Switch Mode

အခန်း (၄၅၄)

အမှောင်ပညာရပ်၊ ဝိညာဉ်လမ်းညွှန်မှု

ချန်ရှင်းတစ်ယောက် သူ့ကိုယ်သူ ကျေနပ်နေပြီး ဝမ်ပေါင်လဲ့တစ်ယောက် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အားကျနေစဉ် သူတို့နှစ်ယောက်၏နောက်တွင် ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် သူ့ကိုယ်သူ ကျေနပ်အားရနေရသည့် ချန်ရှင်းမှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူသည် နောက်သို့ချက်ချင်းလှည့်လာပြီး သူ၏ ပျော်ရွှင်မြူးထူးနေသော မျက်နှာအမူအရာမှာလည်း တည်ကြည်သွား၏။ သူသည် တဏှာရာဂစိတ်များ ထကြွနေသည့် မျက်နှာအမူအရာကြီးမှာလည်း ရိုးသားဖြောင့်မတ်မှု အပြည့်ရှိသော မျက်နှာအမူအရာအဖြစ် ပြောင်းလဲသွားပြီး သူသည် ဦးညွှတ်ကာ လေသံတိုးတိုးဖြင့် ဂါရဝပြုလိုက်၏။

” မင်္ဂလာပါ ဆရာ ”

ချန်ရှင်းမှာ အလွန်အင်မတန်မှ အတွေ့အကြုံရင့်သန်နေသည့် လူတစ်ယောက်ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့်လည်း သူသည် ယခုကဲ့သို့ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူ့လောက်အတွေ့အကြုံမရှိသောကြောင့် အကင်းမပါးပေ။ တစ်ခဏမျှ ကြာပြီးသွားသောအခါမှသာ သူသည် နောက်သို့လှည့်လာသဖြင့် သူတို့၏နောက်တွင်ရပ်နေသည့် သူ၏ဆရာ မင်ခွန်းကျိအား မြင်လိုက်ရ၏။

” မင်္ဂလာပါ ဆရာ ” ဝမ်ပေါင်လဲ့မှာ အလောတကြီးနှင့် ဦးညွှတ်အရိုအသေပေးလိုက်၏။ သူသည် သူ၏ တုန့်ပြန်ပုံမှာ နှောင့်နှေးကြန့်ကြာနေခဲ့သည်ဟု တွေးနေခြင်းမရှိပေ။ သူ၏ ဂိုဏ်တူအစ်ကို ချန်ရှင်းမှာ သူ၏ လုပ်ရပ်ကြောင့် မလုံမလဲဖြစ်နေရသဖြင့် သူ့ထက်ပိုမြန်အောင် ဂါရဝပြုလိုက်ရခြင်း ဖြစ်မည်ဟု မှတ်ယူထား၏။

သူတို့၏ဆရာ မင်ခွန်းကျိမှာ ချန်းရှင်းအား သတိပင်မထားမိသည့်ပုံ ပေါက်နေသည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ သူသည် ဝမ်ပေါင်လဲ့ကိုသာ ကြင်နာမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

” ပေါင်လဲ့။ မင်းရဲ့ ရုပ်အလောင်မျက်နှာပညာရပ်က အခြေအနေဘယ်လိုရှိလဲ ”

ဝမ်ပေါင်လဲ့မှာ သူ့ဆရာ၏ မေးခွန်းကိုကြားလိုက်ရသောအခါ အလောတကြီး ပြန်ဖြေလိုက်၏။

” ဆရာ။ ကျနော် အမှောင်ရုပ်အလောင်းပညာရပ်ကို တတ်ကျွမ်းနေပါပြီ။ ကျနော် ဝိညာဉ်တွေအပေါ်မှာ ရုပ်အလောင်းမျက်နှာတွေ ရေးဆွဲတဲ့အချိန်တိုင်း မိုးကောင်ကင်တာအိုရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လုပ်ခဲ့တာပါ။ ပြီးတော့ အဲ့လိုရေးဆွဲတဲ့ အချိန်တိုင်း ကျနော်ရဲ့ နှလုံးသားထဲမှာ စာနာစိတ်နဲ့ ကရုဏာစိတ်တွေ ပေါ်ပေါ်လာလို့ ကျနော်က သူတို့အတွက် စုတ်ချက်လေးတွေ ထပ်ပြီးတော့ ဖြည့်ပေးခဲ့ပါတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ ပန်းချီဆွဲပညာရပ်များကို အလွန်အင်မတန်မှ ကျေနပ်အားရနေရ၏။ သူ ထိုသို့ဆိုလိုက်သောအခါ သူ၏ဘေးတွင် ရပ်နေသည့်။ချန်ရှင်းမှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိလိုက်၏။ သူသည် သူ့ဆရာ၏ မေးခွန်မှာ အနည်းငယ်ခန့် ထူးဆန်းနေသည်ဟု ခံစားနေရ၏။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားနေရသောကြောင့် စကားလမ်းကြောင်းပြောင်းရန် ပြင်လိုက်ရ၏။ လက်ရှိတွင် ထိုသို့ စကားလမ်းကြောင်းပြောင်းရန်အတွက် အကောင်းဆုံးသော ပစ်မှတ်မှာ သူ၏ဂိုဏ်းတူညီလေး ပေါင်လဲ့ပင်ဖြစ်သည်။

ထို့ကြောင့် သူသည် အလောတကြီး ဆိုလိုက်၏ ” ဆရာ။ ညီလေးပေါင်လဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်ပြောနေတာ နားမထောင်ပါနဲ့။ ကျနော်က သူ့ရဲ့ဘေးမှာ ရှိနေခဲ့တာမလို့ သူ့ရဲ့ အကျင့်ဆိုးတွေကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းမျက်နှာတွေက ကောင်းတာမှန်ပေမဲ့ သူက ဖက်တီးပုံတွေကိုပဲ ဆက်တိုက်ရေးဆွဲနေခဲ့တာ… ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သူတို့အကုန်လုံးက ဖက်တီးတွေ ဖြစ်ကုန်ကြတာ။ ဒီဝိညာဉ်တွေ ပြန်လည်မွေးဖွားလာတဲ့ အနာဂတ် တစ်ချိန်ချိန်ကျရင် အဲဒီကမ္ဘာကြီးထဲမှာ ဖက်တီး‌တွေနဲ့ ချက်ချင်းကြီး ပြည့်နှက်သွားမှာကို ကျနော် စိတ်ကူးကြည့်ရုံနဲ့တင် သိတယ် ” ချန်ရှင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ ဝမ်ပေါင်လဲ့အား တောင်းပန်ချင်နေသည့်အမူအရာဖြင့် မျက်လုံးမှိတ်ပြလိုက်သည်။ သူသည် အခြားရွေးချယ်စရာ မရှိသောကြောင့်သာ ဝမ်ပေါင်လဲ့အား ခုတုံးလုပ်လိုက်ရခြင်းဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား မျက်လုံးပြူးကြီးများဖြင့် ပြန်၍စိုက်ကြည့်လိုက်၏။ သူသည် သူ့ကိုယ်သူ ရှင်းပြရန် ပင်လိုက်ပါသော်လည်း သူ၏ဂိုဏ်းတူအစ်ကို၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် မတရားခံရသလို ဖြစ်နေသည့် သူ၏ခံစားချက်များကို မျိုသိပ်လိုက်ရ၏။ ထို့နောက် သူသည် မျက်နှာတစ်ခုလုံး စူပုပ်သွားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။

မင်ခွန်းကျိမှာမူ ချန်ရှင်း၏ စကားကို ဂရုစိုက်သည့်ပုံ မပေါ်သလို ထိုအကြောင်းကိုလည်း ဆက်မေးမနေတော့ဘဲ ဝမ်ပေါင်လဲ့အား ရုပ်အလောင်းမျက်နှာပညာရပ်နှင့် ပတ်သက်သည့် အကြံဉာဏ်အချို့ကိုသာ ပေးလိုက်၏။ သူတို့၏ ဘေးတွင်မူ ချန်ရှင်းမှာ ရိုသေကျိုးနွံမှု အပြည့်ရှိသည့်ပုံဖြင့် ခေါင်းတညိတ်ညိတ်နှင့် သူ၏ဆရာ၏ ပြောစကားများကို သဘောတူထောက်ခံနေပြီး သူ၏ဆရာမှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာကောင်းသည့် လူတစ်ယောက်‌ဖြစ်နေသကဲ့သို့ ပြုမူနေတော့သည်။

တစ်ခဏမျှ ကြာမြင့်ပြီးသွားသောအခါ မင်ခွန်းကျိမှာ ပြန်လည်ထွက်ခွာသွား၏။ သူ ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ့ဆရာ၏ ညာဘက်လက်မှာ ယခင်ကထက်ပို၍ မှုန်ဝါးဝါး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ၎င်းမှာ သူ လှေပေါ်တွင် သူ၏ဆရာ၏ လက်ချောင်းအား မြင်ခဲ့ရစဉ်တုန်းက အတိုင်းပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံံ့သြတုန်လှုပ်သွားရ၏။ သူသည် သူ၏ဆရာအား ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ဆရာမှာ အဝေးသို့ထွက်ခွာသွားတော့သည်။

” ဘာလို့ အဲလိုဖြစ်နေရတာလဲ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏ ဂိုဏ်းတူအစ်ကိုအား မေးမြန်းလိုက်၏။ ချန်ရှင်းမှာ သူ၏မေးခွန်းကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားရသည်။

” မင်း အမြင်မှားတာပဲဖြစ်မှာပါ။ ငါ ဘာမှ မမြင်လိုက်ပါဘူး ”

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မိန်းမောတွေဝေသွားရတော့သည်။ သူသည် ထိုအကြောင်းကို ဦးနှောက်ခြောက်သည်အထိ စဉ်းစားတွေးတောနေလိုက်ပြီးနောက် အမှန်တကယ်ပင် အမြင်မှားခဲ့ခြင်း ဖြစ်မည်လောဟု တွေးနေမိတော့သည်။ ထိုသို့ဖြင့် နောက်နေ့သို့ရောက်ရှိသွားပြီး သူ သူ၏ဆရာဆီသို့ သွားရောက်လည်ပတ်သည့်အချိန်တွင် သေသေချာချာ ကြည့်ရှုလိုက်သောအခါ သူ့ဆရာ၏လက်မှာ သာမန်အတိုင်းဖြစ်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏မျက်လုံးများကို လက်ဖြင့်ပွတ်မိသွားတော့သည်။ ထို့နောက် သူသည် အမှန်တကယ်ပင် အမြင်မှားခဲ့ရခြင်း ဖြစ်မည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။

သို့သော် သူ၏နှလုံးသားထဲမှ သံသယစိတ်များမှာ လျော့နည်းသွားခြင်းမရှိပေ။ သူသည် ၎င်းတို့အား စိတ်ထဲတွင်သာ မျိုသိပ်ထားလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး နောက်ထပ်နှစ်ပတ်တိတိ ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ နေ့စဉ်နေ့တိုင်း ရုပ်အလောင်းမျက်နှာများကို ဆက်လက်ရေးဆွဲနေဆဲပင်။ သူသည် ရုပ်ပုံပေါင်းများစွာကို ရေးဆွဲပြီးသွားပြီဖြစ်သောကြောင့် သူ၏ ရုပ်အလောင်းမျက်နှာပညာရပ်မှာလည်း သိသိသာသာ တိုးတက်လာပြီဖြစ်သည်။ ထို့အပြင် သူ၏ ဂိုဏ်းတူအစ်ကိုမှာ သူ့အား မှတ်ဉာဏ်များပြန်လည်ရရှိနိုင်အောင် ကူညီပေးနေသည်ဖြစ်ရာ သူသည် အမှောင်ပညာရပ်၏ ဒုတိယအဆင့်အကြောင်းကို ပြန်၍မှတ်မိသွား၏။

အမှောင်ပညာရပ်၏ ဒုတိယအဆင့်မှာ ဝိညာဉ်လမ်းညွှန်မှုပညာရပ်ဟု အမည်ရပေသည်။

” အမှောင်ပညာရပ်ရဲ့ ပထမအဆင့်က ရုပ်အလောင်းမျက်နှာပညာရပ်။ ဒုတိယအဆင့်က ဝိညာဉ်လမ်းညွှန်မှုပညာရပ်။ ဒါက နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သလို ကျင့်ကြံခြင်းပညာရပ်တစ်ခုဆိုလည်း ဟုတ်တယ်။ အမှောင်မီးတောက်က ဝိညာဉ်ချီတွေလိုမျိုး ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းနှင့် စုစည်းလာမှာ ” ဝမ်ပေါင်လဲ့မှာ မှတ်ဉာဏ်များ တစ်စတစ်စ ပြန်လည်ရရှိလာပြီးနောက် အမှောင်ပညာရပ်နှင့် ပတ်သတ်၍ သူသိထားသမျှ အချက်အလက်အားလုံးကို သူ၏စိတ်နှလုံးထဲ၌ စုစည်းလိုက်၏။

ထို့အပြင် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်မှာ အမှောင်ဂိုဏ်းထဲရှိ အခြေတည်အဆင့်ကျင့်ကြံသူများအား သင်ကြားပေးသော ကျင့်ကြံခြင်းပညာရပ်တစ်ခုနှင့် ဆင်တူနေကြောင်းကိုလည်း သူက သိထားသည်။ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်သွားမည်ဆိုပါက အခြေတည်အဆင့်မှ ဖောက်ထွက်ကာ အမှောင်အမြုတေတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား စတင်လေ့ကျင့်နိုင်မည်ဖြစ်သည်။ သို့သော် ထိုလေ့ကျင့်နည်းပညာရပ်မှာ ခေတ်‌နောက်ကျနေပြီဖြစ်သည်။

အမှောင်ဂိုဏ်းမှာ ပါရမီပါသည့် တပည့်များအား အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်သည့်အချိန်အထိ ရုပ်အလောင်းမျက်နှာပညာရပ်အား လေ့ကျင့်စေသည်ဖြစ်သည်။ ထို့နောက် သူတို့မှာ အမှောင်ပညာရပ်၏ ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား လေ့ကျင့်ရမည် ဖြစ်သည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်များထဲတွင်ရှိနေသော အမှောင်မီးတောက်မှာ သ‌န္ဓေပြောင်းလဲသွားမည်ဖြစ်ပြီး အစွမ်းထက်လာရုံသာမက အရေအတွက်လည်း ပိုမိုများပြားလာမည်ဖြစ်သည်။ ထိုအချက်ကြောင့် အမှောင်အမြုတေများ ပေါ်ပေါက်လာသည့်အချိန်တွင် ၎င်းတို့မှာ ပို၍ အစွမ်းထက်နေမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော ဝိညာဉ်လမ်းညွှန်မှုပညာရပ်မှာ အမှောင်ချီစုပ်ယူနှုန်းကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်အား ဖိနှိပ်ပေးသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် အမှောင်မီးတောက် မြောက်မြားစွာ ပေါ်ပေါက်လာရခြင်းဖြစ်၏။ ထိုကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် အရေအတွက်မှာမူ လူတစ်ယောက်ချင်းစီ၏ ပင်ကိုယ်ပါရမီများအပေါ် မူတည်နေမည်ဖြစ်သည်။

အမှောင်ဂိုဏ်း၏ မှတ်တမ်းများအရဆိုလျှင် အများဆုံး ပေါ်ပေါက်ခဲ့ဖူးသည့် အမှောင်မီးတောက် အရေအတွက်မှာ ရှစ်ဆယ့်တစ်ခုအထိ ဖြစ်သည်။ ထို့ကြောင့် အမှောင်မီးတောက် ရှစ်ဆယ့်တစ်ခုမှာ တစ်ခုပေါ်တစ်ခု အဆင့်ဆင့် ထပ်သွားကြပြီးနောက် နောက်ဆုံးတွင် အမှောင်အမြုတေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ရာ ၎င်း၏ အစွမ်းမှာ အလွန်အင်မတန်မှ ကြီးမားနေမည်သာဖြစ်သည်။ ထိုကဲ့သို့ မှတ်တမ်းတင်နိုင်ခဲ့သူမှာ သူ၏ဘေးတွင်ရှိနေသော သူ၏ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းပင် ဖြစ်သည်။

အခြားသူများမှာလည်း အမှောင်မီးတောက်များကို ဒါဇင်အနည်းငယ်ခန့် ဖန်တီးနိုင်ခဲ့၏။

တိုက်ခိုက်ရေး အပိုင်းတွင်မူ ဝိညာဉ်လမ်းညွှန်မှုပညာရပ်မှာ မိမိ၏ ခန္ဓာကိုယ်ထဲမှ အမှောင်လက်တစ်ဖက်ကို ဆင့်ခေါ်ပေးမည် ဖြစ်သည်။ ထိုအမှောင်လက်ကြီးမှာ သက်ရှိများအားလုံး၏ အပြင်ခန္ဓာကိုယ်အား ဖောက်ထွင်းကာ ၎င်းတို့၏ ဝိညာဉ်များကို ဖမ်းဆုပ်နိုင်၏။

၎င်းမှာ ဝိညာဉ်လမ်းညွှန်မှုပညာရပ်ပင် ဖြစ်သည်။

ထိုပညာရပ်မှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် အစွမ်းထက်ပေသည်။

အကယ်၍ အမှောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုပညာရပ်အား ထုတ်သုံးမည်ဆိုပါက ၎င်းမှာ ပို၍ပင်အစွမ်းထက်နေမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမှတ်ဉာဏ်များကို ပြန်လည်ရရှိလိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် နေ့စဉ်နေတိုင်း ရုပ်အလောင်းမျက်နှာများကို ရေးဆွဲနေခဲ့ရုံသာမက ဝိညာဉ်လမ်းညွှန်မှုပညာရပ်ကိုလည်း စတင်လေ့လာနေပြီ ဖြစ်သည်။ သူသည် ထိုနတ်ဘုရားစွမ်းရည်ကို လေ့ကျင့်နိုင်ရန် အခက်တွေ့နေရဆဲ ဖြစ်ပါသော်လည်း ၎င်း၏ အမှောင်မီးတောက်အရေအတွက်အား တိုးပွားလာအောင် လုပ်ပေးနိုင်သည့်အစွမ်းကို အထင်အရှားမြင်နိုင်ပေသည်။ ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ နဂိုတုန်းက သုံးခုတည်း ရှိနေခဲ့ရာမှ လေးခု၊ ငါးခု၊ ခြောက်ခု၊ ခုနစ်ခု အစရှိသဖြင့် အဆင့်ဆင့် တိုးပွားလာတော့သည်….

နှစ်ပတ်တိတိကုန်ဆုံးသွားပြီးနောက် သူ၏ခန္ဓာကိုယ်ထဲတွင် အမှောင်မီးတောက် ဆယ့်ခုနစ်ခုအထိ ရှိနေပြီးဖြစ်သည်။ ၎င်းတို့မှာ တစ်ခုပေါတစ်ခု ထပ်သွားကြသောအခါ ၎င်းတို့၏ စုပေါင်းစွမ်းအားမှာ ယခင်တုန်းကထက် အများကြီး သာလွန်သွားတော့သည်။

ယခုတွင် သူသည် အမှောင်ဂိုဏ်းထဲ၌ လှည့်လည်သွားလာလိုက်သည့် အချိန်တိုင်းတွင် သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် ယခင်ဘဝတုန်းက ကြီးမားသောအပြစ်များ ကျူးလွန်မိခဲ့သဖြင့် အစေခံများအဖြစ် အပြင်ပေးခံထားရသည့် ဂိုဏ်းအပြင်ဘက်ရှိ ဝိညာဉ်များမှာ ကြောက်ရွံ့တုန်လှုပ်သွားရသည်သာဖြစ်သည်။ သူတို့မှာ သူ့အား မြင်လိုက်ရချိန်တွင် ဒူးများတုန်ကာ သူ၏ရှေ့၌ ဝပ်တွားခယလိုက်ရသည်သာ ဖြစ်သည်။

၎င်းမှာ ဝမ်ပေါင်လဲ့ အမှောင်ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့သည့် အချိန်တုန်းက ပိုင်ဆိုင်ထားခြင်းမရှိသေးသည့် အံ့ဩမှင်တက်ဖွယ် အငွေ့အသက်တစ်ခုပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အနာဂတ်နေ့ရက်များမှာလည်း ယခုကဲ့သို့ပင် ငြိမ်းချမ်းနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် နေ့လယ်ခင်းတစ်ခုတွင် အမှောင်ဂိုဏ်းထဲ၌ ရုတ်တရက်ဆိုသလို လေပြင်းများစတင်တိုက်ခတ်လာ၏။ ထို့နောက် လျှပ်စီးများလက်ကာ ကောင်းကင်ယံထဲ၌ မိုးခြိမ်းသံများဖြင့် ဆူညံသွားတော့သည်။ ကြယ်တာရာများဖြင့် လင်းလက်နေသည့် စကြဝဠာကြီးထဲမှ အလွန်အင်မတန်မှ အားကောင်းသည့် အငွေ့အသက်ကြီးတစ်ခု ကျရောက်လာသောကြောင့် ကောင်းကင်ကြီးမှာလည်း မည်းမှောင်သွားရ၏။

ထိုအငွေ့အသက်ကြီးမှာ အားကောင်းလွန်းနေ၏။ ထိုကဲ့သို့သော အငွေ့အသက်မျိုး ခုနစ်ခုတိတိ ရှိနေပြီး ၎င်းတို့ထဲမှ ခြောက်ခုမှာ မိုးကောင်းကင်အငွေ့အသက်တစ်ခုထက် ပို၍ အားကောင်းနေပြီဖြစ်သည်။ ထိုအငွေ့အသက်များ ကျဆင်းလာသောအခါ ကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရပြီး အမှောင်ဂိုဏ်း၏ အပြင်ဘက်တွင် ရှိနေသော ဂြိုဟ်များမှာလည်း သိမ့်သိမ့်တုန်သွားရ၏။ သက်ရှိများအားလုံးမှာလည်း ဖိအားကြီးတစ်ခုကို ခံစားလိုက်ရ၏။ အချိန်ပင်လျှင် နှေးကွေးသွားသကဲ့သို့ ဖြစ်သွားရသည်။

၎င်းတို့မှာ သတ္တမမြောက် အငွေ့အသက်ကြီးနှင့် ယှဉ်လိုက်ပါက စာမဖွဲ့လောက်ပေ။ ထို အငွေ့အသက်ကြီး ပေါ်ပေါက်လာသည်နှင့် အမှောင်ဂိုဏ်း၏ အပြင်ဘက်တွေရှိနေသော ဂြိုဟ်များအားလုံးဆီမှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ တစ်စစီ ပြိုကွဲပျက်စီးသွားကြတော့မည့်ပုံ ပေါက်နေပြီး ထိုဂြိုဟ်ကြီးများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကိုပင် မြင်နေရသည်ဖြစ်သည်။ ထိုဂြိုဟ်ကြီးများပေါ်ရှိ ပြန်လည်မွေးဖွားခြင်း မုခ်ဝများမှာလည်း ယိမ်းယိုင်လာကြပြီး ၎င်းတို့၏ အရောင်များမှာလည်း မှေးမှိန်လာရတော့သည်။ ထိုမုခ်ဝများအား ဖြတ်၍ စီးဆင်းနေကြသည့် ဝိညာဉ်မြစ်များမှာဆိုလျှင် သိမ့်သိမ့်တုန်သွားကာ အေးခဲသွားကြပြီး ရွေ့လျားနိုင်စွမ်းမရှိတော့ပေ။

ဂြိုဟ်များပေါ်တွင် ရှိနေကြသည် အမှောင်ဂိုဏ်းသား အားလုံးမှာလည်း အသက်ရှူသံများ မြန်ဆန်လာကြပြီး မတည်မငြိမ် ဖြစ်လာကြ၏။ သူတို့၏ အသိစိတ်များမှာ ကယောင်ချောက်ချား ဖြစ်နေရပြီဖြစ်သည်။ အမှောင်ဂိုဏ်းကြီး တည်ရှိနေသည့် ဧရာမဂြိုဟ်ကြီးမှာလည်း ထိုနည်းတူပင်။ ဧရာမသားရဲကြီးများမှာ တဆတ်ဆတ် တုန်ရီနေကြပြီး ဝိညာဉ်ပေါင်းမြောက်မြားစွာမှ အော်ဟစ်မြည်တမ်းနေကြ၏။ မြေပြင်ကြီးမှာလည်း သိမ့်သိမ့်တုန်နေသလို ကောင်းကင်ယံကြီးထဲတွင်လည်း မိုးခြိမ်းသံများဖြင့် ဆူညံနေပြီဖြစ်သည်။ ထိုအချိန်တွင် အမှောင်ဂိုဏ်း၏ အထက်ရှိ ကောင်းကင်ယံထဲတွင် နေမင်းခုနစ်စင်း ပေါ်ပေါက်လာ၏။

ထို နေမင်းခုနစ်စင်းထဲမှ ခြောက်စင်းမှာ ရဲရဲနီနေပြီး တစ်စင်းတည်းသာလျှင် ခရမ်းရောင်ဖြစ်နေ၏။

၎င်းတို့ ပေါ်ပေါက်လာသည်နှင့် ခရမ်းရောင်နေမင်းကြီးထဲမှ အမျက်ချောင်းချောင်းထွက်နေသည့် အော်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

” မင်ခွန်းကျိ။ ငါ့သမီးရဲ့ ဝိညာဉ်ကို ပြန်ပေးစမ်း ”

ထိုအော်သံကြီးနှင့်အတူ ခရမ်းရောင် နေမင်းကြီးထဲမှ စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်း၏ပတ်ပတ်လည်တွင် ရှိနေသော အနီရောင်နေမင်းခြောက်စင်းမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် အလင်းရောင်များမှာ ထိုနယ်မြေကြီးတစ်ခုလုံးအား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားကြတော့သည်။ အရာအားလုံးကို ဖျက်ဆီးဖြစ်နိုင်စွမ်းရှိသည့် အပူဓာတ်ကြီးတစ်ခုမှာ ထိုနယ်မြေကြီးတစ်ခုလုံးကို အမြစ်ပျက်အောင် သုတ်သင်ရှင်းလင်းဖြစ်တော့မည့်ပုံပင်။ ၎င်းမှာ အရာအားလုံးကို အမှုန့်ခြေပစ်တော့မည့်ပုံစံ ပေါက်နေပြီဖြစ်သည်။

ထိုကဲ့သို့ အံ့ဩမှင်တက်ဖွယ်ကောင်းသော စွမ်းအားကြီး ထွက်ပေါ်လာသောအခါ အမှောင်ဂိုဏ်းထဲတွင် ၎င်းနှင့်နည်းတူ အားကောင်းသည့် အငွေ့အသက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် လမင်းအစင်းရေပေါင်း မြောက်မြားစွာမှာ ကောင်းကင်ယံထဲသို့ မြင့်တက်လာကြသည်။ ဝင်းလက်တောက်ပနေသည့် လမင်းဆယ့်သုံးစင်းတိတိ ရှိနေပြီး ၎င်းတို့ထဲမှ လမင်းတစ်စင်းချင်းစီတိုင်းမှာ အနီရောင်နေမင်းကြီးများအား ယှဉ်နိုင်စွမ်းရှိသည့် စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့မှာ အနီရောင်နေမင်းများ၏ အားကောင်းသော အငွေ့အသက်များကို တွန်းလှန်နေကြစဉ် ဆယ့်လေးစင်းမြောက် လမင်းကြီးမှာ ကောင်းကင်ယံထဲသို့ မြင့်တက်လာတော့သည်။

ထိုလမင်းကြီး၏ အရောင်မှာ အနက်ရောင်ဖြစ်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset