Switch Mode

အခန်း (၄၅၁)

အခန်း (၄၅၁) - ဆရာ၊ ကျနော် အိပ်မက်မက်ခဲ့တာ 

ကြီးမားကျယ်ပြောလွန်းလှသော စကြဝဠာကြီးထဲတွင် စူးရှတောက်ပနေသော ကြယ်တာရာများ၊ ဝဲများကဲ့သို့ လည်ပတ်နေသည့် ကြယ်စင်စုများအပြင် မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည့် ဥက္ကာခဲများနှင့် ဦးတည်ရာမဲ့စွာ မျောလွင့်နေကြသည့် ဖုန်မှု့န်များဖြင့် ပြည့်နှက်နေ၏။ ထိုအခြင်းအရာအားလုံးကိုကြည့်လျှင် ဝမ်ပေါင်လဲ့ ရောက်ရှိနေသည့်နေရာမှာ စကြဝဠာအစစ်ကြီးဖြစ်ကြောင်း သိနိုင်ပေသည်။

ယခုလေးတင်မှ နိုးထလာခဲ့သည့် ဝမ်ပေါင်လဲ့မှာ ထိုအရာများကြောင့် ရုတ်တရက်ဆိုသလို ဇဝေဇဝါဖြစ်သွားရပြီး အံ့ဩမှင်တက်သွားရ၏။ သူ စကားမပြောနိုင်ခင်မှာပင် သူ၏ရှေ့တွင်ရပ်နေသော အဘိုးကြီးမှာ နောက်သို့လှည့်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကြင်နာမှုအပြည့်ရှိသော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံမိသွားသောအခါ ကြက်သေသေသွားရသည်။ ထိုအဘိုးကြီး၏ စကားသံမှာ လေပြည်လေညင်းတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဖြတ်၍ တိုက်ခတ်သွားပြီး သူ၏ ဝိညာဉ်ထဲအထိ စိမ့်ဝင်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်….

ထို့နောက် သူ၏အသိစိတ်ထဲ၌ မှတ်ဉာဏ်များစွာ အဆက်မပြတ် ပေါ်ပေါက်လာတော့သည်။ ၎င်းတို့ကြောင့် သူ၏ အံ့ဩမှင်တက်မှုများနှင့် အိပ်မက်ကမ္ဘာထဲမှ အကြွင်းအကျန်များအားလုံး လွင့်စင်ပျောက်ကွယ်သွားရ၏။ ထို့နောက် သူသည် အမှန်တကယ် ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်သွားတော့သည်။ သူသည် ထိုအိပ်မက်များထဲမှ သူ၏အမည်ကို မှတ်မိသွား၏။ သူ၏အမည်မှာ…. ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။

သူသည် စန်းလွန်ဂြိုဟ်ပေါ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး ခုနစ်နှစ်သားအရွယ်တုန်းက အမှောင်ဂိုဏ်းထဲသို့ ဝင်ကာ အမှောင်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ရှေ့တွင် ရှိနေသည့်အဘိုးကြီးမှာ သူ၏ဆရာဖြစ်သလို အမှောင်ဂိုဏ်း၏ လက်ရှိမျိုးဆက်ထဲရှိ မဟာအကြီးအကဲကြီး ကိုးယောက်ထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။

သူ၏အမည်မှာ… မင်ခွန်းကျိ ဖြစ်၏။

သူသည် သူ့ဆရာ၏ အသက်အငယ်ဆုံး တပည့်ဖြစ်သည်။ သူ၏ ဆရာမှာ သူ့အား အမှောင်ဂြိုဟ်ပေါ်မှနေ၍ သက်တမ်းကုန်းတော့မည့် အခြားဂြိုဟ်တစ်လုံးဆီသို့ ခေါ်သွားနေခြင်းဖြစ်သည်။ သူတို့မှာ မိုးကောင်းကင်တာအို၏ ကိုယ်စား သေဆုံးပြီးသားဝိညာဉ်များအား လမ်းပြပေးရန် ထိုနေရာသို့ သွားနေကြခြင်းဖြစ်သည်။ သူတို့မှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ထိန်းညှိပေးကြရမည် ဖြစ်သည်။

ဝိညာဉ်များအား ပြန်လည်ဝင်စားနိုင်ရန် လမ်းပြပေးခြင်းမှာ အမှောင်ဂိုဏ်း၏ တာဝန်ဖြစ်သည်။ အမှောင်ဂိုဏ်းမှာ စကြဝဠာကြီးထဲရှိ သေဆုံးခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မျိုးဆက်တိုင်းရှိ ဂိုဏ်းသူဂိုဏ်းသားများမှာ ဝိညာဉ်များအား လမ်းပြပေးရသည့် အတတ်ပညာများကို လေ့လာသင်ယူကြရသည်။ ထို့ကြောင့်လည်း သူ၏ဆရာမှာ သူ့အား ထိုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို မျက်ဝါးထင်ထင် မြင်‌တွေ့ခွင့်ရနိုင်ရန် ခေါ်လာခဲ့ခြင်းဖြစ်၏။ သို့မှသာ သူသည် အမှောင်ပညာရပ်အား ပို၍နားလည်လာမည်ဖြစ်သည်။

ထိုမှတ်ဉာဏ်များအားလုံးမှာ သူ၏ အသိစိတ်ထဲ၌ တရစပ် ပေါ်ပေါက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွား၏။ သူသည် မိန်းမောတွေဝေနေခြင်းမရှိတော့ဘဲ နိုးနိုးကြားကြား ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူသည် သူ၏အိပ်မက်ကြီးအား မမေ့နိုင်သေးပေ။ သူ၏ဆရာမှာ သူ့အား အကြင်နာမျက်ဝန်းများဖြင့်ကြည့်ရင်း နွေးထွေးမှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အလောတကြီးနှင့် မတ်တတ်ထလာပြီး ဦးညွှတ်လိုက်၏။

” ဆရာ… ကျနော် အိပ်မက်မက်နေခဲ့တာ။ ကျနော် ပြန်နိုးလာတော့ ရီဝေဝေ ဖြစ်နေခဲ့တာမလို့ အဲဒီအိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးက တကယ်လား ပုံရိပ်ယောင်တွေလားဆိုဝာာကို မခွဲခြားနိုင်ဘဲ ဖြစ်နေရတာ ” ဝမ်ပေါင်လဲ့က ပြန်ဖြေလိုက်၏။ သူသည် သူ့ဆရာ၏ရှေ့တွင် အိပ်ပျော်သွားခဲ့သောကြောင့် မလုံမလဲ ဖြစ်နေရသည်။ သူ ထိုသို့ အိပ်ပျော်သွားခဲ့သည့်အတွက် သူ၏ဆရာမှာ သူ့အား ဆူပူကြိမ်းမောင်းနိုင်ပေသည်။

ထိုအခါ အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ပြုံး၍ မေးလိုက်၏။

” ဘာအိပ်မက်လဲကွ ”

” အဲ ” သူ၏ဆရာမှာ သူ့အား ဆူပူကြိမ်းမောင်းရန် အစီအစဉ်မရှိကြောင်း သိလိုက်ရသောအခါမှ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် အချိန်အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအလုံးကို ပြန်၍မှတ်မိနိုင်အောင် ကြိုးစားလိုက်တော့သည်။ သူ၏ မျက်ဝန်းများမှာလည်း တဖြည်းဖြည်းနှင့် ရီဝေဝေ ဖြစ်သွား၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် ‌လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

” ဆရာ။ အဲဒီအိပ်မက်က ထူးတော့ထူးဆန်းတယ်။ အဲဒီအိပ်မက်ထဲမှာ ကျနော့်နာမည်က ဝမ်ပေါင်လဲ့ပဲ ဖြစ်နေတာ။ ဒါပေမဲ့ ကျနော်က အမှောင်ဂိုဏ်းထဲမှာတော့ မဟုတ်ဘူး။ အချိန် ဘယ်နှနှစ်အထိ ကုန်ဆုံးသွားခဲ့မှန်း မသိပေမယ့် ကျနော်က ကမ္ဘာလို့ခေါ်တဲ့ ဂြိုဟ်တစ်လုံးပေါ်မှာ ရောက်နေတာ ”

” အဲဒီဂြိုဟ်ပေါ်က အင်အားအကြီးဆုံးဂိုဏ်းကို ပြည်ထောင်စုကြီးလို့ခေါ်တယ်… ကျနော့် အိပ်မက်ထဲမှာ ကျနော်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့ပဲ… ဟုတ်တယ်… ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတာ အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးသဘောပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ သူ၏ အိပ်မက်ထဲမှ ရည်မှန်းချက်ပန်းတိုင်များမှာ အဓိပ္ပါယ် လုံးဝမရှိဟု သူက ခံစားနေရ၏။

” အထင်မလွဲပါနဲ့ဆရာ။ ဒါ ကျနော့်ရဲ့အတွေးတွေ အိပ်မက်အဖြစ်နဲ့ ပြန်ပေါ်လာတာမဟုတ်ပါဘူး။ ကျနော့်ရဲ့ရည်မှန်းချက်က အမှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်လာဖို့ပါ။ အဲဒီရည်မှန်းချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတဲ့ရာထူးက ဘာအရေးပါလို့လဲ။ ဘာမှအဓိပ္ပါယ်မရှိတဲ့ အမှိုက်သာသာအဆင့်ပဲ ရှိတာကို ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သူ၏ရင်ဘတ်အား လက်ဖြင့်ထုနှက်ပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ကြိမ်းဝါးပြလိုက်၏။

အဘိုးကြီးကမူ ခပ်ရေးရေးမျှသာပြုံးကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူသည် စကားတစ်ခွန်းမှ မပြောပေ။

ဝမ်ပေါင်လဲ့မှာ သူ့ဆရာ၏ အပြုံးကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ ထို့ကြောင့် သူသည် စကားလမ်းကြောင်းလွှဲရန် အလောတကြီးနှင့် ဆက်ပြောလိုက်၏ ” ဆရာရော ထူးဆန်းတယ်လို့မထင်ဘူးလား။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က အမှောင်ဂိုဏ်းတစ်ဂိုဏ်းလုံးထဲမှာ ရုပ်အချောဆုံးလေ။ ကျနော့်အိပ်မက်ထဲမှာလည်း ကျနော်က ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ ရုပ်အချောဆုံးဖြစ်နေတာဗျ။ ကျနော်မှကျနော် ဖြစ်နေတဲ့ မိန်းမချောလေးတွေဆိုလည်း တောင်လိုရာလိုပုံနေတာ။ သူတို့က ကျနော်ကိုချစ်လွန်းလို့ ကျနော့်အတွက် သားသားမီးမီးလေးတွေ မွေးပေးချင်နေကြတာဗျ…. စိတ်ရှုပ်စရာကြီးပါဗျာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ဆိုလိုက်၏။

” ဆရာ။ ကျနော်က အမှောင်ဂိုဏ်းထဲမှာတောင် အခုလို နေနေရတာမလို့ ငြီးငွေ့နေပြီဗျ။ အခု ကျနော့်အိပ်မက်ထဲမှာတောင် အဲဒီလို ဆက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဆရာ ကျနော်ဘာဆက်လုပ်ရမလဲဗျာ။ တော်တော်ကို စိတ်ဒုက္ခရောက်နေရပြီ ” ဝမ်ပေါင်လဲ့မှာ စကားလမ်းကြောင်း လွှဲချင်ပါသော်လည်း စကားများပြောရင်း အရှိန်ပါသွား၏။ ထို့ကြောင့် သူ၏ဘေးတွင်ရှိနေသော အဘိုးကြီး၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်လာရတော့သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့၏ စကားများကို ဆက်၍ နားမထောင်ချင်တော့သောကြောင့် ချောင်းဟန့်လိုက်ရ၏။

ထိုချောင်းဟန့်သံကြီး သူ၏နားထဲ၌ ပဲ့တင်ထပ်သွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ပါးစပ်ပိတ်သွားရတော့သည်။

” ပေါင်လဲ့။ ရောက်ပြီ ” အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို လေပေါ်သို့မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကြယ်ရောင်စုံများဖြင့် တောက်ပနေပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည် ကောင်းကင်ယံကြီးထဲတွင် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုကောင်းကင်ကြီးမှာ အဘိုးကြီး၏ စွမ်းအားကို ခုခံနိုင်စွမ်းမရှိသည့်ပုံပင်။ ထို့နောက် မျက်လုံးဖြင့်မမြင်နိုင်သော လက်ကြီးနှစ်ဘက်မှာ ကောင်းကင်ကြီးအား ဆုတ်ဖြဲလိုက်သကဲ့သို့ ဖြစ်သွားပြီး အဘိုးကြီး၏ ရှေ့တွင်ရှိနေသော ကောင်းကင်ယံထဲတွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုအက်ကွဲကြောင်းကြီးမှာ ဂြိုဟ်တစ်လုံးနီးပါး ရှည်လျားပြီး ချောက်နက်ကြီးတစ်ခုကဲ့သို့ ဟက်တက်ကွဲသွား၏။ ၎င်းနှင့် နီးကပ်လွန်းနေမည်ဆိုပါက ၎င်း၏အဆုံးကို မြင်နိုင်မည်မဟုတ်ပေ။ အဝေးမှ ကြည့်လိုက်မည််ဆိုလျှင် ၎င်းမှာ စကြာဝဠာကြီးထဲရှိ အမာရွတ်ကြီးတစ်ခုနှင့်ပင် တူနေ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ ယခုကဲ့သို့သော မြင်ကွင်းကြီးတစ်ခုကို ဖန်တီးနိုင်ရန် လိုအပ်သည့် စွမ်းအားပမာဏကို သူ၏စိတ်ကူးထဲ၌ မမှန်းဆနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့အပြင် အဘိုးကြီးမှာ သူ၏လက်တစ်ဖက်တည်းကိုသာ ဝှေ့ယမ်းခဲ့သည် မဟုတ်ပါလော။

သို့သော် သူဖန်တီးလိုက်သည့် အက်ကွဲ‌ကြောင်းကြီးမှာ ဂြိုဟ်တစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်ပေသည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ ထိုအက်ကွဲကြောင်းထဲသို့ လှမ်းကြည့်လိုက်သောအခါ ၎င်း၏အလွန်တွင် နောက်ထပ်ကမ္ဘာတစ်ခုရှိနေသည်ကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ထိုအက်ကွဲကြောင်းကြီးအား တည်နေရာပြောင်းရွှေ့ခြင်း မုခ်ဝတစ်ခုဟုပင် သတ်မှတ်လျှင် ပို၍တိကျလောက်ပေသည်။ ၎င်းထဲ၌ မြင်နေရသော ကမ္ဘာကြီးမှာ သူတို့နှင့် အလွန်အင်မတန်မှ ဝေးကွာသည့် နေရာတစ်ခုတွင် ရှိနေခြင်းဖြစ်၏။

ထို အက်ကွဲကြောင်းကြီးထဲရှိ စကြဝဠာကြီးထဲတွင် ဂြိုဟ်တစ်လုံးသာ ရှိပေသည်။ ၎င်းမှာ အနီရောင်ဖြစ်နေပြီး အလွန်အင်မတန်မှ မြင့်မားသည့် အပူချိန်တစ်ခုကို ထုတ်လွှတ်ပေးနေ၏။ ထိုဂြိုဟ်ကြီးပေါ်တွင် လူမှုအဖွဲ့အစည်းတစ်ခု ရှိနေသည်ကို ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ၎င်းပေါ်၌ လူဦးရေပေါင်းမြောက်များစွာ နေထိုင်နေကြ၏။ သို့သော်လည်း ထိုလူမှုအဖွဲ့စည်းမှာ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရတော့မည်သာဖြစ်သည်….

အဘယ်ကြောင့်ဆိုသော ဧရာမဥက္ကာခဲကြီးတစ်လုံးမှာ မကြာသေးမီကပင် ထိုဂြိုဟ်ကြီးအား ဝင်တိုက်သွားခဲ့သောကြောင့်ဖြစ်သည်။ ထို့‌ကြောင့် ထိုဂြိုဟ်ကြီးမှာ တသိမ့်သိမ့်တုန်ရီနေ၏။ ၎င်းမှာ တစ်စစီကွဲအက်ပျက်စီးသွားခြင်း ရှိပါသော်လည်း ကပ်ဘေးကြီးတစ်ခုနှင့် ကြုံလိုက်ရပြီဖြစ်သည်။ ထိုကပ်ဘေးကြီးမှာ ဂြိုဟ်တစ်ခုလုံး ပျံ့နှံ့သွားသဖြင့် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးသွားရတော့သည်။

သူတို့ သေဆုံးသွားကြသောအခါ သူတို့၏ ဝိညာဉ်များမှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွားကြပြီး အချို့မှာဆိုလျှင် ကြယ်တာရာများထဲသို့ပင် မျောလွင့်သွားကြ၏။ သက်ရှိများမှာ ၎င်းတို့ကို မမြင်ရပါသော်လည်း အမှောင်ဂိုဏ်းမှ ဂိုဏ်းသူဂိုဏ်းသားများမှာမူ ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ မရေမတွက်နိုင်သော ဝိညာဉ်ပေါင်း မြောက်မြားစွာမှာ ဂြိုဟ်ကြီး၏ အပြင်ဘက်ရှိ ကြယ်တာရာများကြားတွင် ဦးတည်ချက်ကင်းမဲ့စွာ လှည့်လည်သွားလာနေကြတော့သည်။ ၎င်းတို့မှာ ငိုကြွေးမြည်တမ်းကာ အတူတကွ ပူးကပ်နေကြပြီး ရေတွက်၍ မရနိုင်လောက်အောင် များပြားလွန်းနေ၏…

ဂြိုဟ်ကြီးမှာ အနီရင့်ရောင်မှ မီးခိုးရောင်အဖြစ် မှေးမှိန်သွား၏။ ထို့ကြောင့် ထိုဂြိုဟ်ကြီးမှာလည်း သက်တမ်းကုန်ဆုံးသွားတော့မည့်ပုံပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်ရီသွားရပြန်သည်။ သူသည် ထိုမြင်ကွင်းကြီးအား မြင်ဖူးနေသလို ခံစားနေရ၏။ သူသည် သူ၏အိပ်မက်ထဲရှိ နံရံဆေးရေးပန်းချီတစ်ခုထဲတွင် အလားတူမြင်ကွင်းမျိုးကို မြင်ဖူးခဲ့သည့်ပုံပင်။ ထိုမြင်ကွင်းနှစ်ခုမှာ ချွတ်စွပ်တူနေ၏။

” ပေါင်လဲ့။ သေချာမှတ်ထားနော်။ အမှောင်ဂိုဏ်းရဲ့ တာဝန်က မိုးကောင်းကင်တာအိုရဲ့ကိုယ်စား ဝိညာဉ်တွေကို လမ်းပြပေးဖို့ပဲ။ ငါတို့က အဲဒီဝိညာဉ်တွေ စကြဝဠာကြီးထဲမှာ ဦးတည်ချက်မရှိ မျောလွင့်နေတာမျိုး မဖြစ်အောင် သူတို့ကို သူတို့ရဲ့ ပန်းတိုင်ဆီရောက်အောင် လမ်းပြပေးရမှာ ”

” သေချာကြည့်ထား ” အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီး သူ၏လက်ထဲရှိ မီးအိမ်လှော်တက်လေးကို မြှောက်ကာ အသာအယာ လှုပ်ယမ်းလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ မည်သည့်မန္တန်အား အသုံးပြုလိုက်သည်ကို မသိလိုက်ပါသော်လည်း ထို မီးအိမ်လှော်တက်ကလေး လှုပ်ယမ်းသွားသောအခါ အက်ကွဲကြောင်းကြီးထဲရှိ ဂြိုဟ်ကြီးပေါ်နှင့် စကြဝဠာထဲတွင် ရှိနေသော ဝိညာဉ်များမှာ တစ်ပြိုင်နက်တည်း တုန်ရီသွားကြတော့သည်။ ထို့နောက် ၎င်းတို့မှာ အော်ဟစ်မြည်တမ်းနေခြင်း မရှိကြတော့ဘဲ ရေနစ်နေတုန်း ကောက်ရိုးမျှင်များအား လှမ်းဆွဲမိလိုက်သလို ဖြစ်သွားကြ၏။ ထိုဝိညာဉ်များမှာ အမှောင်ထုကြီးထဲတွင် မီးပြတိုက်တစ်ခုကို လှမ်းမြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး ချက်ချင်းဆိုသလိုပင် အဘိုးကြီးရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ သူ့ဆီသို့ ပြေးလာကြတော့သည်။

မရေမတွက်နိုင်လောက်အောင် များပြားသော ဝိညာဉ်ပေါင်း မြောက်မြားစွာမှာ အက်ကွဲကြောင်းကြီးကို ဖြတ်ကာ စကြဝဠာ၏ အခြားတစ်ဖက်မှနေ၍ ဝမ်ပေါင်လဲ့နှင့် အဘိုးကြီးတို့ မတ်တတ်ရပ်နေသော လှေကလေးဆီသို့ ပြေးလာကြတော့သည်။ ထို့နောက် ၎င်းတို့မှာ ပေါင်းစည်းသွားကြပြီး ဝိညာဉ်မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားကြတော့သည်။

ထိုမြစ်ကြီးမှာ ကြီးမားကျယ်ပြောလွန်းလှပြီး ၎င်း၏အဆုံးကို မမြင်ရပေ။ ထိုဝိညာဉ်မြစ်ကြီးမှာ လှေကလေးအား အဝေးသို့ သယ်ဆောင်သွားတော့သည်….

အက်ကွဲကြောင်းကြီးမှာလည်း တဖြည်းဖြည်းနှင့် ပြန်ပိတ်သွား၏။ ၎င်း ပျောက်ကွယ်သွားခါနီးတွင် ဝမ်ပေါင်လဲ့မှာ ၎င်းထဲရှိ ဂြိုဟ်ကြီးအား လှမ်းကြည့်ရ၏။ ထိုဂြိုဟ်ကြီးတစ်ခုလုံးမှာ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်စွာဖြင့် သူ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်မြစ်ကြီးအားကြည့်လိုက်ပြီးနောက် သူ၏ဆရာကို စိုက်ကြည့်နေလိုက်တော့သည်။ ထိုအချိန်တွင် သူ့ဆရာ၏ အေးဆေးတည်ငြိမ်မှုအပြည့်ရှိသော စကားသံမှာ သူ၏နားထဲ၌ ပဲ့တင်ထပ်သွား၏။

” ဒါ အမှောင်ဂိုဏ်းရဲ့ တာဝန်ပဲ။ ငါတို့တွေက စကြဝဠာကြီး တစ်ခုလုံးထဲမှာရှိတဲ့ ဝိညာဉ်‌တွေကို လမ်းပြပေးရတာ… ပေါင်လဲ့။ မင်း ဘာကိုကြောင်ကြည့်နေတာလဲ။ ဝိညာဉ်တေးသွားကို ဆိုတော့လေ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ထို့နောက် သူသည် အလိုလို ပါးစပ်မိသွားပြီး ဂါထာတစ်ခုနှင့် ဆင်တူသည့် ထူးဆန်းသော တေးသွားတစ်ခုမှာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ထိုသံစဥ်တေးသွားလေးမှာ ဝိညာဉ်မြစ်ကြီးနှင့်အတူ မျောလွင့်လာ၏…

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

ထိုသံစဉ်လေး အဝေးသို့ ပျံ့နှံ့သွားသောအခါ ဝိညာဉ်မြစ်ကြီးထဲ၌ မျက်နှာပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာ၏။ ထိုမျက်နှာများထဲတွင် လူကြီးလူငယ်၊ ကျားမ မရွေး ပါဝင်နေကြပြီး အချို့မှာ လူသားများ၏ မျက်နှာများဖြစ်ကာ အချို့မှာမူ သားရဲကြီးများ၏ မျက်နှာများဖြစ်နေကြ၏။ ၎င်းတို့၏ မျက်နှာအမူအရာများမှာ တည်ငြိမ်အေးချမ်းနေရုံသာမက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် ၎င်းတို့မှာ နာကျင်ခံစားနေရခြင်း အလျင်းမရှိသည့်ပုံဖြင့် လှေကလေး၏ ပတ်ပတ်လည်တွင် စုဝေးနေကြပြီး ဝိညာဉ်တေးသွားနှင့်အတူ ရှေ့ဆက်သွားနေကြတော့သည်။

၎င်းတို့မှာ အဝေးတစ်နေရာရှိ အမှောင်ဂိုဏ်းကြီးဆီသို့ ဦးတည်သွားနေကြခြင်းဖြစ်၏။

လွန်ခဲ့သည့် နှစ်အသင်္ချေပေါင်း မြောက်များစွာတုန်းက ဘုန်းမီးနေလတောက်ပခဲ့သည့် အမှောင်ဂိုဏ်းပင် ဖြစ်သည်။

အဝေးမှကြည့်လိုက်မည်ဆိုလျှင် ဝိညာဉ်မြစ်ကြီးမှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည်ကို မြင်နိုင်ပေမည်။ ထိုမြစ်ကြီးပေါ်တွင် လှေကလေးတစ်စင်းရှိနေ၏။ ထိုလှေကလေးပေါ်တွင် အဘိုးကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက် ရှိနေရမည်ဖြစ်ပါသော်လည်း လက်ရှိတွင်မူ ထိုအဘိုးကြီး၏ ပုံရိပ်မှာ မှေးမှိန်သွားပြီး အနည်းငယ်ခန့် မှုန်ဝါးဝါးဖြစ်နေ၏။ ဝမ်ပေါင်လဲ့၏ ပုံရိပ်ကမူ ပို၍ပင် ရှင်းလင်းပြတ်သားလာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset