Switch Mode

အပိုင်း(၁၈)-အဆောင်အခန်းဖော်

ရှီမာယူယူကောင်လေး၏ နာမည်အား ‘ဝိညာဉ်လေး’ ဟုပေးပြီး သူမဝိညာဉ်ပုလဲလုံးအား အသုံးပြုပုံကို နားလည်သွားသောအခါ သူမကိုယ်ပိုင်အခန်းသို့ပြန်လာလိုက်သည်။

ပြန်လာသည့်အချိန်မှပင် သူမ ကျောင်းကိစ္စများကို သတိရတော့သည်။ သူမ အစေခံနှစ်ယောက်ကို အလျင်အမြန်ခေါ်လိုက်သောအခါ ထိုအချိန်မှစ၍ လေးရက်ကုန်ဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရတော့သည်။ သူမကြားလိုက်သည့်အချိန်တွင် လန့်ဖျပ်သွားပြီး ခုန်လိုက်မိသည်။ သူမ မှော်ဝင်လက်စွပ်အတွင်း လိုအပ်သည်များကို ထည့်လိုက်ပြီး ပြေးထွက်သွားတော့သည်။

“ယွန်ယူ အခုက… သခင်လေးက မှော်ဝင်လက်စွပ်ကိုသုံးသွားတာမလား ဟုတ်တယ်မလား” ချွန်ဂျီအန် မယုံကြည်စွာမေးလိုက်သည်။

ယွန်ယူသည်လည်း တူညီစွာပင် သတိလစ်စွာဖြင့် ခေါင်းပြန်ညိတ်လိုက်သည် “ကြည့်ရတာတော့ ဟုတ်တယ်”

“ဒါဆို သခင်လေးက ကျင့်ကြံနိုင်ပြီဆိုတဲ့သဘောပေါ့”

“ဟုတ်တယ်… ပြီးတော့ အဲမတိုင်ခင် သူကျင့်ကြံနိုင်ပြီဆိုတာ ငါတို့ကိုပြောသွားတယ်လေ”

သူတို့သည် တစ်ဦးနှင့်တစ်ဦး ဇဝေဇဝါဖြစ်စွာကြည့်လိုက်ကြသည် “အဲလူက တကယ်ပဲ ငါတို့သခင်လေးလား”

“ဟုတ်မှာပါ…”

ရှီမာယူယူ ရှီမာလိုင်အား သူမ ကျောင်းတွင် အဆောင်နေရမည်ကို အမြန်ဆုံးအသိပေးပြီး သားရဲရထားလုံးဖြင့် ကျောင်းသို့ ဦးတည်လိုက်သည်။ သူမ ရက်အတော်ကြာကျောင်းနောက်ကျသည်ကို တွေးရင်း ဖန်ကျိရှင်း သူမအားပေးမဝင်မည်ကို စိုးရိမ်လာသည်။

အင်ပါယာကျောင်းတွင် ငါးခန်းသော အတန်းများသည် နှစ်အလိုက် သူတို့၏သင်ခန်းစာများကို သင်ကြားနေကြသည်။ ဖန်ကျိရှင် အတန်းသို့ဝင်လာသည်နှင့် အတန်း၏နောက်ပိုင်းတွင် လွတ်နေသော နေရာကို မြင်လိုက်ရသည်။ သူ့မျက်လုံးမှအကြည့်သည် ကျန်အတန်းသားများကို ကြည့်ပြီးပြောလိုက်သည် “မင်းတို့ ကျောင်းမှာတက်နေတာ နှစ်ရက်ရှိပြီဆိုတော့ ဒီမှာဘယ်လိုလဲဆိုတာ ကောင်းကောင်းနားလည်ပြီလို့ထင်တယ်။  ပြီးတော့ ဒီအတန်းကအကုန်လုံးဟာ ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်နိုင်တယ်ဆိုတော့ ငါ အခြေခံအကြောင်းအရာတွေကို ထပ်သင်မှာမဟုတ်ဘူး၊ အခု သင်မှာက ဝိညာဉ်ချီကို ဘယ်လိုမြန်မြန်စုပ်ယူမလဲဆိုတာကို သင်မယ်…”

နေ့တစ်နေ့ အဆုံးမှာတော့ ပထမနှစ်ကျောင်းသားများသည် သူတို့၏ ဝင်းသို့ပြန်ကြသည်။

ထိုကျောင်းသားများသည် ဒီနှစ်၏ ရွေးချယ်မှုတွင် ထိပ်တန်းအဆင့်ရှိပြီး ထိပ်တန်း ပင်ကိုအရည်အချင်းများ ရှိကြသည်။ ဝိညာဉ်စစ်သည်အဆင့်သို့ စောစောရောက်ရှိကြသူများလည်းဖြစ်ကြသည်။

လက်ရွေးစင်အတန်းဖြစ်သည်နှင့်အညီ သူတို့ရရှိသော အဆောင်အယောင်များမှာ မတူညီကြပေ။ ဥပမာအနေနှင့် သာမာန်ကျောင်းသားများသည် အဆောင်အကြီးတွင် စုနေရပြီး သူတို့သည် အထူးအခွင့်အရေးအရ ခြံဝင်းအတွင်း အခန်းငါးခန်းဖြင့်နေရသည်။ တစ်ယောက်ချင်းစီသည် ကိုယ်ပိုင် ဇိမ်ခံ တစ်ယောက်ခန်းများတွင် ပျော်ရွှင်စွာနေကြရသည်။ ခြံဝင်းသည် အရမ်းမကြီးသော်လည်း အသုံးအဆောင်များမှာ လိုအပ်မှုမရှိပေ။ စားဖိုဆောင်၊ ရေချိုးခန်းနှင့် ဥယျာဉ်ပါ အပြည့်အစုံထားရှိထားသည်။

အခန်းဝင်ပေါက်တွင် ရပ်ပြီး ဘေဂုံထန်သည် အခန်းတံခါးကိုဖွင့်ရန်လုပ်နေသော်လည်း ဖွင့်မရဖြစ်နေသည်ကို တွေ့ရသည်။

“ဘေဂုံထန် ဘာလို့အဲလောက်မြန်ရတာလဲ။ အတန်းပြီးတာနဲ့ မင်းအမြဲအလောတကြီးပြန်တာပဲ။ ဘာလို့ အကုန်လုံးနဲ့ စောင့်ပြီးအတူမပြန်တာလဲ”

သူမအနောက်မှ အသံသည် မကျေနပ်ချက်များနှင့် ပင့်သက်ရှိုက်မှုများပြည့်နက်နေသည်။  ဘေဂုံထန် နောက်လှည့်ကြည့်လိုက်သောအခါ သူမနှင့်အခန်းဖော်ဖြစ်တာ သုံးရက်ရှိပြီဖြစ်သော ဖက်တီးကျူ၊ နောက်တွင် ရေခဲတုံး ဝူရန်ဖေနှင့် သိမ်မွေ့သော ဝေကျိရွှီတို့အားတွေ့ရလေသည်။

ဖက်တီးကျူ၏ နာမည်သည် ကျူလီဖြစ်သည်၊ သူ၏ဖောင်းဖောင်းမို့မို့ပါးကြောင့် ပထမဆုံးနေ့၌ပင် သူ့အား ဖက်တီးကျူဟုခေါ်နိုင်ကြောင်း အကုန်လုံးကို လိုက်ပြောထားသည်။

“အဲဒါမင်းတို့မဟုတ်ဘူးလား” ဖက်တီးကျူနှင့်အခြားနှစ်ယောက်ကို မြင်သောအခါ ဘေဂုံထန် အနည်းငယ် မျက်မှောင်ကျုံ၍ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ” ဝူရန်ဖေသည် တစ်ခုခုမှားနေသည်ကို အကဲခတ်မိပြီး ချက်ချင်းမေးလိုက်သည်။

ဘေဂုံထန်သည် ပွင့်နေသော သော့အားပြသရန် သူ၏ ခန္ဒာကိုယ်ကို အနည်းငယ်လှည့်လိုက်ပြီး သူပြောသည်မှာ “ငါမလုပ်ခဲ့ဘူးနော်”

“ဟုတ်လား။ မင်းဆိုလိုချင်တာက ငါတို့အဆောင်အခန်းဖော် နောက်တစ်ယောက်ရောက်နေပြီလို့ပြောချင်တာလား” ဝေကျိရွှီ ရှေ့ခြေတစ်လှမ်းတိုးပြီး အခန်းတစ်ခါးတွန်းဖွင့်ကာ ပြောရင်းနဲ့ အိမ်ဝင်းအတွင်းသို့ ဦးဆောင်သွားသည် “အဲဒါဘယ်သူ ဖြစ်နိုင်မလဲ ငါသိချင်လာပြီ”

ဝေကျိရွှီ ဝင်သည်နှင့် တခြားသူများလည်း သူ့နောက်မှလိုက်ကာ ခြံဝင်းသို့ဝင်သွားကြသည်။ ကြိုတင်ခန့်မှန့်ထားသလိုပင် ညာဘက် ဒုတိယအခန်းမှ ဆူညံသံထွက်လာသည်ကို ကြားလိုက်ရသည်။

အခန်းထဲတွင်တော့ ရှီမာယူယူသည် အဝတ်စုတ်ကိုလက်တွင်ကိုင်ထားပြီး စားပွဲနှင့်ထိုင်ခုံများကို သုတ်နေသည်။ ဟိန်းသံလေးသည် မကြာခင်ကမှရှင်းလင်းထားသော စားပွဲပေါ်တွင်လဲှနေပြီး ပါးစပ်မှလည်း အဆက်မပြတ် ညည်းညူနေသည်။ “ဒီနေရာက အရမ်းသေးတယ်။ ပြီးတော့ တစ်ယောက်စီကို ခွဲထားသေးတယ်။ မင်းအရင်ကနေခဲ့တဲ့နေရာနဲ့ယှဉ်ရင် အမှိုက်ပုံပဲ”

“အဲလောက်လည်းမဆိုးပါဘူး၊ အောက်ထပ်မှာ စာသင်လို့ရတယ်၊ အပေါ်ထပ်ကငါ့အိပ်ခန်း။ ကောင်းပါတယ်၊ ပြီးတော့ ခေါင်မိုးက ငါတို့ခေါင်းပေါ်တင်ပဲဆိုတော့ တော်ပြီလေ။ မင်းဘယ်လောက်ကြီးတာလိုချင်လို့လဲ” ဟိန်းသံလေး၏ သေးငယ်သော ခေါင်းအား သူမလက်ဖြင့်ဆန့်ကာ ပုတ်၍ ရှီမာယူူယူမေးလိုက်သည်။

အိမ်တစ်အိမ်တွင် အထပ်နှစ်ထပ်ရှိသည်။

ဟိန်းသံလေးသည် စားပွဲပေါ်တွင် လှဲလိုက် လှိမ့်လိုက်လုပ်နေပြီး ပြောလိုက်သည် “ယူယူ မြန်မြန် မင်းရဲ့ စွမ်းအားတွေကို စုလိုက်စမ်းပါ။ မင်းဝိညာဉ်က မပြည့်စုံသေးတော့ ငါ့စွမ်းအားတွေလည်း လျော့နေတယ်။ အခုငါ အရမ်းအားနည်းနေတယ်”

“အဲဒါက လောလို့မရဘူး” ရှီမာယူယူဆက်ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်းငယ်တော့တာမှ မဟုတ်တာ၊ နောက်ထပ် နှစ်တစ်ရာလောက်စောင့်လိုက်တာနဲ့တော့ မထူးတော့ပါဘူး”

“ဟူး အဲဒါကအရမ်းဆိုးတာပဲ” ဟိန်းသံလေးသည် မျက်စိကလည်ကလည်ဖြစ်နေသည်။

“သြော် ဟုတ်သားပဲ၊ မင်းရဲ့ သရုပ်မှန်ကို တခြားသူတွေရှေ့မပြမိစေနဲ့။ မင်းက ဒီအတိုင်းသာမာန် ယုန်ပဲနော်။ ဟုတ်တယ်မလား” ရှီမာယူယူ သတိပေးလိုက်သည်။

“အင်းပါ အင်းပါ ငါမှတ်မိပါတယ်။ မင်းအကြိမ်ပေါင်းများစွာပြောပြီးပြီ။ ငါ့သရုပ်မှန်ကို မပြပါဘူး။ မစိုးရိမ်ပါနဲ့၊ ငါမင်းကိုဒုက္ခရောက်အောင်မလုပ်ပါဘူး” ဟိန်းသံလေးပြောလိုက်သည်။

“သိရင်ပြီးတာပဲ” ရှီမာယူယူ ပြောလိုက်ပြီး သန့်ရှင်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်နေလိုက်သည်။

“အဟွတ် အဟွတ်”

တံခါးအပြင်ဘက်မှ ချောင်းဆိုးသံနှစ်ခု ထွက်လာသည်။ ရှီမာယူယူ လှည့်ကြည့်လိုက်သောအခါ ရပ်နေသော လူလေးယောက်အားတွေ့လိုက်ရသည်။

“ဘာလို့မင်းဖြစ်နေရတာလဲ” ဖက်တီးကျူသည် ရှီမာယူယူကိုကြည့်ရင်း လန့်သွားသလိုမျိုးပြောလိုက်သည်။

“မင်း ငါတို့ အဆောင်ဖော် အသစ်ကိုသိတာလား” ဝေကျိရွှီကမေးလိုက်သည်။

“အင်း… ဟုတ်တယ်” ဖက်တီးကျူ ရှီမာယူယူအား ချိတုံချတုံကြည့်လိုက်ပြီး အချိန်မရွေးသူ့အား ခုန်အုပ်မည်ကို ကြောက်နေသည်။

ဖက်တီးကျူ၏ မိသားစုသည် မြို့တော်တွင်နေထိုင်ပြီး ရှီမာယူယူကဲ့သို့ သိမ်ဖျင်းသောသူကို သူသိသည်။ စစ်သူကြီးအိမ်တော်မှ ငါးယောက်မြောက်သခင်လေးသည် သမာရိုးကျ ယောက်ျားတစ်ယောက်မဟုတ်ကြောင်း ကောလဟလများအကြောင်းသူကြားဖူးသည်။

“မင်းတို့က ငါ့အခန်းဖော်အသစ်တွေလား” ရှီမာယူယူ ပြုံးပြရင်းမေးလိုက်သည်။ သူမ ဖက်တီးယူ၏ စိုးရိမ်နေသော မျက်နှာအမူအရာကိုမြင်သောအခါ ရှီမာယူယူပြောလိုက်သည် “ဖက်တီးကျူ မင်းငါ့ကိုဘာလို့ သရဲ့တစ်ကောင်လိုကြည့်နေတာလဲ။ မစိုးရိမ်ပါနဲ့ ငါမင်းကို စိတ်မဝင်စားပါဘူး”

(စိတ်မဝင်စားဘူး ဟုတ်လား၊ အဲဒါ ဘာအဓိပ္ပာယ်လဲ)

“ဟိုင်း ငါ့နာမည်က ဝေကျိရွှီ၊ ငါမင်းအိမ်ရဲ့ ဘယ်ဘက်ဘေးအိမ်မှာနေတယ်” ဝေကျိရွှီ ရှီမာယူယူအားပြုံး၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ဝူရန်ဖေ အနောက်ဆုံးကနေရေရင် ပထမဆုံးအိမ်က” ဝူရန်ဖေ ရိုးရှင်းစွာပြောလိုက်သည်။

“ဘေဂုံထန်၊ မင်းအိမ်ရဲ့ ညာဘက်က” ဘေဂုံထန်ပြောလိုက်သည်။

“ငါမင်းတို့ကို သိတယ်၊ ကျောင်းသားသစ်ရွေးချယ်ပွဲမှာ ငါမြင်တယ်။ ဝူရန်က ရှုထောင့်နှစ်ခု ဝိညာဉ်သခင်နဲ့ ဘေဂုံထန် မင်းကရှုထောင့်သုံးခု ဝိညာဉ်သခင်ပဲ” ရှီမာယူယူပြောလိုက်သည်။

ကျောင်းသားအသစ်တွေထဲမှာမှ ဒီလိုပင်ကိုစွမ်းရည်ရှိတဲ့သူတွေက သူမ အဆောင်ဖော်တွေဆိုတာကို မထင်ခဲ့မိပါ။ ဖန်ကျိရှင်းက ဒီလိုလက်ရွေးစင်တွေကြားထဲ အသုံးမဝင်တဲ့အမှိုက်ကို ဘာကြောင့်ထည့်ခဲ့တာလဲ။

“ငါ.. ငါ..”

“ကောင်းပြီ။ မင်းက နောက်ဘက်ကရေရင် ဒုတိယမြောက်အိမ်မှာနေတယ်၊ မင်းပြောဖို့မလိုပါဘူး” ရှီမာယူယူ ဖက်တီးကျူကိုကြည့်လိုက်သည်နှင့် သူရုတ်တရက်အားနည်းသွားသလိုခံစားရသည်။

“ငါတို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီးသွားပြီ ဒါပေမယ့် မင်းဘယ်သူလဲဆိုတာမပြောတော့ဘူးလား” ဝေကျိရွှီ ထိထိမိမိမေးလိုက်သည်။

“ငါ့နာမည်က ရှီမာယူယူ” ရှီမာယူယူ ရိုးရှင်းစွာပြောလိုက်သည်။

“မင်းက ရှီမာယူယူလား၊ သူတို့ပြောတာက ရှီမာယူယူက…” ဝေကျိရွှီသည် ရှီမာယူယူအား ကြက်သေသေ၍ စိုက်ကြည့်လိုက်ပြီး တိုတောင်းသော အချိန်အတွင်း သူ၏ မျက်နှာအမူအရာကို ထိန်းချုပ်၍မရပေ။

ဝူရန်ဖေ၏ အမူအရာပင် အနည်းငယ် ထူးဆန်းသွားသည်။

“မြင့်မြတ်တဲ့ စစ်သူကြီးရဲ့ ငါးယောက်မြောင်မြေး၊ ဒုံချန်းရဲ့ အသုံးမဝင်တဲ့အမှိုက်၊ ယောက်ျားတွေကို လိုလားတဲ့ ရှီမာယူယူ” ဘေဂုံထန်သည် ရှီမာယူယူအားကြည့်၍ သူမနှင့်ပတ်သတ်သော ကောလဟလများကို ပွင့်ပွင့်လင်းလင်းရေရွတ်နေသည်။ “ငါတို့တွေ့ပြီးပြီပဲ။ အခုငါ့အခန်းငါပြန်တော့မယ်”

သူမစကားဆုံးသည်နှင့် ချက်ချင်းပင် သူတို့ဘေးတွင်ရှိသော အခန်းသို့ လှည့်ဝင်ခဲ့သည်။

ဘယ်လောက်တောင်အေးစက်လိုက်တဲ့ မိန်းကလေးလဲ။ သူမသည် အရမ်းလှသည် ပြီးတော့ အခုဆို သူမတည်ငြိမ်သည်၊ တသီးတခြားလှနေသည်။ သူမ အားလုံးတွင်ရှိသော နောက်ကြောင်းပြန်သော အတွေးများအား ရုတ်သိမ်းစေသည်။ ရွေးချယ်မှုတွင် သူမကိုယ် သူမခွဲခြားထားသည်။ သူမအကြောင်းများကို အခြားသူများမသိစေရန် လျှို့ဝှက်ချက်အဖြစ်ကွယ်ဝှက်ထားချင်သည်ဟု ရှီမာယူယူခံစားမိသည်။

“ငါလည်းပြန်တော့မယ်” ပြောပြီးနောက် ဝူရန်ဖေထွက်သွားသည်။

“အဟွတ် အဟွတ်…ဒါဆို.. ငါတို့ အဆောင်ဖော်ဖြစ်သွားပြီ” ဝေကျိရွှီပြောပြီး နေရခက်စွာ ရယ်လိုက်သည်။ “ဆရာက ဒီနေ့ ဗဟုသုတတွေသင်လိုက်တယ်၊ ငါပြန်နွေးရဦးမယ်၊ သွားပြီ”

ဝေကျရွှီ၏ ကြောက်လန့်တကြားဖြစ်သော နောက်ကျောအားကြည့်၍ ရှီမာယူယူ ကသိကအောက်ခံစားလိုက်ရသည်။

ဝေကျရွှီသည် တခြားသူတွေနဲ့ယှဉ်ရင် ပိုညက်တာပဲ သူသန်မာတယ်ဆိုတာပြဖို့ လိုလို့လား၊ သူတကယ်ကြောက်နေလို့လား။

“ဖက်တီးကျူ မင်းဒီမှာရပ်နေတာပဲ” ရှီမာယူယူ သူမလက်အားဆန့်ထုတ်လိုက်ပြီး ဖက်တီးကျူ၏ ကော်လံအားဆွဲကိုင်လိုက်ပြီး ဆွဲလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ” ရှီမာယူယူ၏ ယုတ်မာသော အကြည့်အားတွေ့လိုက်သည်နှင့် ဖက်တီးကျူသည် အလိုအလျောက်လက်မြောက်၍ သူ့ရင်ဘက်ကို ကြက်ခြေခတ်ကာ ကာကွယ်ပြီးသားဖြစ်သွားသည်။ သူ့မျက်နှာတွင်တော့ သိက္ခာမဲ့စွာ အကြောက်လွန်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset