ကျောင်းဆောင်ခုနစ်ခုလုံးတွင် လူများ ခြောက်ကပ်နေပြီး ဒွန်ဟိုင် ကျောင်းတော်ဝင်း အလယ် လေးထောင့်ကွင်းပြင် နေရာတွင် လူများအားလုံး စုစည်းနေကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ကမူ ထိုလူများထဲတွင် မရှိပေ။ သူတို့ကား သူတို့၏အခန်းထဲတွင် ရှိနေသည်။
ထိုစဉ် ကျောင်းအုပ်ယိချန် သူတို့ထံ ရောက်ရှိလာသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့ဘေးတွင် လူအနည်းငယ်ပါသည်။ ရီဖူရှင်းက ထိုမြင်ကွင်းအား ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ သတိဝင်လာသည်။ သူက ထရပ်လိုက်ပြီး ထိုအုပ်စုအား ပြုံးလျက် နှုတ်ဆက်လိုက်သည်… “ဆရာ… တန်အဒေါ်… ဒီကို ဘာလာလုပ်ကြတာလဲ…”
တန်ဝန်က မင်းပြောခိုင်းထားတဲ့ အကြောင်းတွေ ငါ့ကို ပြန်လာပြောတယ်… ဒွန်ဟိုင်ကျောင်းတော်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မယ်နဲ့တူတယ်… ကျောင်းတော် ဘယ်လို ဖြစ်လာမလဲ ငါတို့သိချင်လို့ လာခဲ့ကြတာ…” ရီဖူရှင်းက ကျောင်းအုပ်ယိချန်၏ စကားများအား တန်လန်ထံပြောရန် တန်ဝမ်ကို အကူအညီ တောင်းဖူးသည်။
တန်လန်က ယူချင်းအား ကြည့်ကာ ပြောလိုက်သည်… “ဒါနဲ့ မင်းက ငါ့ရဲ့ဂျူနီယာ ဖြစ်သွားပြီပေါ့…”
ယူချင်းက အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူမအား နှုတ်ဆက်လိုက်သည်… “စီနီယာ အစ်မ…”
“ဟမ်…” ရီဖူရှင်းက တစ်စုံတစ်ခု လွဲမှားနေသလို ခံစားလိုက်ရသည်… “ငါတို့ဆက်ဆံရေးက ရှုပ်ထွေးလာပြီ… ဒါဆို ယူချင်းက ကျုပ်ရဲ့ စီနီယာ ဖြစ်သွားတာပေါ့… ဒီလို မရဘူး…”
“အဲဒါကို ထားလိုက်…” တန်လန်က ရီဖူရှင်းကို ကြည့်လိုက်သည်… “ငါကြားတာကတော့ မင်းက ဒွန်ဟိုင် ကျောင်းတော်ကို စတက်ကတည်းက ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာတယ်ဆို… မင်းက လျိုနန်းတော်ကို သွားပြီးတော့ စားပွဲမှာ တိုက်ခိုက်တယ်… ကြယ်စင်ဧကရာဇ် ကျောင်းတော်က ကျောင်းသားတွေနဲ့ ကျောက်မူကို ရိုက်တယ်… နန်ဒူနန်းတော်ကိုတောင် သွားခဲ့သေးတယ်… အတော် အတင့်ရဲတဲ့ ကောင်လေး…”
ရီဖူရှင်းက ဟက်ခနဲ ရယ်မောလိုက်သည်။ ဟွာဖန်းလူနှင့် တန်လန်တို့က သူ၏လှုပ်ရှားမှုများအား စောင့်ကြည့်နေပုံရသည်။
“မင်းရဲ့ ဆရာကတော်ကို တွေ့ခဲ့လား…” ဟွာဖန်းလူက မေးလိုက်သည်။
“ဟုတ်ကဲ့… ဆရာ… ဆရာကတော်က ဆရာ့ကို မမေ့သေးပါဘူး…” ရီဖူရှင်းက သူ ထိုသို့ ပြန်ပြောလိုက်စဉ်မှာပင် တစ်ကိုယ်လုံး အေးစိမ့်လာသည်ကို ခံစားရသည်။ သူက လှည့်ကြည့်လိုက်လျှင် တန်လန်က သူ့အား ပြုံး၍ ကြည့်နေသည်ကို ရီဖူရှင်း မြင်လိုက်ရသည်။ သူက သူ့ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်သည်။ ဘဝကား ခက်ခဲလွန်းလှသည်ဟု ရီဖူရှင်း တွေးလိုက်သည်။
“ငါမင်းရဲ့ ဆရာဘိုးဘိုးကို သွားတွေ့ရမယ်…” ဟွာဖန်းလူက ပြောလိုက်သည်။ ရီဖူရှင်းက ယိချန်အား ကြည့်လိုက်လျှင် ယိချင်က သူ့ကို ပြန်ပြောသည်… “ကျောင်းဆောင်ခုနစ်ခုရဲ့ စုဝေးပွဲက စတင်တော့မယ်… ငါအခု သွားတော့မယ်… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ လူတစ်ယောက်မှ မရှိတော့ဘူးဆိုတာ ငါပြောနိုင်တယ်… မင်းရဲ့ ဆရာကို အဲဒီကို ခေါ်သွားလိုက်…”
“ကောင်းပြီ…” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူက ရှေ့ကိုတက်လိုက်ပြီး ဟွာဖန်းလူအား ကျောတွင် ပိုးလိုက်သည်။ လေဓာတ်သဘာဝများက သူတို့နှစ်ယောက်အား လှည့်ပတ်လာနေကာ ရီဖူရှင်းက သူ့ဆရာအား သယ်ဆောင်လျက် ကောင်းကင်သို့ ပျံတက်သွားသည်။
လေထဲတွင် ဟွာဖန်းလူက ရီဖူရှင်းအား မေးလိုက်သည်… “မင်းရဲ့ ဆရာကတော်… အဆင်ပြေလား…”
“အင်း… သူမက ဆရာကို သတိရနေတယ်… ကျွန်တော့်ကိုတွေ့တော့ ဆရာကတော်က ပြောတယ်… ဆရာက ကျွန်တော့်လို အရမ်း ထက်မြက်တဲ့သူကို တပည့်အဖြစ်မွေးတာ ဆရာ့မှာ မျက်လုံးကောင်းကောင်း ရှိတယ်တဲ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ နန်ဒူဝန်ရှန်းက သူ့အား ပြောခဲ့သည်ကို ရီဖူရှင်း ပြန်မပြောပေ။ အကယ်၍ ဆရာကတော်သာ သည်နှစ်ပိုင်းအတွင်း အသေကောင်ကဲ့သို့ အသက်မဲ့စွာ နေထိုင်နေခဲ့သည်ကို သူ၏ဆရာသိပါက အလွန် စိတ်ထိခိုက်မည် ဖြစ်သည်။
“ငါတို့မတွေ့တဲ့ အချိန်နည်းနည်းမှာပဲ မင်းက တော်တော် အရေထူလာတယ် … ဒီလို အပြုအမူမျိုးနဲ့ မင်းရဲ့ဆရာကတော်က မင်းကို ခြံထဲက ကန်မထုတ်ဘူးလား…” ဟွာဖန်းလူက ရယ်မောလိုက်သည်။ သူကား ရီဖူရှင်း မျက်နှာပြောင်မှုများအား အသားကျနေပြီ။
“အဲဒီလိုမျိုးက ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး… ကျွန်တော် မသွားခင် ဆရာကတော်က ကျွန်တော့်ကို ဂျီယူနဲ့ လက်ထပ်ပေးဖို့တောင် ပြောခဲ့တယ်…” ရီဖူရှင်းက ပြောသည်။
“တကယ်…” ဟွာဖန်းလူက မေးလိုက်သည်။
“ဆရာ… ဒီကိစ္စမျိုးကို ကျွန်တော်က ဟာသ လုပ်ပါ့မလား…”
ဟွာဖန်းလူက ရယ်မောလိုက်သည်… ငါမင်းကို ယုံတယ်… ငါ့ကိုချစ်ရင် ငါ့ခွေးကိုလည်း ချစ်မှာပဲ… ကြည့်ရတာ သူမရဲ့ ငါ့အပေါ်ခံစားချက်က မပြောင်းလဲသေးဘူးပဲ…”
“ဘာကို ဆိုလိုတာလဲ… ငါ့ကိုချစ်ရင် ငါ့ခွေးကိုလည်း ချစ်တယ်… ဆရာမရဲ့ ကျွန်တော့်အပေါ် သဘောကျမှုက ဆရာနဲ့ ဘာမှ မဆိုင်ဘူး… ကျွန်တော်က အရမ်း ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်နေတာကြောင့် သက်သက်ပဲ… ဆရာက ဘယ်လောက်တောင် ဝါကြွားလိုက်သလဲ…” ရီဖူရှင်းက သူ၏ဆရာအား ပြန်ပက်လိုက်သည်။
“ဝါကြွားတတ်တာက ငါ့ရဲ့ အရည်အချင်း မဟုတ်ဘူးလား…” ရီဖူရှင်း အရှုံးပေးရန်သာ တတ်နိုင်တော့သည်… “ဆရာ … အဲဒီနေရာမှာတော့ ဆရာ့ကို ကျွန်တော် မနိုင်ဘူးထင်တယ်…”
“မင်းကိုလည်း လျှော့တွက်လို့ မရဘူး … မင်းက ကျောက်မူကို အနိုင်ယူနိုင်တယ် ဆိုတော့… ငါက မင်းကို တပည့်အဖြစ် ရွေးခဲ့တာ တော်တော်မှန်တယ်… ငါ့အမြင်တွေ တော်တော် ကောင်းခဲ့တယ်…” ဟွာဖန်းလူက ရယ်မောလိုက်သည်။
“ဆရာ့ဆီက ချီးကျူးစကားရဖို့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ… ဒါကြောင့် ကျွန်တော်က ကျောက်မူကို အနိုင်ယူခဲ့တာ ဆရာ တော်တော် ပျော်နေတယ် ထင်တယ်…” ရီဖူရှင်းက ရယ်မောလိုက်သည်။
“တော်တော် ပျော်တယ်…” ဟွာဖန်းလူက ပြန်ဖြေလိုက်သည်။ ရီဖူရှင်း ပြုံးလိုက်သည်။ သူက ဟွာဖန်းလူအတွက် ဆေးကုသရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း သူ၏ပြိုင်ဘက်ကို အနိုင်ယူခဲ့ရသည့် အတွက် သူလည်း ကျေနပ်မိသည်။
ရီဖူရှင်းနှင့် ဟွာဖန်းလူတို့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ထဲမှ အကြီးအကဲချင်၏ အဆောင်ဝင်းထဲသို့ ရောက်လျှင် အထဲမှ ကု့ချင်းဂီတသံများ ပျံ့လွင့်လာသည်ကို ကြားကြရသည်။ သူကား မိမိကိုယ်တိုင် ကု့ချင်းအား တီးခတ်နေသည်။ သူ၏လက်ချောင်း ဆယ်ချောင်းလုံးဖြင့် တီးခတ်နေသော်လည်း သူ၏လှုပ်ရှားမှုများက ညင်သာကာ တိကျလွန်းလှသည်။ အဖြူရောင်ဆံပင်ဖြင့် အဘိုးအိုကား အလွန်သိမ်မွေ့သော ပုံဟန်ရှိနေသည်။ အကြီးအကဲချင်က ရီဖူရှင်းတို့အား သတိပြုမိပုံမရဘဲ မိမိ၏ဂီတသံထဲတွင်သာ နစ်မျောနေသည်။
ကု့ချင်းဂီတသံကား သိမ်မွေ့ကာ ငြိမ်းချမ်းလှသည်။ အကြီးအကဲချင်က လက်ကွက်များ ရွေ့လျားမှုကို ရပ်လိုက်ကာ သူ၏သီချင်းအား အဆုံးသတ်လိုက်သည်။ ထိုမှသာလျှင် သူ့ထံရောက်ရှိလာသော သူနှစ်ယောက်ကို သတိထားမိသည်။ သူက ရီဖူရှင်းနှင့် ဟွာဖန်းလူအား မြင်လျှင် ပြုံးလိုက်သည်။
“အင်း… ဖန်းလူ ရောက်လာပါလား…” သူက ပြောကာ ပြုံးလိုက်သည်။ သူ၏အပြုံးကား ရိုးစင်းလှသည်။ ဟွာဖန်းလူက ရီဖူရှင်း၏အကူအညီဖြင့် မြေပြင်တွင် ဒူးထောက်ကာ အကြီးအကဲချင်အား ကန်တော့လိုက်သည်။
ဟွာဖန်းလူက သူ၏ခေါင်းအား မော့လိုက်သောအခါ သူ၏မျက်လုံးများ နီရဲနေပေပြီ။ အသံတိုးညင်းစွာဖြင့် သူပြောလိုက်သည်… “ဆရာ… တပည့်မိုက်… ဆရာ့ကို အခုမှ လာတွေ့နိုင်တော့တယ်…”
ဟွာဖန်းလူက သူနှင့်သူ့ဆရာတို့ ပထမဦးဆုံး ဆုံတွေ့ခဲ့သော အချိန်အား ပြန်လည် အမှတ်ရမိသည်။ ထိုအချိန်က အကြီးအကဲချင်ကား အလွန်သန်မာကာ စွမ်းအင်များ အပြည့်ဖြင့်ဖြစ်သည်။ သူထွက်သွားခဲ့သော အချိန်ကလည်း ယခုကဲ့သို့ အားနည်းသော ပုံဟန်မဟုတ်ခဲ့ပေ။ ဟွာဖန်းလူက သူ၏ဆရာမှာ ယခုကဲ့သို့ အိုမင်းသွားလိမ့်မည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ ကြည့်ရသည်မှာ အကြီးအကဲချင်ကား သူ့ဘဝ၏နေဝင်ချိန်ကို ရောက်လုနီးနေပြီ ဖြစ်သည်။
“ဟွာဖန်းလူ … ထတော့…” အကြီးအကဲချင်၏အသံကား တည်ငြိမ်သည်။ ဟွာဖန်းလူက ရီဖူရှင်း၏အကူအညီဖြင့် ထရပ်လိုက်ကာ အကြီးအကဲချင်အား နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်… “ဆရာ…တပည့် ဆရာ့ကို စိတ်ပျက်စေမိပြီ…”
“ငါမသေခင်… ငါ့တပည့်ကို မြင်ခဲ့ရတာကိုပဲ စိတ်ကျေနပ်တယ်… တခြား အကြောင်းအရာတွေ ပြောမနေတော့နဲ့…” အကြီးအကဲချင်က ပြောသည်။ သူကား ပြုံးနေဆဲပင်… “ပြီးတော့ ငါက ဟွာဂျီယူနဲ့ ရီဖူရှင်းကို တော်တော် သဘောကျတယ်… ဒီလူငယ်လေးတွေက တော်တော် ထူးချွန်ပြီး ညဏ်ကောင်းကြတယ်… ရီဖူရှင်းက မင်းထက်တောင် တော်သေးတယ်…”
ဟွာဖန်းလူက ရယ်မောလိုက်သည်… “ဒီကောင်လေးရဲ့ ပါရမီက တော်တော် ကောင်းတယ်… ဒါပေမဲ့… ညဏ်များလွန်းတယ်… ဆရာ့ကို မလေးမစားမလုပ်ဖို့ပဲ ကျွန်တော် မျှော်လင့်မိတယ်…”
“အဲဒီလို မရှိဘူး… သူ့ရဲ့ အမူအကျင့်က မင်းထက် ကောင်းသေးတယ်…” အကြီးအကဲချင်က ပြောသည်။ ထို့နောက် သူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်ပြီး ဆက်ပြောသည်… “သူနဲ့ ဂျီယူနဲ့ တော်တော် လိုက်ဖက်တယ်… မင်းနဲ့ ဝန်ယမ်နဲ့ သူတို့ကို ကောင်းကောင်း ဆက်ဆံသင့်တယ်… သူတို့ကို… မင်းတို့ နှစ်ယောက်လိုမျိုး မကြုံစေနဲ့…”
“ကျွန်တော် နားလည်ပါတယ် ဆရာ…” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။ သူက ဘေးတွင် ရပ်နေသော ရီဖူရှင်းအား စွေ၍ ကြည့်လိုက်သည်။ ရီဖူရှင်းက ဂုဏ်ယူစွာဖြင့် ပြန်ပြုံးပြလိုက်လျှင် ဟွာဖန်းလူက အေးစက်စွာ ပြန်ကြည့်လိုက်သည်။
“ဖူရှင်း…” အကြီးအကဲချင်က ခေါ်လိုက်သည်… “ငါက အခု အရမ်းအိုနေပြီ… အခု ငါတတ်နိုင်တဲ့အရာတွေက အကန့်အသတ်ရှိတယ်… မင်းဆရာရဲ့ ဒဏ်ရာကို မင်းကိုပဲ အားကိုးရတော့မယ်…”
“စိတ်မပူပါနဲ့ ဆရာဘိုးဘိုး… ကျွန်တော် အသက်ရှိနေသရွှေ့ ဆရာကို ကုသဖို့ နည်းလမ်းရှာပါ့မယ်…” ရီဖူရှင်းက ကတိပေးလိုက်သည်။
“အရူးကလေး… နိမိတ်မကောင်းတာတွေ မပြောရဘူး… မင်းက အသက်ရှည်ပြီး ပျော်ပျော်ရွှင်ရွှင် နေသွားရမှာ သေချာတယ်…” အကြီးအကဲချင်က ရီဖူရှင်းကို ပြောလိုက်သည်။
“ဆရာဘိုးဘိုး ပြောတဲ့အတိုင်းပါပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်…” ဆရာဘိုးဘိုးကလည်း ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်… ကျွန်တော်နဲ့ ဂျီယူ လက်ထပ်တဲ့အခါ ဆရာဘိုးဘိုးလည်း လက်ထပ်ပွဲကို တက်ရမယ်…”
“ဒါပေါ့…ဒါပေါ့…” အကြီးအကဲချင်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူအား ကြည့်ရသည်မှာ အလွန် ပျော်ရွှင်နေသည့်ဟန်ပင်။
“ဆရာ… ဆရာက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ နေရတာ အဆင်ကောပြေလား… ကျွန်တော်နဲ့ ဘာလို့ မလိုက်ခဲ့တာလဲ…” ဟွာဖန်းလူက မေးလိုက်သည်။
“အာ … ဖန်းလူ … ငါက ဒီနေရာမှာ ငါ့အသက် တစ်ဝက်ထက်တောင် ပိုအောင် နေခဲ့တာ… ဒီနေရာက ဘယ်လိုပဲ ပြောင်းလဲသွားပါစေ… ငါက ဒီကျောင်းဆောင်ရဲ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပဲ… ငါက အုတ်ဂူထဲကို ခြေတစ်ဖက်လှမ်းနေပြီ… ဘယ်နေရာကို ထပ်သွားရဦးမလဲ…” အကြီးအကဲချင်က ခေါင်းယမ်းလျက် ပြောသည်။
“ဆရာဘိုးဘိုး… ဒီနေ့ပြီးသွားရင် ဒွန်ဟိုင်ကျောင်းတော်က အရင်လိုနဲ့တူတော့မှာ မဟုတ်ဘူး… တကယ်ထွက်သွားဖို့ မစဉ်းစားတော့ဘူးလား…” ရီဖူရှင်းကလည်း တိုက်တွန်းလိုက်သည်။
ထိုစကားများအား ကြားလျှင် အကြီးအကဲချင်က အဝေးကို ကြည့်လိုက်သည်။ သူက ကျောင်းဆောင်အပြင်သို့ ခြေတစ်လှမ်းမှ မချသော်လည်း ဒွန်ဟိုင်ကျောင်းတော်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို သူသိသည်။ အကြီးအကဲချင် သက်ပြင်းချလိုက်သည်။
***
တစ်ချိန်တည်းမှာပင် သူတို့သုံးယောက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ထဲတွင် စကားပြောနေကြစဉ် လူတိုင်းက ဒွန်ဟိုင်ကျောင်းတော်ဝင်း အလယ်ရှိ မြေကွက်လပ်ကြီးထဲတွင် စုဝေးနေကြသည်။ ထိုနေရာကား ကျောင်းသူ ကျောင်းသားများ။ ပရိသတ်များဖြင့် ပြည့်နှက်နေသည်။ ကွင်းပြင် အလယ်တည့်တည့်တွင် ကျောင်းဆောင်ခုနစ်ခုမှ ကျောင်းသားများက မိမိတို့ ကျောင်းဆောင်အလိုက် တစ်နေရာစီ စုစည်းနေကြကာ ဒွန်ဟိုင်မြို့မှ ကိုယ်စားလှယ်များ။ အရာရှိများ။ ပညာရှင်များအားလုံးက ဘေးပတ်ပတ်လည်မှ ကြည့်နေကြသည်။
ပရိသတ်များထဲတွင် ရှေ့ဆုံးမှ ထိုင်နိုင်သူများအား အလွန်အားကောင်းသော မိသားစု အဖွဲ့အစည်း အသိုင်းအဝိုင်းများမှ ဖြစ်ကြသည်။ ထိုအခိုက်တွင်ကား ထိုလူများက မည်သူဖြစ်သည်မှာ အဓိကမဟုတ်ပေ။ လူတိုင်း၏အာရုံများက နေရာတိုင်းတွင် ရှိနေကြသည်။
ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရှိ တာဝန်ရှိသူများ ထိုင်နေသော နေရာမှ လူတစ်ယောက်က စုဝေးပွဲ၏အဓိကနေရာသို့ လျှောက်လာသည်။ သူက ထိုနေရာတွင် အေးဆေးစွာပင် ရပ်နေသော်လည်း သူ့ထံမှ ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါအား ခံစားမိစေသည်။ သူက ကမ္ဘာကြီးအား ကြည့်လိုက်သကဲ့သို့ လူအုပ်အား ကြည့်လိုက်သည်။ သူ၏ဘေးတွင် ဝန်ကြီးချုပ်ဟွာ။ အရှေ့စီရင်စုခေါင်းဆောင် ရှာဖိန်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ကျောင်းအုပ်ကြီးတို့ ရပ်နေသည်။
“အဲဒါ အိမ်ရှေ့စံမင်းသားလေးမလား… သူက ဧကရာဇ်ဖြစ်ဖို့ မွေးဖွားလာတဲ့ အရမ်း ထူးခြားထက်မြက်တဲ့ လူငယ်လေးတစ်ယောက်နဲ့တူတယ်… သူ့ကိုယ်ရောင်ကိုယ်ဝါတွေက ထူးခြား ဆန်းကြယ်လှတယ်… သူ့ကိုယ်ရောင်ကိုယ်ဝါတွေက အားကောင်းလှတော့ သူ့အနီး ကပ်ရတာတောင် စိုးရိမ်စိတ်ဖြစ်ရတယ်…” လူတိုင်းက အိမ်ရှေ့စံနှင့် ပတ်သက်၍ တိုးတိုးလေး ပြောနေကြသည်။
လူအများအပြားက တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်ကာ အိမ်ရှေ့စံ ရှိရာဘက်သို့ ဦးညွှတ်ကြသည်… “အိမ်ရှေ့စံမင်းသားလေးနဲ့ ဝန်ကြီးချုပ်ဟွာကို နှုတ်ဆက်ပါတယ်…”
လျိုဂျင်လန်က ထိုမြင်ကွင်းကား ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်… “ထိုင်ကြ…” ထို့နောက် သူက သူ့ထိုင်ခုံနေရာတွင် သွားရောက် ထိုင်လိုက်လျှင် လူတိုင်းကလည်း ကိုယ်ပိုင်ထိုင်ခုံ နေရာတွင် ထိုင်လိုက်ကြသည်။
လူတိုင်းက ကွင်းပြင်အလယ်တွင် ထိုင်နေသော ထိုလူငယ်လေးမှာ နန်ဒူနိုင်ငံ၏ ဘုရင်ဖြစ်လာမည်ကို သိကြသည်။ သူကား နန်ဒူတစ်နိုင်ငံလုံးအား အပိုင်ရမည့်သူဖြစ်သည်။ သူကား အလွန် အရေးကြီးသောသူသာမက။ သူ့ကိုယ်ရောင်ကိုယ်ဝါ။ သူ့ရုပ်ရည်သွင်ပြင်နှင့် သူ့ပါရမီကား အလွန် ကောင်းမွန်လှပေသည်။ မိန်းမပျို အများအပြားက တစ်ခုခု ထူးခြားစွာ ပြောင်းလဲနိုင်မည့် အခွင့်အရေးအား မျှော်လင့်ကာ လျိုဂျင်လန်ကို ကြည့်နေကြသည်။
“အိမ်ရှေ့စံရဲ့ ကိုယ်ရောင်ကိုယ်ဝါက ကျောက်မူထက် အဆမတန် အားကောင်းတယ်…” ရှောက်ဟီက ရေရွတ်လိုက်သည်။ သူမက လင်းဇီယွီနှင့် တခြားသော သူမတို့ လင်းမိသားစုဝင်များ၏ ဘေးတွင် ရပ်နေသည်။ အနုပညာ သူတော်စင်၏တပည့် ကျောက်မူကား သူမမြင်ဖူးသမျှထဲတွင် အထူးချွန်ဆုံးသော လူငယ်တစ်ယောက် ဖြစ်သည်။
“အနုပညာ သူတော်စင်က ဟိုမှာရှိတယ်… ကျောက်မူလည်းရှိတယ်…” ရှောက်ဟီက ဆက်ပြောလိုက်သည်။ သူမက လက်ထောက်ကျောင်းအုပ် ဟန်မိုရှိရာဘက်သို့ ကြည့်နေသည်။ သူ့ဘေးတွင် ရပ်နေသူများမှာ အနုပညာ သူတော်စင်နှင့် ကျောက်မူတို့ ဖြစ်ကြသည်။
သို့သော်လည်း လင်းဇီယွီကား လူအုပ်ထဲတွင် တစ်စုံတစ်ခုအား ရှာဖွေနေပုံရသည်။ သူမရှာနေသော လူငယ်လေးအား ရှာတွေ့ပုံမရပေ။ သူကား လာဘ်လာဘ ကျောင်းဆောင်မှ ဖြစ်သော်လည်း ထိုကျောင်းသားများ၏ ကြားထဲတွင် မတွေ့ရပေ။
ထိုအခိုက်တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တာဝန်ရှိသူများ ကြားထဲတွင် ထိုင်နေသော လက်ထောက် ကျောင်းအုပ် ဟန်မိုက ထရပ်လိုက်သည်။ သူက ရှေ့မှ လွတ်နေသော နေရာသို့ လျှောက်သွားလိုက်ကာ လက်တစ်ဖက်အား ကောင်းကင်သို့ မြှောက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း ဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“အိမ်ရှေ့စံမင်းသားနဲ့ ဝန်ကြီးချုပ်ဟွာတို့က ကျောင်းတော်ကို ရောက်ရှိလာပြီး ကောင်းချီးပေးတယ်… သမိုင်းတစ်လျှောက် နှစ်သုံးရာအတွင်း ဒွန်ဟိုင် ကျောင်းတော်မှာ ဒီလိုကြီးကျယ် ခမ်းနားခြင်းမျိုး မရှိခဲ့ဖူးဘူး… ဒီနေ့ အဖြစ်အပျက်တွေဟာ သမိုင်းမှတ်တမ်းမှာ နောင်နှစ်ပေါင်း ထောင်ကျော်အထိ တည်ရှိနေလိမ့်မယ်လို့ ကျုပ်ထင်တယ်…” ဟန်မိုက ကျယ်လောင်စွာ ပြောလိုက်သည်… “အိမ်ရှေ့စံမင်းသားနဲ့ ဝန်ကြီးချုပ်ဟွာ ဒွန်ဟိုင်ကျောင်းတော်ကို အရမ်းမျှော်လင့်ထားတယ်… ဒါကြောင့် ဒီနေ့ ကျောင်းဆောင်ခုနစ်ခု စုစည်းနေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အသုံးချပြီး ကျောင်းသားတွေက သူတို့ရဲ့ စွမ်းရည်ကို အိမ်ရှေ့စံမင်းသားနဲ့ ဝန်ကြီးချုပ်ဟွာတို့ရဲ့ ရှေ့မှာ ထုတ်ဖော်ပြသကြရမယ်…”
လူတိုင်း၏မျက်လုံးများ တောက်ပလာကြသည်။ သို့သော် သူတို့၏စိတ်ထဲတွင်လည်း ဝေခွဲမရမှုများ ရှိနေသည်။ သည်မတိုင်ခင်က ကျောင်းဆောင်နှစ်ခုက တခြား ကျောင်းဆောင်များအား အဆက်မပြတ် စိန်ခေါ်တိုက်ခိုက်ခဲ့ကြသည်။ အရင်နေ့များက ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်များမှ ကျောင်းသားများအား တိုက်ခိုက် အနိုင်ယူခဲ့သည်။ သူတို့၏အစီအစဉ်များမှာ ရီဖူရှင်းကြောင့် ပျက်စီးခဲ့ရ၏။
ယခု ကြယ်စင်ဧရာဇ် ကျောင်းဆောင်က အိမ်ရှေ့စံနှင့် ဝန်ကြီးချုပ်တို့ ရောက်လာသည်ကို အကြောင်းပြ၍ ကျောင်းဆောင် ခုနစ်ခုအား စုစည်းခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်အား လူတိုင်းသိကြသည်။
သို့သော်လည်း အိမ်ရှေ့စံ၏ရှေ့တွင် စွမ်းဆောင်ခွင့်ရသည်မှာ တစ်သက်မှာ တစ်ခါ ရခဲလှသော အခွင့်အရေးဖြစ်သည်။ မည်သို့ပင်ဆိုစေ သာမန် ကျောင်းသားများအတွက် ကျောင်းဆောင်ခုနစ်ခုက တစ်ခုတည်း ဖြစ်သွားခြင်း မဖြစ်ခြင်းက အရေးမပါလှပေ။
***