ရီဖူရှင်းက စည်းဝိုင်းထဲသို့ အေးဆေးစွာ လျှောက်သွားလိုက်သည်။ အကြည့်ပေါင်းများစွာက သူ့ထံရောက်နေသည်။ လူငယ်မျိုးဆက်များက စကားတစ်ခွန်းမှ မပြောကြတော့ပေ။ ရီဖူရှင်းက သူမည်မျှ အရည်အချင်း ရှိကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။ လူကြီးများကလည်း သူ့ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ကု့ချင်းမိစ္ဆာက သည်ကောင်လေးအား ခေါ်ကာ ဒွန်ဟိုင်မြို့သို့ ပြန်ရောက်လာခဲ့သည်။ သူ့တပည့်က မည်မျှ ထူးချွန်သနည်း အားလုံး စိတ်ဝင်စားကြသည်။
ရီဖူရှင်းက ထိုင်လိုက်ကာ ကု့ချင်းအားရှေ့တွင် ချလိုက်သည်။ အဖြူရောင်ဝတ်စုံဖြင့် သူကား အလွန် ချောမောနေသလို သိမ်မွေ့သော ကိုယ်ရောင်ကိုယ်ဝါများ သူ့ထံမှ ပျံ့လွင့်လာနေသည်။
ဤသည်ကို ကြည့်လျှင် လင်းဇီယွီ အံ့အားသင့်ရသည်။ လျိုနန်းတော်တွင် သူ့အား စတွေ့စဉ်က ရီဖူရှင်းအား သာမန်ဂီတသမားဟု တွေးခဲ့ပုံကို စဉ်းစားမိကာ မချိပြုံး ပြုံးမိသည်။ ထို့နောက် ရီဖူရှင်းက ဆက်လက်၍ သူ့စွမ်းရည်ကို လျိုနန်းတော်တွင် ပြသခဲ့သည်။ ယနေ့ ရီဖူရှင်းက ကျောက်မူအား ဒွန်ဟိုင်ကျောင်းတော်တွင် အနိုင်ရခဲ့သည့် အကြောင်းကို ကြားရပြန်သည်။ သည်ချောမောသော လူငယ်ကား အလွန် ထူးခြား ထက်မြက်လွန်းလှသည်။
သူမ၏အဖေက လင်းဇီယွီအား ကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူက ရီဖူရှင်း က ကျောက်မူကို အနိုင်ယူခဲ့သည့် အကြောင်းကို သိသည်။ သို့သော် သူက လင်းဇီယွီကို မပြောပြခဲ့ပေ။ သည်မိန်းကလေးကား ရီဖူရှင်းကို စိတ်ဝင်စားနေပုံရသည်။ သို့သော် ကောင်လေးမှာ ကု့ချင်းမိစ္ဆာ၏တပည့် ဖြစ်နေသည်။ ကု့ချင်းမိစ္ဆာမှာ အနုပညာသူတော်စင်နှင့် ပြဿနာများရှိသည်။ ထို့အတူ ကောင်လေးမှာလည်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ပြဿနာများ ရှိနေသည်။ သူ၏အနာဂတ်မှာ အဖုအထစ်များလှ၏။ ထို့အတူ ကောင်လေးတွင် နန်ဒူမိသားစုမှ မိန်းကလေးနှင့် ချစ်သူဖြစ်နေသည်။ သူ့သမီးအား ထိုပြဿနာ အရှုပ်အထွေးများ ကြားတွင် ဝင်ရောက် ပတ်သက်မည်ကို သူမလိုလားပေ။
မူဟောင်ကလည်း မျက်မှောင်ကုတ်လျက် ရီဖူရှင်းအား ကြည့်နေသည်။
ရီဖူရှင်းက မှောင်ရီလုနီးပါး ကောင်းကင်အား ကြည့်လိုက်သည်။ သူ၏ကြည်လင်သော မျက်လုံးတွင် အပြုံးရိပ်များ ထင်ဟပ်နေသည်။ သူက တီးတိုး ပြောလိုက်သည်။ သို့သော် လူတိုင်းက သူ့အသံကို ကြားရ၏… “ဒီသီချင်းက ကျုပ်ကိုယ်တိုင် ရေးစပ်ထားတာ… သီချင်းနာမည်က သူရဲကောင်းလို့ခေါ်တယ်…” ထို့နောက် သူက စတင် တီးခတ်လိုက်သည်။ လက်ချောင်းများက ကု့ချင်းကြိုးနှင့် စတင် ထိခတ်လိုက်လျှင် ချိုမြိန်သော ဂီတသံစဉ်များ ထွက်ပေါ်လာသည်။
“သူက ဘယ်သူ့ကိုမှ စိန်မခေါ်ဘူး… သူက သီချင်းပဲတီးနေတယ်…” တစ်ယောက်က တီးတိုးပြောလိုက်သည်။ ပရိသတ်များကလည်း စိတ်ဝင်တစား ကြည့်နေကြသည်။ ယနေ့စုဝေးပွဲ၏ ရည်ရွယ်ချက်ကား ကျောင်းသူ ကျောင်းသားများ၏ စွမ်းဆောင်ရည်များကို သိလို၍ဖြစ်သည်။ သူတို့က တခြားလူများအား စိန်ခေါ်ရန် မလိုအပ်ပေ။ ကု့ချင်းမိစ္ဆာ၏တပည့်မှာ ဂီတပညာရှင်ဖြစ်ရာ သူ သီချင်း တီးခတ်သည်မှာ ထူးဆန်းမှုမရှိပေ။
လူတိုင်းက စကားပြောနေခြင်းအား ရပ်တန့်လိုက်ကြသည်။ ဂီတသံထွက်လာသော အခိုက်အတန့်တွင် သူတို့က ရသ အသိပညာများ ကြားထဲသို့ ကျရောက်သွားကြသည်။
ပထမတွင် ဂီတသံကား အားကောင်းကာ လန်းဆန်းသည်။ ဂီတသံစဉ်က သူတို့၏နားထဲသို့ ဝင်ရောက်သွားသည်နှင့် ပရိသတ်များ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ အလွန်ချောမောသော လူငယ်တစ်ယောက်က သူ့ဆရာအား ပထမဆုံး ဦးညွှတ် အရိုအသေပေးသော ပုံဟန်ဖြစ်သည်။ လူငယ်ကား အလွန်ထူးချွန်သည်။ သူ့ဆရာက လူငယ်အား သဘောကျကာ သူ့ပညာရပ်များ အားလုံးကို လက်ဆင့်ကမ်းပေးသည်။ သူ့တပည့်မှာ တဖြည်းဖြည်း စွမ်းအားမြင့်လာသည်။
ဂီတသံစဉ်က ပိုမို၍ ချိုမြိန်လာကာ တက်ကြွစေသော အင်အားများ ပါဝင်လာသည်။ ထိုဂီတက သူတို့အား အချစ်ကို ခံစားစေနိုင်သည်။ သူတို့ မသိလိုက်စဉ်မှာပင် ပုံပြင်ထဲသို့ ဝင်ရောက်သွားကြပြီ။ လူငယ် ကြီးပြင်းလာသည်။ မိန်းကလေး တစ်ယောက်နှင့် တွေ့ကာ ချစ်ကျွမ်းဝင်ကြသည်။ ထိုလူငယ်၏နှလုံးခုန်သံအား ဂီတသံစဉ်ထဲတွင် ခံစား၍ ရနေသည်။
ဂီတသံစဉ်က တစ်ဖန် ပြောင်းလဲသွားသည်။ ထိုအရာက လေးလံကာ မှောင်မိုက်သွားသည်။ လူငယ်နှစ်ဦး၏ ဆက်ဆံရေးမှာ အတားအဆီးများ ဖြစ်ပေါ်လာသည်။ လူတချို့၏မျက်မှောင်များ ကုပ်သွားသည်။ သည်ပုံပြင်က ဟွာဖန်းလူ၏ အကြောင်းများလား။
ဂီတသံစဉ်က ပြောင်းလဲ သွားပြန်သည်။ လူငယ်က ရင့်ကျက်သွားပြီး နောက်ပိုင်းတွင် အောင်မြင်လာသည်။ သို့သော် သူက မည်သည့် အခက်အခဲပင် ရှိသည်ဖြစ်စေ။ မည်သူက ဆန့်ကျင်နေပါစေ သူ့ချစ်သူနှင့်သာ အတူ ရှိနေချင်ပေသည်။
ဂီတသံစဉ်က တဖြည်းဖြည်း အားကောင်းလာသည်။ သံစဉ်မှ အဓိက ဇာတ်ဆောင်မှာ ကံကြမ္မာနှင့် ရင်ဆိုင် တိုက်ခိုက်နေဟန် ရှိသည်။ အရာအားလုံးအား သူတစ်ယောက်တည်း ရင်ဆိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ ကျရှုံးခဲ့သည်။ ဂီတသံစဉ်က ထိုသူရဲကောင်း၏ အကောင်းဆုံး အချိန်များ ကျော်လွန်သွားဟန်ဖြင့် အသက်မဲ့သွားသည်။
လူတိုင်းက သီချင်းမှာ ပြီးဆုံးသွားပြီဟု တွေးနေကြစဉ်မှာပင် ထိုအသက်မဲ့နေသော သံစဉ်က သူ၏စွမ်းအင်များ ပြန်လည် နိုးထလာသည်။ စိတ်စွမ်းအားများ တစ်ဖန် ထိပ်ဆုံး ရောက်လာသော်လည်း သူ၏စိတ်မှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။ လူတိုင်းက ခံစားမိသည်မှာ အဓိက ဇာတ်ဆောင်မှာ အခက်အခဲ အများအပြားအား တိုက်ခိုက်ပြီး တန်ခိုးကျင့် နေသော်လည်း သူ၏ချစ်သူနှင့် အိမ်ကိုမူ မေ့နိုင်ဟန်မတူပေ။ သူက ပြန်လာပြီး ကမ္ဘာကြီးအား တစ်ဖန် ပြောင်းလဲရန် ကြိုးစားပြန်သည်။ သူက ရှုံးနိမ့်ခဲ့သည့်တိုင် သူကား သူရဲကောင်းတစ်ယောက် ဖြစ်ပေသည်။
သံစဉ် ရပ်တန့်သွားသည်။ ဂီတက မှုန်ဝါး ပျောက်ကွယ်သွားသည်။ လူတိုင်း တကယ့်အဖြစ်မှန်သို့ ပြန်လာရန်ပင် ဆန္ဒရှိကြဟန်မတူ။ အထူးသဖြင့် လူငယ် အများစုမှာ ထိုဂီတ၏ညှို့ငင်အားကို လွန်ဆန်နိုင်ဟန် မတူကြပေ။
လာဘ်လာဘ ကျောင်းဆောင် လူအုပ်စုတွင် တန်လန်၏ မျက်ဝန်းများတွင် မျက်ရည်စများ ခိုတွဲနေပြီ။ သူမက ယခု ဒဏ်ရာ အပြင်းအထန် ရထားသော ဟွာဖန်းလူအား ကြည့်လိုက်သည်။ သူ၏ချောမောသော မျက်နှာပေါ်တွင် ပြုံးရိပ်သန်းနေသည်။ သူ၏တပည့်ကာ ယခု ကိုယ်ပိုင်သံစဉ်ကိုပင်လျှင် ဖန်တီးနိုင်ပြီဖြစ်ကာ သူ့ဘဝအား တီးခတ် ဖော်ကျူးသွားသည်။
လူအများအပြားက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သည်သီချင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်အား သူတို့အားလုံး နားလည်ကြသည်။ သည်သီချင်းကား ကု့ချင်းမိစ္ဆာ၏ဘဝကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ရီဖူရှင်းက ဂီတကို အသုံးပြု၍ သူ့ဆရာ၏ဘဝကို ဖော်ကျူးထားသည်။ သူက တစ်ယောက်ကိုမှ မတိုက်ခိုက်သော်လည်း သူ၏သံစဉ်များကြောင့် ကု့ချင်းမိစ္ဆာ၏အတိတ်မှာ ပို၍ ရုပ်လုံးကြွကာ လူတိုင်း၏ရင်ထဲကို နက်ရှိုင်းစွာ စီးဝင်သွားစေသည်။ မည်သူကမှ သူ့သီချင်းအား အထင်မသေးရဲကြပေ။
မူဟောင်က ရီဖူရှင်းအား မျက်မှောင်ကုတ်လျက် ကြည့်နေသည်။ ဟွာဖန်းလူက သူ့တပည့်အတွက် သူ့ထံ လာရောက် အသနားခံသည်ကို တွေးကာ သူက ထူးဆန်းသည် မထင်တော့။ သူကား ဒုတိယ ဟွာဖန်းလူ ဖြစ်သည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ သူက ဟွာဖန်းလူထက်ပင်လျှင် ပို၍ ထက်မြက်မည့်ဟန် ရှိနေသည်။
“မင်းက ဘယ်သူ့အတွက် တီးတာလဲ…” လျိုဂျင်လန်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင် နေရာမှ မေးသည်။
“အရှင့်သား… ကျွန်တော်က ဆရာ့အတွက် တီးခတ်တာပါ…” ရီဖူရှင်းက သူ့လက်အား ကု့ချင်းပေါ်မှ ချ၍ လျိုဂျင်လန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းဂီတက အနုပညာရသသိ အပြည့်ရှိတယ်… ဒါပေမဲ့ တိုက်ခိုက်မှုပုံစံ ပျောက်နေတယ်… မင်းက တကယ့်မှော်ဂီတပညာကို မထုတ်ဖော်ခဲ့ဘူး… ဒီလို ထူးချွန်တဲ့ ဂီတသမားတစ်ယောက် ဖြစ်နေတယ်ဆိုမှတော့ ငါ့အတွက်ရော တစ်ခုခု မတီးခတ် ပေးချင်ဘူးလား…” လျိုဂျင်လန်က ပြောသည်။
ရီဖူရှင်းက အိမ်ရှေ့စံမင်းသားအား ကြည့်လိုက်သည်။ လျိုဂျင်လန်မှ သူ့အား တောင်းဆိုမှတော့ သူက ငြင်း၍ မရတော့ပေ။ သူက ခေါင်းညိတ်၍ ပြောလိုက်သည်… “ကောင်းပြီ… ကျွန်တော်က ကိုယ်ပိုင်မှော်ဂီတ သိုင်းကွက်ကို ဖန်တီးလို့ မရသေးတော့ တခြားလူရဲ့ ဂီတမှော် သိုင်းကွက်ကိုပဲ အသုံးပြုပါ့မယ်…”
“ဒါပေါ့…” လျိုဂျင်လန်က ခေါင်းညိတ် လိုက်သည်။
ရီဖူရှင်းက ခေါင်းငုံ့ကာ စတင် တီးခတ်လိုက်သည်။ သူ၏လက်ချောင်းများက တူရိယာကြိုးများအား တုန်ခါစေသည်။ ဂီတသံစဉ်တစ်ခုက မိုးကြိုးဟိန်းသံအလား လေထဲသို့ ပျံ့နှံ့သွားသည်။ ရီဖူရှင်းက ရေရွတ်လိုက်သည်… “ဒီသီချင်းရဲ့နာမည်က… ကမ္ဘာကြီး…ဖြစ်တယ်…”
ဂီတသံစဉ်များက စတင် ကခုန်ကြသည်။ ပရိသတ်များက ချက်ချင်းပင် အလွန် အားကောင်းသော စွမ်းအင်တစ်ခုအား ခံစားလိုက်ကြရသည်။ လူအများအပြား၏ အမူအရာများ ပြောင်းလဲသွားသည်။ ရီဖူရှင်းကား တကယ့်ပါရမီရှင် အစစ်အမှန်ဖြစ်သည်။ သူတို့က သည်သံစဉ်မှာ အိမ်ရှေ့စံမင်းသားလေး အတွက် ဖန်တီးထားခြင်း ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
ကြောက်မက်ဖွယ် ဂီတအားလှိုင်း မုန်တိုင်းက ရီဖူရှင်း၏အနီးတွင် စုစည်း လာနေကြသည်။ ထိုစဉ် လူတိုင်း၏စိတ်ဝိညာဉ်ထဲတွင် ဂီတသံစဉ်နှင့်အတူ ပုံရိပ်များ ဖြစ်ပေါ်လာသည်။ အလွန်အားကောင်းသော ဧကရာဇ်တစ်ပါးက စစ်မြေပြင်သို့ ဆင်းသက်လာကာ ရေမြေများအား ထိန်းချုပ်ကာ အပိုင်စိုးရသည်။ တချို့က ဘုရင်ကြီးက နဂါးကြီးတစ်ကောင်အား စီးကာ ကမ္ဘာကြီးအား လှည့်ပတ်ကြည့်ရှုနေသည်ကို မြင်ကြရသည်။ ခရီးသွားများ အားလုံးက သူ့အား ဦးညွှတ်ဂါရဝပြုကြသည်။
သံစဉ်ထဲတွင် ကမ္ဘာကြီးကား ပန်းချီကား တစ်ချပ်လိုပင်။
လူတချို့ကို သွားတိုက်ခိုင်းချည်… လျိုဂျင်လန်က ထူးမခြားနားစွာ ပြောသည်။
ဝန်ကြီးချုပ်ဟွာက ကြယ်စင်ဧကရာဇ် ကျောင်းအုပ်ကြီးအား ကြည့်ကာ ညွှန်ကြားချက် တချို့ပေးလိုက်သည်။ ထို့နောက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူငယ်တချို့ ရီဖူရှင်းထံ လှမ်းသွားကြသည်။ သို့သော်လည်း သူတို့၏ခြေလှမ်းများအား ခက်ခဲလှသည်။ ဂီတသံစဉ်က သူတို့၏နားထဲသို့ အဆက်မပြတ် ဝင်လာနေကြခြင်းက သူတို့အား ပြန်လည် တိုက်ခိုက်ရန် ကြောက်ရွံ့စေသည်။
ထိုလူငယ်များက သဘာဝစွမ်းအင်များအား စုစည်းလိုက်ကြပြီး ရှေ့ကို တိုးသွားကြသည်။ သို့သော်လည်း ဂီတသံစဉ်က ပိုမို အားကောင်းလာသည်။ ထိုသံစဉ်များက တိမ်တိုက်သို့ အထိတိုင် ထိုးဖောက်သွားမည့်ဟန် ရှိနေသည်။
ယခု ရီဖူရှင်းအား မြင့်မြတ်သော အလင်းရောင်များ လွှမ်းခြုံနေသည်။ သူကာ ဘုရင်ငယ်တစ်ပါးလိုပင်။ ကမ္ဘာကြီးအား ကိုယ်စားပြုသည်။
လူတိုင်းက ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုအား မြင်တွေ့ကြရသည်။ ကောင်ကင်ထက်တွင် ဝေဝါးသော ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့တွင် ဧကရာဇ်၏ ဝတ်ရုံရှည်နှင့် ခေါင်းဆောင်း သရဖူပါဝင်သည်။ ထိုပုံရိပ်က ကမ္ဘာကြီးအား အမိန့်ပေးနေသကဲ့သို့ သူတို့အား အလိုအလျောက် ဦးညွှတ်စေကာ ထိုလူများထံ လျှောက်သွားလိုက်သည်။
ရီဖူရှင်းထံ တိုးဝင်သွားကြသော အားနည်းသွားသော ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းသားများမှာ ယခု မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရီဖူရှင်းအား ဦးညွှတ်နေကြပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်းအား အခစား ဝင်နေကြသကဲ့သို့ပင် ဂီတ၏ လွှမ်းမိုးမှုအောက်တွင် ဒူးထောက်နေကြပြီး လုံးဝ ခေါင်းမမော့ရဲကြတော့ပေ။ သူတို့အား ဂီတသံစဉ်က ထိန်းချုပ် သွားပြီးသောအခါ ထိုသူတို့မှာ ဧကရာဇ်အား ခစားသူများ ဖြစ်လာကြတော့သည်။
အရေးပါသော ပုဂ္ဂိုလ်များ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူတို့က သည်လူငယ်၏ပါရမီနှင့် ကိုယ်ရောင်ကိုယ်ဝါအား ခံစားမိသည်။ တစ်စုံတစ်ခု မှားယွင်းနေလေပြီ။
သည်သီချင်း၏ နာမည်ကား “ကမ္ဘာကြီး” ဖြစ်သည်။ သည်သီချင်းကား အိမ်ရှေ့စံမင်းသား အတွက် တီးခတ်ပေးခြင်း ဖြစ်သော်လည်း ထိုအခိုက်တွင် ရီဖူရှင်း ကိုယ်တိုင်က အလွန်ကြီးမြတ်လှသော ဧကရာဇ်တစ်ပါး ဖြစ်လာကာ လျိုဂျင်လန်အား မျက်နှာချင်းဆိုင် ရင်ဆိုင်နေသည်။ ထိုသိမ်မွေ့ကာ ချောမောသော လူငယ်လေးမှာ အမှန်တကယ် ဧကရာဇ်နှင့် တူနေလေပြီ။ သည်မှော်သံစဉ်က တခြားလူများက သင်ပေးခြင်းလော။ သို့မဟုတ်လျှင် သူကိုယ်တိုင်က သည်သီချင်းနှင့်အတူ မွေးဖွားလာခြင်းပေလော။
လင်းဇီယွီက အံ့အားသင့်စွာ ကြည့်နေသည်။ ယခု ရီဖူရှင်းကား လျိုနန်းတော်တုန်းက ရီဖူရှင်းထက်ပင်လျှင် ပို၍ ထွန်းလင်း တောက်ပနေသည်။ သူကား ပြိုင်ဘက်ကင်း၏။ သူက ကျောက်မူကိုထား၍ အိမ်ရှေ့စံမင်းသား လျိုဂျင်လန်ကဲ့သို့သော သူနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
မူဟောင်လည်း အံ့အားသင့်ကာ မှင်တက်နေသည်။ ဟွာဖန်းလူတွင် သည်ကဲ့သို့သော တပည့်ရှိပြီး သူ့ထံ လာရောက် အသနားခံသောအခါ အမှန်တကယ်ပင် သူငြင်းပယ်ခဲ့သည်။
“ဒီအကောင်က နှိမ့်ချဖို့ကို မသိတတ်ဘူးလား…” ယိချန်က ညည်းလိုက်သည်။ သူက ရီဖူရှင်းအား သည်စုဝေးပွဲကို မတက်ရောက်စေလိုပေ။ အလွန် တောက်ပခြင်းကား ကောင်းမွန်သော ကိစ္စမဟုတ်ပေ။ ယနေ့အချိန်တွင် ဝန်ကြီးချုပ်ဟွာနှင့် အိမ်ရှေ့စံမင်းသားတို့မှာ အလွန်နီးကပ်သော အခြေအနေရှိသည်။ သူက ရီဖူရှင်းကို နှိမ့်ချစွာ နေစေလိုကာ နှစ်သစ်တွင် ဝန်ကြီးချုပ်ကျိုနှင့်အတူ တန်ဖန်း ပွဲတော်ကို တက်ရောက်စေလိုသည်။
“လူတချို့က ဒီလိုမျိုး မွေးဖွားလာကြတယ်…” ဟွာဖန်းလူက တည်ငြိမ်စွာ ပြောလိုက်သည်။ ရီဖူရှင်း၏လျှို့ဝှက်ချက်အား လူအများအပြား မသိကြသော်လည်း သူနှင့် ယူချင်းသိသည်။ ဧကရာဇ်ရီချင်၏ ဆက်ခံသူမှာ သာမန်လူ မဖြစ်နိုင်ပေ။ သူက ဂီတအား တီးခတ်လိုက်လျှင်ပင် သူကိုယ်တိုင် မသိလိုက်ပဲ သူ့ကိုယ်ရောင်ကိုယ်ဝါများ ပေါ်ထွက်လာမည် ဖြစ်သည်။
လျိုဂျင်လန်က ရီဖူရှင်းအား တစ်စုံတစ်ခု တီးခတ်ပေးရန် ပြောသောအခါ “ကမ္ဘာကြီး” သီချင်းမှာ အသင့်တော်ဆုံးသော သီချင်းဖြစ်သည်။ သို့သော် သည်သီချင်းက ရီဖူရှင်းထံမှ ဧကရာဇ်ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါကို ဖြစ်ပေါ်စေသည်။ သည်အရာက သီချင်းကြောင့်လည်း မဟုတ်သလို တမင် ရည်ရွယ်၍လည်း ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ပေ။ သည်အရာကား မွေးရာပါ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သည်။
ရီဖူရှင်း၏နက်ရှိုင်းသော နောက်ခံကို ဟွာဖန်းလူ ခန့်မှန်း၍ ရသည်။
ထိုအခိုက်တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လူအုပ်အတွင်းရှိ အမြင့်ဆုံးသော ထိုင်ခုံတွင် ထိုင်နေသော လျိုဂျင်လန် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထို့နောက် အံ့အားသင့်ဖို့ ကောင်းစွာပင် သူက ရီဖူရှင်းထိုင်နေရာ စည်းဝိုင်းနေရာသို့ လျှောက်သွားလိုက်သည်။
လူတိုင်းက သူတို့နှစ်ယောက်မှာ တူညီသည်ဟု ခံစားနေကြရသည်။ လျိုဂျင်လန်ကား ဘုရင်ဖြစ်လာရန် မွေးဖွားလာသူဖြစ်သည်။ နန်ဒူနိုင်ငံရှိ လူတိုင်းက တစ်နေ့တွင် သူက နန်ဒူနိုင်ငံကို အုပ်ချုပ်မည်ကို သိကြသည်။ လျိုဂျင်လန်က တူညီသော အရာတစ်ခု ရီဖူရှင်းထံမှ လာသည်ကို ခံစားရသည်။ ထိုအရာကား ဧကရာဇ်တစ်ပါး၏ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သည်။
ဂီတသံစဉ်က အမြင့်ဆုံးကို ရောက်ရှိလာသည်။ ထို့နောက် သံစဉ်က ကောင်းကင်မှ ဆင်းသက်လာကာ ရပ်တန့်သွားသည်။ လျိုဂျင်လန်ကလည်း ရီဖူရှင်း၏ရှေ့တွင် ရပ်လိုက်သည်။ မျက်လုံးပေါင်းများစွာက သူတို့အား ကြည့်နေကြသည်။ ယိချန်နှင့် ဟွာဖန်းလူတို့က ကြည့်နေရင်း ပိုမို၍ စိုးရိမ်လာသည်။ အိမ်ရှေ့စံတစ်ယောက် အနေဖြင့် သီချင်းတစ်ပုဒ်အတွက် လူပုံအလယ်တွင် ရီဖူရှင်းအား သတ်ဖြတ်မည် မဟုတ်သည်ကို သူတို့သိသည်။ ထို့အပြင် သူက ရီဖူရှင်းအား သီချင်းတီးခတ်ရန် ပြောခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် သူတို့စိတ်ထဲမှ စိုးရိမ်စိတ်က ဖယ်ထုတ်၍ မရပေ။
“ငါ့နောက်ကိုလိုက်ခဲ့… ငါဘုရင်ဖြစ်လာတဲ့အခါ မင်းက ဝန်ကြီးချုပ် ဖြစ်လာလိမ့်မယ်…” လျိုဂျင်လန်က ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောသည်။
ထိုသို့ပြောလိုက်လျှင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သူ ဘုရင်ဖြစ်လာသောအခါ ရီဖူရှင်းက ဝန်ကြီးချုပ် ဖြစ်လာမည်။
***