အပိုင်း(၈၄)

သူရဲကောင်းများစုစည်းနေခြင်း

နောက်ဆုံးတွင် လူတစ်စု သတ္တဝါဆန်းများအား စီးလျက် ရောက်ရှိလာကြသည်။ သည်မြင်ကွင်းကား နောက်ဆုံးအကြိမ်က ဝန်ကြီးချုပ်ကျို လာရောက်စဉ်ကထက် ပိုမို ကြီးကျယ် ခမ်းနားလှသည်။

ဒွန်ဟိုင်ကျောင်းတော်သို့ ဆင်းသက်လာသော လူစုမှာ အလွန် အင်အားကောင်းသော အရှိန်အဝါများအား ပိုင်ဆိုင်ကြသည်။ ရှေ့ဆုံးတွင်ကား လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။ လူကြီးက ငွေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးမှာ တောက်ပြောင်လွန်း လှသည်။ သူ၏မျက်လုံးများက အားကောင်းလွန်းလှကာ သူ၏ရှေ့မှ လူအုပ်ကြီးအား စေ့စေ့စပ်စပ် သေချာ ကြည့်လိုက်သည်။ သူကား မည်ကဲ့သို့သောသူကိုမဆို သေမိန့်ပေးနိုင်စွမ်းသော အရေးပါအရာရောက်သော လူတစ်ယောက်နှင့် တူလှသည်။ လူငယ်က ပိုမိုပြင်းထန်ကာ ကြီးမားသော အရှိန်အဝါ တစ်ခုအား ပိုင်ဆိုင်ထားသည်။ သူ၏အရှိန်အဝါက အင်အား ကြီးမားသည်သာမက ကြီးမြတ်သည့်ဟန်လည်း ရှိနေသည်။ သူ၏မျက်လုံးများက ကြယ်ပွင့်များလို စူးရှတောက်ပနေသည်။

“ဝန်ကြီးချုပ်ဟွာ…” လူတိုင်းက ဦးညွှတ်၍ နှုတ်ဆက်ကြသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်တို့မှ ကျောင်းအုပ်ကြီး နှစ်ယောက်ပင်လျှင် ဦးညွှတ်ရသည်။

ထိုငွေရောင် ဝတ်ရုံရှည်ဝတ် လူကြီးကား နန်ဒူနိုင်ငံ၏ ဝန်ကြီးချုပ်ဟွာ ဖြစ်သည်။ သူက လူတိုင်းအား စူးရှစွာ ကြည့်နေသည်။ ထို့နောက် သူက ဘေးမှ လူငယ်အား ညွှန်ပြကာ ပြောလိုက်သည်… “ဒါက အိမ်ရှေ့စံ မင်းသားလေးပဲ…”

လူတိုင်း၏ ရင်ထဲ တုန်ခါသွားကြသည်။ လူအများက သည်လူငယ်၏ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါကို မြင်ပြီးကတည်းက သာမန်လူ မဟုတ်ကြောင်း ခန့်မှန်းမိပြီး ဖြစ်သည်။ သည်လူငယ်မှာ နန်ဒူနိုင်ငံ၏ ထင်ရှားလှသော အိမ်ရှေ့စံမင်းသားလေး ဖြစ်ကြောင်း သိလိုက်ကြသည်။

ဘုရင်မင်းမြတ်တွင် သားတော်။ သမီးတော်များ အများအပြား ရှိသော်လည်း သူကား အစောပိုင်းကတည်းက နန်းလျာအဖြစ် လျာထားခြင်း ခံခဲ့ရသည်။

သူ၏နာမည်မှာ ဂျင်လန်ဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရင်ကြီးက ကမ္ဘာကြီးအား အုပ်စိုးမည် ဟူ၍ဖြစ်သည်။ သူ၏နာမည်မှာ ဘုရင်အား မလေးစားရာ ရောက်နေသော်လည်း ထိုနာမည်ကို ဘုရင်မင်းမြတ် ကိုယ်တိုင်က ပေးထားခြင်း ဖြစ်သည်။ နန်ဒူနိုင်ငံအတွင်းရှိ လူတိုင်းက လျိုဂျင်လန်မှာ လျိုဘုရင်အား ဆက်ခံသူဖြစ်လာမည်ကို သိကြသည်။

“အရှင့်သား…” လူတိုင်းက ရိုသေစွာ ဦးညွှတ်အရိုအသေ ပေးကြသည်။ အိမ်ရှေ့စံက ဝန်ကြီးချုပ်ဟွာနှင့် အတူရောက်လာမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ အခြေအနေက သည်ကဲ့သို့ ဖြစ်လာပါက အရာအားလုံးမှာ သည်နေ့တွင်ပင် အဆုံးအဖြတ် ဖြစ်သွားလေပြီ။

လျိုဂျင်လန်က ထူးမခြားနားစွာ ခေါင်းညိတ်လိုက်သည်။ သူက ရှေ့ကို လျှောက်သွားလိုက်လျှင် ကျောင်းဆောင်နှစ်ခုမှ လူများက လမ်းဖယ်ပေးကြသည်။

“ဂျူနီယာ… သွားမယ်…” ဝန်ကြီးချုပ်ဟွာက ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်ထံသို့ လျှောက်သွားကာ ပြောလိုက်သည်။

“စီနီယာ… ရှေ့ကသွားပါ…” ကျောင်းအုပ်ကြီးက ယဉ်ကျေးစွာ ပြောလိုက်သည်။ ထို့နောက် သူတို့အုပ်စုက ဒွန်ဟိုင်ကျောင်းတော်သို့ ဝင်ရောက်လာကြသည်။

အိမ်ရှေ့စံမင်းသားလေး လျိုဂျင်လန် ဒွန်ဟိုင် ကျောင်းတော်သို့ ရောက်ရှိလာသည့် သတင်းက ကျောင်းတော်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကျောင်းဆောင်ခုနစ်ခုလုံးမှ ထက်မြက်သော ကျောင်းသားများအားလုံး သူ့ကို သွားတွေ့ကြသည်။ လာဘ်လာဘ ကျောင်းဆောင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ပြဿနာ အနည်းငယ် ရှိသော်လည်း ယိချန်လည်း အိမ်ရှေ့စံထံ သွားရောက်ရသည်။ သူက သာမန်ကျောင်းအုပ် တစ်ယောက်မျှသာဖြစ်ပြီး အိမ်ရှေ့စံနှင့် ဝန်ကြီးချုပ်ဟွာအား နှုတ်ဆက်ရန် လိုပေသည်။

ကျောင်းတော် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ သည်ရက်ပိုင်းအတွင်း အေးဆေးကာ တည်ငြိမ်နေသော ကျောင်းတော်တွင် မုန်တိုင်း နောက်တစ်ဖန် ပြန်လာပြီလော။ သည်တစ်လ နှစ်လအတွင်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်တို့က နှိမ့်ချစွာ နေထိုင်ခဲ့ကြသော်လည်း သူတို့က သည်နေ့သည်ရက်ကို စောင့်ဆိုင်း နေခြင်းမျှသာ ဖြစ်ဟန်တူသည်။

ကျောင်းအုပ်များအားလုံးက အိမ်ရှေ့စံမင်းသားအား နှုတ်ဆက်ပြီးလျှင် မိမိတို့ ကျောင်းဆောင်များသို့ ပြန်သွားကြသည်။ ထိုအချိန်တွင်ပင် တခြား သတင်းတစ်ခုက ကျောင်းတော်အတွင်း ပျံ့နှံ့လာသည်။

ဝန်ကြီးချုပ်ဟွာက ဒွန်ဟိုင်ကျောင်းတော် အတွင်းရှိ ကျောင်းသားများ၏ တန်ခိုးအဆင့်များ တိုးတက်မှုကို ကြည့်လိုသည်ဟု ပြောလိုက်သည်။ သူက ကျောင်းဆောင်ခုနစ်ခုမှ ကျောင်းသားများအား နောက်သုံးရက်နေလျှင် စုဝေးပွဲ ပြုလုပ်မည်ဟု ကြေညာလိုက်ကာ သူနှင့် အိမ်ရှေ့စံမင်းသားက လေ့လာ စောင့်ကြည့်မည် ဖြစ်သည်။

သည်သတင်းက ကျောင်းတော်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ လူတိုင်းက သည်ကြေညာချက်၏ နောက်ကွယ်မှ ရည်ရွယ်ချက်များအား ရိပ်မိကြသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကား ကျောင်းဆောင်ခုနစ်ခု သာတူညီမျှ ဖြစ်နေခြင်းကို သဘောကျ နှစ်ခြိုက်ပုံမရပေ။

***

လာဘ်လာဘ ကျောင်းဆောင် အတွင်းတွင် ရီဖူရှင်းကား သူ၏တူရိယာကို လေ့ကျင့်နေသည်။ ဂီတသံစဉ်က သူ၏ဂီတပညာရပ်ကို တိုးတက်စေသလို သူ၏ စိတ်တန်ခိုးများအားလည်း တိုးတက်စေသည်။ သည်တစ်လ နှစ်လအတွင်း ရီဖူရှင်းကား အနှောင့်အယှက်ကင်းစွာ တန်ခိုးကျင့်နေခဲ့သည်။ သို့သော် ယခု ယိချန် ပေါက်ချလာသည်။ ရီဖူရှင်းက သူ၏သီချင်းအား တီးပြီးသည်တွင် ယိချင် မျက်မှောင်ကုတ် နေသည်ကို သတိထားမိလိုက်သည်… “ဆရာကြီး… တစ်ခုခုဖြစ်လို့လား…”

“အင်း…” ယိချန်က ခေါင်းညိတ်လိုက်သည်… “လာဘ်လာဘ ကျောင်းဆောင်က ဒီထက်ပို မတည်ရှိနိုင်တော့ဘူး…”

ရီဖူရှင်း အံ့အားသင့်သွားသည်။ ယိချန်က ဆက်ပြောလိုက်သည်… “ဝန်ကြီးချုပ်ဟွာနဲ့ အိမ်ရှေ့စံမင်းသားက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို တိုက်ရိုက် သွားရောက်ခဲ့ကြတယ်… သူတို့က နောက်သုံးရက်နေရင် တစ်ကျောင်းလုံး စုစည်းလိမ့်မယ်… ဝန်ကြီးချုပ်ဟွာနဲ့ လျိုဂျင်လန်တို့ရဲ့ ထောက်ခံမှုနဲ့ဆိုရင် ကျောင်းတော်အတွင်း ပြောင်းလဲမှုကို ဘယ်သူမှ တားမရတော့ဘူး…”

“ဆရာကြီးက ဘယ်လိုတွေးထားလဲ…” ရီဖူရှင်းက မည်သို့ နှစ်သိမ့်ရမည် သူမသိပေ။ ယိချင်ကပင်လျှင် သည်ကဲ့သို့ပြောလျှင် မည်သို့မျှ မတတ်နိုင်သော အခြေအနေ ဖြစ်ရမည်။

“ဒွန်ဟိုင်ကျောင်းတော်ရဲ့ ကျောင်းဆောင်ခုနစ်ခုက မိသားစုကြီးခုနစ်ခုက ဖြစ်ပေါ်လာတာပဲ… ဒါပေမဲ့ အခု ကျောင်းတော်အနေနဲ့ပဲ တည်ရှိတော့တယ်… လာဘ်လာဘ ကျောင်းတော်က အထူးသဖြင့် ကျောင်းတော်နဲ့ ပိုတူလာတယ်… ဒါပေမဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကတော့ ဒါကို သဘောမကျဘူး… သူတို့က တစ်စုတစ်စည်းတည်း ပေါင်းစည်းချင်ပြီးတော့ ကျောင်းတော် တစ်ခုလုံးကို ထိန်းချုပ်ချင်တာ… ဒီလိုဖြစ်လာရင် ငါလည်း ဒီမှာ မနေတော့ဘူး… ငါမင်းကို ဒါတွေ ပြောနေတာက ဒီက ထွက်ရင် မင်းလည်း ဒီမှာ နေလို့ မရတော့ဘူး… ဒါပေမဲ့ မင်းဒီကထွက်ရင် ဟန်မိုက မင်းကို ပြဿနာ ရှာမှာ သေချာတယ်…”

ရီဖူရှင်းက ဤသည်ကို နားလည်သည်။ သူက တိတ်ဆိတ်စွာ တန်ခိုးကျင့်နေပြီး နောက်နှစ်နွေဦးတွင် နန်းမြို့တော်ကို သွားရောက် လိုသော်လည်း ဒွန်ဟိုင် ကျောင်းတော်တွင် ရုတ်တရက် အပြောင်းအလဲ ဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်မိခဲ့ပေ။

“ဒါက ရပါတယ်… ကျွန်တော့်မှာ ဆရာကြီးရှိတာပဲ… ပြီးတော့ ဝန်ကြီးချုပ် အမိန့်ပြားလည်း ရှိသေးတယ်… ဘာမှကြောက်စရာ မရှိဘူး… ကျွန်တော်က ပြဿနာမရှာသရွေ့ ဝန်ကြီးချုပ်ဟွာက ကျွန်တော့်ကို ထိခိုက်အောင် လုပ်လို့မရပါဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ ဝန်ကြီးချုပ်ဟွာက အကြောင်းပြချက် မရှိဘဲ ဝန်ကြီးချုပ်ကျိုနှင့် ဆက်ဆံရေး ပျက်ပြားအောင် လုပ်မည်ဟု သူမထင်ပေ။

“မင်းက ညဏ်ကောင်းပါတယ်… ဒီမှာ အေးအေးဆေးဆေး တန်ခိုးကျင့်ပြီးတော့ စုဝေးပွဲအတွက် စိတ်မပူနဲ့… ဝင်လည်းမပါနဲ့…” ယိချန်က အကြံပေးသည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်လိုက်သည်။ သူက စုဝေးပွဲမှာ သူ သွားရောက် ဝင့်ကြွားသင့်သည့်နေရာ မဟုတ်သည်ကို သိသည်။

ကျောင်းဆောင်ခုနစ်ခု စုဝေးပွဲအား နောက်သုံးရက်တွင် ကျင်းပမည့် သတင်းမှာ ကျောင်းတော်တစ်ခုလုံး ပျံ့နှံ့သွားပြီးဖြစ်သည်။ ထိုသတင်းက ဒွန်ဟိုင်မြို့ထဲအထိ ပျံ့နှံ့ခဲ့၏။ ဒွန်ဟိုင်မြို့မှ အရေးကြီးပုဂ္ဂိုလ် အများအပြားကိုလည်း ဖိတ်ကြားထားသည်။ ကြယ်စင်ဧကရာဇ် ကျောင်းတော်က ပရိသတ်များ အားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။ သည်အခြေအနေက ဒွန်ဟိုင်ကျောင်းတော်တွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း မြို့သူမြို့သားများအား သတိပြုမိစေသည်။ လူအများအပြားက ထိုအကြောင်းအား နေရာအနှံ့တွင် ဆွေးနွေးနေကြသည်။

လူအများအပြားက အိမ်ရှေ့စံမင်းသားအား မြင်ဖူးလိုကြသည်။ အိမ်ရှေ့စံမင်းသားမှာ အလွန်ပါရမီပါသည်ဟု နာမည်ကြီးပြီး ဓမ္မအဆင့်တွင် အမြင့်ဆုံးကို ရောက်ရှိနေပြီးဖြစ်ကာ သူ့တွင် သက်စောင့်ဝိညာဉ် နှစ်ခုပါဝင်သည်ဟု ကောလာဟလများက ဆိုသည်။ သူကား ဘုရင်ဖြစ်ရန် မွေးဖွားလာသူဖြစ်၏။ တခြား မင်းညီမင်းသားများက သူနှင့် ယှဉ်ပြိုင်ရန်ပင် ရဲတင်းမှု မရှိကြပေ။ သတို့က လျိုဂျင်လန်နှင့် ဆက်ဆံရေး အဆင်ပြေအောင်သာ ကြိုးပမ်းကြပြီး မည်သူကမှ သူ့အား မကောင်းသော စိတ်မထားရဲကြပေ။

မျက်လုံးတစ်မှိတ်အတွင်း သုံးရက်မှာ ကုန်ဆုံးသွားခဲ့ပြီ။ သည်နေ့တွင် နေရောင်ကား တောက်ပစွာ ထွန်းလင်းနေသည်။ စုဝေးပွဲအား ကြည့်ရှုရန် ကျောင်းတော်၏ အပြင်ဘက်တွင် လူပေါင်းများစွာ ရောက်ရှိလာကြသည်။ လူအများအပြားက သူတို့၏ သားသမီးများအား ခေါ်ဆောင်လာကြသည်။ အထူးသဖြင့် မိန်းကလေးများ ဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်ကား ရှင်းလင်းလှသည်။ အခွင့်အရေးအားဖြင့် နည်းသော်လည်း အကယ်၍ အိမ်ရှေ့စံမင်းသားက သဘောကျပါက သူတို့၏သမီးမှာ နန်ဒူ၏မိဖုရား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ သူကား ယခုထိ ကြင်ရာတော် မရှိသေးပေ။

လင်းဇီယွီကလည်း သူမ၏အဖေနှင့် ရောက်လာသည်။ ဒွန်ဟိုင် ကျောင်းတော်သို့ ဝင်ရောက်လိုက်လျှင် သူမက ထိုနေရာအား လေ့လာလိုက်သည်။ သူကား သည်နေရာတွင် တန်ခိုးကျင့်နေကာ သူ မည်သို့ အခြေအနေ ရှိနေသည်ကို သူမ သိချင်မိသည်။

လင်းဇီယွီက ဒွန်ဟိုင် ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သည်များအား တစ်ခုမှ မသိပေ။ ရီဖူရှင်းကား ဒွန်ဟိုင်ကျောင်းတော်တွင် အလွန် ကျော်ကြားသော်လည်း သူ၏ကျော်ကြားမှုက ကျောင်းတော်တွင်သာ ဖြစ်သည်။ နန်ဒူမိသားစုကဲ့သို့ သေချာ အာရုံစိုက်မနေလျှင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ သိမည် မဟုတ်ပေ။

ဒွန်ဟိုင်မြို့တော်၏ အရေးကြီးပုဂ္ဂိုလ်များက ဒွန်ဟိုင် ကျောင်းတော်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို ဂရုစိုက်သည် မဟုတ်ပေ။

“နင်က သူ့အကြောင်း တွေးနေတာလား…” ရှောက်ဟီက ပြုံးလျက် မေးလိုက်သည်။

“တိတ်စမ်းပါ…” လင်းဇီယွီက သူမ၏လှပသော မျက်လုံးများဖြင့် ဒေါသတကြီး ကြည့်လိုက်သည်။

“သူက လျိုနန်းတော်မှာ အရမ်းမိုက်တာပဲ…” ရှောက်ဟီက ခစ်ခနဲ ရယ်၍ ပြောလိုက်သည်။ လျိုနန်းတော်ရှိ သူ၏စွမ်းဆောင်ရည်မှာ အမှန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။

“ကျောက်မူလည်း ဒီမှာ သင်နေတယ်… သူတို့နှစ်ယောက်ပြန်ပြီး တွေ့ဖြစ်ကြမလား…” ရှောက်ဟီက တွေးလိုက်သည်။

“ကျောက်မူ…” လင်းဇီယွီ ရေရွတ်လိုက်သည်။ သူက ကျောက်မူအား အနိုင်ယူနိုင်ပြီလား သူမ သိချင်သည်။

“ဒါပေမဲ့ သူတို့က ဘာတွေ ဖြစ်နေပါစေ… သူတို့က အိမ်ရှေ့စံနဲ့တော့ ယှဉ်လို့မရဘူး… သူက နင့်ကို သတိထားမိမယ်လို့ ထင်လား…” ရှောက်ဟီက ဆက်ပြောလိုက်သည်။

လင်းဇီယွီက သူမအား လျစ်လျူရှုထားသည်။ သူမက သူမ၏အဖေနောက်သို့ လျင်မြန်စွာ လိုက်သွားကာ ကျောင်းတော်သို့ ဆက်သွားလိုက်သည်။

တခြား နေရာတစ်ခုတွင် မူယွန်ချိန်နှင့် မူယွန်နီတို့ကလည်း သူတို့၏အဖေ မူဟောင်တို့နှင့် အတူ ရောက်ရှိလာကြသည်။ မူဟောင်က ပြုံးလျက်ပြောသည်… “ဒွန်ဟိုင်ကျောင်းတော်က ပါရမီရှင်တွေရဲ့ နားခိုရာလို့ ပြောကြတာ အမှန်ပဲကိုး… ဒီနေရာက သွေးသစ်တွေနဲ့ ပြည့်နှက်နေတာပဲ… မင်းတို့နှစ်ယောက် အခြေအနေရော… ဘယ်လိုလဲ…”

“အတော်ကောင်းတယ်… ကျွန်တော်တို့က ကြိုးစားနေတုန်ပဲ…” မူယွန်ချိန်က ပြန်ဖြေလိုက်သည်။

“ကောင်းတယ်…” မူဟောင်က ခေါင်းညိတ်လိုက်သည်… “အိမ်ရှေ့စံကိုယ်တိုင် ဒီမှာ ရှိတယ်… မင်းတို့က အခွင့်အရေးရရင် ကောင်းကောင်း စွမ်းဆောင်ရမယ်…”

“ဟုတ်ကဲ့…” မူယွန်နီက ပြောသည်။ သို့သော်လည်း မူမောင်နှမကား စိတ်ထဲတွင် အဆင်မပြေလှပေ။ သည်နှစ်အတွင်း သူတို့၏ အတွေ့အကြုံများမှာ ခံရခက်လှသည်။ ဤသည်မှာလည်း လူတစ်ယောက်ကြောင့် ဖြစ်ကာ သူတို့က ရှက်ရွံ့လွန်းသောကြောင့် သူတို့၏ဖခင်အား ပြောမပြလိုကြပေ။

“အရင်တုန်းက ဒီကျောင်းတော်က အရမ်း ကျော်ကြားတဲ့လူတွေ ပေါ်ထွက်ခဲ့တယ်… အနုပညာသူတော်စင်။ ကု့ချင်းမိစ္ဆာတို့လည်း ဒီနေရာကပဲလာတာ… အနုပညာ သူတော်စင်ကတော့ ဒွန်ဟိုင်ကျောင်းတော်မှာ အောင်မြင်ကျော်ကြားနေပြီး ကု့ချင်းမိစ္ဆာကတော့ ဘာမှ သုံးမရတော့ဘူး…”  မူဟောင်က ပြုံးလျက် ပြောသည်။

ကု့ချင်းမိစ္ဆာက သူ့တပည့်အား သူ့ထံ ခေါ်ယူလာသည်ကို ပြန်တွေးလျှင် သူက သရော်ပြုံးလိုက်သည်။ သည်နေ့ကား လူငယ်သူရဲကောင်းများ ဆုံစည်းရာဖြစ်သည်။ အနုပညာ သူတော်စင်ကဲ့သို့သော သူမှာ လူအများ၏အထက်တွင် ရှိနေပြီး ကု့ချင်းမိစ္ဆာမှာ ရှာ၍ပင် မရတော့ပေ။

***

ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် ထူးခြားသော မြင်ကွင်းတစ်ခုကို တွေ့ရသည်။

အရှေ့ပင်လယ်ဒေသ၏ စီရင်စုခေါင်းဆောင် ရှာဖိန်မှာ ဝန်ကြီးချုပ်ဟွာနှင့် အိမ်ရှေ့မင်းသားတို့၏ရှေ့တွင် ဒူးထောက်နေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ရှာဖိန်က သည်ကဲ့သို့ ဖြစ်မည်မဟုတ်ပေ။ သို့သော်လည်း ယခုကား သူပြဿနာ ကြုံတွေ့နေရပြီး ဝန်ကြီးချုပ်ဟွာ တစ်ယောက်သာ သူ့အား ကယ်တင်နိုင်သည်။

“ဘာလို့ ဝန်ကြီးချုပ်ကျိုက မင်းရဲ့သားကို သတ်ချင်ရတာလဲ…” ဝန်ကြီးချုပ်ဟွာက မေးလိုက်သည်။

“ကု့ချင်းမိစ္ဆာရဲ့ တပည့်ကြောင့်ပါ…” ရှာဖိန်က သနားစဖွယ်ပြောသည်… “အရင်တုန်းက အနုပညာ သူတော်စင်က ကု့ချင်းမိစ္ဆာရဲ့ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးခဲ့တယ်… အခု သူ့တပည့်က ပြန်လာခဲ့ပြီ။ သူက ကြမ်းတမ်း ရိုင်းစိုင်းလှပြီးတော့ လူတိုင်းကို အထင်သေးတယ်… ဝန်ကြီးချုပ်ကျိုက ကျွန်တော့်သားကို အပြစ်ပေးပြီး သတ်လိုတယ်… ဘာကြောင့်လဲဆိုတော့ ကျွန်တော့်သားရှာဖန်က ရီဖူရှင်းနဲ့ ကတောက်ကဆ ဖြစ်တာကြောင့်ပဲ…” သူက အနုပညာ သူတော်စင်နှင့် ကု့ချင်းမိစ္ဆာတို့၏ ပတ်သက်မှုကို အနည်းငယ် သိသည်။ ထို့ကြောင့် သူ မည်သို့ ပြောရမည်ကို နားလည်သည်။

“ဝန်ကြီးချုပ်ကျိုက တန်ဖိုးထားတယ်… ပြီးတော့ ဝန်ကြီးချုပ် အမိန့်ပြားကို ပိုင်ဆိုင်တယ်… နောက်တော့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ တပည့်ကို သတ်တယ်… ကျုပ်သူ့ကို တွေ့ချင်တယ်…” အိမ်ရှေ့စံက ပြောသည်။

ဝန်ကြီးချုပ်ဟွာ ပြောသည်… “အရှင့်သားက သူ့ကို စုဝေးပွဲမှာ တွေ့လိမ့်မယ်…”

“အင်း…” လျိုဂျင်လန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်ကာ ပြောလိုက်သည်… “သွားရအောင်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset