အပိုင်း(၃၀)-လျှို့ဝှက်ကြံစည်မှုများ ဆန့်ကျင်ခြင်း

လိုဏ်ဂူဝင်ပေါက်သည် ကျဉ်းမြောင်းလှသည်။ သို့သော် ဝင်လိုက်သောအခါ အထဲတွင် လူသုံးလေးရာလောက် သက်တောင့် သက်သာစွာရပ်နိုင်လောက်အောင်ကျယ်သည်။

ရှီမာယူယူသည် ထိုအတွေ့အကြုံကို စာအုပ်ပြခန်းတွင် တွေ့ဖူးပြီးဖြစ်၍ မအံ့သြတော့ပါ။ သို့သော် သူမအနားမှ လူများသည် ပထမဆုံးအကြိမ်တွေ့ကြုံခြင်းဖြစ်၍ အံ့သြကာ လူအုပ်ကြီးမှ စိတ်လှုပ်ရှားမှုဖြင့် စကားသံများ ဆူညံစွာထွက်လာသည်မှာ လိုဏ်ဂူတစ်ခုလုံးပြည့်နှက်သွားတော့သည်။

ခုဏက ဖန်ကျိရှင်းပြောသော တံခါးသုံးပေါက်ကို ရှာရန် သူမလှည့်ပတ်ကြည့်လိုက်သည်။ သို့သော် မြေကြီးမှ ထွက်လာသော အလင်းရောင်အကွင်းအနည်းငယ်ကိုသာ တွေ့ရသည်။

“အားလုံး တိတ်တော့” ဆရာတစ်ယောက်သည် အော်လိုက်ကာ သူ့အသံသည် လိုဏ်ဂူအား ပဲ့တင်ထပ်သွားပြီ အကုန်လုံးသည် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

“ဆရာ ကျွန်တော်တို့ ဘာတံခါးမှ မတွေ့ပါဘူး” ကျောင်းသားတစ်ယောက်ကမေးလိုက်သည်။

“ဒီအလင်းရောင်အကွင်းတွေက ဝိညာဉ်သားရဲဥတွေရှိတဲ့နေရာကို ခေါ်သွားပေးမယ့် တံခါးပေါက်ပဲ။ မှတ်ထားပါ မင်းတို့ ဝိညာဉ်သားရဲဥကိုရွေးပြီးတာနဲ့ ချက်ချင်းပြန်ထွက်လာရမယ်။ ဒုတိယအခွင့်အရေးဆိုတာမှရှိဘူး မင်းတို့ ကိုယ်ပိုင် အခွင့်အရေးကိုဆုပ်ကိုင်ရမယ် ဒီအခွင့်အရေးကို မဖျက်ဆီးနဲ့ ပြီးတော့ မင်းတို့အလိုချင်ဆုံးကို ရွေးချယ်ပါ” နောက်ဆရာတစ်ယောက်မှ ထပ်ပေါင်းပြောလိုက်သည်။

“မင်းတို့ ဒီ ဖြတ်လမ်းသုံးခုကနေသားနိုင်တယ် လေးခုမြောက်ကို သွားလို့မရဘူး။ လေးခုမြောက်ကို သွားတဲ့သူက ကိုယ့်အပြုအမူကိုယ် တာဝန်ယူရမယ်။ မင်းတို့ ဘာပြဿနာဖြစ်ဖြစ် ကိုယ့်ဘာသာ တာဝန်ယူရမယ်” ပထမ ဆရာသည် အဓိကအချက်အဖြစ် ပြောလိုက်သည်။

“ဆရာ ဖြတ်လမ်း လမ်းကြောင်းတွေအကုန်လုံးက မတူဘူးလား”

“အကုန်လုံးက အတူတူပဲ အဲလမ်းကြောင်းတွေက ဝိညာဉ်သားရဲဥရွေးဖို့ နေရာတွေကို မင်းတို့ကို ကျပန်းပို့ပေးလိမ့်မယ်။ ကောင်းပြီ အခုသွားကြတော့ လူအုပ်နောက်မလိုက်ပဲ ကိုယ်ဝင်ချင်တဲ့ လမ်းကြောင်းကို ရွေးချယ်ပါ။”

ဆရာပြောပြီးသည်နှင့် အားလုံးသည် လမ်းကြောင်းများဆီသို့ ဦးတည်သွားကြသည်။ အကုန်လုံးသည် ကျပန်းဖြစ်၍ အခွင့်အရေးသည်လည်းတူညီကြောင်း ဆရာများရှင်းပြပေးပြီးသော်လည်း သူတို့စိတ်ထဲတွင်တော့ အရင်ဝင်တဲ့သူသည် အကောင်းဆုံး ဝိညာဉ်သားရဲဥကိုရွေးချယ်နိုင်မည့် သော့ချက်ကို ရထားသည်ဟု ခံစားရဆဲပင်။ မကြာခင်တွင် ကျောင်းသားတချို့သည် ဖြတ်လမ်း လမ်းကြောင်းကို ဝင်ကာပျောက်ကွယ်သွားတော့သည်။

ထိုသည်ကို တခြားကျောင်းသားများမြင်သည်နှင့် ပိုမိုစိတ်လှုပ်ရှားသွားပြီး မကြာခင်တွင် အားလုံးသည် ရုတ်ရုတ်သဲသဲပြေးလွှားနေကြတော့သည်။

ရှီမာယူယူသည်လည်း အတင်းအကျပ်တိုးသဖြင့် ရှေ့ရောက်သွားကာ တံတောင်ဖြင့်အတွတ်ခံရလေသည်။ မကြာခင်တွင်ပင် စိတ်ထဲတွင် ပေါ်လာသော လမ်းကြောင်းကို ရွေးရန်ပြင်ဆင်တော့သည်။ ထိုလမ်းကြောင်းသည် ဆရာများ ဘယ်သူမှမဝင်ရန် တားမြစ်ထားသော လေးခုမြောက်လမ်းကြောင်းပင်ဖြစ်သည်။ အားလုံးသည်လည်း အထဲတွင် ဝိညာဉ်သားရဲဥမရှိတော့သည်ဟု ခံစားမိသဖြင့် အနားကိုတောင်မသွားပေ။

ထိုလမ်းကြောင်းသည် အလင်းရောင်မတောက်ပဲ ပိတ်ထားသည်။ သို့သော် ရှီမာယူယူ အကြည့်တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူမ အလင်းရောင်နှစ်ချက်ကို မြင်လိုက်သည်ဟု ထင်မိသည်။

“လာခဲ့…လာခဲ့…”

ရှီမာယူယူသည် သူမအားခေါ်သံကိုထပ်ကြားမိပြီး အေးခဲသွားတော့သည်။ ဒီတစ်ကြိမ်တွင် သူမနောက်မှ တစ်စုံတစ်ယောက်သည် သူမအားတွန်းလိုက်သည်ကိုခံစားမိပြီး သူမသတိမထားမိခင်မှာပင် သူမသည် လေးခုမြောက် ဖြတ်လမ်းပေါ်တွင် ရပ်မိနှင့်ပြီးသားဖြစ်နေသည်။

ဒီတစ်ကြိမ်တွင် ဖြတ်လမ်း လမ်းကြောင်းသည် မျက်စိစူးလောက်အောင် အနီရောင်အလင်းတန်းများထုတ်လွှတ်တော့သည်။ ရှီမာယူူ သူမခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သောအခါတွင်  မုန်းမှုအပြည့်ဖြစ်နေသောမျက်လုံး၊ မလိုမုန်းထားသော အပြုံးဖြင့် သူမအားကြည့်နေသော ဟီကျူကျိကိုတွေ့လိုက်ရသည်။

“မင်း….” သူမ တစ်စုံတစ်ရာကိုပြောရန်အခွင့်အရေးမရလိုက်ခင်တွင် သူမသည် အနီရောင် အလင်းအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

အနီးမှရှိသော ဆရာတစ်ယောက်သည် အနီရောင်အလင်းတန်း လင်းသွားသည်ကို မြင်လိုက်သောအခါ တုန်လှုပ်သွားပြီး အော်မေးလိုက်သည်။ “ဘယ်သူလဲ လေးခုမြောက်ဖြတ်လမ်း လမ်းကြောင်းကို ဝင်သွားတာ ဘယ်သူလဲ”

ကျောင်းသား အရေအတွက်တစ်ဝက်လောက်သည် ဖြတ်လမ်းလမ်းကြောင်းကိုဝင်ရန် ဟန်ပြင်နေကြသော သူများဖြစ်၍ ဆရာဘာများဖြစ်သလဲဟူသော ပဟေဠိဆန်သော အမူအရာများဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

“ဆရာ အထူးတန်းက ရှီမာယူယူဝင်သွားတာလို့ထင်တာပဲ” တစ်စုံတစ်ယောက်မှပြောလိုက်သည်။

“ရှီမာယူယူ ဟုတ်လား။ အော် ကောင်းပြီ လာကြ” ဆရာကပြောလိုက်သည်။

အမှိုက်ဖြစ်နေတော့လည်း စိုးရိမ်စရာတော့မရှိဘူးလေ။

အလားတူ ဖြစ်ရပ် ဖြစ်မလာစေရန် ကျောင်းသားများသည် အစဉ်လိုက် ဖြတ်လမ်း လမ်းကြောင်းကို ဝင်ကြတော့သည်။

ထိုအချိန်တွင် ဂူအပြင်တွင်ရှိနေသော ဖန်ကျိရှင်းသည် အနီရောင်အလင်းတန်းကို မြင်လိုက်သောအခါ စိတ်ထင့်သွားတော့သည်။

သူဂူထဲသို့ဝင်ကာ ချက်ချင်းမေးလိုက်သည်။ “လေးခုမြောက်ဖြတ်လမ်း လမ်းကြောင်းကို ဝင်သွားတာဘယ်သူလဲ”

“ဆရာ့ရဲ့ကျောင်းသား ရှီမာယူယူပဲ” ဆရာတစ်ယောက်က ဖြေလိုက်သည်။ “ဒီပရမ်းပတာတွေဖြစ်နေတဲ့ကြားမှာ အတွန်းခံလိုက်ရတာ ဖြစ်နိုင်တယ်”

“ဘာပြောတယ်” ဖန်ကျိရှင် နှလုံးခုန်သံများမြန်လာသည်။ “အထဲမှာ….”

“ဆရာဖန် အဲဒီကျောင်းသားဝင်သွားလို့ ဝိညာဉ်သားရဲဥမရှိတာသိရင် ပြန်ထွက်လာမှာပါ။ အဲလောက်စိုးရိမ်စရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားလုပ်လို့ရတာမရှိဘူး မစိုးရိမ်ပါနဲ့”

“ဟုတ်ပါတယ်။ ကျောင်းကတောင် အဲဒီ လေးခုမြောက် ဖြတ်လမ်း လမ်းကြောင်းကို မဖွင့်တာ ဘာပြဿနာမှ မရှိလောက်ပါဘူး”

ပြဿနာမရှိဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အဲဒီဖြတ်လမ်းကို ဝင်သွားဖူးတဲ့ကျောင်းသားတွေက ရူးသွားပြီး သူတို့တစ်ဘဝလုံး အဲလိုပဲ အဆုံးသတ်သွားတယ်ဆိုတာ မနေ့ကပဲ ကျောင်းအုပ်ဆရာကြီးပြောခဲ့တာလေ။ အဲဒါက ပြဿနာမရှိတာလား။

ပြောရမည်ဆိုလျှင် ထိုအထဲသို့ဝင်သွားသော ကျောင်းသားတချို့ မဖြတ်ကျော် နိုင်သည်ကို ကျောင်းအုပ်ကြီးမပြောဖူးပါ။

“ဆရာဖန် ခင်ဗျားက ဆရာအသစ်မို့လို့ ဒါကိုနားမလည်သေးတာပါ။ ဒီမှာ အနေကြာသွားရင် ရှင်းသွားလိမ့်မယ် အဲဒါ ပြဿနာမဟုတ်ဘူးဆိုတာကို” ဆရာနောက်တစ်ယောက်မှ ထပ်ပြောလိုက်သည် “ဒီအထဲကို ဝင်သွားတဲ့ ကျောင်းသားတွေအကြောင်းက ကောလဟလပါ ခင်ဗျားကျောင်းသာ အဆင်ပြေမှာပါ”

“မဖြစ်ဘူး ကျွန်တော်ဝင်မှဖြစ်မယ်” ဆရာများဆီမှ နှစ်သိမ့်သောစကားလုံးများသည် အရာမထင်ပဲ ဆရာဖန်သည် လေးခုမြောက် ဖြတ်လမ်း လမ်းကြောင်းကိုသာ ပြေးသွားလေသည်။ သို့သော် သူထဲတွင် ဝိညာဉ်ချီ ဘယ်လောက်ရှိရှိ ဖြတ်လမ်းသည် တုန့်ပြန်ခြင်းမရှိပေ။ လမ်းကြောင်းမှ မည်သည့် တုန့်ပြန်မှုမှ မရပေ။

ထိုအချိန်တွင် ကျောင်းသားများအားလုံးနီးပါး ဖြတ်လမ်း သုံးခုသို့ ဝင်ပြီးနေကြပြီဖြစ်သည်။ ဖန်ကျိရှင်းသည် လေးခုမြောက်ဖြတ်လမ်းကို ဝင်ရန်ပြေးသွားသည်ကို ဆရာများမြင်သော် တုန်လှုပ်သွားကြသော်လည်း တုန့်ပြန်မှုမရှိသည်ကို မြင်သော် စိတ်ချသွားလေသည်။

သူနောက်ဆုတ်လိုက်ပြီး ဖြတ်လမ်း လမ်းကြောင်းကို တစ်ခဏမျှကြည့်ကာ ကျောင်းအုပ်ကြီးရုံးခန်းသို့ တည့်တည့်မတ်မတ်ထွက်ခဲ့လေသည်။

ထိုဖြတ်လမ်း လမ်းကြောင်းများသည် တူညီသည်ဟုထင်ရသော်လည်း သေချာကြည့်လျှင် မတူညီမှုများရှိသည်။ ဝင်ဖို့နည်းလမ်းကို ကျောင်းအုပ်ဆရာကြီး သိကောင်းသိနိုင်သည်။

သို့သော် ကျောင်းအုပ်ကြီး၏အဖြေသည် သူ့မျှော်လင့်ချက်အား ဖျက်ဆီးလိုက်လေသည်။

“အဲဒီ ဖြတ်လမ်း လမ်းကြောင်းတွေက အင်ပါယာကျောင်းတော်ကြီး စတည်ကတည်းကရှိခဲ့တာ။ သူတို့ ဝိညာဉ်သားရဲဥရွေးပွဲကို စလုပ်ကတည်းက မဝင်ဖို့တားဆီးထားတဲ့ နေရာပဲ ကျန်တဲ့ဖြတ်လမ်းသုံးခုပဲ ဝင်လို့ရတယ်။ အဲဒီ သီးသန့် ဖြတ်လမ်းက အဲဒီအရာက အသိအမှတ်ပြုတဲ့သူမှပဲ တုန့်ပြန်မှုပြတယ်”

“အဲဒီအရာ ဟုတ်လား။ ဘာကိုဆိုလိုတာလဲ”

“ငါကိုယ်တိုင်လည်းမသိဘူး။ အရင်လူတွေဆီက လက်ဆင့်ကန်းလာတဲ့အရာတွေပဲ။ ဥအသေကလွဲပြီး ရှင်းပြချက်မရှိဘူး ဝင်သွားတဲ့ကျောင်းသားတွေမှာ သူတို့ပြန်ထွက်မလာခင် တခြားအကြောင်းအရာတွေရှိနိုင်တယ်” ကျောင်းအုပ်ကြီးသည် သက်ပြင်းချလိုက်သည်။

“ဝင်ဖို့နည်းလမ်းမရှိဘူးလား” ဖန်ကျိရှင်းသည် လက်သီးဆုပ်အား စားပွဲကိုထိုးလိုက်ပြီး ဒေါသဖြင့်မေးလိုက်သည်။

ကျောင်းအုပ်ကြီးသည် သူ့ခေါင်းကိုသာ ခါရမ်းနေလိုက်သည်။ ထိုသည်ကို သူမြင်သည်နှင့် ဖန်ကျိရှင်းသည် ခုံကို ပြန်သွားကာ ခြေပစ်လက်ပစ်ထိုင်ကာ ကြက်သေသေနေတော့သည်။

ဖန်ကျိရှင်း၏ တုန့်ပြန်မှုကို ကြည့်၍ ကျောင်းအုပ်ကြီးသည် စိတ်ရှုပ်သွားလေသည်။ ဒီလို အမူအရာမျိုုး သူဘယ်အချိန်တုန်က လုပ်ဖူးလို့လဲ။ သူ့အမြင်အရ ဖန်ကျိရှင်းသည် အေးသည်၊ ဘက်မလိုက်ပဲ သာမာန်လူကဲ့သို့ ခံစားချက်မရှိပါ။

“ကျွန်တော် အဲဒီမှာစောင့်မယ်” ပြောပြီးနောက်သူလှည့်ထွက်သွားလေသည်။

သူပြန်ရောက်သွားချိန်တွင်တော့ ကျောင်းသားတော်တော်များများသည် သူတို့၏ ဝိညာဉ်သားရဲဥကို ရွေးချယ်ပြီး၍ စိတ်လှုပ်ရှားစွာ ထွေးပိုက်ထားကြလေသည်။

လေးခုမြောက် ဖြတ်လမ်းကို စိတ်ပူစွာကြည့်၍ သူ့ဘာသာသူပြောလေသည်။ “ယူယူ မင်းဘာမှမဖြစ်ပဲထွက်လာရမယ်”

သူမ ပတ်ဝန်းကျင်ပျောက်ကွယ်သွားသလို ရှီမာယူယူခံစားလိုက်ရပြီး အလင်းရောင်သည် သူမအား ဦးဆောင်သွားကာ သူမအတွေးများ ပျောက်ဆုံးသွားလေသည်။ သူမအတွေးများ မစုစည်းမိခင်တွင် သူမခန္ဓာကိုယ်သည် မြေပေါ်တွင် လဲနေသည်ကို ခံစားမိသည်။

“အား သေစမ်း” သူမ ထကာ ဖုန်ခါ၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကံကောင်းစွာပင် သူမကျသောနေရာသည် သစ်ရွက်များထူထပ်စွာရှိနေပြီး အခင်းကဲ့သို့ဖြစ်နေသည်။

“သေစမ်း ငါ့ကို ကြံစည်ရဲတယ်။ ဟင်း ငါမင်းကိုမတွေ့အောင် ဆုတောင်းထားလိုက်တော့” သူမ ဒေါသထွက်စွာ ကြိမ်ဆဲလိုက်သည်။

သူမအား ကပ်နေသော မြက်ပင်များနှင့် သစ်ရွက်များကို ခွာချလိုက်ပြီး သူမဝန်းကျင်မှ ထူထပ်သော သစ်ပင်များကို လှည့်ပတ်ကြည့်လိုက်သည်။ ဝိညာဉ်သားရဲဥ စုဆောင်းဖို့လွှတ်လိုက်တယ်လို့ သူတို့ပြောတယ်မလား။ ဘာလို့ ဒီလို တောထဲမှာ သူမရောက်နေတာလဲ။

 


Comment

Leave a Reply

Options

not work with dark mode
Reset