Chapter 1

ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး

ကျန်းရှီမြို့ ၊ ဧကရာဇ်ဟိုတယ်၏ ခမ်းနားသောအခန်းအတွင်း၌

“အား …”

နားကြားပြင်းကတ်စရာ ကောင်းလောက်သော အော်သံကို ကြားရသဖြင့် ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်မိပြီး မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ထိုအခါ စွတ်စွတ်ဖြူနေသောအိပ်ယာခင်းနှင့် ဗလာကျင်းနေသော ခန္ဓာကိုယ်လေးအပေါ်၌ အဝတ်အစား လုံခြုံစွာကပ်နေခြင်းမရှိသော မိန်းမလှလေးကို သူ တွေ့လိုက်ရသည်။

သူမ၏အသားအရည်က ဖြူ၍ ချောမွေ့သည်။ လေးကိုင်းသဖွယ် မျက်ခုံးလေးနှင့် သူမ၏ မျက်နှာလေးက မိခင်သဘာဝကြီးက ထုဆစ်ထားသည့် အနုပညာလက်ရာအလား လှပလှသည်။

သို့သော် ဤလှပသောမျက်နှာလေးက ရှက်ရွံ့မုန်းတီးဟန်ဖြင့် ဒေါသူပုန်ထလျက်ရှိနေ၏။

“နင်…. နင် ဘယ်ကကောင်လဲ .. ဘာလို့ ဒီကို ရောက်နေတာလဲ”

သူမ နိုးလာသည့်အချိန်၌ သူမဘေးတွင် ယောက်ျားတစ်​ယောက် ရှိနေလိမ့်မည်ဟု လင်းလန် ထင်မထားခဲ့ပေ။
အဖြူရောင်အခင်းပေါ်က သွေးစွန်းကွက်ကို တွေ့လိုက်ရပီးနောက် လင်းလန် သတိလစ်မတတ် ဖြစ်သွားရသည်။

“ခွေးကောင် .. လူရမ်းကား. . ငါက အပျိုဟဲ့”

လင်းလန်က ယဲ့ဖန်ကို ခြင်္သေ့ပျိုမလေးကဲ့သို့ အော်ဟစ်လိုက်သည်။

*မင်းက အပျို…* (စိတ်ထဲက တွေးနေ၊ပြောနေတာကို **ခံပြီးရေးပါမယ်)

လင်းလန်စကားကို ကြားပြီးနောက် ယဲ့ဖန် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

*စကြဝဠာကို အုပ်ချုပ်တဲ့သူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အပြင် နတ်ဆိုးဂြိုလ်ကို အုပ်စိုးတဲ့ နတ်ဆိုးဘုရင်ဖြစ်တဲ့ ငါ့အတွက် အိပ်ရာပေါ်မှာ အဖော်ပြုပေးချင်တဲ့ မိန်းမလှလေးတွေနဲ့ နတ်သမီးအပျိုစင်လေးတွေက ပေါမှပေါ …ဘာလို့ ငါက သူ့ကို အတင်းအကြပ်ရယူရမှာလဲ*

အခုတော့….

ယဲ့ဖန် တစ်ခုခုပြန်ပြောရန် ကြံစည်လိုက်ချိန်တွင် ထူးဆန်းသောမှတ်ဥာဏ်များက သူ့ခေါင်းထဲဝင်လာသည့်အတွက် သူ အနည်းငယ် ထိတ်လန့်သွားရသည်။

*က…ကမ္ဘာမြေမှာလား*

*ငါ ပြန်လည်မွေးဖွားလာတာလား*

ယဲ့ဖန်မျက်နှာ တစ်ခဏအတွင်း ဖြူစုတ်သွားသည်။ စကြဝဠာကို အုပ်စိုးသူတစ်ယောက်အနေနှင့် သူသည် စကြဝဠာအတွင်းမှ အဓိကနတ်သမီး ၁၀ ပါးကို သတ်ခဲ့ပြီး အခြားအုပ်ချုပ်သူ ၃ပါးလုံးကို ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုများ ခံစားစေခဲ့သည်။

နောက်ဆုံးတွင် ထို၃ယောက်က အတူပူးပေါင်း၍ သူ့အား အသူတစ်ရာနက်သောချောက်ထဲသို့ ထိုးချခဲ့သည်။
မမျှော်လင့်ဘဲ သူသည် ကမ္ဘာ မြေပေါ်၌ လူငယ်တစ်ယောက်အနေဖြင့် ပြန်လည်ရှင်သန်လာခဲ့သည်။

ဤလူငယ်၏နာမည်ကား ယဲ့ဖန်ပင်ဖြစ်ပြီး ပစ်ပယ်ခံထားရသည့် တရားမဝင်သားတစ်ယောက် ဖြစ်သည့်အပြင် သုံးစားမရသူလည်း ဖြစ်နေသေးသည်။

“ခွေးကောင်… ပြောစမ်း …နင် ဘယ်ကကောင်လဲ … နင့်နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ”

ယဲ့ဖန် ထူးဆန်းသောမှတ်ဉာဏ်တွေထဲ နစ်မြောနေစဉ် မိန်းမလှလေးက အော်လိုက်သည်။ လင်းလန် ရူးမတတ်ဒေါသထွက်နေသည်။

ကျန်းရှီမြို့၏အလှဆုံးဥက္ကဋ္ဌ​ဖြစ်သည့် သူမဟာ နားဝေတိမ်တောင်ဖြစ်နေတဲ့သူစိမ်းတစ်ယောက်ကို သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ရသည်လေ။

အိပ်ယာခင်းပေါ်က နီရဲနေသောနေရာကိုကြည့်ရင်း လင်းလန် စိတ်တိုလာရသည်။ သူမ ယဲ့ဖန်ကို ကုတ်ဖဲ့ရန် ဟန်ပြင်လာသည်။

သို့သော် သူမ၏နုနယ်သောလက်များကို ဆန့်ထုတ်လိုက်သည့်တစ်ခဏမှပင် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။

“မင်းက နေမကောင်းဘူးပဲ”

“ဘာ”

လင်းလန် ကြက်သေသေသွားသည်။

ဒီလူက သူမကို ကြောက်လန့်ပြီး ခွင့်လွှတ်ပေးရန် တောင်းပန်လိမ့်မည်ဟု သူမ ထင်ထားပင်မယ့် သူကတော့ သူမကို ကျိန်တောင်ကျိန်ဆဲနေလိုက်သေးသည်။

ယောကျာ်းသားတို့၏ စိတ်ကူးယဉ်အိပ်မက်ထဲက မိန်းကလေးဖြစ်သည့် လင်းလန်သည် သူတို့၏ ချစ်ခင်ကြင်နာခြင်းကို ခံစားရသည်။ အခုက သူမ ပထမဆုံး ကျိန်ဆဲခံရခြင်းဖြစ်သည်။

ပို၍စက်ဆုပ်ဖွယ်ကောင်းသည်ကား ဤလူသည် သူမ၏ဖြူစင်သန့်ရှင်းမှုကို အရောင်ဆိုးလိုက်သည့်သူ ဖြစ်နေခြင်းပင်။

လင်းလန် ပေါက်ကွဲလာသည်။ ထိုအချိန်မှာပင် ယဲ့ဖန်က တည်ငြိမ်စွာ ဆက်၍ပြောသည်။

“မင်းက စိတ်ဆတ်ပြီးတော့ endocrine dyscrasia ရောဂါကို ခံစားနေရတာပဲ”

“မင်းရဲ့ဖြူဖတ်ဖြူရော်မျက်နှာအရ မင်းက ဓမ္မတာမမှန်တာ၊ ဆီးကျဥ်တာမျိုးတွေကို ခံစားနေရတာပဲ”

ထိုသို့ပြောပြီးနောက် လင်းဖန်သည် မထီမဲ့မြင်ပုံစံမျိုးနှင့် ခေါင်းကိုခါပြီး ဆက်ပြောလိုက်သေးသည်။

“မိန်းကလေး မင်းက တော်တော့်ကို နေမကောင်းဖြစ်နေတာပဲ”

…..

ယဲ့ဖန်စကားကြောင့် လင်းလန် ကြက်သေ​သေသွားသည်။

*မိန်းကလေး မင်းက တော်တော့်ကို နေမကောင်းဖြစ်နေတာပဲ ဟုတ်လား*

*ဘယ် … ဘယ်လိုလုပ် ဒီခွေးသူတောင်းစားက သူ ငါ့​အပေါ်လုပ်ခဲ့တာတွေကို မသိချင်ယောင်ဆောင်နေရတာလဲ*

*သွားသေလိုက်*

လင်းလန် သူ့ကို သေမတတ်ရိုက်နှက်ချင်နေသည်။ ထိုအခိုက်လေးမှာတင် ယဲ့ဖန်၏စကားတစ်ဝက်လောက်က မှန်နေသည်ကို သူမ သတိရသွားသည်။ သူမ၏သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်တုန်ယင်ယင်ဖြစ်သွားသည်။
*ဓမ္မတာ မမှန်တာနဲ့ ဆီးကျဥ်တာ*

*စိတ်ဆက်ပြီး endocrine dyscrasia ​ရောဂါကို ခံစားနေရတယ်*

*သူ ဒါတွေကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ*

လင်းလန်သည် သူမ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ကောင်းကောင်းကြီး သတိထားမိသည်။ အထူးသဖြင့် ဒီရက်ပိုင်းအတွင်း သူမ ဓမ္မတာ မှန်မှန်မလာပေ။

သူမ ညဘက် အပေါ့သွားသည့်အခါတိုင်း အလွန်အမင်း နာကျင်ရသည်။ ထပ်ပြောရလျင် သူမ အားနည်းပြီးတော့ ယောင်ချာချာဖြစ်နေသလို ခံစားနေရသေးသည်။
သူမ ဆေးရုံသို့သွား၍ ဆေးစစ်ကြည့်သောအခါ endocrine dyscrasia ရောဂါကို ခံစားနေရကြောင်း အဖြေထွက်လာသည်။

ဒီအကြောင်းကို လင်းလန် ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။ ဒါကို ဒီလူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။

လင်းလန် ကြောင်တောင်တောင်ဖြစ်နေစဥ် ယဲ့ဖန်က သရော်ပြုံးမျိုး ယဲ့ယဲ့ပြုံး၍

“မိန်းကလေး … မင်း ငါ့နဲ့ဆုံတွေ့ရတာကို ကံကောင်းတယ်မှတ်ပါ … ငါ့စိတ်ဝိညာဥ်က သာလွန်တဲ့မှော်ပညာစွမ်းအားတွေနဲ့အတူတူ ရောက်လာတာ … ငါ့မှော်စွမ်းအားတွေနဲ့ အားဖြည့်လိုက်မယ်ဆို မင်း လုံးဝခန္ဓာကိုယ် အသစ် ရလာစေရမယ် … အခုချိန်ကစပြီး မင်းက ထာဝရနုပျိုပြီးတော့ လှသထက် လှလာလိမ့်မယ် … တစ်နိုင်ငံလုံးမှာ မင်းက အလှဆုံးမိန်းကလေးတောင် ဖြစ်လာလိမ့်ဦးမယ်”

*ဘာ*

သူမ လုံးဝစိတ်ရှုပ်သွားရသည်။

သူပြောသည့် သာလွန်တဲ့မှော်ပညာစွမ်းအားဆိုတာကို သူမ နားမလည်ပေ၊ သူမ သေချာသိတာကတော့ သူက သူမကို အရူးလုပ်နေသည်ဆိုတာပင်။

*ဒီခွေးသူတောင်းစားက သူ လုပ်ခဲ့တာကို ဝန်မခံတဲ့အပြင် သူနဲ့တွေ့တာကိုပဲ ကောင်းချီးပေးခံရသလိုမျိုး ပြောနေသေးတယ်*

*ယုတ်မာလိုက်တာ*

“ခွေးကောင်”

သူမ သူ့ကို အသေသတ်ရန် ဟန်ပြင်လိုက်စဥ် သူမမျက်လုံးထောင့်နားကနေ မှန်ကို ဖျတ်ခနဲမြင်လိုက်ရပြီး ကြက်သေသေသွားသည်။ ပြိုင်ဘက်ကင်းသောအလှလေးက သူမကို စိုက်ကြည့်နေ၏။

“ဒါ…ဒါ တကယ်ပဲ ငါလား …”

သူမ မျက်လုံးအဝိုင်းသားနဲ့ ရေရွတ်လိုက်သည်။

ယခင်တုန်းက သူမက ကျန်းရှီမြို့၏ အလှဆုံးဥက္ကဋ္ဌ ဖြစ်သော်လည်း သူမက ဒီမြို့၏ အလှဆုံးသောသူမကို မယှဥ်နိုင်ပေ။

အရိုးသားဆုံးပြောရမည်ဆိုလျင် သူမထက်ငယ်သော အမျိုးသား၊ အမျိုးသမီး မော်ဒယ်လေးများကတောင် သူမထက် လှနေသေး၏။

သူမ ညလိမ်းဆီကို အမြဲလိမ်းသောကြောင့် သူမအသားအရေက ဖြူရော်ရော်ဖြစ်လာကာ သူမက မျက်တွင်းကျသလိုမျိုး ဖြစ်လာသည်။

အခုတော့ သူမအသားအရေက အဖြူရောင်ရတနာလေးအလား ဖြူစင်ဝင်းမွတ်နေ၏။

သူမကို မြင်သည့်သူတိုင်း ရင်ခုန်သွားရလောက်သည်။ တရုတ်ပြည်မှ အလှထိပ်ခေါင်လေးများနှင့် အာရှတိုက်တစ်ခွင်မှ ရုပ်ရှင်မင်းသမီးများပင် သူမနှင့် မယှဥ်နိုင်ပေ။

သူမက ပန်းချီကားထဲမှ ထွက်လာသည့်နတ်သမီးလေးအလား လှပလွန်းနေ၏။

“မဖြစ်နိုင်ဘူး…ဒါကတကယ်ပဲ ငါလား”

သူမ၏ ပြိုင်ဘက်ကင်းမျက်နှာလေးကို ပွတ်သပ်နေရင်း ယဲ့ဖန် ပြောခဲ့သည့်စကားကို သူမ ပြန်အမှတ်ရသွားသည်။

“သူ…သူရဲ့မှော်စွမ်းအားတွေနဲ့ ဖြည့်ဆည်းခြင်းခံလိုက်ရလို့ ငါ ဒီလောက်လှလာတာလား”

လင်းလန်၏ မျက်လုံးထဲတွင် အံ့အားသင့်ပြီး မယုံကြည်နိုင်သောအကြည့်များ လှစ်ခနဲ ဖျက်ပြေးသွားသည်။
ထို့နောက် သူမရှေ့က သူ့ကို မရည်ရွယ်ဘဲ သေချာလေ့လာကြည့်နေမိသည်။

သူက ပိန်၍အားနည်းပုံပေါက်သော်လည်း သူ၏ နက်မှောင်နေသောမျက်လုံးမှ အကြည့်များက မှော်စွမ်းအားနှင့်အတူ အရာအားလုံးကို ထိုးထွင်းသိမြင်နေဟန် တူသည်။

အထူးသဖြင့် နှုတ်ခမ်းတွန့်၍ ပြုံးတယ်ဆိုရုံလေးပြုံးနေသည့်ပုံက မာနကြီး၍ အလျှော့မပေးတတ်သောဟန်ကိုဖော်ပြနေပြီး ဆွဲဆောင်မှုတစ်မျိုးကို ထင်ဟပ်စေသည်။

သူက ထူးဆန်းသည့်သူတစ်ယောက် ဖြစ်ဟန်တူ၏။

“နင်…”

လင်းလန် သူ့အကြောင်း မေးရန်ပြင်နေစဥ်မှာပင် ရုတ်တရက် ကျွီခနဲထိုးရပ်သံကို ကြားလိုက်ရသည်။ မကြာခင်မှာပင် ဆူညံသံများနှင့် အပေါ်သို့တက်လာသည့်အသံများကို အခန်းပြင်မှ ကြားလိုက်ရသည်။

“မြန်မြန် … မြန်မြန် … ကျန်းရှီမြို့ရဲ့ အလှနတ်ဘုရားမလေးဖြစ်တဲ့အပြင် ဒီမြို့ရဲ့ ထိပ်ဆုံး စွန့်ဦးတီထွင်သူဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လင်းလန်က ယဲ့ကလန်က သုံးစားမရတဲ့ တရားမဝင်သားနဲ့ ဟိုတယ်တစ်ခန်းထဲ အတူတူ ငှားနေနေတယ်တဲ့။ မြန်မြန် အပေါ်တက်ပြီး သူတို့ကို သတင်းမေးရမယ်”

“သေစမ်း … ဒါ အမှန်ပဲဟ။ လင်းလန်က ကုန်းကလန်ကသခင်​လေး ကုန်းယွင်ဖေးရဲ့သတို့သမီးလောင်းလေ၊ ယဲ့ကလန်က တရားမဝင်သားက ဘယ်လိုလုပ်ပြီး ကုန်းသခင်လေးရဲ့ ဇနီးလောင်းကို ကြာခိုချင်ရတာလဲ၊ သူ သေချင်နေတာပဲ”

“ပြောကြတာကတော့ ယဲ့ကလန်က သူတို့ရဲ့တရားမဝင်သားအကြောင်းကို ဝန်မခံချင်ဘူးတဲ့။ သူက ယဲ့ကလန်ရဲ့အမည်းစက်ပဲ။ မမျှော်လင့်ဘဲ ဖားက ငန်းသားစားချင်နေတာပဲ”

“….”

အသည်းအသန် ဆွေးနွေးသံများက ပြတင်းပေါက်မှတစ်ဆင့် ပျံ့လွင့်လာသည်။
ဂျာနယ်လစ်တစ်ယောက် ပခုံးပေါ်၌ ကင်မရာကိုထမ်း၍ ဟိုတယ်အဝင်ကနေ ဝင်လာသည်ကို လင်းလန် မြင်လိုက်ရသည်။

ကြည့်ရတာတော့ လမ်းမကြီးက မကြာခင်မှာ လူတွေနှင့်ပြည့်နှက်လာမည့်ပုံပင်။

*မဖြစ်ရဘူး …*

လင်းလန် မျက်နှာလေး ဖြူစွတ်သွားသည်။
သူမ သူစိမ်းယောကျ်ားတစ်ယောက်နှင့် အတူရှိနေသည်ကို ဒီသတင်းထောက်တွေ သိသွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူမသာ ဓာတ်ပုံရိုက်ခံလိုက်ရမည်ဆိုလျင် ကျန်းရှီမြို့၌ သူမ၏ နာမည်အမည်းစက်ထင်ကာ ပျက်ဆီးသွားလိမ့်မည်။ ပိုဆိုးသည်က သူမ၏ ကုမ္ပဏီက စီးပွားရေးပါတနာတစ်ယောက်နှင့် သဘောတူစာချုပ်ချုပ်ဆိုတော့မည်ဖြစ်သည်၊ အကယ်၍ သူမ၏ အတင်းအဖျင်းသတင်းသာ လူထုကြား ပျံ့နှံသွားမည်ဆိုလျင် သဘောတူစာချုပ် ပျက်သွားရုံသာမက ပူးပေါင်းဆောင်ရွက်မှုပါ ပျက်သွားလိမ့်မည်။

ဤသည်ကား တကယ့်ကို ကပ်ဘေးကျရောက်သည့်အလား ဖြစ်လာပေလိမ့်မည်။

ဒါတွေကို လင်းလန် တွေးလိုက်မိပြီးနောက် သူမ အားအင်တွေ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
သူမ ပိုင်ဆိုင်သမျှ အရာအားလုံးနှင့် နာမည်ဂုဏ်သတင်းကိုပါ ဆုံးရှုံးရတော့မည်ကို သူမ သိလိုက်သည်။
ဤအဖြစ်အပျက်ကို ကြည့်နေရင်း ယဲ့ဖန်၏မျက်လုံးထဲတွင် ရေခဲအလား အေးစက်သည့်အကြည့်တစ်ချက် ဖျက်ခနဲပေါ်လာသည်။

*ဒါ ထောင်ချောက်ပဲ*

ယဲ့ဖန်က ဒါထောင်ချောက်မှန်း သေချာသိလိုက်ရသည်။ ဒီခန္ဓာကိုယ်၏ အရင်ပိုင်ရှင်က လင်းလန်နှင့် ဘာပတ်သက်မှုမှမရှိပေ။ နှစ်ယောက်စလုံး အရည်တစ်ချို့သောက်မိပြီး သတိလစ်သွားကြပြီး နှစ်ယောက်စလုံး ကုတင်တစ်ခုထဲတွင် ရောက်မိသွားကြသည်။

ဒီသတင်းထောက်တွေက တစ်ယောက်ယောက် လက်ထောက်ချထားတာဖြစ်ရမည်။
သူတို့သည် လင်းလန်ကို ပိုင်ဆိုင်မှုနှင့် နာမည်ကိုပါ ကျဆင်းစေရုံသာမက ယဲ့ဖန်ကိုပါ လူပုံအလယ်၌ အရှက်ရ၍ သေအောင်လုပ်နေကြသည်။

ဒီလျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးကို လင်းဖန်သိလိုက်သောအခါ သူ့နှုတ်ခမ်းထောင့်လေးက အပေါ်သို့ တွန့်တက်သွားသည်။

*စိတ်ဝင်စားစရာပဲ…သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်*

ထိုအချိန်မှာပင် ယဲ့ဖန်က အနက်ရောင်မြူခိုးထု အနည်းငယ်ကို ဖြာထုတ်လိုက်သည်။

တစ်ချိန်ထဲမှာပင် အခန်းထောင့်ရှိ ပန်းအိုးထဲမှ ပန်းပင်များမှ အစိမ်းရောင်အရွက်များသည် အဝါရောင်သို့ ပြောင်းသွားကာ ခြောက်သွေ့ညှိုးနွမ်းလာသည်။ သူတို့၏ အသတ်ဓာတ်စွမ်းအင်ကို တစ်စုံတစ်ရာက စုပ်ယူလိုက်မှန်း သိသာလှသည်။

ထိုသည်သာမက အနက်ရောင်မြူခိုးထုက ပြတင်းပေါက်အပြင်သို့ ပျံ့လွင့်သွားသည်။ အနီးအနားရှိ သစ်ပင်များ၊ မြက်ပင်များ၊ ပန်းအိုးထဲရှိ ပန်းပင်များပါ ညှိုးနွမ်း​ခြောက်သွေ့သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ၁၀၀၀ အတွင်းရှိ အပင်များအားလုံး ဆောင်းတွင်းကဲ့သို့ ခြောက်သွေ့ညှိုးနွမ်းသွားကြသည်။

သစ်ပင်များအားလုံး၏ အသတ်ဓာတ်ကို အနက်ရောင်မြူခိုးထုက စုပ်ယူသွားမှန်း သိသာလှသည်။ သစ်ပင်များ ညှိုးနွမ်းသွားသောအခါ ယဲ့ဖန်၏မျက်နှာသည် သွေးရောင်လွှမ်းလာကာ အားမာန်ပြည့်လာသလို ဖြစ်လာသည်။

တစ်ချိန်တည်းမှာပဲ သူ၏လက်ချောင်းများကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကအပေါ်၌ ထူးဆန်းသော မန္တန်တစ်ခု ရေးဆွဲလိုက်သည်။

ရေးဆွဲချက်တစ်ခုချင်းစီက သူ၏ အားအင်ကို ကုန်ဆုံးစေပုံရသည်၊ သူ၏ တစ်ကိုယ်လုံးသည်လည်း ချွေးများနှင့် ရွှဲနစ်နေသည်။

ဘန်း…

ထိုစဉ် တံခါးသည် အပြင်ဘက်မှ အကန်ခံလိုက်ရသောကြောင့် ဝုန်းခနဲပွင့်လာကာ ပါပါရာဇီများက ကင်မရာများသယ်၍ အခန်းထဲ ပြေးဝင်လာကြသည်။

ထိုမြင်ကွင်းကြောင့် လင်းလန်မျက်နှာလေး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

*ငါတော့ သေပြီ*

*ငါ လုံးဝကို သေပြီပဲ*

ထို့နောက် အခန်းထဲ ဖျက်၍ဝင်လာသော ပါပါရာဇီများသည် ကြက်သေသေသွားသည်ကို လင်းလန် သတိထားလိုက်မိသည်။ သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်ဟန်ဖြင့် အခန်း၏ထောင့်တိုင်းကို စစ်ဆေးရှာ​ဖွေနေကြသည်။

အဆုံးတွင် သူတို့အားလုံး လုံးဝစိတ်ပျက်သွားကြသည်။

“မဖြစ်နိုင်ဘူး… အဲ့တရားမဝင်သားက ဘယ်ရောက်နေတာလဲ…သူ ဘယ်မှာလဲ”

“ချီး…ဒီသတင်းက အတုကြီးလား။ ဥက္ကဋ္ဌလင်းပဲဒီမှာရှိနေတာ။ အဲ့ယဲ့ကလန်ကတရားမဝင်သားကို ငါတို့ လုံးဝမမြင်မိဘူး”
“….”

ထိုစိတ်ပျက်နေသည့်စကားများကို လင်းလန် ကြားလိုက်ရ ပြီးနောက် သူမ လုံးဝ ထိတ်လန့်သွားသည်။

*ဘာ*

*သူတို့ ယဲ့ဖန်ကို မတွေ့ဘူးလား*

အခုလေးတင် ယဲ့ဖန်ရပ်နေသည့် ပြတင်းပေါက်ဘက်ကို လင်းလန် အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ဘယ်သူမှ ရှိမနေပေ။

*ဘယ်လို…*

သူမ၏ကလူ၏သို့မြှူ၏သို့ မျက်နှာလေးပေါ်တွင် သရဲကို မြင်လိုက်ရသည့်အလား မယုံနိုင်သည့် အမူအရာလေး ဖြစ်ပေါ်နေသည်။

*မဖြစ်နိုင်ဘူး၊ သူ … သူ အခုလေးတင် အဲ့နားမှာရပ်နေတာလေ၊ မဟုတ်ဘူး…*

လင်းလန် လုံးဝကို ခေါင်းခြောက်သွားသည်။

လူတစ်ယောက် သူမမျက်စိရှေ့မှာတင် ပျောက်သွားတာကို သူမ မယုံနိုင်သေးပေ။

*ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး…*


Comment

  1. ဦးဝိေကာ လသ says:

    Good

Leave a Reply

Options

not work with dark mode
Reset