ဟန်မိုက လူတိုင်းအား ကြည့်ကာ ပြုံးလိုက်သည်။ သည်နေ့ပြီးလျှင် သူကား ဒွန်ဟိုင် ကျောင်းတော်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။
သူဆက်ပြောလိုက်သည်… “ဒီမှာ ကျောင်းသား အများအပြား ရှိတယ်… လူတိုင်းက ကိုယ့်စွမ်းရည်ကို ပြသခွင့်ရကြလိမ့်မယ်… ဒီနေ့ ကောင်းမွန်စွာ စွမ်းဆောင်နိုင်တဲ့လူတွေက အနာဂတ်မှာ အောင်မြင်ဖို့ ကျုပ်မျှော်လင့်တယ်…”
“ပြီးတော့ ကျုပ်တို့က အိမ်ရှေ့စံနဲ့ ဝန်ကြီးချုပ်ဟွာရှေ့မှာ စွမ်းဆောင်ကြမှာ ဆိုတော့ တကယ့်စွမ်းရည် အစစ်အမှန်ကို ပြသဖို့လိုတယ်… ဒါကြောင့် နောက်ဆုတ်စရာမလိုဘူး… တိုက်ပွဲအတွင်းမှာ ဒဏ်ရာရတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ… မင်းတို့ရဲ့ အရည်အချင်းကို ပြသမယ်ဆိုရင် မင်းတို့က စွန့်စားဖို့တော့ လိုလိမ့်မယ်…”
ဟန်မို၏စကားက ကျောင်းသားများ၏ အမူအရာများကို ပျက်ယွင်းစေသည်။ ယခင်က ဒွန်ဟိုင်ကျောင်းတော်တွင် မရေမတွက်နိုင်သော စိန်ခေါ်မှုများ ရှိခဲ့သော်လည်း သတ်ဖြတ်ခြင်းနှင့် ပြင်းထန်စွာ ဒဏ်ရာရအောင် တိုက်ခိုက်ခြင်းများအား တားမြစ်ထားသည်။ ယနေ့ ဟန်မို၏စကားအရ ကျောင်းသားများက အဆုံးစွန်အထိ တိုက်ခိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် မည်ကဲ့သို့ အခြေအနေမဆို ဖြစ်လာနိုင်ပေသည်။
“ကျုပ် ဆက်ပြောစရာ မရှိတော့ဘူး… ကျုပ်တို့ရဲ့ အချိန်တွေကို ဒွန်ဟိုင်ကျောင်းက ကျောင်းဆောင် ခုနစ်ခုရဲ့ ကျောင်းသားတွေကို ပေးကြတာပေါ့…” ဟန်မိုက ပြုံးလျက် သူ၏ ထိုင်ခုံနေရာသို့ ပြန်ထိုင်လိုက်သည်။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကွင်းပြင်ကြီး၏ အလယ်တွင် မြေကွက်လပ် တစ်ခုရှိသည်။ ထိုနေရာကား ယနေ့ ဒွန်ဟိုင်ကျောင်းတော် အတွင်းမှ ကျောင်းသားများ အားလုံး သူတို့၏ အရည်အချင်းများအား ပြသရန် နေရာဖြစ်ပြီး ထိုနေရာမှာ သူတို့အတွက် စစ်မြေပြင်လည်း ဖြစ်သည်။
အားလုံး တိတ်ဆိတ်နေသည်။ ထိုစဉ် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ လူတစ်ယောက် ထွက်လာသည်ကို အားလုံး သူမြင်လိုက်ကြသည်။ သူ့အား မြင်လျှင် လူတိုင်း၏မျက်နှာများ တည်သွားကြသည်။ သူကား ကောင်းကင်အဆင့် ကျောင်းသားများထဲတွင် နံပါတ်တစ် ကျောင်းသားဖြစ်သော ကျောင်းချိန်ဖြစ်သည်။
ထိုလူငယ်က အေးဆေးစွာ လျှောက်သွားလိုက်ကာ မြေကွက်လပ်၏အလယ်သို့ ရောက်လျှင် ရပ်တန့်လိုက်သည်။ သူက လာဘ်လာဘ ကျောင်းဆောင်လူများ ရှိနေရာဘက်သို့ ကြည့်လိုက်သည်။
“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ ကောင်းကင်ကြယ်ကိုးပွင့် အဆင့် ကျောင်းချိန်… လာဘ်လာဘ ကျောင်းဆောင်က ကောင်းကင်အဆင့် ဘယ်သူ့ကိုမဆို စိန်ခေါ်တယ်…” ကျောင်းချိန်က ပြောလိုက်သည်။ ပြင်ပလူများက အခြေအနေကို နားမလည်ကြသော်လည်း ဒွန်ဟိုင်ကျောင်းတော်မှ လူများအားလုံး နားလည်ကြသည်။ သူကား ရီဖူရှင်း လုပ်ခဲ့သည်များအတွက် ကလဲ့စားချေနေခြင်း ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကား လာဘ်လာဘ ကျောင်းဆောင် လူအုပ်ထဲတွင် ရှိမနေပေ။ သူ ယနေ့ မလာပေ။
တခြား လူများအားလုံး ကသိကအောက် ခံစားကြရသည်။ ကျောင်းချိန်ကား ကောင်းကင် အဆင့်အမြင့်ဆုံးတွင် ရှိနေသည်။ တခြား ကောင်းကင်အဆင့် ကျောင်းသားများအား စိန်ခေါ်ခြင်းက အလွန်ဂုဏ်ယူစရာ ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။ သို့သော်လည်း သူက မည်သူ့ကိုမဆိုဟု သုံးနှုန်းခဲ့ရာ သူတို့၏ဂုဏ်သိက္ခာအား ထိခိုက်စေသည်။ ကျောင်းချိန်၏ တန်ခိုးအဆင့်ဖြင့် သူက ကောင်းကင်အဆင့် မည်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေသည်။
ယူချင်းက ရှေ့ထွက်ရန် ဟန်ပြင်လိုက်သည်။ သူကား ယခု ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် ဖြစ်ရာ ကျောင်းချိန်အား တိုက်ခိုက်နိုင်သည်။
သို့သော်လည်း ယိချန်က သူ့အား တားလိုက်သည်။ ယူချင်း၏ စွမ်းအားများမှာ ကောင်းကင်အဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သော်လည်း သူ့တွင် အားနည်းချက်ရှိသည်။ ရီဖူရှင်းကဲ့သို့သော စွမ်းရည်မျိုးစုံကို ကျွမ်းကျင်သည့်သူနှင့် မတူခြားနားစွာ ကျောင်းချိန်ကား စိတ်စွမ်းအင် မှော်သိုင်းတွင် အလွန် ထူးချွန်သည်။ သူက လေထဲတွင်လည်း ပျံဝဲနိုင်သည်။ ထိုအရာက ယူချင်းအတွက် ထိုးနှက်ချက်ဖြစ်သည်။ သူမည်မျှ သန်မာပါစေ သူ့ပြိုင်ဘက်ကို ထိအောင် တိုက်နိုင်မည် မဟုတ်ပေ။
ယူချင်းက ဓမ္မအဆင့်ကို ရောက်လျှင် သူ့စွမ်းရည်များက အဆင့်တိုးမြင့် သွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူက ပျံသန်းနိုင်မည်ဖြစ်ပြီး မှော်ပညာကိုလည်း လေ့ကျင့်နိုင်မည် ဖြစ်သည်။
“ဘယ်သူမှ စိန်မခေါ်တော့ဘူးလား…” မည်သူမှ မလှုပ်သည်ကိုမြင်လျှင် ကျောင်းချိန် ပြုံးလိုက်သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက် ထွက်လာကာ နှုတ်ဆက်လိုက်သည်… “ယန်တန်… ကြယ်ကိုးပွင့် ကောင်းကင်အဆင့်…”
“ကျေးဇူးပြုလို့…” ကျောင်းချိန်ပြုံးလိုက်သည်။ သူက လေထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းအောင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်လာနေပြီး ယန်တန်ထံသို့ ပျံသန်းသွားလိုက်သည်။
ယန်တန်က မြေပြင်အား ဆောင့်ကန်လိုက်ပြီး ရှေ့ကို ခုန်လွှားလိုက်သည်။ သူက ကျောင်းချိန်ထံသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးသွားလိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။ ကျောင်းချိန်၏ မျက်လုံးများက ကြောက်မက်ဖွယ် စူးရှသော အားလှိုင်းများ စိမ့်ထွက်နေသည်။ မမြင်ရသော စိတ်စွမ်းအင် အားလှိုင်းတစ်ခုက ယန်တန်၏ခန္ဓာကိုယ်အား ရိုက်ခတ်ကာ ဦးနှောက်ထဲသို့ စီးဝင်လာသည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မရတော့ဘဲ လေထဲမှ ပြန်ပြုတ်ကျ သွားတော့သည်။ ပရိသတ်များက ကျောင်းချိန်မှာ စိတ်စွမ်းအင်ကို အသုံးပြု၍ ရန်သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ရှိသည်ကို သတိထားမိလိုက်ကြသည်။ သူတို့အားလုံး တုန်လှုပ်သွားကြသည်။ သို့သော် ယန်တန်လည်း အားကောင်းလှသည်။ သူက မာန်သွင်းသံတစ်ချက် ပေးကာ ခေါင်းအား ယမ်းခါလိုက်ပြီးလျှင် မြေပေါ်သို့ ကောင်းမွန်စွာ ပြန်လည် ဆင်းသက်လာသည်။
သို့သော် ကျောင်းချိန်ကလည်း လေပေါ်မှနေ၍ ယန်တန်၏အပေါ်သို့ ပျံသန်းလာပြီး သူ၏မိစ္ဆာမျက်လုံးများဖြင့် ယန်တန်အား စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဆုံးမရှိသော နွယ်ပင်များက ယန်တန်ထံဦးတည်၍ တိုးဝင်လာနေကြသည်။ ထိုအရာကား ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ယှဉ်ပြိုင်စဉ်က အသုံးပြုခဲ့သော သစ်သားဓာတ်စွမ်းအင် ဖြစ်သည်။ ယန်တန်၏ကိုယ်မှ သဘာဝစွမ်းအင်လှိုင်းများက ရှေ့ကို ပြန့်ကျဲကာ ထွက်သွားသည်။ သူက သူ၏မှော်သိုင်းကွက်အား ဆင့်ခေါ်လိုသည်။ သို့သော် ထိုစဉ်မှာပင် စိတ်စွမ်းအင်လှိုင်းတစ်ခုက သူ့အား လာရောက် တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့်ပင် ယန်တန်မှာ သဘာဝစွမ်းအင်များအား စုစည်း၍ မရနိုင်ဘဲ တိုက်ကွက်လည်း ဆင့်ခေါ်၍ မရတော့ပေ။ လေတိုးသံ တဝီးဝီးမြည်ကာ နွယ်ပင်ပေါင်းများစွာက သူ့အား ပိတ်လှောင်ကာ လှုပ်ရှား၍ မရအောင် ရစ်ပတ်ချည်နှောင် ထားကြတော့သည်။
ကျောင်းချိန်က လေထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူ၏ မိစ္ဆာမျက်လုံးများကမူ ရုန်းကန်နေဆဲဖြစ်သော ယန်တန်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထိုစဉ် နွယ်ပင်များ၏စူးရှသော ထိပ်ဖျားများက သူ့ခန္ဓာကိုယ်အား တူးဆွကာ အထဲသို့ တိုးဝင်လာကြသည်ကို ယန်တန် ခံစားလိုက်ရကာ မချိမဆံ့ နာကျင်ခံစားရသောကြောင့် အော်ဟစ်လိုက်သည်။
ထို့နောက် အရိုးများ ကျိုးကြေသံများ ထွက်လာကာ ယန်တန်၏ ခန္ဓာကိုယ် တွန့်လိမ်လာသည်။ ယခု သူက ကျောင်းချိန်အား စိန်ခေါ်မိသည်ကို နောင်တရနေပြီ ဖြစ်သည်။ ကျောင်းချိန်ကား ကောလာဟလများထက်ပင် ပို၍ ထက်မြက်နေပေသည်။
ကျောင်းချိန်က မြေပြင်သို့ ဆင်းသက်လိုက်သည်။ ထိုအခိုက်တွင်ပင် အသံတစ်ချက် မြည်သွားပြီး နွယ်ပင်များက ယန်တန်ကို လာဘ်လာဘကျောင်းဆောင်မှ လူများရှိရာသို့ ပစ်ပေးလိုက်သည်။ လူများက သူ့ခန္ဓာကိုယ်အား ဖမ်းဆီးလိုက်ကာ စစ်ကြည့်လိုက်လျှင် သူကား ခန္ဓာအစိတ်အပိုင်းများ အားလုံး ကျိုးကြေနေလေပြီ။ သူကား အလွန်အမင်း နာကျင်နေဟန်ပေါ်ကာ မချိမဆံ့ ညည်းတွားနေသည်။
“သူ့ကို ဆေးကုဖို့ ခေါ်သွားလိုက်…” ယိချန်က ပြောလိုက်သည်။ သူက မိစ္ဆာမျက်လုံးများမှာ ပုံမှန်မျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားသော ကျောင်းချိန်အား ကြည့်လိုက်သည်။
ကျောင်းချိန်က ပြုံးလျက် ပြောလိုက်သည်… “ဝမ်းနည်းပါတယ်…” ထို့နောက် သူ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများရှိရာသို့ ဝင်ရောက်သွားသည်။
လူတိုင်းက အေးစိမ့်မှုတစ်ခုကို ခံစားနေကြရသည်။ ကျောင်းချိန်က လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားအား တစ်ကွက်တည်းဖြင့် တိုက်ခိုက်အနိုင်ယူကာ အလွန်ပြင်းထန်စွာ ဒဏ်ရာရစေသည်။ သူကား ရက်စက်လွန်းလှသည်။
“ကြယ်စင်ဧကရာဇ် ကျောင်းသားတွေရဲ့ ခေါင်းဆောင်လို့ မပြောရဘူး…” ပရိသတ်တစ်ယောက်က ချီးကျူးလိုက်သည်။ သည်ကဲ့သို့ အခြေအနေမျိုးကား အများအပြား ဖြစ်ပျက်ခဲ့ဖူးပြီးဖြစ်ရာ သူတို့အတွက် မထူးဆန်းလှတော့ပေ။
“အနာဂတ်မှာ သူက ဒွန်ဟိုင်မြို့တော်မှာ အရမ်း ထင်ရှား ကျော်ကြားတဲ့လူ ဖြစ်လာလိမ့်မယ်…” လူအများအပြားက ချီးကျူးကြသည်။
ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းအုပ်ကြီးက ပြုံးလျက် ပြောလိုက်သည်… “ကျောင်းချိန်က ဒီလောက်နဲ့ ရပ်တန့်မှာ မဟုတ်ဘူး… နောက်နှစ်ကျရင် သူက တန်ဖန်းပွဲတော်ကို တက်ရောက်လိမ့်မယ်…”
“မှန်တယ်… ကျောင်းချိန်ရဲ့ အရည်အချင်းနဲ့ဆို သူက တန်ဖန်းပွဲတော်မှာ ထွန်းတောက်လာမှာပဲ…” နောက်တစ်ယောက်က ရယ်မော၍ ပြောလိုက်သည်။ လူတိုင်းက ကျောင်းချိန်အား ချီးကျူးနေကြသည်။ မည်သူကမှ ရှုံးနိမ့်သူနှင့် ပတ်သက်၍ မမေးကြပေ။
လူတိုင်းက စကားပြောနေကြစဉ်ပင် ယူချင်းက ကွင်းထဲသို့ ဝင်လိုက်ကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများအား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်… “ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် … ယူချင်း… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ဘယ်သူ့ကိုမဆို စိန်ခေါ်တယ်…”
စကားပြောနေသူများ အားလုံး ရပ်တန့်သွားသည်။ မျက်လုံးများစွာက ထိုသန်မာသော လူငယ်လေးထံ ရောက်ရှိလာကြသည်။ ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ မည်သည့်ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ကျောင်းသားကိုမဆို စိန်ခေါ်သည်။ သူကား အလွန်မိုက်မဲလှသည်ဟု ပရိသတ်များက ကောက်ချက်ချလိုက်ကြသည်။
“အဲဒါ သူပဲ…” လင်းဇီယွီ၏မျက်လုံးများ တောက်ပလာသည်။ သူမက ရီဖူရှင်းဘေးနားမှ ကောင်လေးအား မှတ်မိသည်။ သို့သော် သည်တစ်ကြိမ်ကား ရီဖူရှင်းကို မတွေ့ရပေ။
“အဲဒါ ကု့ချင်းမိစ္ဆာနဲ့ အတူပါလာတဲ့ ကောင်လေး တစ်ယောက်မလား… သူ့ဦးနှောက် မကောင်းတော့ဘူးလား…” ယန်းယန်ကျောင်းဆောင် လူအုပ်ထဲမှ မူဟောင်က သူ့သားနှင့် သမီးအား မေးလိုက်သည်။
မူယွန်နီနှင့် မူယွန်ချိန်တို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ သူတို့က သည်ကောင်လေးကား ပြဿနာပေးလှသည်ဟု တွေးလိုက်ကြသည်။ သူက ကြယ်ငါးပွင့် ကောင်းကင်အဆင့်တွင် သူက ကြယ်ရှစ်ပွင့် ကောင်းကင် အဆင့်ကိုပင်လျှင် တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ ယခု သူက ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် ရောက်နေပြီဖြစ်ရာ ကြယ်ခုနစ်ပွင့်အဆင့် ကောင်းကင်အဆင့်များက သူ့အား အနိုင်ယူရန် အိပ်မက်ပင် မမက်သင့်ပေ။
“အဖေ… သူတော်တော် သန်မာတယ်…” မူယွန်နီက တိုးညင်းစွာ ပြောလိုက်သည်။ မူဟောင်က ခေါင်းညိတ်လျက် ယူချင်းအား ကြည့်လိုက်သည်။ ထိုသို့ဆိုမှတော့ သူက ဆက်လက် ကြည့်ရှုရန်သာ ရှိသည်။
“အတင့်ရဲလိုက်တာ… ငါတို့ ကျောင်းသား တစ်ယောက်တည်းက မင်းအတွက် လုံလောက်တယ်…” ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။ ထို့နောက် သူ့ကျောင်းသား တစ်ယောက်အား ရှေ့ကို ထွက်ရန် အမိန့်ပေးလိုက်သည်။ ထိုကျောင်းသားက မည်သို့မှ မတတ်နိုင်ဘဲ ကွင်းထဲသို့ ထွက်လိုက်သည်။ သူက ယူချင်းအား ကြည့်လိုက်ပြီး အနည်းငယ် ကြောက်ရွံ့သော ပုံဟန်ဖြစ်နေသည်။ မှန်သည်။ ကျောင်းသား အများအပြားကလည်း ထိုလူငယ်မှာ ယူချင်းအတွက် ဘာမှ မဟုတ်သည်ကို သိကြသည်။
တကယ့် လက်တွေ့တွင်လည်း ယူချင်းက တိုက်ခိုက်လိုက်လျှင် လက်ဝါးတစ်ချက်ဖြင့် ထိုလူငယ်မှာ လွင့်စဉ်သွားကာ မထနိုင်တော့ပေ။ ထို့နောက် ယူချင်းက ထိုလူငယ်အား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ဘက်မှ လူများဘက်သို့ လွှင့်ပစ်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်… “အရှက်မရှိလိုက်တာ…”
ထို့နောက် လာဘ်လာဘ ကျောင်းဆောင်မှ လူများထဲသို့ ပြန်လည် လျှောက်သွားလိုက်သည်။
“တကယ်လည်း သူ့မှာ အရည်အချင်း ရှိတာပဲ…” မူဟောင် ထိတ်လန့်သွားသည်။ သည်မြင်ကွင်းက သူ့အတွက် ထူးဆန်းလွန်းလှသည်။ သူက မူယွန်ချိန်အား မေးလိုက်သည်။ “ကု့ချင်းမိစ္ဆာရဲ့ တပည့်ကလည်း ဒီမှာ တန်ခိုးကျင့်လား…”
“အင်း…” မူယွန်နီ ခေါင်းညိတ်လိုက်သည်။
“သူ ဘယ်လိုလဲ…” မူဟောင်က မေးလိုက်သည်။
“သူ့တန်ခိုးအဆင့်က ကျွန်တော်နဲ့ အတူတူဖြစ်မယ်…” မူယွန်ချိန်က အရည်အချင်းအစား တန်ခိုးအဆင့်ကို ပြန်ဖြေလိုက်သည်။
တစ်ယောက်ပြီး တစ်ယောက် ဆက်လက် စိန်ခေါ် တိုက်ခိုက်ကြသည်။ ကျောင်းဆောင်ခုနစ်ခုမှ အလွန်ထူးချွန်သော ကျောင်းသားများအားလုံးက ကွင်းထဲသို့ ထွက်လာကာ သူတို့၏စွမ်းရည်များအား ပြသကြသည်။ သို့သော် ပရိသတ်များက လာဘ်လာဘ ကျောင်းဆောင်မှာ လူအများအပြားနှင့် ရန်ငြိုးရှိကြောင်း သိလိုက်ရသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်။ ရတနာကြယ် ကျောင်းဆောင်နှင့် ယန်းယန်ကျောင်းဆောင်များမှ ကျောင်းသားများက လာဘ်လာဘ ကျောင်းဆောင်ကို အဓိကထား၍ တိုက်ခိုက်ကြသည်။ ဤအခြေအနေတွင် လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားများအတွက် ခက်ခဲလှသည်။ သူတို့မှာ အဆက်မပြတ် စိန်ခေါ်ခြင်းခံရကာ ဆက်တိုက်ပင် ရှုံးနိမ့်ကြရသည်။ သူတို့မှာ အလွန်ရှားပါးစွာ အနိုင်ရကြပြီး ရက်စက်စွာ တိုက်ခိုက်ခြင်း ခံကြရသည်။
အနုပညာ သူတော်စင်၏တပည့် ကျောက်မူ ထွက်လာသောအခါ လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြသည်။ ယခု ကျောက်မူ၏ တန်ခိုးအဆင့်မှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူက လာဘ်လာဘ ကျောင်းဆောင်မှ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်အား စိန်ခေါ်သည်။
“ကောင်းတယ်…” တစ်ယောက်က ချီးကျူးလိုက်သည်… “အနုပညာ သူတော်စင်ရဲ့ ဆက်ခံသူပီသပါပေတယ်…” သူက ယခု သူ၏ရုပ်ပုံရေးဆွဲခြင်းဖြင့် တကယ့်အစစ်အမှန် သတ္တဝါဆန်းများထက် ပိုမိုအားကောင်းသော အကောင်များအား ဆင့်ခေါ်နိုင်ပြီ ဖြစ်သည်။
“သူ့မှာ အနုပညာ သူတော်စင်ရဲ့ပုံဟန် ရှိတယ်… သူ့လို နောက်တစ်ယောက် မရှိနိုင်တော့ဘူး…” တခြား သြဇာကြီးသော လူတစ်ယောက်က ပြောသည်။
ထိုအချိန်တွင် လူနှစ်ယောက် လူအုပ်ထဲသို့ လျှောက်လာသည်။ ရီဖူရှင်းက သူ၏ဆရာအား သယ်ဆောင်လာကာ လာဘ်လာဘ ကျောင်းဆောင်မှ လူများအား ရှာဖွေလိုက်သည်။ သူက လူအုပ်ထဲမှ တိုးဝှေ့ရင်း သူ့လူများရှိနေရာသို့ လာနေသည်။ ရီဖူရှင်းကား မူလက သည်နေရာကို လာရောက်ရန် စိတ်ကူး မရှိခဲ့သော်လည်း သူ၏ဆရာက ကြည့်ရှုလိုသောကြောင့် ရောက်လာခဲ့ရသည်။ သည်နေ့ပြီးလျှင် ဒွန်ဟိုင် ကျောင်းတော်ကား မူလကလို ဟုတ်တော့မည် မဟုတ်ပေ။ ယနေ့တွင် ရင်းနှီးသောသူ အများအပြားလည်း ရှိကြမည် ဖြစ်သည်။
လက်ခုပ်သြဘာသံများ ဆူညံသွားသည်။ ရီဖူရှင်းက ကွင်းလယ်ကို ကြည့်လိုက်လျှင် ကျောက်မူက အလွန် စွမ်းအားမြင့်သော သားရဲကောင်ကြီးအား ဆင့်ခေါ်လိုက်ကာ ပြိုင်ဘက်အား တိုက်ခိုက် အနိုင်ယူလိုက်သည်ကို တွေ့ရသည်။ ပရိသတ် အများအပြားက လာဘ်လာဘ ကျောင်းဆောင်အား လှမ်းကြည့်ကြသည်။ သူတို့၏ကျောင်းသားများမှာ ယနေ့ ဆိုးရွားစွာ ရှုံးနိမ့်နေကြသည်။
“အစ်ကို ဖန်းလူ…” ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရီဖူရှင်း၏ ကျောတွင်ပိုး၍ လိုက်လာသော ဟွာဖန်းလူအား မြင်ကာ လှမ်းခေါ်လိုက်သည်။
“ကု့ချင်းမိစ္ဆာ ဟွာဖန်းလူ… ရောက်လာပြီ…”
“အဲဒါ သူ့တပည့်လား…” လူအများအပြားက မေးလိုက်ကြသည်။
ရီဖူရှင်း ထိတ်လန့်သွားသည်… “ဆရာ… ဆရာ့ကို သိတဲ့လူ အများကြီးပဲ…”
“ငါက တော်တော် ကျော်ကြားတယ်လေ…” ဟွာဖန်းလူက အရေးမကြီးဟန်ဖြင့် ပြောသည်။ ရီဖူရှင်းလည်း ထိုအချက်ကို မငြင်းနိုင်ပေ။
“ဟား… ဟား… ဒီနေ့ အနုပညာ သူတော်စင်ရဲ့တပည့်က သူ့စွမ်းရည်တွေကို ပြသခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကို ဟွာဖန်းလူလည်း ဒီနေ့ သူ့တပည့်နဲ့ အတူရောက်လာတယ်… အကယ်၍ အစ်ကိုဖန်းလူရဲ့ တပည့် တိုးတက်လာသလား သိရအောင် သူတို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်း သင့်တယ်…” အသံတစ်သံက ယန်းယန်ကျောင်းဆောင် လူအုပ်ထဲမှ ထွက်လာသည်။ သူကား မူဟောင်ဖြစ်သည်။
သူက ထိုသို့ပြောပြီးသည်နှင့် ဒွန်ဟိုင်ကျောင်းတော်မှ မျက်လုံးပေါင်းများစွာက သူ့အား ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ထိတ်လန့်သွားကြကာ မူဟောင်အား အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
သည်လူက အနုပညာ သူတော်စင်အာ မည်မျှ မုန်းတီး၍ လူပုံအလယ်တွင် သည်နည်းဖြင့် အရှက်ခွဲရသနည်း။
*