“ယူယူ မင်းအထဲမှာလား” ရှီမာယူယူအား တစ်ရက်ပင်သိရသေးသော်လည်း ဖက်တီးကျူသည် မျိုးရိုးနာမည်ကို ဖျောက်ကာ သူမနာမည်ကိုတိုက်ရိုက်ခေါ်တော့သည်။
ရှီမာယူယူတံခါးကိုဖွင့်လိုက်သောအခါ နောက်ထပ်တံခါးခေါက်ရန်ပြင်နေသော ဖက်တီးကျူ၏ လက်များသည် လေထဲတွင်မြောက်နေသည်ကို မြင်လိုက်ရသည်။
“ဘာကိစ္စရှိလို့လဲ” သူမမေးလိုက်သည်။
“မင်းအထဲမှာလား။ မြန်မြန်၊ မင်းအစ်ကိုကို သွားရှာလိုက်” ဖက်တီးကျူသည် စိတ်ချစွာ သက်ပြင်းချလိုက်ပြီး သူမအားတိုက်တွန်းလိုက်သည်။
“ဘာဖြစ်တာလဲ” သူမ အစ်ကိုအားသွားရှာရန် သူဘာလို့ရုတ်တရက်ပြောတာပါလိမ့်။
“ငါစာကြည့်တိုက်ကနေပြန်လာတဲ့လမ်းမှာ မုန်ထန်က မင်းကိုရှာပြီး စိန်ခေါ်ချင်နေတယ်လို့ ငါကြားခဲ့တယ်” ဖက်တီးကျူ အသက်အားကြိုးစားရှုရင်း လျင်မြန်စွာပြောလိုက်သည်။
“ငါ့ကိုရှာနေတယ် ဟုတ်လား”
“ဟုတ်တယ် သူမက မင်းလို အမှိုက်က ငါတို့လက်ရွေးစင်အတန်းထဲမှာ နေဖို့ မထိုက်တန်ဘူးလို့ တတွတ်တွတ်ပြောနေတယ်။ အဲဒါကြောင့် မင်းကိုမင်းနေရာမှာပဲ စိတ်ခေါ်ချင်နေတယ်”
“ကောင်းပြီ ငါသိပြီ၊ ကျေးဇူးပဲ” ရှီမာယူယူ ပြန်ပြောလိုက်သည်။
“တကယ်လို့ မင်းကို သူမတကယ်စိန်ခေါ်ချင်တာဆိုရင် အဆိုးတွေဖြစ်သွားမှာ ငါစိုးရိမ်တယ် မင်းအစ်ကိုကို မင်းသွားရှာတာကောင်းလိမ့်မယ်” ဖက်တီးကျူ တောင်းဆိုလိုက်သည်။
“ဘာလို့ ငါ့အစ်ကိုကိုသွားရှာရမှာလဲ။ ဒါငါ့ပြဿနာဆိုတော့ ငါဘာသာဖြေရှင်းသင့်တယ်” သူမ တံခါးတွင် ပျင်းရိစွာ မှီလိုက်ပြီး ဘာကိုမှ စိုးရိမ်ရန် ပူပန်စရာမလိုကဲ့သို့ပင် ခပ်တည်တည်ပြန်ပြောလိုက်သည်။
“မင်းက စစ်သူကြီးရဲ့ မြေးဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမယ့် မုန်မိသားစုနဲ့ယှဉ်ရင်မဖြစ်စလောက်ပဲရှိသေးတယ်။ သူတို့က မီရန်မြို့တော်ရဲ့ အကြီးဆုံးမိသားစုပဲ။ ပြီးတော့ သူမကတိုက်ရိုက်ဆက်ခံသူ။ အဲဒါကြောင့် သူမက ဘဝင်လေဟပ်နေတာ သူ့အောက်မှာ အကုန်လုံးကိုနင်းခြေနေတာ။ သူမ မင်းကိုရှာတာကို တရားဝင်ကြေညာပုံထောက်တော့ မကြာခင်မှာလာတော့မယ်”
“သူမက အားအရမ်းကောင်းတာပဲလား” စိုးရိမ်မှုများ ပေါ်နေသောမျက်နှာအမူအရာဖြစ်နေသော ဖက်တီးကျူအား ရှီမာယူယူမေးလိုက်သည်။
“သူမ ၁၃နှစ်အရွယ်ရောက်ရော ဝိညာဉ်စစ်သည် အဆင့်ငါးကိုတောင်ရောက်ပြီးပြီ”
“အဲဒါ အရမ်းအားကောင်းတာလား” သူမ သူ့အားကြည့်ပြီးထပ်မေးလိုက်သည်။
“ကောင်းတာပေါ့ အဲအရွယ်နဲ့ အဲဆင့်ရောက်ရင် သူမက အရမ်းအားကောင်းတယ်လို့သတ်မှတ်လို့ရတယ်။ အချိန်ဆွဲမနေနဲ့တော့ ငါ့ရဲ့ ငါးယောက်မြောက်သခင်လေးရေ။ မင်းကိုကာကွယ်ပေးမယ့် အစ်ကိုကိုသာ မြန်မြန်သွားရှာတော့” ဖက်တီးကျူသည်းမခံနိုင်တော့ဘဲ သူမအားတိုက်တွန်းလိုက်သည်။
“ကောင်းပြီ။ သူမက တကယ်ကိုပြဿနာရှာချင်တယ်ဆိုရင်တော့ ငါဒီနေ့ရှောင်လိုက်လဲ နောက်နေ့ကိုထပ်လာဦးမှာပဲ။ ဟုတ်တယ်မလား။ ဒါပေမယ့် ကျောင်းက ရန်ဖြစ်တာကို တားမြစ်ထားတယ်မလား” သူမ အေးဆေးစွာပင် စပ်စုစွာမေးလိုက်သည်။
“အဲဒါက စည်းကမ်းပဲ ဒါပေမယ့် စိန်ခေါ်တာကျ မတူဘူး။ စင်ပေါ်မှာ တိုက်ခိုက်တဲ့ စိန်ခေါ်မှုမျိုးကို ခွင့်ပြုထားတယ်။ မကျေမနပ်ဖြစ်ကြတဲ့သူတွေကတော့ အဲနည်းလမ်းကို သုံးပြီး ဖြေရှင်းကြတာပဲ။ စိန်ခေါ်မှုတွေက အသေအကြေပဲ ပြီးတော့ စင်ပေါ်မတက်ခင် တစ်ဖက်နဲ့တစ်ဖက် သေဆုံးရင်တောင် မသက်ဆိုင်ကြောင်းစာချုပ်မှာ လက်မှတ်ထိုးကြတယ်။ ဒီနေ့မနက်တုန်းက အတန်းထဲမှာ မင်းသူမ ခြေထောက်ကို တက်နင်းခဲ့တာအတွက် သူမလက်စားချေမှာအသေအချာပဲ။ အခုတော့ အရေးကြီးဆုံးက ပုန်းဖို့ပဲ ပြီးတော့မှ နောက်တစ်ခုကို ရှောင်ရှားဖို့ အစီအစဉ်ဆွဲရမယ်။ ငါတို့ တစ်ဆင့်ချင်းသွားကြမယ်”
“ပုန်းမယ် ဟုတ်လား” သူမ လက်ပိုက်ရင်းနှင့် ယုံရခက်သော အကြည့်ဖြင့် သူ့အားကြည့်လိုက်သည်။ “အဲလိုစကားလုံးမျိုးက ငါ့ အဘိဓ္ဓာန်မှာ မရှိဘူး။ ငါရှီမာယူယူက ဒီဟာကို အသိအမှတ်မပြုနိုင်ဘူး”
“ဒါပေမယ့် သူမက….” ဖက်တီးကျူသည် ရှီမာယူယူအားဖျောင်းဖျရန်အလုပ်တွင် ဘေးအခန်းမှ အခန်းတံခါးပွင့် လာသည်။ ဝေကျိရွှီ ထွက်လာပြီး ဇာတ်ရှိန်တက်နေသော သူတို့ဆွေးနွေးမှုကို ကြည့်လိုက်သည်။ “ဘာဖြစ်တာလဲ”
ဖက်တီးကျူသည် ဝေကျိရွှီအား အကူအညီမဲ့စွာကြည့်လိုက်ပြီး ရှင်းပြလိုက်သည် “အဲဒီ မုန်ထန်က ယူယူကို စိန်ခေါ်ချင်နေတယ်။ ငါက သူ့အစ်ကိုကိုသွားရှာခိုင်းနေတာ သူက ငြင်းနေတယ်”
“အဲဒီ မုန်ထန်ကတော့ ပြဿနာကိုဆက်တိုက်ရှာနေတော့တာပဲ” သူ ထိုအရာကို ကြားလိုက်ရသည့်အခါတွင်တော့ ဝေကျိရွှီ စိတ်လှုပ်ရှားသွားသည်။
“ဖက်တီးကျူ ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါအဲအတွက် ကျေးဇူးသိတတ်ပါမယ်။ ဒါပေမယ့် အခုတော့ နောက်ကျသွားပြီ” သူမ မေးစေ့အားပင့်လိုက်ကာ အဓိက ဝင်ပေါက်အားကြည့်လိုက်သည်။ မုန်ထန်နှင့်အတူ ကျောင်းသားအုပ်စုသည် ဇွတ်တိုးဝင်လာသည်။
“ရှီမာယူယူ၊ မင်းသတ္တိရှိတာတော့ မဆိုးဘူးပဲ။ ငါဖက်တီးကျူကိုတွေ့တော့ မင်းကို သွားပြောခိုင်းလိုက်တာ။ မင်းပုန်းနေပြီမှတ်နေတာ။ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် မပြေးတာကို အံ့သြသွားပြီ။” မုန်ထန် လှောင်ရယ်လိုက်သည်။
“ကောင်းပြီ မင်းလိုလူအတွက်တော့ အဲဒါမလိုပါဘူး” ရှီမာယူယူ ပြုံးကာ ဆွပေးသလိုဖြင့် သူမ ခေါင်းမှ ခြေဖျားအထိ အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“မင်း…” မုန်ထန်ဒေါသထွက်စွာ အံကြိတ်လိုက်သည်။ ငယ်ငယ်ကတည်းကပင် သူမအား ချစ်ခင်ကြသည်၊ အကုန်လုံးသည် သူမအားဖားရသည်။ သူမအား အဲလို ပြုမူပြောဆိုပုံဖြင့် ဘယ်သူမှ မပြောဖူးကြပေ။ ဒီခြံဝင်းမှာနေတဲ့သူတွေက သူမဒေါသကိုဆွနေသလိုပင်။ သူမအား သူတို့မျက်လုံးတွင် မရှိကြပဲ သူမအား လျစ်လျူရှုထားကြသည်။ ရှီမာယူယူကဲ့သို့ အမှိုက်ပင် အဲလောက် ရိုင်းစိုင်းပြီး သူမအား အထင်သေးကာ အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်ရဲမည်ကို မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ သူမ ဒေါသများ ရင်ထဲမှ ပြည့်တက်လာကာ အော်လိုက်သည်။ “ဖက်တီးကျူက ငါ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြီးသားပဲ ငါ့ရဲ့ လေတွေကို မင်းအပေါ်မှာ အလဟသမဖြစ်ချင်ဘူး။ ရှီမာယူယူ ငါမင်းကို စိန်ခေါ်တယ်။ မင်းရှုံးတယ်ဆိုရင် မင်း အင်းပါယာ ကျောင်းတော်ကို ဘယ်တော့မှ ခြေပြန်မချတော့နဲ့”
“မင်းလို အဆင့်ငါး ဝိညာဉ်စစ်သည်က ငါ့ကို စိန်ခေါ်တယ်ဟုတ်လား။ ဟားဟား၊ ဟုတ်ပါပြီ ငါစိန်ခေါ်မှုကို လက်ခံတယ်ထားတော့ ငါနိုင်ရင်ဘယ်လိုအကျိုးအမြတ်ရမှာလဲ” သူမ လက်များကို ဟိုရွှေ့သည်ရွှေ့လုပ်နေသော မုန်ထန်အား ရှီမာယူယူ ဂရုမစိုက်စွာကြည့်လိုက်သည်။
အချိန်ကိုက်ပင် ဝူရန်ဖေဒ အခန်းတံခါးသည် ပွင့်သွားပြီး သူထွက်လာသည်။ သူသည် ထုံးစံအတိုင်းပင်အေးစက်သော ပြုမူပုံဖြင့် သူဘာစကားမှ မပြောဘဲထွက်မသွားခင် ခြံဝင်းထဲတွင်ဖြစ်နေသော ဆူညံမှုများကို တစ်ချက်ကြည့်သွားလိုက်သည်။
ဘေဂုံထန်၏ အခန်းတံခါးလည်းပွင့်သွားပြီး မုန်ထန်နှင့်နောက်လိုက်နောက်ပါများကို သူမကြည့်လိုက်သည်။ “မင်းတို့ ရုတ်ရုတ်လုပ်မယ်ဆိုထွက်သွား။ ငါစာဖတ်နေတာကို အနှောင့်အယှက်ဖြစ်တယ်။ သွားကြ။”
ထွက်သွားသော ဝူရန်ဖေ၏ နောက်ကျောကို ရှီမာယူယူကြည့်ရင်း ပြီးနောက် ဘေဂုံထန်၏ ရက်စက်သော စကားလုံးများကို နားထောင်ပုံအရ သူတို့နှစ်ယောက်သည် တူညီသော စရိုက်လက္ခဏာရှိပုံရသည်။
ဘေဂုံထန်၏ စကားများကို မုန်ထန်ကြားချိန်မှာတော့ ခဏတာမျှ သူမ၏ တည်ငြိမ်အေးချမ်းမှုပျောက်သွားပြီး အနည်းငယ် ကြောက်လန့်သော အကြည့်ဖြစ်သွားသည်။ သူမ အသံနိမ့်လိုက်ပြီး ရှီမာယူယူအား အန္တရာယ်ပြုမည့် ဟန်ဖြင့် ကြည့်လိုက်သည်။ “မင်းလို ဝိညာဉ်ချီကိုတောင် အာရုံမခံနိုင်တဲ့သူက ငါ့ကို နိုင်ချင်တယ် ဟုတ်လား ဟာသပဲ”
သူမ ခေါင်းကို နောက်ပြန်လှည့်လိုက်ပြီး သူမနောက်လိုက်များသည် တူညီသော အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ အတူတကွ ရယ်လိုက်ကြသည်။
“ဟာသ ဟုတ်လား။ ကောင်းပြီ အခုတော့ ရယ်ရမှာပဲ နောက်မှ မင်းရယ်တောင်ရယ်နိုင်မှာမဟုတ်ဘူး” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်ပြီး သူမအသံသည် ဟာသကင်းမဲ့သည့်ပုံပေါက်နေသည်။
“ဟားဟား မင်းလိုချင်တာသာပြောလိုက်” မုန်ထန် လှောင်ပြောင်လိုက်သည်။
ရှီမာယူယူ ဘေဂုံထန်ဘက်ကြည့်၍ ပြောလိုက်သည် “ငါ တစ်ဆောင်တည်းနေတဲ့သူတွေကို အနှောင့်အယှက်ပေးချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး။ မင်း ငါ့ကိုစိန်ခေါ်ဖို့ ဒီလာတယ်ဆိုတော့ ငါမင်းစိန်ခေါ်မှုကို လက်ခံတယ်။ မင်းလောင်းကြေးတော့ ငါ့ကိုတစ်ခုသတ်မှတ်ပေး။ အင်း… ဒီလိုလုပ်ရအောင်၊ ကံကောင်းလို့ မတော်တဆ ငါမင်းကို ရိုက်နိုင်တယ်ဆိုရင် ရှေ့လျှောက်မင်းငါ့ကိုမြင်တာနဲ့ ငါမျက်စိရှေ့ မဝင်လာစေဘဲ ပြန်လှည့်ရမယ်။ မင်းအဆင်ပြေတယ်ဆိုရင် ငါ စိန်ခေါ်မှုကိုလက်ခံတယ်”
“ကောင်းပြီ မင်းနိုင်တယ်ဆိုရင် ငါမင်းကိုမြင်တာနဲ့ မင်းရဲ့ မြင်ကွင်းမှာ ဖယ်ပေးမယ်။ မင်းကို ဘာပြဿနာမှ မလုပ်ဘူး။ ဒါပေမယ့် ငါနိုင်မယ်ဆိုရင် မင်း အင်ပါယာကျောင်းတော်ကနေ ထွက်သွားရမယ်” မုန်ထန် တရားဝင်ကြေညာလိုက်သည်။
“ကောင်းပြီ အဲဒါဆို အလုပ်ဖြစ်ပြီ။ မင်းစင်ပေါ်ကို အရင်သွားနှင့် ငါနောက်ကလိုက်ခဲ့မယ်” ပြောရင်းနှင့် ရှီမာယူယူ လှည့်လိုက်ပြီး အခန်းတံခါးအားပိတ်လိုက်သည်။
“ယူယူ…” ဖက်တီးကျူ သူ့စကားလုံးများကို အပြင်သို့ ထုတ်ဖော်ပြောရန် အခွင့်အရေးပင်မရလိုက်ပေ။
“သွားကြမယ် ငါတို့ သူကို စိန်ခေါ်မှု စင်မြင့်မှာ စောင့်ကြမယ်” မုန်ထန်သည် ရှီမာယူယူတံခါးအား နောက်ဆုံးအကြိမ်ကြည့်လိုက်ပြီး ပျော်ရွှင်စွာနှင့်ထွက်သွားတော့သည်။
ခြံဝင်းသည် တဖန်ပြန်လည် တိတ်ဆိတ်သွားတော့သည်။ ရှီမာယူယူအခန်းတံခါးမပိတ်ခင် အခန်းအပြင်တွင် ရပ်နေသော ဖက်တီးကျူအား ဘေဂုံထန်နောက်ဆုံးအနေနှင့် ကြည့်လိုက်သည်။
ဖက်တီးကျူ သည်မနက်ခင်းသို့ပြန်တွေးရာ စစ်သူကြီးအိမ်တော်မှ လေးယောက်မြောက်သခင်လေးသည် သူ့အားရှာ၍ သူ့အစ်ကို ကိုယ်စား ညီအားစောင့်ရှောက်ရန်အထူးတလည်မှာကြားသည်ကို မြင်ယောက်မိသည်။
နေ့တစ်ဝက်ပင်မကြာလိုက်ပါ ရှီမာယူယူသည် ဒီလို ပြဿနာရှာလိုက်ပြီမလား။
“မဟုတ်သေးဘူး ငါ လေးယောက်မြောက်သခင်လေးကို သတင်းသွားပေးမှပဲ” ဖက်တီးကျူ၏ မျက်လုံးများသည် ဖြေရှင်းချက်ရသော အကြည့်ဖြင့် ပြေးထွက်သွားတော့သည်။