ့လိုက်သည်။
အပူချိန်မြင့်လွန်း၍ မီးတုတ်တစ်ခုလုံးသည် မြန်မြန်တောက်လောင်သွားသည်။ သို့သော် ကံကောင်းစွာပင် မီးမငြိမ်းခင် ကျောက်တုံးအခန်းတစ်ခန်းသို့ ရောက်သွားသည်။
သူမ အဖေပေးခဲ့သော မှော်ဝင်လက်စွပ်အတွင်းတွင် ရှာဖွေကာ ညပုလဲလုံးကို ထုတ်ယူလိုက်သည်။ သူမလက်ထဲရောက်ရှိချိန်တွင်တော့ သူမ ပတ်ဝန်းကျင်သည် အလင်းရောင်ရလာပြီး ရှင်းရှင်းလင်းလင်းပို မြင်ရတော့သည်။
အစဦးပိုင်းက ဂူနံရံနှင့်နီးကပ်စွာနေ၍ လျှောက်ခဲ့သဖြင့် ထိုကျောက်တုံးအခန်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ညပုလဲသည် ထိုနေရာအား အလင်းရောင်ပေးသဖြင့် အမှန်တကယ်တော့ နံရံသည် အနီရောင်ဖြစ်ခြင်းကို မြင်နိုင်တော့သည်။ သူမ နံရံများနှင့် အနည်းငယ် ကွာဝေးသော်လည်း ထိုမှ ဖြာထွက်သော အပူရှိန်ကို ခံစားလို့ရသည်။
“ဒီနေရာကဘာလဲ ဝိညာဉ်ချီတွေ အရမ်းများတာပဲ ငါသာဒီနေရာမှာ ကျင့်ကြံရင် အဆင့်တွေအများကြီးတက်နိုင်မှာပဲ” သူမ မျက်လုံးများပိတ်ထားလိုက်ပြီး အနားတွင်ရှိသော လှုပ်ရှားနေကြသော အနီရောင်အစက်အပျောက်များကို အာရုံခံလိုက်သည်။ ပြီးတော့ သူမအနားတွင် ရောင်ဝါလက္ခဏာအလွှာများကို ဆုပ်ကိုင်လိုက်သည်။
“ငါအထဲမှာရှိတာထက် တကယ်ကို ပိုများတာ” သူမ အံ့သြစွာပြောလိုက်သည်။ “သခင် ဒါက မင်းအတွက်ကောင်းတဲ့ အခွင့်အရေးပဲ အမြန်ထွက်စရာမလိုဘူး ဒီမှာနေပြီး အရင်ကျင့်ကြံလိုက်။ ဒီနေရာက မင်းအတွက် အရသာစုံတယ် ခုန်ပေါက်ပြီးကို မင်းရဲ့ ကျင့်ကြံမှုကို သေချာပေါက်တိုးစေမှာပဲ” ဝိညာဉ်လေး အသံထွက်လာသည်။
“ငါမစ ခင်ဒီကျောက်တုံးအခန်းကို ကြည့်ပါရစေဦး” ဒီလိုကောင်းတဲ့အခွင့်အရေးကို ရတာ သူမသည်လည်း စိတ်လှုပ်ရှားသည်။ သူမ ဒီဂူကနေထွက်သည်နှင့် ကျွမ်းကျင်သူဖြစ်နိုင်သည်။
သူမ မဝင်ခင် ကျောက်တုံးအခန်း အလယ်တွင် တစ်စုံတစ်ခုရှိနေသည်ကို မြင်လိုက်သည်။ လုံလောက်သော အလင်းမရှိ၍ သူမမြင်ရသည်မှာ မသဲကွဲပေ။
သူမ အနီးကပ်လျှောက်သွားသောအခါ သူမအော်လိုက်သည် “ဝိညာဉ်သားရဲဥပဲ”
ရုတ်တရက်ဆိုသလိုပင် ဥသည် တောက်ပသော အနီရောင်အလင်းတန်းထုတ်လွှတ်လိုက်သောကြောင့် စူးရှသော အလင်းများကြောင့် သူမလက်ဖြင့် မျက်လုံးကိုကာလိုက်သည်။
တောက်ပသော အနီရောင်အလင်းများ ကျဲသွားသောအခါ ဥသည် အနီရောင်ဖျော့ အလင်းကိုထုတ်လွှတ်ခြင်းကြောင့် ကျောက်တုံးအခန်းတစ်ခုလုံး လင်းသွားသည်။
သူမ အခန်းတစ်ခုလုံးကိုမြင်ရပြီး ဝိညာဉ်သားရဲဥအပြင်တစ်ခြားမည်သည့်အရာမှ မရှိသည်ကို သူမမြင်လိုက်ရသည်။ ဥအရွယ်အစားသည် သူမရင်ဘတ်လောက်အထိကြီးသောကြောင့် တစ်ခုလုံးကို လက်ဖြင့် မ,ယူရန်မဖြစ်ပေ။
ဝိညာဉ်သားရဲဥတွင် လှပသော မီးတောက်ပုံစံရှိသည်မှာ သူမအားဆွဲဆောင်မိစေသည်။ သူမထိတွေ့ချင်မိသည်။
ဂူအတွင်းသို့ မဝင်ခင် သူမညာဘက်လက်တွင်စည်းထားသော အဝတ်စသည် ပူလွန်း၍ ပြေနေခဲ့သည်။ သူမ လက်ဖြင့် ဥကိုထိလိုက်သောအခါ သူမလက်ဖဝါးတစ်ခုလုံး ဥခွံအတွင်းသို့ စုပ်သွင်းခံလိုက်ရသည်။
ဥ၏ အပူချိန်သည် ရုတ်တရက်မြင့်တက်လာပြီး လေထဲတွင် အသားကင်အနံ့ ပျံ့နှံ့သွားသကဲ့သို့ပင် သူမလက်ဖဝါး၏ အလွန်ပူပြင်းသောတောက်လောင်မှုကို ခံစားလိုက်ရသည်။
သူမ လက်ကိုပြန်ရုတ်သိမ်းချင်သော်လည်း သူမသွေးနှင့် အားများသည် လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်မှ စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူမဒီအတိုင်းပင် ရပ်နေလိုက်ပြီး သူမသွေးများစီးဆင်းသွားသည်နှင့် များစွာသော မျဉ်းကြောင်းများနှင့် စာလုံးများအဖြစ်ပြောင်းလဲသွားသည်ကို ကြည့်နေလိုက်သည်။ ဥတစ်ခုလုံးသည် ထူးဆန်းသော စာများနှင့်ပြည့်နှက်သွားကာ ဥပင်ပျောက်သွားသလိုထင်ရသည်။
“အသင်ရဲ့ သွေးနဲ့ ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်လို့ ဒီအချိန်ကစပြီး ဆက်သွယ်သွားရင် သေခြင်းနဲ့ရှင်ခြင်းဟာ တစ်ထပ်တည်းဖြစ်သွားပြီ ဒီထင်ရှားတဲ့ စာချုပ်အဓိဌာန်နဲ့ဆိုရင် ကမ္ဘာမြေကို အလင်းရောင်ပေးမှာပဲ။ အသင် လူသား၊ အသင် လက်ခံယုံကြည်ပြီး ဒီစာချုပ်ကို ချုပ်ဆိုနိုင်ပါသလား”
သူမ မေ့မြောမလိုဖြစ်နေတုန်းမှာပင် ရှေးကျသော အသံ၏တုန့်ပြန်မှုသည် သူမအားဆက်တိုက် နှိုးနေသည်။
“အသင်လက်ခံပါသလား” သူမအဖြေကို မကြားသည်နှင့် ထိုအသံသည် ထပ်မေးလိုက်သည်။
“ကျွန်တော်…လက်ခံပါတယ်..” သူမ အံကြိတ်ကာ ထိုစကားကို သူမအားများကို စုစည်းပြီး ဖျစ်ညှစ်ပြောလိုက်သည်။
သူမခြေထောက်အောက်ခြေတွင် ငါးထောင့်ကြယ်နှင့် ရှေးဟောင်းစကားလုံးတစ်ချို့ပါသော တည်ဆောက်မှုတစ်ခု ပေါ်လာသည်။ ဥနှင့် သူမပတ်ဝန်းကျင်အား ငွေရောင်အလင်းသည် လွှမ်းခြုံလိုက်ပြီး နာကျင်မှုကို မခံစားရတော့သည်။ သက်တောင့်သက်သာဖြစ်စေသော နွေးထွေးမှုတစ်ခုသည် သူမအားပွေ့ဖက်လိုက်ပြီး နွေးထွေးသော ရေထဲသို့နှစ်မြှုပ်လိုက်သကဲ့သို့ သူမနာကျင်မှုများကို ဖယ်ရှားပစ်စေပြီး နုပျိုမှုကို ခံစားလိုက်ရသည်။
ငါးထောင့်ကြယ်သည် တဖြည်းဖြည်းကျဉ်းလာပြီး ငွေရောင်အလင်းတန်း နှစ်ခုအဖြစ်ပြောင်းလဲသွားသည်။ အလင်းတန်းတစ်ခုသည် သူမဝမ်းဗိုက်အသွင်းသို့ ဝင်သွားပြီး နောက်တစ်ခုမှာ ဥအတွင်းသို့ ပျံသန်းဝင်သွားသည်။ စာချုပ်ချုပ်ဆိုခြင်းမှာ အောင်မြင်သွားလေပြီ။
သူမ ဝမ်းဗိုက်ကို ထိလိုက်ကာ အရှေ့တွင်ရှိသော ဝိညာဉ်သားရဲဥနှင့် အဆက်အသွယ်ဖြစ်သွားသည်ကို ခံစားမိလိုက်သည်။
သူမတကယ်ပဲ ဒီလိုစာချုပ်ချုပ်ဆိုလိုက်တာလား။
သူမ ထပ်ပြီးစဉ်းစားချိန်မရလိုက်ချိန်တွင်ပင် ဝိညာဉ်စွမ်းအင်များစုပြုံကျလာပြီး သူမကိုယ်ထဲတွင် ရုတ်တရက် ဝိညာဉ်စွမ်းအင်များ ကြီးထွားလာသည်ကို ခံစားလိုက်ရသည်။
သူမ ခြေထောက်တွင် သူမ ဝိညာဉ်စွမ်းအင်အဆင့်တိုးမြင့်လာသည်ကို ပြသာ သင်္ကေတအနေဖြင့် ကြယ်လေးပေါ်လာသည်။
သူမ ကြက်သေသေနေစဉ်အတွင်းပင် ကြယ်လေးသည် အလျင်အမြန်တိုးများလာပြီး တစ်ခုမှ နှစ်ခု၊နှစ်ခုမှ သုံးခု ပြီးတော့ အလျင်အမြန် ကြယ်ပွင်းကိုးပွင့်အထိ တိုးမြှင့်သွားကာ ရုတ်တရက် ထပ်စုပေါင်းလိုက်သောအခါ လတစ်စင်းနှင့် ကြယ်လေးတစ်လုံးပေါ်လာသည်။
ထိုကြယ်လေးသည် တောက်ပလာကာ နောက်ကြယ်တစ်ပွင့် ပေါ်လာမလိုဖြစ်သော်လည်း အလင်းသည်မှေးမှိန်သွားကာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
“ဝိညာဉ်သခင် အဆင့်ငါး ဝိညာဉ်သခင်ပဲ” သူမခြေထောက်မှ လနှင့်ကြယ်ကိုမြင်သောအခါ ရှီမာယူယူ တအံ့တသြ အော်လိုက်သည်။ အလင်းရောင်များအားလုံး ပျောက်သွားသော်လည်း သူမသတိမေ့နေခဲ့သည်။
ဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ခြင်းသည် သူတို့၏ကိုယ်ပိုင်အားအင်ကို တိုးပွားစေသည်ကိုကြားဖူးသည် သို့သော် ဒီလောက်မြန်မြန်ဖြစ်လာသည်ကို သူမ မမျှော်လင့်ခဲ့ပါ။ ဝိညာဉ်သားရဲနှင့် စာချုပ်ချုပ်ဆိုခြင်းသည် ထိုကဲ့သို့ ကြီးမားသော အဆင့်ကို ရောက်အောင် လုပ်နိုင်သည်ဟု သူမ မထင်ခဲ့ပါ။
“ဒီ အဆင့်တက်တာက ရေသောက်ရသလိုပါပဲလား” သူမ အံ့အားသင့်စွာပြောလိုက်သည်။
“ယူယူ အဲဒါလာကြောင့်လဲဆိုတော့ မင်းစာချုပ်ချုပ်လိုက်တာက သာမာန်ဝိညာဉ်သားရဲ မဟုတ်လို့ပဲ” ဝိညာဉ်ပုလဲအတွင်းမှ ဖြစ်စဉ်အစအဆုံးကို မြင်ရသော ဟိန်းသံလေးက ရှင်းပြသည်။ “စာချုပ်စွမ်းအင်မြင့်ပြီး ဝိညာဉ်သားရဲအဆင့်မြင့်လေ စာချုပ်ချုပ်တဲ့ ဝိညာဉ်သခင်ရဲ့ ဝိညာဉ်စွမ်းအင်က ပိုပြီးအောင်မြင်တာကြောင့်ပဲ မင်းနဲ့ စာချုပ်ချုပ်လိုက်တဲ့ ဝိညာဉ်သားရဲက အရမ်းသန့်ရှင်းပြီး ကောင်းမွန်တဲ့ အမျိုးအနွယ်နောက်ခံကလာတာပဲဖြစ်မယ်”
“အဲဒါထူးဆန်းတာပဲ” ဝိညာဉ်လေးပြောလိုက်သည်။
“ဘာလို့လဲ ဘာကထူးဆန်းတာလဲ”
“မင်းဒီကို ဝင်တဲ့အချိန်မှာ သက်ရှိလက္ခဏာကို မခံစားရဘူး ပြောရမယ်ဆိုရင် ဒီဥဟာ ဥအသေဖြစ်ရမယ်” ဝိညာဉ်လေးသည် သူ၏ထင်မြင်ချက်ကို စိတ်ရှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် မင်းသွေးက အဲဒါကိုထိလိုက်တဲ့အခါမှာ ချက်ချင်းနိုးထလာတယ်”
“တကယ်လား အဲဒါတကယ်အဲလိုဖြစ်တာလား” ရှီမာယူယူ ဥကိုကြည့်ကာ အသက်ရှိနေသည်ဆိုသည်ကို သေချာအောင်အဆက်အသွယ်မှ တစ်ဆင့် ခံစားကြည့်ရန် ကြိုးစားနေသည်။ ဥထဲက ရှေးကျတဲ့အသံက ဝိညာဉ်သားရဲရဲ့ အသံမလား။
“သေချာတယ်” ဝိညာဉ်လေး လေးလေးနက်နက်ပြန်ဖြေလိုက်သည်။ “ဒီဝိညာဉ်သားရဲ အရင်ကတည်းက ဒီမှာရှိတာနဲ့ မတူဘူး။ ဒီထက်ပိုပြီးရှိသင့်တာ ဥအသေသာဖြစ်မနေခဲ့ရင် မင်းရဲ့ အဆင့်တိုးတာက ဒီ့ထက်အများကြီးဖြစ်နိုင်တယ်လို့ ငါထင်တယ်”
ဒီတစ်ကြိမ်တွင် ဝိညာဉ်သားရဲဥသည် ရုတ်တရက် အနည်းငယ် လှုပ်လာကာ သူမခန္ဓာကိုယ်ဆီသို့ ပျံသန်းလာချိန်တွင် ဥမှ သားပေါက်တော့မည်ဟု ရှီမာယူယူသည်ထင်မိသည်။
“ရှုး”
သူမကိုယ်ထဲသို့ ဥဝင်သွားချိန်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးကဲ့သို့တောက်လောင်သွားသည်ကို ခံစားမိလိုက်သည်။