“ယူယူလေး၊ နောက်ဆုံးတော့မင်းနိုးလာပြီ” ရှီမာယူယူ မျက်လုံးပွင့်လာသည်ကို တွေ့သည်နှင့် လင်းလုံပျော်ရွှင်စွာပြောလိုက်သည်။
ရှီမာယူယူ သူမလက်ကိုဆန့်ထုတ်ကာ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ သူမ ခေါင်းကိုလှည့်ကာ သူမဘေးမှ ကလေးငယ်ကိုကြည့်ပြီး ချီတုံချတုံပြောလိုက်သည်။ “လင်းလုံလား”
“ဟား ယူယူလေးက ငါ့ကိုမှတ်မိတယ်” လင်းလုံသည် ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။
“မင်းဘယ်လိုလုပ် ကလေးအဖြစ်ပြောင်းလဲသွားတာလဲ။ ပြီးတော့ ဒီလောက်သေးတာကို” ရှီမာယူယူ မတ်တပ်ရပ်လိုက်ပြီး လင်းလုံအား သူမ လက်ခုပ်ထဲထည့်လိုက်သည်။ သူမသည် လက်သီးဆုပ်အရွယ်အစားလောက်ပင်ရှိကြောင်း သဘောပေါက်လိုက်သည်။
“ဒါပေါ့ ငါကဝိညာဉ်လက်နက်ပဲ။ ငါကဝိညာဉ်လေးနဲ့ ဆင်တူတယ်။ လူလိုလည်းပြောင်းလဲလို့ ရတာအသေအချာပဲ” လင်းလုံသည် ပျော်ရွှင်စွာရယ်ရင်းပြောလိုက်သည်။ “ဒါပေမယ့် ငါကအဲကောင်ထက်ပို အားကောင်းတယ်။ ငါက စိတ်ကြိုက်ပြောင်းလို့ရတယ်။ သူကမရဘူး။ သူမ ဝိညာဉ်ပုလဲထဲမှာပဲ အချိန်ဖြုန်းနိုင်တယ်။ ဒါကြောင့် ဒီတစ်ချက်ကိုကြည့်ရင် အမြင့်ဆုံးရှေးဟောင်းအမွေအနှစ်မှာ စီနီယာကျတာ ငါပဲ”
“ကောင်းပြီး မင်းတို့နှစ်ယောက်လုံး အားကောင်းကြပါတယ်” ဝိညာဉ်လေး ပေါက်ကွဲတော့မည်ကိုတွေ့သည်နှင့် ရှီမာယူယူ အခြေအနေကိုထိန်းလိုက်သည်။
“သြော် ဟုတ်သားပဲ၊ ယူယူလေး အခုဘာအိမ်မက် မက်ခဲ့တာလဲ။ ငါတို့မင်းရဲ့ နာကျင်မှုကို ချက်ချင်းခံစားလို့ရတယ်။ ပြီးတော့အဲဒါက ငါ့ကိုလည်း နာကျင်စေတယ်” လင်းလုံမေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မှတ်ဉာဏ်အဟောင်းတွေပါပဲ” ရှီမာယူယူပြောလိုက်သည်။ “ငါအခု ကျင့်ကြံနိုင်လို့ဖြစ်နိုင်တယ်၊ အဲဒါကြောင့် မှတ်ဉာဏ်တွေက တဖြည်းဖြည်းငါ့ဆီပြန်လာနေတာ”
ဘာကိုမျှဖွင့်မပြောပဲ အင်တင်တင်လုပ်နေသော ရှီမာယူယူအားကြည့်၍ ဘယ်သူမှ ဘာမျှမမေးတော့ပေ။
ရှီမာယူယူ မတ်တပ်ရပ်လိုက်သည်။ သူမ မကြာသေးခင်က မေ့မြောသွားသောနေရာတွင်ပင် ရှိနေသည်ကို ကြည့်၍ သူမ နှုတ်ခမ်းများတွန့်ကာပြောလိုက်သည်။ “မင်းတို့အားလုံးငါ့ကို အိပ်ရာမှာပဲဖြစ်ဖြစ် မလဲခိုင်းဘူးလား။ အနည်းဆုံးတော့ ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့နေရာမှာ ဖြစ်သင့်တယ်”
“နေရာပြောင်းဖို့ပျင်းနေတာလေ” ဝိညာဉ်လေးသည် အားမာန်ပါသော အပြုအမူဖြင့်ပြောလိုက်သည်။ လျှပ်တစ်ပြက် အတွင်းပင် သူပျောက်ကွယ်သွားလေသည်။
“ငါမင်းနဲ့ထပ်ပြီး ငြင်းခုံဖို့တောင်ပျင်းနေပြီ ဒါမှမဟုတ်ရင် မင်းကြောင့်ငါသေလိမ့်မယ်”။ ရှီမာယူယူသည် ဝိညာဉ်လေးကိုမကြည့်ပဲ သူမလက်ထဲတွင်ရှိသော လင်းလုံအားကြည့်လိုက်ပြီး မေးလိုက်သည် “အခုဆို ဘယ်လို လက်နက်မျိုးပြောင်းနိုင်လဲ”
“ငါလည်းမသိဘူး” ခေါင်းခါကာ လင်းလုံပြောလိုက်သည်။
“ဒါဆို စမ်းကြည့်ကြအောင်”ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ” ပြောပြီးနောက် လင်းလုံ ဓားမြှောင်အသွင်ပြောင်းလိုက်ပြီး ပြောလိုက်သည် “သခင် စလိုက်ကြရအောင်”
သူမခေါင်းတွင် မတူညီသော လက်နက်အမျိုးအစားများကို ရှီမာယူယူတွေးကြည့်သည်။ ဓားရှည်နှစ်လက် ကအစပြု၍ ကျန်သောအရာများမှာ မအောင်မြင်ပေ။
ခဏမျှကြာပြီးနောက် ရှီမာယူယူ သူမလက်ထဲမှအိုးကို ကြည့်ကာ ရယ်မောစွာဖြင့် အော်လိုက်သည် “ဟားဟားဟား မင်းက ဘယ်လိုလုပ် အမြင့်ဆုံးရှေးဟောင်းအမွေအနှစ်လဲ။ ငါတို့ကို အစားအသောက်တွေချက်ပေးဖို့ အိုးအဖြစ်ပြောင်းလိုက်တာလား”
“ဒီတစ်ကြိမ်က အမှားဖြစ်သွားတာ” ထိုသို့ပြောပြီးနောက် လင်းလုံ ရှီမာယူယူလက်ထဲမှ ထွက်ကာ လေထဲတွင် လှည့်တော့သည်။ လှည့်နေသည်ကို ရပ်တန့်လိုက်သောအခါ အိုးသည်ပျောက်ကွယ်သွားပြီးနောက် ဟင်းသီးဟင်းရွက်များတွင် မွှေရာတွင်သုံးသော ယောက်မအဖြစ် အကုန်လုံးရှေ့တွင် ပေါ်လာသည်။
ရှီမာယူယူ၏ မူလမျှော်လင့်ချက်သည် စိတ်ပျက်မှုသို့ပြောင်းလဲသွားသည်။ ယောက်မကို ကြည့်လိုက်သောအခါ စိတ်ပျက်မှုမှ မျှော်လင့်ချက်ပျက်သုဉ်းခြင်းသို့ ပြောင်းလဲသွားတော့သည်။
သူမ ပြောင်းတိုင်း တခြား မမှန်မကန်ပစ္စည်းအဖြစ်ပြောင်းသွားသည်။ ပြောတော့အရမ်း အားကောင်းတယ်လို့ပြောတယ်လေ။ နောက်ဆုံးတော့ ရလဒ်က အရမ်းလှတယ်။ သူမကြည့်ရန် အားမရှိတော့ပေ။
ရှီမာယူယူ၏ မျက်နှာအမူအရာအားကြည့်၍ လင်းလုံသည် ဓားမြှောင်အဖြစ်ပြောင်းကာပြောလိုက်သည်။ “ယူယူလေး စိတ်မပျက်ပါနဲ့၊ ငါအခု ပစ္စည်းအများကြီးပြောင်းနိုင်ပေမယ့် အဲဒါက မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာ မူတည်နေတယ်။ မင်းပိုသန်မာလာလေ ငါလဲပိုသန်မာတဲ့ လက်နက်အဖြစ်ပြောင်းနိုင်လေပဲ”
အဲဒါ အခြေခံအရပြောခြင်းပင်၊ ယခုသူမ လက်ရှိအခြေအနေနှင့်ဆိုလျှင် ဟင်းချက်ပစ္စည်းတွေသာပြောင်းနိုင်သည်။
လင်းလုံစကားများကို စိတ်ပျက်စွာခံစားရသော်လည်း ရှီမာယူယူ အားတင်းကာပြောလိုက်သည် “ငါမင်းကို အရမ်းကို အားကြီးတဲ့လက်နက်တွေအဖြစ် ပြောင်းအောင်လုပ်ပေးမယ်။ ဘယ်လိုအခြေအနေမှာဆို ငါအဲဒီလက်နက်တွေ အခုတော့အသုံးမပြုနိုင်သေးဘူး။ ငါအားပိုကောင်းလာရင် မင်းလည်း အတူတူ အားကောင်းလာမှာပါ”
“အင်း ငါမင်းကို ယုံပါတယ် ယူယူလေး” ယုံကြည်မှုရှိစွာ လင်းလုံပြောလိုက်သည်။
“ငါရောပဲ ငါလဲအတူတူ အားကောင်းချင်တယ်” ဟိန်းသံလေးသည် လာပြီးပြောလိုက်သည်။
လင်းလုံသည် ကလေးငယ်အဖြစ်ပြောင်းကာ ဟိန်းသံလေး၏မျက်နှာပေါ်တက်လိုက်ပြီး အော်လိုက်သည် “ယူူယူလေးနဲ့ ငါက အခု တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာအားပေးနေကြတာ။ မင်းက ဘာဝင်ပါတာလဲ”
စက္ကန့်အနည်းငယ်အတွင်း ပြောင်းလဲသွားသော အမူအကျင့်နှင့် ဒေါသအိုး မိန်းကလေးငယ်ကို ရှီမာယူယူကြည့်လိုက်သည်။ ထိုအချိန်အတွင်းမှာပင် လင်းလုံအစစ်အမှန်ဖြစ်ကြောင်း သူမသိသွားသည်။
ဝိညာဉ်ပုလဲမှ ထွက်လာချိန်နှင့်ဆိုလျှင် အခုနေဝင်သွားချေပြီ။ နေ့လည်ခင်းကိုအတန်းမရှိ၍ ကံကောင်းသည် ဒါမှမဟုတ်လျှင် လူယုတ်မာ ဖန်ကျိရှင်းဆီ မိသွားတော့မည်။
ဖန်ကျိရှင်းအကြောင်းစဉ်းစားလျွှင် ဝိညာဉ်လေး၏ သတိပေးစကားကို အမှတ်ရသွားသည်။ သူတကယ်ပဲ သူမကျင့်ကြံနိုင်သည်ကို သိသွားတာလား။ ဒါဆို ဘာလို့ သူတည့်တည့်မမေးတာလဲ။ သူမသည် အချိန်ဖြုန်းနေတဲ့ အလကားလူဆိုသည်ကိုသိရဲ့သားနဲ့ သူ့အတန်းတွင် လက်ခံခဲ့သည်။ ကျောင်းအုပ်ကြီးနှင့် သူမအဘိုးကြောင့် ထိုကဲ့သို့လုပ်ခဲ့သည်မှာ အမှန်ပဲလား။
သူမနှင့်ပတ်သတ်၍ အမှန်တကယ် ရည်ရွယ်ချက်ရှိမည်ဆိုရအောင်လည်း သူမ သူ့ဆီမှ မလိုမုန်းထားမှုတစ်စုံတစ်ရာမှ မခံစားမိပါ။ သူထိုအရာကို ဖုံးကွယ်ထားမည်းဟု မပြောနိုင်ပါ။ ထို့အပြင် သူမသည် မွေးဖွားချိန်မှစ၍ လူတွေအပေါ် ဆတ်ဆတ်အထိမခံခဲ့ပေ။ မနာလိုခြင်းသို့မဟုတ် ကြင်နာခြင်းကဲ့သို့ ခံစားချက်များသည် သူမအပေါ်တွင် သိသာစေသည်။ ထိုအရာများကို သူမ မည်သည့်အခါတွင်မှလွဲမှား ခြင်းမရှိခဲ့ပါ။
ထို့ကြောင့်ပင် သူမသည် အရင်က အဖွဲ့အစည်းမှ လူများနှင့်များစွာသော မစ်ရှင်များကိုထမ်းဆောင်ခဲ့သည်။ သူတို့၏ သစ္စာဖောက်မှုတွင် လက်စားချေရန် တစ်စုံတစ်ယောက်ကို သတ်ရမည်။
ပြောရမည်ဆိုလျှင် ဖန်ကျိရှင်းသည် သူမအပေါ်တွင် မနာလိုမုန်းတီးခြင်းမရှိဟု ခံစားမိသည်။
ပြီးတော့ အခုလေးတင်မှ အပြင်မှပြန်လာသော ဖန်ကျိရှင်းသည် ကျောင်းအုပ်ကြီးရုံးခန်းမှ အခေါ်လွှတ်လိုက်လေသည်။
“မင်းအတန်းက ကျောင်းသားတွေနဲ့ပတ်သတ်လို့ အခြေအနေကို သတိထားမိလား”
“စိန်ခေါ်မှုအကြောင်းကိုပြောတာလား ဆရာကြီး။ ကျွန်တော်ကြားပါတယ်” ဖန်ကျိရှင်း စိတ်မဝင်စားဟန်ပြောလိုက်သည်။
“မင်းဘယ်လိုထင်လဲ” ကျောင်းအုပ်ဆရာကြီးက မေးလိုက်သည်။
“ဘာထင်မြင်ချက်မှ မရှိပါဘူး။ သူမ သူတို့အသက်နဲ့လောင်းကစားမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး” ဖန်ကျိရှင်းသည် ထိုင်ခုံကို မှီကာ သူ့လက်သည်းများကို ကလိနေသည်။ သူပြောလိုက်သည်မှာ “ပြီးတော့ ပြိုင်ပွဲမှာဆိုရင် သူတို့က သေမလား၊ရှင်မလား ကိုယ့်ဘဝကို တာဝန်ယူရမယ်။ ဘယ်လိုအခြေအနေဖြစ်ပါစ နှစ်ဖက်မိသားစုက အဲဒါကို ကျွန်တော့်အပေါ် ပုံချလို့မရဘူး။
အာ…
ဖန်ကျိရှင်း၏ စကားများကိုကြားသောအခါ ကျောင်းအုပ်ကြီးသည် အသက်ရှုကျပ်လုနီးပါးဖြစ်သွားပြီး ပြောလိုက်သည်။ “ငါမေးတာက ရှီမာယူယူက မုန်ထန်ကို နိုင်တဲ့အကြောင်းကို မေးတာ”
“သူမ မုန်ထန်ကိုနိုင်တော့ ဘာဖြစ်လဲ” ဖန်ကျိရှင်းပြောလိုက်သည်။ “အဲဒါ ဘာမှမထူးဆန်းပါဘူး။ ရှီမာယူယူ မြို့ထဲမှာ အမြဲရန်ဖြစ်နေတဲ့အချိန်မှာ မုန်ထန်က တံခါးပိတ်ပြီး အိမ်မှာ စာလုပ်နေခဲ့တာလေ။ ကျွန်တော်ထင်တာကတော့ သူ့ရဲ့ အလွန်အမင်းတိုက်ခိုက်မှုတွေကြောင့် နိုင်တာထင်တာပဲ”
ရှီမာယူယူ မုန်ထန်ကို အနိုင်ရကြောင်း ကျောင်းအုပ်ကြီးကြားရချိန်မှာတော့ သူ့အတွေးများ မှန်မမှန်တော့ မသိ၊ သူကျင့်ကြံနိုင်တာပဲဖြစ်နိုင်သည်။ အဲလိုမှမဟုတ်ရင် ဘာလို့ အမြော်အမြင်ရှိတဲ့သူက အလကားအချိန်ဖြုန်းတဲ့သူကို လက်ခံမလဲ။ သို့သော် သူ့ရှင်းပြချက်ကို နားထောင်ကြည့်ပြန်လျှင်လည်း ကျိုးကြောင်းဆီလျော်မှုရှိသည်။ ထို့အပြင် သူတို့တိုက်ခိုက်မှုအတွင်း ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကို အမှန်တကယ်ပင် အသုံးမပြုခဲ့ပါ။း
ကျောင်းအုပ်ကြီး၏ မျက်လုံးများသည် ဝေ့နေသည်ကို ဖန်ကျိရှင်းတွေ့သော် သူ့စိတ်ထဲတွင် တွေးနေသော အရာများကို ခန့်မှန်းမိသည်။ သို့သော် သူတစ်ခုခုကို ပြောရန်စိတ်ကူးမရှိပေ။
“တခြားကိစ္စရှိသေးလား။ မရှိတော့ရင် ကျွန်တော်အရင်သွားလိုက်ပါဦးမယ်။ မနက်ဖြန်ကို ဝိညာဉ်သားရဲဥကို သူတို့ကိုရွေးခိုင်းဖို့ ယူသွားပေးမလို့ ပြီးတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ သွားတော့မလို့”
“ကောင်းပြီ ဝိညာဉ်သားရဲဥရွေးချယ်ခြင်းပွဲက ကျောင်းသားတွေအတွက် အရေးကြီးတဲ့ပွဲပဲ။ မင်းသေချာပြင်ဆင်ဖို့လိုတယ်။ ဝိညာဉ်သားရဲဥတွေ အပြည့်ဖြည့်ပြီးပြီလား” ကျောင်းအုပ်ကြီးမေးလိုက်သည်။
“ဒီနေ့ပဲအကုန်ရောက်တယ်။ သူတို့အထဲကို ရောက်ပြီးနှင့်ပြီလို့ ထင်တယ်” ဖန်ကျိရှင်း ပြန်ပြောလိုက်သည်။
“ဒါဆို သွားပြီး ပြင်ဆင်လိုက်ပါ” ကျောင်းအုပ်ကြီးပြောလိုက်သည်။ “ဥအသေတွေနဲ့ အိမ်ကို သူတို့ကို မှတ်စု မယူဖို့ သတိထားပါ။ ဒီလိုမှမဟုတ်ရင် မလိုအပ်ပဲ အခွင်အရေးကို ဖျက်ဆီးနိုင်တယ်”
“ဥအသေတွေပဲဟာ ဘာလို့ရှင်းမပစ်တာလဲ” ဖန်ကျိရှင်း မရှင်းသဖြင့်မေးလိုက်သည်။
“အဲဒါက ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းပဲ၊ ငါတို့ကျောင်းရဲ့ ဓလေ့ထုံးစံက အဲဒီဥကို မထိဖို့ပဲ။ ငါလည်း အကြောင်းအရင်းကို ငါလည်းမသိဘူး။ ဒါပေမယ့် အရင်တုန်းကတည်းက အဲဒီအိမ်ကိုဝင်တဲ့ ကျောင်းသားတွေက သူ့ပြန်လမ်းကိုတောင် မမှတ်မိကြဘူး။ အဲဒါကြောင့် ဥအသေကြောင့်ပဲဖြစ်ရမယ်လို့ ငါတို့တွေးတယ်။ အဲနေရာက တမူထူးတဲ့နေရာတစ်ခုပဲ။ အဲဒါကြောင့် ငါတို့ ဒီအတိုင်းပဲထားထားတာ”
“ကျွန်တော် နားလည်ပါပြီ” ဖန်ကျိရှင်း ပြောကာ ထွက်သွားလေသည်။
ထိုညတွင် ဟီကျူကျိသည် ကျောင်းဝင်းအတွင်းလမ်းလျှောက်ထွက်ချိန်တွင် လူအုပ်စုလိုက်သည် သူမလမ်းအားပိတ်ထားလိုက်သည်။
“မနက်ဖြန် မင်းတို့ ဥတွေကိုရွေးဖို့သွားမယ်ဆို’ ထိုသူသည် မေးလိုက်သည်။
“ဟုတ်တယ်” ဟီကျူကျိပြန်ဖြေလိုက်သည်။
“ကောင်းတာပေါ့ ငါ့ကိုတစ်ခုကူညီ။ ငါမင်းကို ဆုချပါ့မယ်” ထိုသူသည် အပြုံးနှင့်ပြောလိုက်သည်။
“ဘာကိုလဲ၊ မင်းပြောမယ့်ဟာကို အရင်နားထောင်မယ်”
“ရှီမာယူယူကို အပြတ်ဖြုတ်ဖို့ ငါ့ကိုကူညီ” ထိုသူသည်ပြောလိုက်သည်။ “မုန်ထန်မှာ မုန်မိသားစု အထောက်အပံ့ရှိတယ်။ မင်းကိုကာကွယ်ဖို့ ဘာစွမ်းအင်ရှိလဲ။ သူ့ကို စိန်ခေါ်ဖို့ မုန်ထန်ကို မင်း သွေးထိုးပေးတာ သူမသိသွားရင်…”
“ငါလုပ်မယ်” ဟီကျူကျိ စိတ်လှုပ်ရှားစွာဖြေလိုက်ပြီး ခဏတာမျှစဉ်းစားကာ မေးလိုက်သည် “မင်း ငါ့ကို ဘယ်လို လုပ်စေချင်လဲ”