Switch Mode

အခန်း (၄၅၂)

ရုပ်အလောင်းမျက်နှာ

ဝမ်ပေါင်လဲ့မှာ ဤခရီးစဉ်ကြီး မည်ကဲ့သို့စတင်ခဲ့သည်ကို သေသေချာချာ မမှတ်မိဘဲဖြစ်နေရ၏။ သူ၏အိပ်မက်ကြီးမှာ တကယ့်လက်တွေ့နှင့် ချွတ်စွပ်တူနေသောကြောင့် ယခုတွင် သူ၏ ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံးမှာ သူနှင့် တရင်းတနှီး ဖြစ်နေသည့်တိုင်အောင် သူ၏အမြင်တွင် စိမ်းနေသကဲ့သို့ ခံစားနေရသည်။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်သံစဉ်အား ကြိမ်ဖန်များစွာ ရွတ်ဆိုခဲ့ပြီးနောက် အိမ်ပြန်လမ်းတစ်လျှောက်တွင် ကြယ်ရောင်စုံများဖြင့် လင်းလတ်တောက်ပနေသည့် ကောင်းကင်ယံကြီးအား ငေးကြည့်နေခဲ့၏။ သူသည် ထို‌သို့မော့ကြည့်ရင်း သူ၏အိပ်မက်အကြောင်းကိုတွေးနေမိတော့သည်။

သူသည် ပြည်ထောင်စုကြီးထဲရှိ ရုပ်အချောဆုံးလူ ဖြစ်နေခဲ့သည်ကို ခပ်ရေးရေးခန့် မှတ်မိနေ၏။ ထို့အပြင် သူ့ဆီတွင် ချစ်သူရည်းစားအချို့ပင် ရှိနေခဲ့သေးသည်။ သူတို့မှာ ဘန်နီလေး၊ ကျောက်ယမုန့်၊ လီဝမ်အာ၊ လီယီနှင့် လီရှို့တို့ပင် ဖြစ်သည်….

” မဟုတ်သေးပါဘူးဟ။ လီယီက သူတို့ထဲမပါဘူးလေ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဇဝေဇဝါဖြစ်သွားရ၏။ ထို့နောက် လီရှို့မှာလည်း ယောက်ျားကြီးတစ်ယောက် ဖြစ်နေသည်ကို ပြန်၍ အမှတ်ရသွားပါတော့လည်း သူ၏မှတ်ဉာဏ်များမှာ ရှင်းလင်းပြတ်သားနေခြင်းမရှိပေ။ ထို့ကြောင့် သူသည် အံ့ဩတုန်လှုပ်သွားရပြီး မယုံသင်္ကာဖြစ်ကာ ကြောက်ရွံ့နေမိတော့သည်။

” မဖြစ်နိုင်ဘူး… ငါ့ရဲ့ အိပ်မက်ထဲမှာ…. မဖြစ်နိုင်တာကွာ… ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အဲလိုလူစားမျိုး မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ကြောက်စိတ်များကြောင့် အသားများပင် တုန်ရီနေရတော့သည်။ သူသည် သူ၏အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်၍မှတ်မိနိုင်ရန် ကြိုးစားကြည့်လိုက်၏။ ထိုအခါမှသာ သူသည် တဖြည်းဖြည်းနှင့် အကြောင်းအရာတစ်ခုကို ပြန်၍ သတိရသွားတော့သည်။ လီရှို့မှာ သူ၏ လူယုံတော်တစ်ယောက်၏ တစ်ဦးတည်းသော အစ်ကိုဖြစ်နေကြောင်း ပြန်‌၍ သတိရသွားခြင်းဖြစ်သည်။ ထိုအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။

သို့သော် သူ၏အိပ်မက်ထဲမှ မှတ်ဉာဏ်များနှင့်အတူ သူ၏ အိပ်မက်ထဲရှိ မိဘများ၊ မိတ်ဆွေများ၊ ချစ်သူရည်းစားများနှင့် ပြည်ထောင်စုကြီးအား မခွဲခွာလိုဘဲ လွမ်းဆွတ်တမ်းနေသည့် စိတ်များမှာလည်း သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာတော့သည်။

” ဒါ အိပ်မက်တစ်ခုပါပဲကွာ…. ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ ထိုအချိန်တွင် သူ၏ရှေ့တွင်ရပ်နေသော အဘိုးကြီးမှာ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အားစိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။

” ပေါင်လဲ့။ မင်း မင်းရဲ့အိပ်မက်ထဲက ပြည်ထောင်စုကြီးရဲ့ အကြောင်းကို တွေးနေတုန်းပဲလား ”

ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ခေါင်းမော့လာပြီး သူ၏ဆရာအား ကြည့်လိုက်၏။ ထို့နောက် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီး‌မှ မေးမြန်းလိုက်၏ ” ဆရာ။ လူတွေက ဘာလို့ အိပ်မက်မက်ကြတာလဲ။ ဒီ ပြည်ထောင်စုကြီးအကြောင်း မက်တဲ့ အိပ်မက်ကြီးက လက်တွေ့ဘဝမှာ ဖြစ်နေတဲ့အတိုင်းပဲ… ”

ထိုအခါ အဘိုးကြီးမှာ နူးညံသိမ်မွေ့သော မေတ္တာတရားများဖြင့် ပြည့်နှက်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ခေါင်းကို ပုတ်ကာ ပြန်ဖြေလိုက်လေသည်။

” ပေါင်လဲ့။ မင်းက အမှောင်ကလေးငယ်တစ်ယောက်မလို့ ဒီကမ္ဘာကြီးထဲမှာ အိပ်မက်ဆိုတဲ့ အရာတွေ မရှိဘူးဆိုတာကို သိထား။ မင်း အိပ်မက်လို့ ထင်နေတဲ့အရာက မင်းရဲ့ပုံစံတူ နောက်ထပ်တစ်ယောက်ပဲ ”

” ကျနော့်ရဲ့ နောက်ထပ်ပုံစံတူတစ်ယောက် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် နောက်ထပ်မေးခွန်းများထပ်မေးရန် ပြင်လိုက်စဉ်မှာပင် သူ့ဆရာ၏ လက်ကို ငုံ့ကြည့်မိလိုက်သောအခါ သူ၏ လက်ချောင်းတစ်ချောင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏အိပ်မက်အကြောင်းကို လုံးဝမေ့ပျောက်သွားရပြီး ပင့်သက်ရှိုက်ကာ အော်ပြောမိလိုက်၏။

” ဆရာ။ ဆရာ့ရဲ့ လက်ချောင်း ”

ထိုအခါ သူ့ဆရာမှာ ခေါင်းငုံ့၍ သူ၏လက်ချောင်းအား ကြည့်လိုက်ပြီးနောက် ပြုံးလိုက်၏။ သူသည် အံ့သြတုန်လှုပ်နေခြင်း လုံးဝမရှိပေ။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နွေးထွေးမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ပြန်ကြည့်ကာ ဆိုလိုက်၏။

” ဘာမှမဟုတ်ဘူး။ အဲ့တာ အနာဟောင်းတစ်ခုပါ ”

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်း ဆက်မေးချင်ပါသော်လည်း အဘိုးကြီးမှာ ရှေ့သို့ပြန်လှည့်သွားပြီဖြစ်သည်။ သူသည် မီးအိမ်လှော်တက်လေးအား လှုပ်ယမ်းလိုက်ပြီး လှေကလေးအား အဝေးသို့ မျောလွင့်သွားစေလိုက်၏။ ထို့နောက် ထိုလှေကလေးမှာ တဖြည်းဖြည်းနှင့် ကောင်းကင်ယံကြီးအား ဖြတ်သန်းသွားတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူတို့၏ ပတ်ပတ်လည်၌ ကြယ်ရောင်စုံများဖြင့် စူးရှတောက်ပနေသည့် နယ်မြေတစ်ခု ပေါ်ပေါက်လာ၏။

ထို နယ်မြေကြီးထဲတွင် တလက်လက်တောက်ပနေသော ဂြိုဟ်များဖြင့် ပြည့်နှက်နေ၏။ ထိုကဲ့သို့သော ဂြိုဟ်များမှာ သန်း‌ပေါင်းများစွာ ရှိနေကြသည်ဖြစ်သည်။

ဂြိုဟ်တစ်လုံးချင်းစီပေါ်တွင် ၎င်းတို့ထက် အဆပေါင်းများစွာ ပို၍ကြီးမားသည့် ပုံရိပ်ယောင် တံခါးပေါက်တစ်ပေါက် ရှိနေ၏။ ၎င်းတို့မှာ ဂြိုဟ်တိုင်းပေါ်တွင် ရှိနေကြပြီး ပုံပန်းသွင်ပြင်မှာ တစ်ထေရာတည်း ဖြစ်နေကြသည်။ ထိုတံခါးပေါက် တစ်ပေါက်ချင်းစီတိုင်းမှာ ရှေးဟောင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး ကြီးကျယ်ခမ်းနားကာ ရင်သက်ရှုမောဖွယ် ကောင်းနေ၏။

အဝေးမှကြည့်လိုက်မည်ဆိုပါက အဆုံးမရှိသော ဂြိုဟ်များနှင့် ၎င်းတို့ပေါ်ရှိ အဆုံးမရှိသော တံခါးပေါက်များကို မြင်လိုက်ရမည်သာဖြစ်သည်။ ဝိညာဉ်မြစ်များမှာ ထိုပုံရိပ်ယောင်တံခါးပေါက်များကို ဖြတ်၍ စီးဆင်းနေပြီး ကြယ်များဖြင့် ပြည့်နှက်နေသည့် နယ်မြေကြီးအား လည်ပတ်နေကြ၏။

ကောင်းကင်ယံထဲတွင်မူ ကျင့်ကြံသူပေါင်းမြောက်မြားစွာ ပျံဝဲနေကြ၏။ သူတို့ထဲတွင် လမ်းညွှန်များသာမက ကိုယ်ရံတော်များပါ ရှိနေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ဆရာဖြစ်သူအား မြင်လိုက်ရသောအခါ တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများကိုကြည့်လျှင် သူတို့မှာ ထိုအဘိုးကြီးအား အလွန်အင်မတန်မှ လေးစားကြည်ညိုကြသည်ကို သိနိုင်ပေသည်။

အဘိုးကြီးမှာမူ သူတို့အားလုံးကို ပြန်၍နှုတ်မဆက်နိုင်သောကြောင့် ခေါင်းသာညိတ်ပြလိုက်ရ၏။ ထို့နောက် သူသည် အကြောင်းအရာတစ်ခုအား ရှင်းပြနေသည့် လေသံဖြင့် ရေရွတ်လိုက်၏။

” ဒါက ပြန်လည်မွေးဖွားခြင်း တံခါးပေါက်ပဲ ”

” ပြန်လည်မွေးဖွားခြင်း တံခါးပေါက်… ” ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်နေရပြီဖြစ်သည်။ လှေကလေးမှာ သူတို့အား ထိုကြယ်စင်စုနယ်မြေကြီး၏ အလယ်ဗဟိုသို့ ခေါ်ဆောင်လာခဲ့သည်ဖြစ်ပြီး ထိုနေရာ၏ အလယ်တွင် နေအဖွဲ့အစည်း၏ အရွယ်အစားထက် ကြီးမားသော ဂြိုဟ်ကြီးတစ်လုံး ရှိနေသည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီးအား မြင်လိုက်ရသောအခါ အံ့ဩမှင်တက်သွားရ၏။

ထိုဂြိုဟ်ကြီးမှာ ကြီးမားလွန်းနေသည် မဟုတ်ပါလော။ ၎င်းမှာ ရောင်စုံတောက်နေပြီး ဝိညာဉ်ပေါင်း မြောက်မြားစွာမှာလည်း ထိုဂြိုဟ်ကြီးထဲမှ ပျံထွက်လာနေကြ၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက ၎င်းမှာ အမှောင်မြစ်၏ မူလဇာစ်မြစ်နှင့်ပင် တူနေတော့သည်။ ထိုမြစ်ထဲမှ လွတ်ထွက်လာကြသည့် ဝိညာဉ်များမှာ မြစ်တစ်စင်းအသွင် ပြောင်းလဲသွားကြပြီး စမ်းချောင်းလေးများအဖြစ် ခွဲဖြာ စီးဆင်းသွားကြ၏။ ၎င်းတို့မှာ ဂြိုဟ်ကြီး၏ ပတ်ပတ်လည်ရှိ ပြန်လည်မွေးဖွားခြင်း တံခါးပေါက်များစွာအား ဖြတ်၍ စီးဆင်းနေကြသည်။

” ဒါ အမှောင်ဂိုဏ်းရဲ့ တာဝန်ဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်းပဲ ” အဘိုးကြီး၏ တည်ငြိမ်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ရှေ့၌ မြင်နေရသည့် မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေရပြီဖြစ်သည်။ သူသည် မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေရင်း လှေကလေးမှာ နေအဖွဲ့အစည်း၏ အရွယ်အစားနှင့်တူသော ဂြိုဟ်ကြီးထဲသို့ ဝင်ရောက်သွား၏။ သူသည် ထိုဂြိုဟ်ပေါ်တွင် တောင်စဉ်တန်းပေါင်း မြောက်မြားစွာနှင့် ဂြိုဟ်ကြီး၏ မျက်နှာပြင်ပေါ်၌ စီးဆင်းနေသော မြစ်များကို မြင်လိုက်ရသည်။ ထို့အပြင် အဆုံးအစ မရှိလောက်အောင် ကျယ်ပြောနေသည့် နန်းတော်ကြီးတစ်ခုလည်း ရှိနေသေးသည်။

သူသည် ခပ်လှမ်းလှမ်းတစ်နေရာတွင် မိုင်ပေါင်းများစွာ ရှည်လျားနေသော သားရဲတန်းကြီးတစ်တန်း ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုသားရဲကြီးများမှာ ရန်လိုနေသည့်ပုံ လုံးဝမပေါ်ပေ။ ၎င်းတို့မှာ တည်ငြိမ်အေးချမ်းနေသည့် သားရဲကြီးများ ဖြစ်နေကြပြီး ကျင့်ကြံသူများအား ခမ်းနားထည်ဝါသော ကျောက်တိုင်ကြီးတစ်တိုင် ဆောက်လုပ်ရာ၌ ကူညီပေးနေကြ၏။

ထိုကျောက်တိုင်ကြီးအား စတင်ဆောက်လုပ်ခဲ့သည်မှာ သိပ်မကြာသေးသည့်ပုံပင်။ သို့သော်လည်း ၎င်းမှာ မိုးထိုးလုမတတ် မြင့်မားနေပြီဖြစ်သောကြောင့် ရင်သက်ရှူမောဖွယ် ကောင်းနေ၏။

ထိုဂြိုဟ်ကြီးနှင့် ကြယ်တာရာနယ်မြေထဲတွင် အမှောင်ဂိုဏ်းသားပေါင်း မြောက်များစွာမှာ လှည့်လည်သွားလာနေကြ၏။ ထိုအရာအားလုံးမှာ ဝမ်ပေါင်လဲ့အတွက် အထူးတဆန်းဖြစ်နေပါသော်လည်း သူသည် ၎င်းတို့နှင့် တရင်းတနှီး ရှိနေသည်ဟု မှတ်ယူထားလိုက်၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေသော ခံစားချက်များမှာ သူ၏ နှလုံးသားထဲ၌ အားပြိုင်နေကြတော့သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရပြီး ဇဝေဇဝါ ဖြစ်နေရတော့သည်။

နောက်ဆုံးတွင် သူ့ဆရာ၏ လှေကလေးမှာ သူ့အား ထိုဂြိုဟ်ကြီးပေါ်ရှိ အမြင့်ဆုံး တောင်တန်းတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ ထို တောင်တန်းပေါ်တွင် နန်းတော်များမှာ အစုလိုက်အပြုံလိုက် တည်ရှိနေကြ၏။ မြေပြင်ပေါ်တွင်သာ ကြီးကျယ်ခန်းနားသော ခန်းမကြီးများနှင့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေကြသည်မဟုတ်ပေ။ ကောင်းကင်ယံထဲတွင်လည်း ထိုနည်းတူပင်။ နန်းတော်ပေါင်း မြောက်မြားစွာမှာ ကောင်းကင်ယံထဲ၌ မျောလွင့်နေကြပြီး ကျင့်ကြံသူများမှာလည်း ၎င်းတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသေးသည်။ ထို့အပြင် ကောင်းကင်ယံထဲ၌ ငါးပျံများနှင့်တူသည့် ဧရာမသားရဲကြီးများလည်း ရှိနေကြသေးသည်။

ထိုအရာများအားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရ၏။ သူသည် သူ၏ဆရာမှာ နန်းတော်ကြီးတစ်ခု၏ ရှေ့၌ လှေအား ရပ်တန့်လိုက်ပြီး သူ့အား ချန်ရစ်ခဲ့သည်ကိုပင် သတိမထားမိလိုက်ပေ။ သူ၏နားထဲ၌ စကားသံတစ်သံ ထွက်ပေါ်လာသောအခါမှသာ ဝမ်ပေါင်လဲ့မှာ အသိစိတ်ပြန်ဝင်လာ၏။

” ဘာလို့ ဒီတစ်ခေါက်ကျမှ အများကြီး ရှိနေရတာလဲဟ။ ငါတို့တော့ အလုပ်ရှုပ်တော့မှာပဲကွာ။ ပေါင်လဲ့။ မင်းကရော ဘာလို့ ရီဝေဝေ ဖြစ်နေရ‌သးတာလဲကွ။ ဒါတွေကို မမြင်ဖူးတာလဲ မဟုတ်ဘူး။ မြန်မြန်လေးလုပ်စမ်းပါ။ ငါ့ကိုလာကူပါဦး ” လူငယ်လေးတစ်ယောက်မှာ သူ့အား စကားပြောနေ၏။ သူသည် အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး သူ၏မျက်နှာပေါ်တွင် တင်းတိပ်များ ရှိနေ၏။ ထို့အပြင် သူ၏မျက်နှာအမူအရာမှာ ကြံရာမရဖြစ်နေသည့်ပုံ ပေါက်နေသည်။ သူသည် ကောင်းကင်ကြီးနှင့် မင်ခွန်းကျစ် ဦးဆောင်လမ်းပြလာခဲ့သည့် ဝိညာဉ်များကြောင့် ပေါ်ပေါက်လာခဲ့သော မြစ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုလူငယ်လေး ရှိရာဘက်သို့ ချက်ချင်းပင် လှည့်ကြည့်လိုက်သောအခါ သူသည် ထိုလူငယ်လေးနှင့် ရင်းနှီးနေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုလူငယ်လေးမှာ သူ၏ဂိုဏ်းတူအစ်ကို ဖြစ်နေကြောင်း သိလိုက်ရသဖြင့် သူသည် သူရှိရာသို့ ချက်ချင်းပင်ပြေးသွားလိုက်သည်။ သို့သော်လည်း သူသည် ဘာဆက်လုပ်ရမှန်း မသိလောက်အောင် ဖြစ်နေ၏။ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးမှသာ သူသည် ထပ်မေးလိုက်၏ ” အစ်ကို။ ကျနော် ဘာလုပ်ရမလဲ ”

” မင်း ရေသာခိုဖို့ ကြိုးစား‌နေပြန်ပြီလား။ ပေါင်လဲ့။ ဒီတစ်ခေါက်ပေါ်လာတဲ့ ဝိညာဉ်တွေက အများကြီးကွ။ ငါတစ်ယောက်တည်းနဲ့ သူတို့အကုန်လုံးကို ရှင်းနိုင်မှာ မဟုတ်ဘူး။ အဲ့တာမလို့ မင်း ဒီတခေါက်တော့ လစ်ထွက်သွားဖို့ မစဉ်းစားနဲ့ ” ထိုလူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ လက်မောင်းအား လှမ်းဆွဲလိုက်ပြီးနောက် သူ့အား မြို့တော်ကြီး၏ ထက်ဝက်ခန့် အရွယ်အစားရှိသော ခန်းမကြီးထဲသို့ ဆွဲခေါ်သွားတော့သည်။ ထိုခန်းမကြီးမှာ ကျယ်ဝန်းနေပြီး အတွင်းထဲ၌ ရုပ်ထုကိုးခု ရှိနေ၏။ ၎င်းတို့ထဲမှ တစ်ခုမှာ မင်ချွန်းကျိ၏ ရုပ်ထုကြီး ဖြစ်နေသည်။

အခြားရုပ်ထုကြီး ရှစ်ခုမှာ မင်ခွန်းကျိနှင့် ရာထူးအဆင့်အတန်း အတူတူရှိသော လူများဖြစ်ကြောင်း သိနိုင်ပေသည်။ သူတို့မှာ အမှောင်ဂိုဏ်း၏ အခြား မဟာအကြီးအကဲများ ဖြစ်ကြ၏။

ထိုရုပ်ထုကြီး ကိုးခု၏ အလယ်တွင် လူတစ်ယောက်အရွယ်ရှိသော ကြေးမုံ အချပ်ရေပေါင်း အနည်းဆုံး တစ်သန်းတိတိ ရှိနေကြသည်။ ထိုကြေးမုံတစ်ချပ်ချင်းစီ၏ရှေ့တွင် အမှောင်ဂိုဏ်းသားတစ်ယောက်စီ ရှိနေကြသည်။

ထို အချပ်ရေပေါင်း တစ်သန်းခန့် ရှိနေသည့် ကြေးမုံများထဲတွင် ကြေးမုံနှစ်ချပ်မှာ အများနှင့်မတူဘဲ ကွဲထွက်နေ၏။ ၎င်းတို့မှာ အရွယ်အစား ပိုမိုကြီးမားနေရုံသာမက အရောင်များလည်း ကွဲပြားနေကြ၏။ အခြားကြေးမုံများမှာ ကြေးရောင်များ ဖြစ်နေကြပါသော်လည်း ကြေးမုံနှစ်ချပ်မှာမူ ခရမ်းရောင်များဖြစ်နေကြသည်။ ၎င်းတို့မှာ အဓိကကြေးမုံများ ဖြစ်နေကြသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ သူ့ ဂိုဏ်းတူအစ်ကို ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီးနောက် သူတို့အား နှုတ်ဆက်နေကြသည့် အခြားသူများအား ကျော်ဖြတ်ကာ ထို အဓိက ကြေးမုံနှစ်ချပ်၏ ရှေ့သို့ ရောက်ရှိလာ၏။ သူ၏ ဂိုဏ်းတူအစ်ကိုဖြစ်သူမှာ သူ့အား ထွက်ပြေးခွင့် ပေးမည့်ပုံ လုံးဝမပေါ်ပေ။

ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲနေရပြီဖြစ်သည်။ သူသည် သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ သူနှင့် ရင်းနှီးနေပါသော်လည်း စိမ်းနေသည်ဟု ခံစားနေရသောကြောင့် နောက်ထပ် ဘာဆက်လုပ်ရမှန်း မသိလောက်အောင် ဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် ခေါင်းကုတ်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ မေးလိုက်၏။

” အစ်ကို။ ကျနော်က ဘာလုပ်ရမှာလဲဗျ ”

ထိုအခါ မျက်နှာပေါ်၌ တင်းတိပ်များ ရှိနေသော လူငယ်လေးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

” ပေါင်လဲ့။ မင်း ရုပ်အလောင်းမျက်နှာပုံကို ဆွဲတတ်တယ်မလား ”

” ရုပ်အလောင်းမျက်နှာ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားရပြီး သူ၏ ရှေ့တွင်ရှိနေသော ခရမ်းရောင်ကြေးမုံကြီးအား စိုက်ကြည့်နေလိုက်၏။ ထိုအခါ ထိုကြေးမုံထဲတွင် ဝိညာဉ်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးနေ၏။ သို့သော် ၎င်း၏ မျက်နှာတစ်ခုလုံးမှာမူ ပြောင်သလင်းခါနေသည်…

” ပေါင်လဲ့။ ဘာမှ လောနေစရာ မလိုဘူး။ ဝိညာဉ်တွေ ရောက်လာတဲ့အချိန်ကျရင် သူတို့ရဲ့ အရင်ဘဝတုန်းက မျက်နှာတွေက အလိုလို ပျောက်သွားလိမ့်မယ်။ မင်းက မိုးကောင်းကင်တာအိုရဲ့ ညွှန်ကြားမှုကို နားထောင်ပြီးတော့ သူတို့အတွက် မျက်နှာအသစ်တစ်ခု ရေးဆွဲပေးရုံပဲ။ မင်း ရေးဆွဲပေးလိုက်တဲ့ပုံက သူတို့ နောက်ဘဝမှာ မွေးဖွားလာမယ့် ရုပ်ရည်ကို ဆုံးဖြတ်ပေးမှာ ” ထိုလူငယ်လေးမှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် သူ၏လက်ချောင်းကို စုတ်တံတစ်ချောင်းကဲ့သို့ အသုံးပြုကာ ကြေးမုံပေါ်ရှိ ဝိညာဉ်ကြီးအတွက် မျက်နှာတစ်ခုကို ရေးဆွဲပေးလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရ၏။ သူသည် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်အား အသုံးပြုနိုင်စွမ်းရှိနေ၏။ သို့သော် သူသည် နဂိုကတည်းက ထိုပညာရပ်အား တတ်မြောက်နေသည်လော သို့မဟုတ် သူ၏အိပ်မက်ထဲတွင် လေ့လာထားခဲ့သောကြောင့်သာ တတ်မြောက်နေခြင်း ဖြစ်သည်လောဟု ဝေခွဲမရဘဲ ဖြစ်နေရသည်။ သူ၏ မှတ်ဉာဏ်များမှာ ရှုပ်ယှက်ခတ်နေ၏။ သို့သော် သူ၏ရှေ့တွင်ရှိနေသည့် ဝိညာဉ်ကြီးမှာ သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသောကြောင့် သူသည် ထိုအတွေးများကို မေ့ထားလိုက်ပြီး သူ၏ ညာဘက်လက်အား ‌မြှောက်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်လိုက်ပြီး သူ လေ့လာထားသည့် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်မှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။

သူသည် ရုပ်အလောင်းကြီး၏ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းတို့ကို အဆင့်ဆင့်ရေးဆွဲလိုက်သဖြင့် နောက်ဆုံးတွင် ၎င်း၏ မျက်နှာတစ်ခုလုံးမှာ ရုပ်လုံးပေါ်လာတော့သည်။

တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာ၏။ သူ၏ လက်ညှိုး ကြေးမုံကြီးပေါ်သို့ ပြန်ကျသွားပြီး ပုံတစ်ပုံအား စတင်ရေးဆွဲရန် ပြင်လိုက်ချိန်တွင် သူ၏အသိစိတ်ထဲ၌ အာရုံတစ်ခု ပေါ်ပေါက်လာ၏။ သူသည် ဂြိုဟ်တစ်လုံးပေါ်တွင် ဖွားမြင်တော့မည်ဖြစ်သည့် မွေးကင်းစ သမီးငယ်လေးတစ်ယောက်ကို မြင်လိုက်ရခြင်းဖြစ်သည်။ သသည် သူမ၏ မွေးကင်းစအရွယ်မှ သေဆုံးသည့် အချိန်အထိ သူမ၏ ဘဝတစ်ခုလုံး၏ အစအဆုံးကို မြင်လိုက်ရသည်။

၎င်းမှာ ထိုဝိညာဉ်၏ အတိတ်ဘဝ မဟုတ်ဘဲ နောက်ထပ်ဝင်စားမည့် ဘဝအသစ်တစ်ခုပင် ဖြစ်သည်။

သူသည် ထိုဝိညာဉ်၏ ကံကြမ္မာကို ရှင်းလင်းပြတ်သားစွာ သိမြင်နိုင်စွမ်းရှိနေရုံသာမက ၎င်း၏ ရုပ်ရည်ကိုပါ သိမြင်နိုင်စွမ်း ရှိနေသည်ဖြစ်သည်။ ၎င်း၏ မျက်နှာမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာပြီးနောက် သူ၏ လက်မှာ အလိုအလျောက် လှုပ်ရှားသွားပြီး စတင် ရေးဆွဲလိုက်တော့သည်…

Comment

Leave a Reply

Options

not work with dark mode
Reset