ရှီမာယူယူ တံခါးပိတ်ပြီးသည်နှင့် ဝိညာဉ်ပုလဲအတွင်းမှ ဟိန်းသံလေးသည် သူမအား အော်ခေါ်နေသံကိုကြားလိုက်ရသည်။ ဆူဆူညံညံနဲ့ ထွက်လာတာပဲ၊ သူမတွေးနေစဉ် ဟိန်းသံလေးသည် သူမရှေ့တွင်ပေါ်လာသည်။
“ဘာကိစ္စလဲ” သူမ သူ့အားဖက်ထားလိုက်ပြီး ရှည်လျားသောနားရွက်မှ အမွေးများအား ဖွကာ နူးညံ့စွာမေးလိုက်သည်။
“ယူယူ မင်းတကယ်ပဲ အဲဒီအဖြူရောင်ကြာပန်းနဲ့ စိန်ခေါ်ချင်တာလား” ဟိန်းသံလေးမေးလိုက်သည်။
“ဟုတ်တယ်လေ၊ ဘာလို့မဖြစ်နိုင်ရမှာလဲ။ လူတွေက ငါ့ကိုရန်စတာတောင် ငါကပုန်းနေရမှာလား”
ရှီမာယူယူ ဟိန်းသံလေးအား လေထဲသို့ပြစ်မြှောက်လိုက်သည်နှင့် သူသည် လခြမ်းကွေးသဖွယ် ခုန်လိုက်ပြီး နံရံနှင့်ဝင်တိုက်မည်ကို မြင်သည်နှင့် သူခန္ဒာကိုယ်ကို ကွေးလိုက်ပြီး သူမ မှော်ဝင်လက်စွပ်အတွင်းမှ တစ်စုံတစ်ခုကိုရှာဖွေနေသော ရှီမာယူယူအားပြန်ကြည့်လိုက်သည်။ “မင်းဘာရှာနေတာလဲ”
“လက်နက်တွေလေ၊ ငါဒီစိန်ခေါ်မှုအတွက် လက်နက်ရှာဖို့လိုတယ်။ အဖေထားခဲ့တဲ့လက်စွပ်ထဲက လက်နက်တွေက စုတ်ချာနေတာပဲ”
“မင်း လက်နက်တွေလိုချင်တာလား။ ငါဝိညာဉ်လေးရဲ့ နေရာမှာအများကြီးတွေ့ခဲ့တယ်” ဟိန်းသံလေး အစီရင်ခံလိုက်သည်။
“တကယ်လား။ အဲဒါဆို သွားရှာရအောင်လေ” စဉ်းစားရင်းပင် ဝိညာဉ်ပုလဲအတွင်းသို့ နှစ်ယောက်လုံးပြန်ဝင်သွားကြသည်။
သူတို့ ဝင်သွားသည်နှင့် ဝိညာဉ်လေး သူတို့ရှေ့တွင် ပေါ်လာတော့သည် “ငါနဲ့လိုက်ခဲ့” သူတည်ငြိမ်စွာပြောပြီး လှည့်ကာ ဦးဆောင်ခေါ်သွားတော့သည်။ ကြည့်ရသည်မှာ သူမရောက်လာသော အကြောင်းအရင်းကို သိသည့်ပုံပင်။
“ဒါက အရင့် အရင်သခင်တွေရဲ့ လက်နက်ကျိုချက်မှု စုဆောင်းထားတာတွေပဲ” ဝိညာဉ်လေးသည် လက်နက်များပြည့်နက်နေသော အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
“မင်းမှာ အရင်သခင်တွေ ဘယ်နယောက်ရှိတာလဲ” ဝိညာဉ်လေး၏ စကားများကို နားထောင်ပြီးနောက်တွင်တော့ သူမ သိချင်စိတ်ကို မထိန်းနိုင်ပဲ မေးလိုက်သည်။
“နည်းနည်းပဲရှိတာပါ” ပြောပြီးနောက်တွင်တော့ ဝိညာဉ်လေးပျောက်ကွယ်သွားတော့သည်။
ရှီမာယူယူ လက်နက်များအား သေချာကြည့်ရှုပြီး အများစုမှာ မြင့်မြတ်သော လက်နက်များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ နံရံတွင် ဖြတ်ပြီး အစုလိုက်အပုံလိုက်လဲနေသော အရာများသည် ခံ့ညားထည်ဝါသော ကြီးကျယ်ခမ်းနားသော လက်နက်များပင်ဖြစ်သည်။ သို့သော် မသိမသာ နိမ့်သော လက်နက်အားရှာရသည်မှာ အနည်းငယ် ခက်ခဲလှသည်။
လက်နက်များကို အကုန်နီးပါးကြည့်ရှုပြီးသည့်နောက်တွင်တော့ အခန်းထောင့်တွင် ဓားမြှောင်ငယ်အားတွေ့လေသည်။ သူမ ဓားမြှောင်အားကောက်ယူလိုက်ပြီး လက်ထဲတွင် ဖွင့်လိုက်သော်အခါ အလေးချိန်ကိုခံစားမိပြီး ပြောလိုက်သည် “ရပြီ၊ ဒီလောက်ဆိုဖြစ်ပြီ”
ရှီမာယူယူ အခန်းမှ ထွက်သွားပြီးနောက် ဝိညာဉ်လေးသည် ပေါ်လာပြီး ကြည့်လိုက်သောအခါ ဓားမြှောင်ထားသော အခန်းထောင့်တွင် လွတ်နေသော နေရာအားတွေ့သောအခါ သူလန့်သွားသည်။ “သူမ တကယ်အဲဒီလက်နက်ရွေးသွားတာပဲ အဲဒါ ခံနိုင်ရည်မရှိဘူး။ စဉ်းစားရရင် အရင်သခင်တွေက အဲဒါရဲ့ အသိအမှတ်ပြုမှုကို ရအောင်မလုပ်နိုင်ခဲ့ဘူး။ အခုမှ ကျင့်ကြံခြင်းလမ်းပေါ်ကိုရောက်တဲ့ မိန်းကလေးက အဲဒီဓားရဲ့ ခွင့်ပြုချက်ကိုရနိုင်မလား…
ဒါမှမဟုတ်ရင် သူမရဲ့ အနာဂတ်က ခက်ခဲတဲ့၊ အတားအဆီးတွေရှိတဲ့ ရှည်လျားတဲ့လမ်းဖြစ်နေမလား။
ရှီမာယူယူ ဓားမြှောင်ကိုထုတ်၍ ဓားအိမ်မှ ချွတ်ကြည့်သည့်အခါ ကြက်သေသေသွားတော့သည်။
“ဟားဟားဟား”
ဟိန်းသံလေးသည် သူ၏ ဗိုက်ကို ကိုင်ကာ မြေပေါ်တွင် လှဲပြီး ခွက်ထိုးခွက်လန်ရယ်သည်မှာ မျက်ရည်များပင် ကျလာသည်။
“ယူယူ မင်းအကြာကြီးရွေးပြီးမှ နောက်ဆုံးတော့ အဲဒီမှာ အဆင်ပြေတဲ့လက်နက်တွေရှိရဲ့သားနဲ့ သံချေးတက်နေတဲ့ ဓားမြှောင်ကို မင်းရွေးလာတယ် ဟုတ်လား”
ရှီမာယူယူ သူမလက်တွင်ရှိသော ဓားမြှောင်အား အကူအညီမဲ့စွာကြည့်လိုက်သည်။ သူမလက်ထဲတွင် အဆင်ပြေမည်ဟုခံစားရသော်လည်း သူမဓားအိမ်မှာ ချွတ်ကြည့်လိုက်သောအခါ လက်ကိုင်မှာ သားရေဖြင့်ပြုလုပ်ထားသည်မှလွဲ၍ ဓားသွားတစ်ခုလုံးမှာ သံချေးများဖြင့် ဖုံးအုပ်ထားတော့သည်။ စိန်ခေါ်မှုမှာ ဒီအရာကို သူမ ဘယ်လိုသုံးရတော့မည်နည်း။
ဒီတစ်ကြိမ်တွင်တော့၊ ကျောင်းသားတစ်ယောက်သည် သူတို့ခြံဝင်းအတွင်းသို့ ပြေးလာပြီး အော်ဟစ်ပြောလိုက်သည်။ “ရှီမာယူယူ၊ မိန်းကလေးမုန်က စိန်ခေါ်မှုက မကြာခင်စတော့မယ်လို့ ငါ့ကိုပြောခိုင်းလိုက်တယ်၊ မင်းမလာဘူးဆိုရင် မင်းပစ္စည်းတွေသိမ်းပြီး ထွက်သွားတာကောင်းမယ်”
သူလိုအပ်သည်များကို ပြောပြီး လှည့်ကာထွက်သွားတော့သည်။ မုန်ထန်သည် သူမအဘိုးအားမကြောက်သော်လည်း အကုန်လုံးက တူညီသည်မဟုတ်ပေ။ အကယ်၍ ရှီမာယူယူထံမိပါက သူတို့အနာဂတ်သည် ဆိုးဝါးသွားတော့မည်။
ရှီမာယူယူ မှာကြားချက်အားကြားသော် သက်ပြင်းချကာ ပြောလိုက်သည် “အခုတော့ ငါဒါကို သွေးဖို့ အချိန်တောင်မရှိတော့ဘူး၊ သွေးပြီးမှ ငါတို့သုံးသင့်တယ်။ ကြည့်ရတာမကောင်းပေမယ့်လည်း ငါ့လက်ထဲမှာတော့ အံဝင်ခွင်ကျဖြစ်နေတုန်းပဲ”
ဟိန်းသံလေးသည် သူမအား အထင်သေးသော အကြည့်ဖြင့်ကြည့်ပြီး “ဒီ့ထက်ကောင်းတဲ့ လက်နက်ရှိပါဦးမလား”
“မင်းဘာသိလို့လဲ၊ လက်နက်နဲ့လူက တန်ပြန်သက်ရောက်မှုရှိတယ်။ တကယ်လို့ငါက တွေ့ကရာ လက်နက်ကိုယူလိုက်ရင် ဆန်းစစ်နေတဲ့အဆင့်မှာပဲ ငါ့ကိုဆွဲချသွားနိုင်တယ်” သူမရေရွတ်ကာ ဓားမြှောင်အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဆက်ပြီးငြင်းခုံလိုက်သည်။ “ပြီးတော့ တချို့လက်နက်တွေအတွက်ဆို ကိုင်ထားတဲ့လူမတူတာနဲ့ မတူညီတဲ့စွမ်းအင်တွေ ထုတ်ပေးတာ”
သူမ ခဏတာမျှ မျက်တောင်ခတ်ကာ ဓားမြှောင်အားစိုက်ကြည့်လိုက်သည်။ အချိန်တစ်ခဏအတွက်တော့ သူမပိုင်ပစ္စည်းဟုတွေးလိုက်သည်။ ဟင်း အဲဒါ စိတ်၏ လှည့်စားမှုပဲ။
“ကောင်းပြီ။ အဲဒါက မင်းပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့တာပဲ။ ဒါပေမယ့် အဲအချိန်ကစပြီး မင်းပျော်ရွှင်စေလောက်တဲ့ လက်နက်ကိုရှာမတွေ့သေးဘူးလေ” ဟိန်းသံလေး စောဒက တက်လိုက်သည်။
သူ အထင်သေးစွာ ဓားမြှောင်ကိုကြည့်လိုက်သည်။ အရင်ဘဝတွင် သူမနှင့်လိုက်ဖက်သော လက်နက်အားရှာမတွေ့ခဲ့ပါ။ ပြီးတော့ သူလက်နက်တစ်ခုကို အမြဲတမ်းရှာနေခဲ့သည်မဟုတ်လား။ အခု ဒီဘဝမှာတော့ ဒီလိုပျက်စီးနေတဲ့ လက်နက်နဲ့ အဆုံးသတ်သွားတော့မှာလား။
သူ့ရှေ့တွင် ဖြစ်နေသောတကယ့်အဖြစ်အပျက်ကိုကြည့်ရင်းပင် သူ့စိတ်များ အေးလာတော့သည်။
ရှီမာယူယူ ဟိန်းသံလေး၏ အမူအရာကိုမြင်သည်နှင့် သူမခေါင်းတွင် အဆိုးမြင်မေးခွန်းသုံးခုပေါ်လာတော့သည်။ ဒီအမူအရာကဘာလဲ။ သူက သူမလက်နက်ကို အထင်သေးတာလား ဒါမှမဟုတ် သူမကို အထင်သေးတာလား။ ပြီးတော့ အဲဒီ မုန်သုန်သုန်ဖြစ်နေတဲ့အမူအရာနဲ့အတူ ဖြစ်လာတဲ့ သူမရင်ထဲမှာ ဖြစ်လာတဲ့ ဝမ်းနည်းတဲ့ခံစားချက်ကဘာလဲ။
“မင်းပြန်သွားချင်လို့လား” သူမမေးလိုက်သည်။
“မသွားဘူး။ ငါအပြင်မှာနေပြီး မင်းအဲဒီ အဖြူရောင် ကြာပန်းကို နှင်းချေတာကို ငါ့မျက်စိနဲ့ကြည့်ချင်သေးတယ်။ အဲဒါမျိုးမင်းကို မမြင်ရတာအတော်ကြာပြီ၊ ငါပြန်မသွားချင်ဘူး” သူခေါင်းကို ပြင်းပြင်းထန်ထန်ရမ်းခါလိုက်သည်။
“ဒါဆိုလည်းကောင်းပြီ သွားကြအောင်” ဓားမြှောင်အား လုံခြုံစွာ ခါးပတ်ထဲသို့ ထိုးထည့်လိုက်ပြီး ဟိန်းသံလေးအားချီသွားလေသည်။
တစ်လောကလုံးသိကြသည်မှာ သူမ မကျင့်ကြံနိုင်ဘူးဟု။ အခု မှော်ဝင်လက်စွပ်အတွင်းမှာ ရှိတဲ့ ဓားမြှောင်ကို မထုတ်နိုင်ဘူး။ အချိန်မကျသေးဘူး။
“ယူယူ”
ရှီမာယူယူ ခြံဝင်းမှထွက်ရန်ပြင်နေစဉ် နောက်မှ ဝေကျိရွှီ၏ ခေါ်သံအားကြား၍ ခြေလှမ်းများရပ်တန့်လိုက်သည်။
“ကျိရွှီ တစ်ခုခုရှိလို့လား”
“မရှိပါဘူး။” သူခေါင်းရမ်းလိုက်သည်။ “ငါမင်းကို ဒီစင်မြင့်အတွက် အားပေးနေမယ်။ အဖြေဘယ်လိုပဲထွက်ထွက် ဒီမှာ မင်းကိုအားပေးမယ့်သူရှိတာကောင်းတာပဲလေ။”
သူတို့ စင်သို့ လျှောက်သွားသည်နှင့် အကုန်လုံး၏ အာရုံများသည် ကျရောက်လာပြီး သူတို့ကို လက်ညိုးထိုးကာ လေသံများဖြင့် ပြောနေလေသည်။
“သူနှင်ထုတ်ခံရပြီလို့ ငါထင်နေတာ။ လူသစ်တွေထဲမှာ ဝင်ပုန်းနေလိမ့်မယ်လို့မထင်မိဘူး”
“သူ့အဘိုးက ဘယ်သူထင်လို့လဲ။ သူကျောင်းတော်မှာ နေချင်ရင် စကားတစ်ခွန်းပြောလိုက်ယုံပဲ”
“တကယ် မျက်နှာပြောင်တာပဲ။ ဒီလိုလူမျိုးက သူတို့ရဲ့ နောက်ခံကိုပဲ မှီခိုကြတာပဲ။ မတရားဘူး”
“ငါကြားတာတော့ မုန်ထန်က တိုက်ခိုက်ဖို့ စိန်ခေါ်တယ်ဆိုပဲ တကယ်လို့ သူရှုံးရင် သူ ကျောင်းတော်ကထွက်သွားပြီး ပြန်မလာရတော့ဘူး”
“မြန်မြန်သွားသင့်နေပြီ။ အဲလိုလူမျိုးရှိနေရင် အင်ပါယာကျောင်းတော်ကြီးရဲ့ ဂုဏ်သတင်းကို မှေးမှိန်စေတယ်”
“တကယ်လို့ သူနိုင်ခဲ့ရင် မုန်ထန်က သူ့ကိုရှောင်ရမယ် ပြီးတော့ သူ့ကိုမတွေ့အောင် ပတ်သွားရမယ်လို့လဲ ကြားတယ်”
“အိမ်မက်ဘယ်လိုမက်ရမလဲ သူသိတာပဲ။ မိန်းကလေးမုန်ရဲ့ စရိုက်ကသိပ်မကောင်းဘူးဆိုတာလည်း ငါကြားတယ်။ ဒီတစ်ခါတော့ သူသွားဆွတာပဲ။ ခဏနေ စင်မြင့်က ဘယ်လောက် စိတ်မချမ်းသာစရာဖြစ် မလဲဆိုတာသိချင်လိုက်တာ”
“အဲဒီ မုန်ထန်က ငယ်ငယ်လေးနဲ့ ဝိညာဉ်စစ်သည် အဆင့်ငါးကို ရောက်ပြီးသွားပြီ၊ အဆင့်က သိပ်မမြင့်ပေမယ့် အမှိုက်ကိုယှဉ်ဖို့တော့ လုံလောက်နေပြီ”
“ဟုတ်တယ်။ သူ့ကို ကျောင်းပေါက်ဝကနေ မောင်းထုတ်တာကို ကြည့်ချင်နေပြီ”
“………..”
ရှီမာယူယူ နှင့်ဝေကျိရွှီတို့သည် စဉ်းစားဉာဏ်မရှိသော စကားများ အမှတ်တမဲ့ တီးတိုးစကားများကို မကြားချင်ယောင်ဆောင်ကာ ဖြတ်ကျော်လာလိုက်သည်။
သို့သော် စကားတစ်ခွန်းမှာ ရှင်းလင်းစွာကြားလိုက်ရပြီး ဝေကျိရွှီသည် ဒေါသကြောင့် မျက်နှများနီလာသည်။ သို့သော် ရှီမာယူယူသည် ဘာကိုမျှမကြားသကဲ့သို့ပင် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ ဝေကျိရွှီသည် ဘေးမှလျှောက်လာရင်း သည်းခံလာခဲ့သည်။
“မင်းဒေါသမထွက်ဘူးလား” ဝေကျိရွှီသည် အံကြိတ်ရင်းပြောလိုက်သည်။
“ဒေါသထွက်စရာဘာရှိလဲ။ အဲခွေးတွေက ငြိမ်နေတဲ့သူကိုပဲ ကိုက်တတ်တာ။ သူတို့ရဲ့ ဟောင်သံက ဆူညံသံ လုပ်ဖို့ပဲသိတတ်တယ်။ သူတို့ကို ပါးစပ်ပိတ်ဖို့နည်းလမ်းက စကားပြောဖို့ အားသုံးတာပဲ”
“စိန်ခေါ်မှု စင်မြင့်၊ ဒီမှာဖြစ်နိုင်တယ်” အပေါ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို ရှီမာယူယူ ကျယ်လောင်စွာအော်ဖတ်လိုက်သည်။
သူမ အထဲသို့ခြေလှမ်းမလှမ်းခင်တွင် အထဲမှ တီးတိုးပြောနေသော အသံများကိုကြားလိုက်ရသည်။
ကြည့်ရတာ မုန်ထန် လူတော်တော်များများကို ပြိုင်ပွဲကြည့်ဖို့ ခေါ်ထားပြီးပြီထင်တယ်။