Switch Mode

အခန်း (၄၅၃)

ဂိုဏ်းတူအစ်ကို ချန်ရှင်း

ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုမိန်းကလေးမှာ အလွန်အင်မတန်မှ ရုပ်ရည်ချောမောလှပပါသော်လည်း ပိန်လွန်းနေသောကြောင့် လေတစ်ချက် တိုက်လိုက်ရုံမျှဖြင့် လဲကျသွားနိုင်သည့်အလား ဖြစ်နေ၏။

သူမ၏ ခန္ဓာကိုယ်မှာ ပိန်လွန်းနေသောကြောင့် သူမ၏ ကိုယ်ခံအားမှာလည်း အားနည်းနေရသည်။ သူမမှာ နောက်ဘဝတွင် ထိုအချက်ကြောင့်ပင် ကွယ်လွန်ရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိမြင်နေရ၏။

ဝမ်ပေါင်လဲ့မှာ ရုပ်အလောင်းမျက်နှာ ရေးဆွဲနေစဉ် ထိုဝိညာဉ်အား ကူညီပေးသင့်သည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏ စိတ်ကူးထဲ၌ ပေါ်ပေါက်လာသော ပုံအတိုင်း ရေးဆွဲလိုက်ပြီးနောက် စုတ်ချက်အနည်းငယ်ခန့် ထပ်ဖြည့်ပေးလိုက်သည်။ နောက်ဆုံးတွင် သူသည် အပြီးအထိ ရေးဆွဲလိုက်ပြီးနောက် ‌ကြေးမုံထဲရှိ ပါးဖောင်းဖောင်းလေးနှင့် မျက်နှာအား စိုက်ကြည့်ရင်း ပြုံးမိသွားပြီး သူ့ကိုယ်သူ ကျေနပ်နေတော့သည်။

ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ တအံ့တဩ ဖြစ်နေသည့် ထိုဝိညာဉ်လေးမှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာ၌ နောက်ထပ်ဝိညာဉ်တစ်ခု အစားထိုးဝင်ရောက်လာ၏….

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းထဲ၌ ပုံများကို စတင်ရေးဆွဲနေလိုက်တော့သည်။ သူသည် ရုပ်အလောင်းမျက်နှာများအား နေ့စဥ်နေ့တိုင်း ရေးဆွဲနေခဲ့၏။ သူ တစ်ရက်တစ်ရက် ရေးဆွဲသည့် မျက်နှာအရေအတွက်စုစုပေါင်းမှာ အနည်းဆုံး တစ်သောင်းမှ အများဆုံး လေးသောင်း ငါးသောင်းအထိ ရှိနေ၏။ အစပိုင်းတွင် သူသည် ထိုပညာရပ်နှင့် စိမ်းနေခဲ့ပါသော်လည်းတဖြည်းဖြည်းနှင့် ကျင့်သားရလာပြီးနောက် အလွယ်တကူ ရေဆွဲနိုင်စွမ်း ရှိလာတော့သည်။ ထိုသို့ဖြင့် သူသည် အံ့ဩမှင်တက်ဖွယ် အမြန်နှုန်းမျိုးဖြင့် တိုးတက်လာ၏။

သူသည် ကြေးမုံထဲသို့ပင် ကြည့်နေရန် မလိုတော့ဘဲ သူ၏လက်ကိုသာ မြှောက်‌၍ ရေးဆွဲနိုင်စွမ်းရှိနေပြီဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ တိုက်ပွဲထဲ၌ ရန်သူများကို ရင်ဆိုင်ရချိန်တွင် အများကြီး အထောက်အကူပြုမည်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့ အမှောင်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်မှာ နှစ်ပတ်တိတိ ကြာမြင့်သွားပြီဖြစ်သည်။ ထိုအတောအတွင်းတွင် သူသည် ရုပ်အလောင်းမျက်နှာများအား နေ့စဉ်နေ့တိုင်း ရေးဆွဲနေခဲ့ရပြီး သူ အများဆုံး တွေ့မြင်ခဲ့ရသည့် ပုဂ္ဂိုလ်မှာ မျက်နှာပေါ်၌ တင်းတိပ်များရှိနေသော သူ၏ ဂိုဏ်းတူအစ်ကိုပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူတို့၏ဆရာ ဝိညာဉ်များအား လမ်းပြပေးသည့် ခရီးစဉ်နောက်သို့ လိုက်သွားရင်း အိပ်မက်တစ်ခု မက်ခဲ့ပြီး ဇဝေဇဝါနှင့် ပြန်၍နိုးထလာခဲ့ရသည့်အကြောင်းကို ကြားသိလိုက်ရသောအခါ သူ၏ ဂိုဏ်းတူအစ်ကိုဖြစ်သူ ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား စာနာသနားသွား၏။ သို့ဖြစ်၍ သူသည် ဝမ်ပေါင်လဲ့အား မှတ်ညဏ်များ ပြန်၍စုစည်းနိုင်ရန် ကူညီပေးလိုက်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအတောအတွင်းတွင် သူ၏မှတ်ဉာဏ်များကို ရှင်းရှင်းလင်းလင်း ပြန်၍ မှတ်မိလာတော့သည်။

သူ အမှောင်ဂိုဏ်းထဲသို့ မဝင်ခဲ့ခင်အချိန်တုန်းက မှတ်ဉာဏ်များမှာ မသဲမကွဲ ဖြစ်နေသေးပါသော်လည်း အမှောင်ဂိုဏ်းနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များမှာမူ ပို၍ ရှင်းလင်းပြတ်သားလာပြီဖြစ်သည်။ သူသည် မင်ခွန်းကျိ၏ တစ်ဦးတည်းသော တပည့်မဟုတ်ဘဲ သူ့ဆီတွင် ဂိုဏ်းတူအစ်ကို တစ်ရာကျော်ရှိနေသေးသည်ကို သိလိုက်ရသည်…

သူတို့အားလုံးမှာ မင်ခွန်းကျိ၏ တပည့်များဖြစ်ကြ၏။ သူတို့၏ အသက်အရွယ်များမှာ မတူညီကြသလို သူတို့ထဲမှ အသက်အကြီးဆုံးတပည့်ဆိုလျှင် လေ့ကျင့်နေခဲ့သည့် သက်တမ်းမှာ ရာစုနှစ် တစ်ဝက်နီးပါး ရှိနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ တပည့်များအားလုံးထဲတွင် အသက်အငယ်ဆုံးဖြစ်၏။ သူသည် အသက်ငယ်သေးသည်ဖြစ်ပြီး အမှောင်ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ‌နောက်ကျပါသော်လည်း သူ၏ ရာထူးအဆင့်အတန်းမှာ အတော်အသင့်မြင့်မားနေပြီဖြစ်သည်။

ထို့ကြောင့် သူ ဂိုဏ်းထဲ၌ ရှိနေစဉ်တွင် ဂိုဏ်းသူဂိုဏ်းသားများစွာမှာ သူ့အား ဦးလေးဆရာ သို့မဟုတ် အခြားသော ရိုသေလေးစားမှုရှိသည့် အသုံးအနှုန်းများဖြင့် ခေါ်ဆိုကြရသည်ဖြစ်သည်။ သူတို့ ခေါ်ဝေါ်သုံးနှုန်းသော စကားများကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်နေရ၏။ ထိုအချက်များကြောင့်လည်း အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်ချင်သော သူ၏ သံဓိဋ္ဌာန်မှာ ပို၍ပင်ခိုင်မာလာရတော့သည်။

ထိုလမ်းစဉ်မှာ သူ့အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း သူက မှတ်ယူထား၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုသော ရာထူးမှာ အိပ်မက်ထဲ၌သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း သူ အစောကြီး ပြန်နိုးလာခဲ့သည်မှာ နှမြောစရာကောင်းသည်ဟု ခံစားနေရ၏။ ထိုသို့သာမဟုတ်ပါက သူသည် အိပ်မက်ထဲတွင်လည်း ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ ရောက်ရှိနိုင်သွားလိမ့်မည်ဟု အပြည့်အဝယုံကြည်ထား၏။

သူသည် အမှောင်ဂိုဏ်းအကြောင်း ပြန်၍မှတ်မိသွားသောအခါ အမှောင်ဂိုဏ်း၏ စကြဝဠာကြီးထဲရှိ ရာထူးအဆင့်အတန်းကိုလည်း ပြန်၍ သတိရသွားသည်။ အမှောင်ဂိုဏ်းမှာ စကြဝဠာကြီးထဲရှိ ပြန်လည်မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ကို ထိန်းချုပ်ထားသည် ဖြစ်သည်။ သက်တမ်းကုန်သွားသည့် အရာအားလုံးမှာ ၎င်း၏ တရားစီရင်ပိုင်ခွင့်အောက်သို့ ရောက်လာရသည်သာဖြစ်သည်။ အမှောင်ဂိုဏ်းမှာ လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာနှင့် ဂိုဏ်းပေါင်းမြောက်မြားစွာကို ကြီးစိုးထားသည်ဖြစ်ပြီး သေခြင်းတရားကို ကိုယ်စားပြုနေ၏။

စကြဝဠာကြီးထဲ၌ သူတို့ရှိနေသည့် အပိုင်းအား ပေးထားသော နာမည်ကို ကြည့်လျှင် ထိုအချက်ကို သိနိုင်ပေသည်။ ထို နာမည်မှာ အမှောင်စကြဝဠာကြီးဟူ၍ ဖြစ်သည်။

၎င်းမှာ အမှောင်ဂိုဏ်း၏ စကြဝဠာကြီး ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့ ရှိနေသောနေရာမှာ အမှောင်စကြဝဠာထဲ၌ သေးငယ်သည့် နေရာလေးတစ်ခုသာဖြစ်သည်။ အမှောင်ဂိုဏ်းမှာ စကြဝဠာကြီး၏ အပိုင်းကိုးပိုင်းထဲတွင် ပျံ့နှံ့နေသည်။ ထိုကြယ်နယ်မြေ ကိုးခုမှာ အာကာသာကြီးတစ်ခွင် ပျံ့နှံ့နေကြပြီး မဟာအကြီးအကဲ တစ်ယောက်ချင်းစီတိုင်းမှာ ကြယ်နယ်မြေတစ်ခုစီကို အုပ်ချုပ်ကြသည်။ သူရှိနေသည့် နယ်မြေကိုမူ မင်ခွန်းကျိက အုပ်စိုးထားခြင်းဖြစ်သည်။

အမှောင်ဂိုဏ်းမှာ ဩဇာအာဏာကြီးမားပြီး အစွမ်းထက်ပါသော်လည်း ရန်သူများ မရှိသည်တော့မဟုတ်ပေ။ ၎င်း၏ မဟာရန်သူတော်ကြီးမှာ သေကျေပျက်စီးလိုသည့် ဆန္ဒမရှိသော အင်အားကြီး ကျင့်ကြံသူများနှင့် လူမှုအဖွဲ့အစည်းများ ပေါင်းစည်းသွားခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့အားလုံးမှာ အတူတကွ ပေါင်းစည်းသွားကြပြီး အဆုံးမဲ့မျိူနွယ်စုအား ဖန်တီးခဲ့ကြ၏။

သူတို့အား ” အဆုံးမဲ့မျိုးနွယ်စု” ဟု ခေါ်ဆိုရခြင်းမှာ အဆုံးသတ်လုံးဝမရှိသော အဓိပ္ပါယ်ကို ဆောင်သောကြောင့်ဖြစ်သည်။ ၎င်းမှာ သူတို့၏ ထာဝရအသက်ရှင်နေထိုင်လိုသော စိတ်ဆန္ဒကို ကိုယ်စားပြုနေ၏။ သူတို့မှာ သေခြင်းတရား အစစ်အမှန်နှင့် တစ်ရက်တလေပင် ကြုံတွေ့ရမည်မဟုတ်ပေ။ အကယ်၍ သူတို့မှာ သေကျေပျက်စီးသွားရလျှင်တောင် သူတို့၏ စိတ်ဆန္ဒအလျောက် ပြန်လည်မွေးဖွားလာမည်သာ ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်သွားမည်မဟုတ်ပေ။ ထို စက်ဝန်းထဲသို့ ရောက်သွားမည်ဆိုပါက သူတို့မှာ နောက်ဘဝ၌ ပြန်၍ မွေးဖွားမလာခင် သူတို့၏ ယခင်ဘဝမှ အတိတ်ဟောင်းများအားလုံးကို မေ့ပျောက်သွားကြမည်သာဖြစ်သည်။

ထိုသို့ဖြင့် ထိုအဖွဲ့အစည်းနှစ်ခုမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့အား ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေကြပြီး အာကာသထဲ၌ ကြိမ်ဖန်များစွာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြ၏။ သို့သော် သူတို့၏ ယှဉ်ပြိုင်မှုမှာ အတိုင်းအတာတစ်ခုအထိသာ ရှိကြပြီး အကြီးစား စစ်ပွဲကြီးများ မဟုတ်ကြပေ။ ထို့အပြင် ထိုကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်သည့် အချိန်တိုင်း သရေကျသွားခဲ့ရသည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အဆုံးမဲ့မျိုးနွယ်စုမှာ အမှောင်ဂိုဏ်းအား အောင်မြင်စွာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိသောကြောင့်ဖြစ်သည်။

အမှောင်ဂိုဏ်းမှာ အခြားမည်သည့် ရည်မှန်းချက်ပန်းတိုင်ကိုမှ ပိုင်ဆိုင်ထားခြင်းမရှိပေ။ ၎င်းတို့၏ တာဝန်မှာ မိုးကောင်းကင်တာအိုကိုယ်စား ဝိညာဉ်များအား လမ်းပြပေးရန်သာဖြစ်သည်။

ထို့အပြင် သူတို့၏ လုပ်ရပ်များမှာ ရန်လိုနေခြင်းလည်းမရှိပေ။ မိုးကောင်ကင်တာအိုထဲတွင် မျှခြေရှိခြင်းဆိုသည့် အချက်လည်း ပါဝင်နေသည်မဟုတ်ပါလော။

အရာအားလုံးမှာ သူ့အတွက် အထူးတဆန်း ဖြစ်နေရမည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏အသိစိတ်ထဲ၌ ၎င်းတို့နှင့် ရင်းနှီးနေသကဲ့သို့ ဖြစ်နေသည့် မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာသည်ကို အာရုံခံမိနေ၏။ နောက်ဆုံးတွင် သူသည် အမှောင်ဂိုဏ်းနှင့် စကြဝဠာကြီးတို့၏ အခြေခံအကြောင်းအရာများကို လုံးစေ့ပတ်စေ့ နားလည်သွားတော့သည်။

ထို့အပြင် ထိုဂြိုဟ်ကြီးပေါ်၌ သားရဲအုပ်ကြီးများနှင့် ကျင့်ကြသူပေါင်းမြောက်များစွာ ပူးပေါင်း၍ တည်ဆောက်နေကြသည့် ကျောက်တိုင်ကြီးမှာ မည်သည့်အရာကြီး ဖြစ်နေကြောင်းကိုလည်း သိရှိသွားရတော့သည်။

” အဲ့တာ အမှောင်ကလေးငယ် ကျောက်တိုင်ကြီးပဲ ” ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုဖြစ်သော မျက်နှာပေါ်၌ တင်းတိပ်များရှိနေသည့် လူငယ်လေးမှာ ခပ်လှမ်းလှမ်းရှိ ကျောက်တိုင်ကြီးအား လှမ်း၍ ငေးကြည့်နေရင်း ဝမ်ပေါင်လဲ့အား ပြောပြလိုက်၏။ သူ ထိုသို့ဆိုလိုက်ချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများနှင့် ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်သွားသည်ကို မြင်နိုင်ပေသည်။

” အမှောင်ကလေးငယ်ဆိုတာ ကိုယ်ပိုင်လက္ခဏာတစ်ခုဖြစ်သလို အမှတ်သင်္ကေတတစ်ခုဆိုလည်း မမှားဘူး ”

” အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာမှ အာကာသကြီးထဲကို တစ်ယောက်တည်း ခရီးနှင်ပြီးတော့ ဝိညာဉ်တွေကို လမ်းပြပေးနိုင်မှာ… အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းနှစ်ခုနဲ့ ကြိုးစားလို့ရတယ်။ ပထမတစ်နည်းက မင်းတို့ငါတို့လို မဟာအကြီးအကဲကြီးကိုးယောက်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ပဲ။ အဲ့လိုတပည့်တစ်ယောက် ဖြစ်သွားတာနဲ့ ကိုယ်က အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သွားပြီ ”

” ဒါပေမဲ့ အဲ့တာက အမည်ခံသက်သက်ပဲ ရှိသေးတာ။ ကိုယ်က တကယ့် အမှောင်ကလေးငယ်အစစ် ဖြစ်သွားပြီလို့ ပြောလို့မရသေးဘူး။ အမှောင်ကလေးငယ်အစစ် ဖြစ်လာဖို့အတွက်ဆိုရင် ဒုတိယနည်းလမ်း တစ်ခုတည်းပဲ ရှိတယ်။ အဲ့တာက… ကိုယ့်ရဲ့နာမည်ကို အမှောင်ကလေးငယ်ကျောက်တိုင်ပေါ်မှာ ရေးထိုးဖို့ပဲ ”

” ကိုယ်ကိုယ်တိုင် ရေးထိုးခွင့်မရှိဘူး။ မဟာကြီးအကဲကြီး တစ်ယောက်ကပဲ အဲဒီကျောက်တိုင်ပေါ်မှာ နာမည်ရေးထိုးခွင့်ရှိတာ။ အဲ့လိုရေးထိုးပြီးသွားလို့ ကိုယ့်ရဲ့ နာမည်က အဲဒီကျောက်တိုင်ကြီးပေါ်မှာ ဆက်ပြီးတော့ ရှိနေနိုင်မှာလားဆိုတဲ့ အချက်ကလည်း အရေးကြီးသေးတယ်။ အဲ့လိုဆက်ရှိနေနိုင်ဖို့အတွက် မိုးကောင်းကင်တာအိုရဲ့ ထောက်ခံချက်နဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့ လိုတယ် ”

” ပေါင်လဲ့။ မိုးကောင်းကင်တာအိုကသာ ကိုယ့်ကို အသိအမှတ်ပြုရင် ကိုယ့်ရဲ့နာမည်က ကျောက်တိုင်ပေါ်မှာ ကျန်နေခဲ့မှာ။ တကယ်လို့ အသိအမှတ် မပြုဘူးဆိုရင်တော့ ငါတို့ရဲ့ ဆရာ ကျောက်တိုင်ကြီးပေါ်မှာ ရေးထိုးလိုက်တဲ့ နာမည်က ချက်ချင်းပြန်ပျောက်သွားမှာ ”

” ဒီ အမှောင်ကလေးငယ်ကျောက်တိုင်ကြီးကို ဆောက်ပြီးတဲ့အချိန်ကျရင် ဆရာက ငါ့ရဲ့နာမည်ကို ရေးထိုးပေးတော့မှာ။ မိုးကောင်းကင်တာအိုက ငါ့ကို အသိအမှတ်ပြုပြီးတော့ ထောက်ခံချက်ပေးမယ်ဆိုတာ ငါယုံတယ်။ အဲ့တာမလို့ မင်းလည်း ကြိုးစားရမယ်ကွ ပေါင်လဲ့ရ ” ချန်ရှင်း၏ မျက်ဝန်းများမှာ အရောင်တောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ဝမ်ပေါင်လဲ့နှင့်အတူ ရုပ်အလောင်းမျက်နှာများ ရေးဆွဲနေသည့် လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် မင်ခွန်းကျိ၏ တပည့်များထဲမှ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး၌ရှိမနေပါသော်လည်း တုနှိုင်းမမီသော ပင်ကိုယ်ပါရမီများ ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်‌နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏မှတ်ဉာဏ်များကို ပြန်လည်ရရှိလိုက်ပြီးနောက် ချန်ရှင်း၏ ပါရမီများမှာ မည်သူနှင့်မှ မတူလောက်အောင် ထူးကဲနေသည်ကို ပြန်၍ အမှတ်ရသွား၏။ အမှောင်ဂိုဏ်းထဲမှ အခြားသောမဟာကြီးအကဲများမှာဆိုလျှင် သူသည် ကန့်သတ်ချက်များအားလုံးကိုပင် ကျော်ဖြတ်နိုင်သွားပြီဖြစ်သည်ဟု ချီးကျူးထားကြ၏။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးသွားပါက သူသည် ဒဿမမြောက် မဟာအကြီးအကဲတစ်ယောက်အထိ ဖြစ်လာနိုင်ပေသည်။

လက်ရှိတွင်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အင်မတန်မှ အစွမ်းထက်နေပြီဖြစ်၏။ ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်များထဲတွင် အမှောင်ဂိုဏ်းမှာ ကျင့်ကြံခြင်းအဆင့်အား အဆင့်ငါးဆင့်ခွဲထား၏။ ၎င်းတို့မှာ ထာဝရဝိညာဉ်အဆင့်၊ ဂြိုဟ်အဆင့်၊ ထာဝရကြယ်အဆင့်၊ ကြယ်စင်စုအဆင့်နှင့် စကြဝဠာအဆင့်တို့ပင် ဖြစ်သည်။

ထိုအဆင့်တစ်ဆင့်ချင်းစီတိုင်းကိုလည်း အဆင့်အမျိုးမျိုး ထပ်ခွဲထားသေးသည်။ ဥပမာပြရလျှင် ပထမဆုံးအဆင့်ဖြစ်သည့် ထာဝရဝိညာဉ်အဆင့်အား အခြေတည်အဆင့်၊ အမြုတေအဆင့်၊ ယွမ်ယင်အဆင့် ၊ ဝိညာဉ်ကြားခံနယ်အဆင့်နှင့် နောက်ဆုံးတွင် ထာဝရဝိညာဉ်အဆင့်ဟူ၍ ခွဲခြားထားသည်။

ဂြိုဟ်အဆင့်၊ ထာဝရကြယ်အဆင့်၊ ကြယ်စင်စုအဆင့်တို့မှာလည်း ထိုနည်းတူပင်။ နောက်ဆုံး စကြဝဠာအဆင့်တစ်ခုသာလျှင် ခြွင်းချက်ဖြစ်သည်။ ၎င်းမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းနေ၏။ လက်ရှိတွင် နဝမမြောက် မဟာကြီးအကဲကြီး တစ်ယောက်သာလျှင် စကြဝဠာအဆင့်၌ ရှိနေသည်ဖြစ်သည်။

အခြားသော အကြီးအကဲများအားလုံးမှာ ကြယ်စင်စုထိပ်ဆုံးအဆင့်၌ ရှိနေကြ၏။ နောက်ထပ်တစ်ဆင့်ဖြစ်သော စကြဝဠာအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းပေသည်။

ချန်ရှင်း၏အသက်မှာ နှစ်သုံးရာပင် မပြည့်သေးပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အံ့ဩမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် တိုးတက်နေ၏။ သူသည် လွန်ခဲ့သောခြောက်လခန့်က ဖောက်ထွက်နိုင်ခဲ့သောကြောင့် ဂြိုဟ်အဆင့်ထဲရှိ နောက်ဆုံးအဆင့်မှ ထာဝရကြယ်အဆင့်ထဲရှိ ပထမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုကဲ့သို့သော အရည်အချင်းမျိုးကို မိုးကောင်းကင်မှ ချီးမြှင့်သော ပါရမီတစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ့ထက် အဘက်ဘက်မှ သာလွန်နေသော သူ၏ ဂိုဏ်းတူအစ်ကိုအားကြည့်ရင်း စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် စိတ်ဖိစီးမှုများ ခံစားနေရပြီ ဖြစ်သည်။ သူသည် မှတ်ဉာဏ်များကို ပြန်လည်ရရှိလိုက်သောအခါ သူ၏ ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မများမှာ လူထူးဆန်းများ ဖြစ်နေကြသည်ကို ပြန်၍မှတ်မိသွား၏။ သူတို့မှာ တစ်ယောက်ထက်တစ်ယောက် ပိုပိုဆိုးလာကြသည်သာဖြစ်သည်။ သူတို့ထဲမှ အစွမ်းအထက်ဆုံး တစ်ယောက်မှာဆိုလျှင် ကြယ်စင်စုအဆင့်သို့ ရောက်နေပြီဖြစ်သည်။

အားအနည်းဆုံး တစ်ယောက်ပင်လျှင် ဂြိုဟ်အဆင့်‌၌ ရှိနေ၏။ သူတစ်ယောက်သာလျှင် ထာဝရဝိညာဉ်အဆင့်ထဲရှိ အခြေတည်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်သည်။ သူသည် အမြုတေအဆင့်သို့ပင် မတက်လှမ်းနိုင်သေးပေ။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ညည်းတွားနေစဉ် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေသည့် ချန်ရှင်းမှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား ပြန်၍ သတိရသွားသည်ပုံပင်။ သူသည် နောက်သို့လှည့်လာပြီး ခေါင်းငုံ့ကာ ဝမ်ပေါင်လဲ့၏ ပခုံးအား လှမ်းကိုင်လိုက်၏။ ထို့နောက် သူသည် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာအမူအရာတစ်ခုဖြင့် တိုးတိုးလေးမေးလိုက်၏ ” ပေါင်လဲ့ရေ။ ငါ မနေ့က ရုပ်အလောင်းမျက်နှာတွေ ရေးဆွဲနေတုန်း ဘယ်သူ့ရဲ့ ဝိညာဉ်နဲ့ ကြုံခဲ့ရတယ်လို့ မင်း ထင်လဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံပေါက်အောင် ဟန်ဆောင်နေပါသော်လည်း တဏှာရူးထနေသည့်ပုံ ပေါက်နေသည့် သူ၏ ဂိုဏ်းတူအစ်ကိုအား ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများပင့်ကာ ပြန်ပြောလိုက်၏။

” အစ်ကို။ ကျနော်က ကျနော့်ရဲ့ မှတ်ဉာဏ်တွေအများစုကို ပြန်ရပါပြီဗျာ။ အဲ့တာမလို့ ကျနော့်ကို အခုလို‌ ခြောက်လှန့်နေစရာမလိုပါဘူး ”

” ဂြိုဟ်တစ်လုံး ပျက်စီးသွားရလို့ လူတွေအစုလိုက်အပြုံလိုက် သေသွားရတဲ့အချိန်မျိုးမဟုတ်ဘဲ သက်ရှိတွေ ရိုးရိုးတန်းတန်း သေသွားတဲ့အချိန်တွေမှာ ကျနော်တို့လို အမှောင်ဂိုဏ်းက လူတွေက အဲဒီဝိညာဉ်တွေကို ကိုယ်တိုင်လမ်းပြပေးစရာ မလိုဘူး။ မိုးကောင်းကင်တာအိုက အဲဒီဝိညာဉ်တွေကို အနီးဆုံးမှာရှိတဲ့ အမှောင်ဂိုဏ်းရဲ့ ပြန်လည်မွေးဖွားခြင်း ချောက်နက်ကြီးထဲကို ခေါ်သွားတာမလို့ သူတို့က ကျနော်တို့ရဲ့ ရုပ်အလောင်းမျက်နှာ ကြေးမုံတွေထဲကို ရောက်လာတာ။ အဲ့လိုရောက်လာပြီးမှ ကျနော်တို့က သူတို့ရဲ့ နောက်ဘဝအတွက် မျက်နှာတွေ ရေးဆွဲပေးရတာလေ ”

” ကျနော်တို့တွေ ရုပ်အလောင်းမျက်နှာတွေကို ရေးဆွဲနေတဲ့အချိန်ကျရင် မိုးကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒက ကျနော်တို့ဆီကို ရောက်လာပြီးတော့ အဲဒီဝိညာဉ်တွေက နောက်ဘဝမှာ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေမလဲဆိုတာ အသိပေးတယ်။ ကျနော်တို့က သူတို့ရဲ့မျက်နှာတွေကို ရေးဆွဲလို့ရပေမယ့် သူတို့ရဲ့ အရင်ဘဝအကြောင်းကို သိနိုင်မှာမဟုတ်သလို သူတို့ရဲ့ အရင်ဘဝတုန်းက ပုံပန်းသွင်ပြင်ကိုလည်း မြင်နိုင်မှာမဟုတ်ဘူး။ အဲ့တာမလို့ ကြေးမုံထဲမှာ ဘယ်သူပဲပေါ်လာပေါ်လာ ကျနော်တို့က ဘယ်သူ့ကိုမှ မှတ်မိနိုင်မှာမဟုတ်ဘူးလေ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ ပြောပြနေစဉ် ချန်ရှင်းမှာ သူ့အား စိုက်ကြည့်နေ၏။ ထို့နောက် သူသည် ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်၏။

” ဝိညာဉ်တွေရဲ့ အတိတ်ဘဝကို မမြင်နိုင်ဘူးဆိုတာ ငါသိတာပေါ့ကွ။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဘဝကိုတော့ မြင်နိုင်တယ်လေ။ ငါ မနေ့က ဝိညာဉ်တစ်ခုနဲ့ ကြုံခဲ့ရပြီးတော့ သူ့ရဲ့ နောက်ဘဝကို မြင်ခဲ့ရတယ်ကွ။ သူက ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာပြီးတော့ ငါ့ရဲ့ဘေးမှာ အဖော်ပြုပေးမှာ။ငါတို့နှစ်ယောက်က တစ်သက်လုံး အပြန်အလှန်ချစ်ကြပြီးတော့ ကလေးသုံးယောက်တိတိ ထွန်းကားကြမှာကွ ”

” အဲ့တာမလို့ ငါလည်း စိတ်လှုပ်ရှားသွားပြီးတော့ သူ့ကို အလှပဂေးလေးတစ်‌ယောက် ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားပြီး ရေးဆွဲပေးခဲ့တာပေါ့ကွာ။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားရော ရုပ်ရည်ရောက ငါ့အကြိုက်ဖြစ်သွားပြီ ” ချန်ရှင်းမှာ မှိုရသည့် အပြုံးမျိုးဖြင့် ကျေနပ်အားရစွာ ပြုံးနေတော့သည်။ သူ၏ မျက်နှာပေါ်၌ မျှော်လင့်တကြီးဖြစ်နေသော အရိပ်အယောင်များကို အထင်းသား မြင်နေရ၏။

” အဲ့လိုလုပ်လို့ရတယ်လား ” ထိုအခါ ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset