Switch Mode

အပိုင်း(၃၂)-ဝင်္ကပါတည်ဆောက်မှု ပြိုကွဲခြင်း

ဟိန်းသံလေးသည် တစ်စုံတစ်ခုကို ပြောရန်ရည်ရွယ်သော်လည်း ရှီမာယူူယူ၏ ပြင်းပြစွာစူးစိုက်နှစ်မြှုပ်ထားမှုကို ကြည့်၍ စကားလုံးများသည် ပါးစပ်ဖျားတွင် ပျောက်ကွယ်သွားတော့သည်။ သူကိုယ်တိုင် ဝင်ပါရန်ဆုံးဖြတ်လိုက်ပြီး ဝင်္ကပါတည်ဆောက်မှု ဗဟိုချက်နှင့် ဆင်တူသည်များ မြင်တွေ့ရမလားဟူ၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

“ဒီနေရာ ကအရမ်းထူးဆန်းနေတယ် နေလည်းမရှိဘဲ ဒီအလင်းက ဘယ်ကလာတာလဲ” ဝါးပင်၏ ထိပ်ဖျားတွင် ထိုင်ကာ ဟိန်းသံလေးမေးမြန်းလိုက်ပြီး ဝါးပင်ပေါ်တွင် ပေါ်ထွက်လာသော အလင်းသည် သူ၏ ဖြူဖွေးသော အမွေးများကို အစိမ်းရောင်သို့ပြောင်းလဲသွားသည်ကို ကြည့်လိုက်သည်။

အလင်းရောင် ဟုတ်လား။

ထူးဆန်းစွာ ဖြာထွက်သော အလင်းရောင်များအကြောင်း ဟိန်းသံလေးပြောသည်ကို ရှီမာယူယူ ကြားဖူးသည်။ ထိုဝါးပင်များသည် အလင်းရောင်များ ပေးနေသည်။ ဆိုလိုသည်မှာ ထိုဝါးပင်များသည် တစ်ခုထဲဖြစ်ပြီးတူညီနေကြသည်။ အကယ်၍ အလင်းရောင်မပေးသော ဝါးပင်ကို ရှာနိုင်လျှင် ထိုဝါးပင်သည် တည်ဆောက်မှုဗဟိုချက်ဖြစ်နိုင်သည်။

“ဟား ဟိန်းသံလေးရေ အလင်းရောင်မထွက်တဲ့ ဝါးပင်ကိုရှာကြရအောင်” သူမနောက်တွင်ရှိသော ဟိန်းသံလေးကို မျက်နှာချင်းဆိုင်ကာပြောပြီးနောက် မတ်တတ်ရပ်ပြီး သူမကိုယ်ပေါ်သို့တင်နေသော သစ်ရွက်များကို ခါချလိုက်သည်။

“အလင်းရောင်မထွက်တဲ့ ဝါးပင်ဟုတ်လား။ ငါတို့ဘာလို့အဲဒါကိုရှာရမှာလဲ” ဟိန်းသံလေးသည် ပျံသန်းရင်းမေးလိုက်သည်။

“အဲဒါ တည်ဆောက်မှု ဗဟိုချက်ဖြစ်နိုင်တယ်” ရှီမာယူယူရှင်းပြသည်။ “ဘယ်လိုပဲဖြစ်ဖြစ် အတူတူရှာကြရအောင်”

“ကောင်းပြီ”

ထို့နောက် သူတို့နှစ်ယောက်လုံးသည် တောထဲသို့ ထပ်ပြီး လှည့်လည်သွားလာတော့သည်။ ဒီတစ်ကြိမ်တွင်တော့ အလင်းမထွက်သော ဝါးပင်ကိုရှာခြင်းဖြစ်သည်။ သူတို့ ရည်ရွက်ချက်သည် တစ်ခဏအတွင်း ပြတ်သားသွားတော့သည်။

“သခင် ငါခံစားလို့ရတယ်” တိတ်ဆိတ်နေသော ဝိညာဉ်လေးသည် အသံထွက်လာသည်။

“ဝိညာဉ်လေး ဘာကို ခံစားလို့ရတာလဲ” ရှီမာယူယူ သူမခြေလှမ်းများ ရပ်တန့်ကာမေးလိုက်သည်။

“ဒီနေရာက ဝိညာဉ်ကျောက်တုံးရဲ့ ရောင်ဝါလက္ခဏာပါတယ်” ဝိညာဉ်လေးပြန်ဖြေလိုက်သည်။

“ဝိညာဉ်ကျောက်တုံး၊ အဲကျောက်တုံးက မင်းနဲ့ဆင်တူတယ်မလား” ရှီမာယူယူမေးလိုက်သည်။

“အဲလို အရာနဲ့ ငါ့ကိုဘယ်လိုလုပ် နှိုင်းလိုက်တာပါလိမ့် ငါက မြင့်မြတ်တဲ့ရှေးဟောင်းဝိညာဉ်ကျောက်တုံးပဲ စကြဝဠာတစ်ခုလုံးမှာ ငါတစ်ယောက်ပဲရှိတယ် ငါက ဝိညာဉ်ပုလဲရဲ့စိတ်ပဲ ပြီးတော့ ငါက ကောင်းကင်နဲ့ မြေကြီးကို ထိန်းချုပ်နိုင်တယ် အဲလို အသုံးမဝင်တဲ့အရာတွေကတော့ တချို့သော ဝိညာဉ်တွေကိုပဲ မွေးမြူဖို့ဖြစ်နိုင်တယ် သူတို့ဘဝကိုတောင် ထောက်ပံ့ဖို့ သူတို့အတွက်ကမဖြစ်နိုင်ဘူး” ဝိညာဉ်လေးသည် ဂုဏ်ယူစွာပြောလိုက်သည်။

“ဒါဆို မင်းဘယ်လိုလုပ်မှာလဲ” “မင်းတုံးနေတာလား ဒါကလျှို့ဝှက်နက်နဲတဲ့ ဝင်္ကပါဖြစ်စေဦးတော့ တည်ဆောက်မှု နည်းလမ်းတွေနဲ့ပဲ တည်ဆောက်ထားတာလေ ပြောရမယ်ဆိုရင် ဒီတည်ဆောက်မှုဗဟိုချက်က ဝိညာဉ်တွေနဲ့ဆက်စပ်နေတဲ့ အရာတွေကိုသုံးထားတာ ဒီလိုပုံနဲ့ပဲ ဖြစ်နိုင်ချေအရှိဆုံးရောက်အောင် သူတို့ဆောက်ခဲ့ကြတာပဲ” ဝိညာဉ်လေးပြောလိုက်သည်။

“ဒါဆို ဝိညာဉ်ကျောက်တုံးက ဗဟိုချက်တည်ဆောက်မှု တည်နေရာဖြစ်နိုင်တယ်လို့ ပြောချင်တာလား” ရှီမာယူယူသည် အနည်းငယ် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အင်း မင်းအဲလောက်မတုံးသေးတာတော်သေးတာပေါ့” ဝိညာဉ်လေးပြန်ပြောလိုက်သည်။

“မင်းအဲဒီ ရောင်ဝါလက္ခဏာကို အာရုံခံနိုင်ရင် အဲဒီတည်နေရာကို အတိအကျ ဖော်ထုတ်နိုင်လား” ရှီမာယူယူမေးလိုက်သည်။

“ငါ တည်ဆောက်မှုအပြင်မှာဆိုရင် တိုက်ရိုက်ရှာဖို့ဖြစ်နိုင်တယ် ဒါပေမယ့် ဝင်္ကပါအထဲမှာတော့ မီတာ၅၀ အတွင်းမှာပဲ အာရုံခံနိုင်မယ် မင်းကိုယ်တိုင်အဲဒါကို ရှာရမယ်” ဝိညာဉ်လေးပြောပြီးသည်နှင့် နောက်ထပ်စကားလုံးများကို ထပ်မံငြင်းပယ်လိုက်သည်။

ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်သည်။ ဒီဝါးရုံ အစိတ်အပိုင်းသည် အရမ်းမထူထပ်ပေ။ တခြားနေရာနှင့် ယှဉ်လျှင် ကျဲသည်။

သူမ ဝါးပင်တစ်ပင်ချင်းဆီ စေ့စေ့စပ်စပ်ကြည့်သော်လည်း အပင်တိုင်းသည် တောက်ပနေသည်ကို တွေ့ရသည်။ သူမပြောခဲ့သောအချက်နှင့်ကိုက်ညီသော ဝါးပင်တစ်ပင်မှ မတွေ့ပေ။

“ငါ့ရဲ့ ထင်မြင်ချက်ပဲမှားနေတာလား” ရှီမာယူယူ သူမမေးစေ့ကို ထိကာ သူမ အကြံဉာဏ်အား သံသယဝင်မိသည်။

“ယူယူ တည်ဆောက်မှု ဗဟိုချက်က ဝါးပင်အထဲမှာမရှိတာလဲ ဖြစ်နိုင်တယ်” ဟိန်းသံလေး စကားစ,လိုက်သည်။

“ဝါးပင်မဟုတ်ဘူးလား”

“ဟုတ်တယ် တည်ဆောက်မှုဗဟိုချက်က တကယ်ပဲဝိညာဉ်ကျောက်တုံးဆိုရင် ကျောက်တုံးနဲ့ဆင်မှာပေါ့ ဟုတ်တယ်မလား” ဟိန်းသံလေး အမှန်အဖြစ်ယူဆ၍ ပြောလိုက်သည်။

“ဟား ဖြစ်နိုင်တယ် ကျောက်တုံးကိုပဲ ထပ်ရှာရအောင်” ရှီမာယူယူသည် ဟိန်းသံလေးကိုဖက်လိုက်သည်။ ယောက်ျားလေးတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် ကျောက်တုံးများကို တစ်ခုပြီးတစ်ခုရှာနေတော့သည်။ သို့သော် ဒီနေရာတွင် ကျောက်စရစ်ခဲ တစ်ခုမှရှိမနေပါ။

ထိုနေရာတစ်ခုလုံး၏ တစ်ခုတည်းသော အကြီးမားဆုံးကျောက်တုံးတစ်တုံးကိုကြည့်ကာ ရှီမာယူယူသည် နောက်ဆုံးတွင် သက်ပြင်းချမိတော့သည်။

“ဒီဟာမဖြစ်နိုင်ဘူးလား” သူမကျောက်တုံးဆီလျှောက်သွားကာ နှစ်ပတ်လောက်ပတ်လိုက်သည်။ ထိုကျောက်တုံးသည် ခုဏက ကျောက်တုံးနှင့်အနည်းငယ်ကွားခြားသည်ကို ရှီမာယူယူခံစားမိသည်။ သူမ ထိတွေ့ရန် လက်ကိုဆန့်ထုတ်လိုက်ပြီး ထိုအရာသည် ဝါးပင်၏ အအေးဓာတ်နှင့်ဆင်တူသည်။

“ယူယူ ဒီဟာလား” ဟိန်းသံလေးသည် ပျံသန်းရင်းမေးလိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည်။ “ဒီဟာသာ တည်ဆောက်မှုဗဟိုချက်ဆိုရင် ဝါးပင်မှာရှိတဲ့ အအေးဓာတ်မျိုးရှိမှာမဟုတ်ဘူး”

“ဒါဆို ဗဟိုချက်က ဒီမှာလည်းမရှိဘူးလား” ဟိန်းသံလေးသည် အနည်းငယ် စိတ်ပျက်စွာပြောလိုက်သည်။

“မဟုတ်ဘူး ဒီမှာရှိတယ်” ရှီမာယူယူသည် ယုံကြည်မှုရှိစွာပြောလိုက်သည်။ “မင်း ဒီကျောက်တုံးကို အဝေးကို ပစ်နိုင်လား”

“အသာလေးပေါ့” ဟိန်းသံလေးသည် ကျောက်တုံးထိပ်သို့ ပျံသန်းလိုက်ပြီး သူ၏ သေးငယ်သောခြေထောက်ဖြင့် မ,ယူလိုက်သည်။ ဧရာမကြီးမားသော ကျောက်တုံးသည် လွင့်ပါသွားသည်။

ရှီမာယယူယူသည် မြင့်တက်သွားသော ကျောက်တုံး၏ အောက်ခြေကို ကြည့်လိုက်သည်။ ထိုနေရာတွင် ကလေးလက်သီးဆုပ်အရွယ်အစားရှိသော အနက်ရောင်ကျောက်တုံးကိုတွေ့ရလေသည်။

“ဒီဟာလား” ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ အနက်ရောင်ကျောက်တုံးကို ကြည့်လိုက်သည်။ “ငါတို့ ဒီအတိုင်းပဲ ဒီဟာကိုဖယ်ရှားရမှာလား ပေါက်ကွဲမှုဖြစ်မလား မဖြစ်ဘူးလား ငါမသိဘူး ဒါပေမယ့် ဂရုမစိုက်တော့ဘူး မြင်းသေရင်တောင် သမားတော်ဆီပို့ရမှာပဲ”

ထိုသို့ပြောပြီးနောက် ဝိညာဉ်ပုလဲအတွင်းသို့ အဖြူရောင်အလုံးသေးတစ်လုံးအားပစ်လိုက်ပြီး အသက်ကို ရှုထုတ်လိုက်သည်။ သူမလက်ကိုဆန့်လိုက်ကာ ဝိညာဉ်ကျောက်တုံးကို ဆုပ်ကိုင်လိုက်သည်။

“ဝှီး ဝှီး ဝှီး”

တိတ်ဆိတ်နေသော ဝါးရုံတောသည် ရုတ်တရက်ဘက်ပေါင်းစုံမှ တိုက်ခတ်လာသော လေပြင်းများကြောင့် ကွဲသွားပြီး အဆက်မပြတ်လှုပ်ခါနေတော့သည်။

“ဝုန်း”

ပြင်းထန်လှသော လေကြောင့်ရှီမာယူယူ မျက်လုံးပင်မဖွင့်နိုင်ပါ။ သူမလက်တွင် ဆုပ်ကိုင်ထားသော ကျောက်တုံးအား အသုံးပြု၍ အရှေ့ကို ကာလိုက်သည်။ သို့သော် လေ၏ဖိအားကို ကာကွယ်ရန်မဖြစ်နိုင်ပေ။

“ဂျိန်း ဂျိန်း”

ရုတ်တရက် မြေကြီးသည် ကွဲသွားပြီး အက်ရာသည် ကြီးလာသည်။ သစ်ရွက်များနှင့် ဝါးပင်များသည် ဝရုန်းသုန်းကားဖြစ်နေကြသည်။

“ငါသွားရမယ်” သူမ အက်ရာထဲသို့ ကျသွားပြီး လက်တွင်တော့ ကျောက်တုံးအားကိုင်ထားသည်။ သူမ စိတ်ထဲမှ ကြောက်စိတ်ကို တွန်းလှန်ရာတွင် အထမမြောက်ပေ။

သူမသွေးများသည် ကျောက်တုံးဆီသို့စီးဆင်းသွားပြီး ရှီမာယူယူသည် လက်ဖဝါးမှ နာကျင်မှုသည် ကြီးထားလာပြီး သူမခန္ဓာကိုယ်နှင့်အရိုးများကို ပျံ့နှံ့သွားကာ မေ့လဲခြင်းကိုဖြစ်စေတော့သည်။ သူမ မမေ့မြောခင် အတွေးတစ်ခုသာရှိသည်။ ဒီမြေကြီးသာ ပြန်ဆက်သွားရင် သူမ နုပ်နုပ်စင်းခံရတဲ့အသားဖြစ်သွားမှာလား။

သူမ အသိစိတ်များ လွင့်ပါသွားကာ ထိုအမှောင်တော့ထဲတွင် အချိန်ဘယ်လောက် ကုန်ဆုံးသွားသလဲဆိုတာ မသိတော့ပေ။ သူမ အသိစိတ်စတင် ဝင်လာသည်နှင့် သူမမျက်လုံးဖွင့်လိုက်သောအခါ သူမ ချောက်အတွင်းသို့ ရောက်နေပြီးဆိုသည်ကို သိလိုက်ရသည်။ သူမအောက်တွင် ထူသော မြက်ခင်းပြင်ရှိပြီး သူမအဝတ်များသည် သန့်ရှင်းနေသည်။ မြေကြီးကွဲသွားစဉ်က သူမခန္ဓာကိုယ်တွင် ပေကျံခဲ့သော အစွန်းသည် အခုမရှိတော့ပေ။

သူမ မတ်တတ်ရပ်လိုက်ကာ နာကျင်မှုကြောင့် သူမခေါင်းကိုပွတ်လိုက်သည်။ အခုလက်ရှိအခြေအနေသည် အိမ်မက်ဟုတ် မဟုတ်ကို သူမသံသယဝင်လာသည်။

“ရှုး”

နာကျင်မှုသည် သူမလက်ဖဝါးမှလာ၍ သူမလက်ဖဝါးအားဖွင့်ကြည့်လိုက်သည်။ သူမ လက်ဖဝါးတွင် ဒဏ်ရာဒဏ်ချက်များတွေ့ရပြီး ဒဏ်ရာများသည် လုံးဝ ပိတ်သွားခြင်းမရှိသေးပေ။ သူမ ယခု လှုပ်ရှားလိုက်ခြင်းကြောင့် ဒဏ်ရာများသည် ပြန်ဟ,သွားသည်။

“ကြည့်ရတာ အိမ်မက်မဟုတ်ဘူးထင်တယ်” သူမ ဓားကိုဆွဲထုတ်ကာ သူမစကတ်၏အနားကို ဖြတ်လိုက်ပြီး လက်အား ပါးစပ်နှင့်ဘယ်ဘက်လက်အားအသုံးပြု၍ အထုံးထုံးကာ စည်းလိုက်သည်။

ပြီးသည်နှင့် သူမ ချောက်နက်အား စစ်ဆေးတော့သည်။

ဝါးရုံတောနှင့်တူညီစွာပင် သက်ရှိတစ်ကောင်မှမရှိပေ။ အရင်လိုပဲ ဝိညာဉ်သားရဲဥအရိပ်အယောက်မတွေ့ရပေ။ ကွာခြားသည်မှာ အရင်နေရာသည် ဝါးရုံတောဖြစ်၍ ဒီနေရာသည် မျိုးစုံသော ပန်းများ အပင်များနှင့် သစ်ပင်များရှိသည်။

“ငါ တည်ဆောက်မှုတစ်ခုကနေ နောက်တစ်ခုကို ဝင်လာတာလား” ရှီမာယူယူရှုပ်ထွေးသွားသည်။

“မဖြစ်နိုင်ဘူး ငါ တည်ဆောက်မှုရဲ့ ရောင်ဝါကို ခံစားလို့မရဘူး” ဝိညာဉ်လေးပြောလိုက်သည်။

“ရောင်ဝါလက္ခဏာမရှိဘူး ဟုတ်လား။ ဒီနေရာက စိတ်လှည့်စားတဲ့ဝင်္ကပါတည်ဆောက်မှုတွေအများကြီးရှိတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား”

“မဟုတ်ဘူး ဒါက တကယ့်ကမ္ဘာပဲ” ဝိညာဉ်လေး ခိုင်ခိုင်မာမာပြောလိုက်သည်။

“ဒါဆို ငါတို့ဘယ်လိုပြန်ရမှာလဲ ဒီနေရာက တည်ဆောက်မှုနေရာလည်းမဟုတ်ဘူး ဝိညာဉ်သားရဲဥရှာတာက ငါကို့ကို ပြန်သွားစေတဲ့နည်းလမ်းမဟုတ်လောက်ဘူး။” ရှီမာယူယူ ပြောရင်းနှင့် ခေါင်းကိုက်မှုကို ခံစားနေရသည်။ “ဟုတ်သားပဲ ဝိညာဉ်ကျောက်တုံးဘယ်ရောက်သွားလဲ။ ဘယ်မှာပျောက်သွားလဲမင်းသိလား”

“ငါ့ထဲမှာ” ဝိညာဉ်လေးပြောလိုက်သည်။ သူ့ခံစားချက်သည် အနည်းငယ်ဆိုးနေသည်။

ရှီမာယူယူ တစ်ခုခုမှားနေသည်ဆိုသည်ကို ခံစားရပြီးမေးလိုက်သည် “ဘာဖြစ်လို့လဲ”

“ဒီပစ္စည်းက အနည်းနည်းထူးဆန်းတာရှိတယ်။ ဒီနေရာကနေထွက်ရင်ပြောပြမယ်” ဝိညာဉ်လေးပြောလိုက်သည်။

“ငါ အရင်ဆုံး ထွက်ဖို့လမ်းရှာလိုက်ဦးမယ်” ရှီမာယူယူ ပြန်ပြောလိုက်သည်။

သူမ ချောက်အတွင်းသို့ လျှောက်သွားလိုက်ပြီး ရုတ်တရက် ခေါ်သံတစ်ချို့ကို ကြားလိုက်ရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset