Switch Mode

အခန်း (၄၅၀)

အခန်း (၄၅၀) - အမှောင်အိပ်မက်

အလားတူပင် ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်မှာလည်း အကန့်အသတ်ရှိနေ၏။ ဝမ်ပေါင်လဲ့ ပြေးလာသည့် လမ်းတစ်လျှောက်ရှိ သားရဲကြီးပေါင်း မြောက်မြားစွာကြောင့် ထိုမီးတောက်မှာ ကုန်ခမ်းသွားရပြီဖြစ်သလို ဝမ်ပေါင်လဲ့မှာလည်း သိသိသာသာ အားအင်ချည့်နဲ့နေရပြီ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ အချိန်ကိုက် လှုပ်ရှားနိုင်ခဲ့၏။ အမှောင်မီးတောက် ကုန်ဆုံးသွားပြီဖြစ်ပါသော်လည်း သူသည် အနက်ရောင်ဝတ်ရုံကြီး ဟန့်တားခံထားရသည့် အချက်ကို အခွင့်ကောင်းယူကာ ချိုင့်ခွက်ကြီးထဲသို့ ဝင်ရောက်သွားတော့သည်။

သူ ချိုင့်ခွက်ကြီးထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံကြီးမှာ မကျေမချမ်းဖြစ်နေသည့် အသံဖြင့် အော်ဟစ်လိုက်၏။ ထိုအော်သံကြီးမှာ မြေအောက်ကမ္ဘာကြီး၏ တတိယထပ်တစ်ထပ်လုံးတွင် ပျံ့နှံ့သွားသဖြင့် မြို့ဝောာ်များအားလုံးမှာ တုန်ရီသွားရသည်။ သို့သော် အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။

” အဘိုးကြီးရာ။ ခဗျား သူ့ကို အထဲဝင်ခွင့်ပေးလိုက်တော့ရော ဘာထူးမှာလဲ။ အမှောင်ဂိုဏ်းက မရှိတော့ဘူးလေ။ အာကာသကြီးထဲမှာ မျောလွင့်နေတဲ့ လူတွေအကုန်လုံးကလည်း သေသွားကြပြီ။ သူတို့ သေသွားခဲ့တဲ့ ပုံတွေဆို သနားဖို့တောင်ကောင်းတယ် ”

” ကျုပ်က သမိုင်းကို မလေးစားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့က လွတ်လပ်နေပြီလေ။ ဘာလို့အမှောင်ဂိုဏ်းအတွက် အသေခံနေရဦးမှာလဲ ”

” အမှောင်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ သတ္တဝါကြီးက အခုဆိုရင် အဆုံးမဲ့ကြယ်နယ်မြေရဲ့ သခင်ကြီးဖြစ်နေပြီဆိုတာ ခဗျား သိမှာပါ ” အနက်ရောင်ဝတ်ရုံကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် အလွန်အင်မတန်မှ ဒေါသထွက်နေသောကြောင့် သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း ပေါ်ပေါက်လာရတော့သည်။ ၎င်းမှာ အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသော အကြီးအကဲတစ်ယောက် မဟုတ်ပေ။ အိုမင်းနေသော မျက်နှာကြီးတစ်ခုမှာ ထိုအနက်ရောင်ဝတ်ရုံ၏ အ‌ထက်တွင် ပေါ်ပေါက်လာသောကြောင့် ထိုဝတ်ရုံကြီးမှာ သူ၏ခန္ဓာကိုယ်ကြီးကဲ့သို့ ဖြစ်နေ၏။

ထိုအချိန်တွင် ကောင်ကလေးမှာ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် အနက်ရောင်ဝတ်ရုံကြီး၏ ဘေးတွင် ပေါ်ပေါက်လာ၏။ သူသည် လက်ရှိအခြေအနေကြီးတစ်ခုလုံးကို နားမလည်သည့်ပုံဖြင့် ဝမ်ပေါင်လဲ့အားကြည့်လိုက် အနက်ရောင်ဝတ်ရုံကြီးအားကြည့်လိုက် ဖြစ်နေ၏။ ထို့အပြင် သူသည် အနက်ရောင်ဝတ်ရုံကြီး၏ စကားများကိုလည်း နားမလည်နိုင်ဘဲ ဖြစ်နေရသည်။

” အရူးကောင် ” အနက်ရောင်ဝတ်ရုံကြီးမှာ ထိုကောင်ကလေးအားကြည့်ရင်း ပို၍ပင် ဒေါသထွက်လာရသောကြောင့် ဆဲဆိုကြိမ်းမောင်းမိလိုက်၏။ သို့သော် ကောင်ကလေးမှာ ထိုသို့အဆူခံလိုက်ရသဖြင့် မပျော်မရွှင် ဖြစ်သွားရသည်။

” အဝတ်စုတ်ကြီး။ ခဗျား ဘယ်သူ့ကိုဆူနေတာလဲ ”

” မင်းကို ဆူနေတာကွ အဘိုးကြီးရ။ တစ်ချိန်လုံး အသက်ငယ်ချင်ယောင် ဆောင်နေပြီးတော့ ဘာလုပ်မှာလဲ ”

မြေအောက်ကမ္ဘာကြီး၏ တတိယထပ်ပေါ်တွင် အမျက်ချောင်းချောင်းထွက်နေသည့် အနက်ရောင်ဝတ်ရုံကြီးနှင့် ကောင်ကလေးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကျိန်ဆဲနေကြပြီး တိုက်ကွက်များပင်ထုတ်သုံးကာ အပြန်အလှန်တိုက်ခိုက်နေကြပြီဖြစ်သည်။ မြေပြင်ပေါ်ရှိ သားရဲကြီးများနှင့် နောက်ထပ် ထပ်၍ရောက်ရှိလာကြသော သားရဲကြီးများမှာ ၎င်းတို့၏ ခေါင်းဆောင်များဟု မှတ်ယူထားကြသည့် သူတို့နှစ်ယောက် ကောင်းကင်ယံထဲ၌ တိုက်ခိုက်နေကြသည်ကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။ သူတို့မှာ သူတို့နှစ်ယောက်ကြား၌ ဝင်မပါရဲသော်ကြောင့်‌ ခေါင်းများငုံ့သွားကြပြီး စောင့်ဆိုင်းနေလိုက်ကြတော့သည်။

တစ်ချိန်ထဲမှာပင် နေအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် အာကာသထဲတွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည့် တားမြစ်နယ်မြေကြီးတစ်ခု ရှိနေ၏။ လူများမှာ ထိုနယ်မြေကြီး ရှိနေသည်ကို မေ့နေကြသည်ပုံပင်။ ၎င်းမှာ အခြားဂြိုဟ်များနှင့်အတူ ရှိမနေသကဲ့သို့ ဖြစ်နေ၏။ယခင်တုန်းက အခေါင်းကြီးတစ်ခု ထုတ်လွှတ်ပေးခဲ့သော ဝဲကြီးမှာ ထိုနယ်မြေထဲတွင် ရှိနေ၏။ ယခုတွင် ထိုဝဲကြီးထဲမှ သက်ပြင်းချသံတစ်သံ ပေါ်ထွက်လာသည်။

ထိုသက်ပြင်းချသံ ပေါ်ထွက်လာသည်နှင့် ထိုဝဲကြီး၏ အရွယ်အစားနှင့် တစ်ထေရာတည်းတူသော မျက်နှာကြီးတစ်ခုမှာ ထိုဝဲထဲ၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ နေအဖွဲ့အစည်း ရှိရာဘက်သို့ လှမ်းကြည့်နေပြီး အချိန်အတော်အတန် ကြာပြီးသွားသောအခါ မျက်လုံးများမှိတ်ကာ နောက်ထပ်တစ်ကြိမ်ထပ််၍ သက်ပြင်းချလိုက်ပြန်သည်။ ထိုအခါ ၎င်း၏ အသိစိတ်မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် အာကာသကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားတော့သည်။

ထိုအချိန်တွင် မြေအောက်ကမ္ဘာကြီး၏ ဒုတိယထပ်ပေါ်ရှိ အခြားဂြိုဟ်မှ ကျင့်ကြံသူသုံးယောက်မှာ လူစုခွဲကာ ထွက်ပေါက်တစ်ခုကို သဲကြီးမဲကြီး ရှာဖွေနေကြပြီဖြစ်သည်။ သို့သော် သူတို့မှာ မည်မျှပင်ကြိုးစားစေကာမူ ၎င်းအား ရှာမတွေ့နိုင်ဘဲ ဖြစ်နေရသည်။

နောက်ဆုံးတွင် သူတို့မှာ အတားအဆီး အကာအရံကြီး အပါးလွှာဆုံးရှိနေသည့် နေရာတစ်ခုအား ရှာဖွေတွေ့ရှိသွားကြသည်။ သို့သော် သူတို့မှာ ထိုနေရာအား အင်အားသုံး၍ ထိုးဖောက်ကာ ထွက်ပြေးရန် ပြင်လိုက်ကြစဉ်တွင် မြေအောက်ကမ္ဘာကြီးတစ်ခုလုံးမှာ ရုတ်တရက်‌ဆိုသလို အပြင်းအထန် တုန်ရီသွားရတော့သည်။ ထို့နောက် ကောင်းကင်ကြီးမှာ အသွင်ပြောင်းလဲသွားကာ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ တလိပ်လိပ်ထလာကြတော့သည်။ ထို့နောက် နေရာအားလုံးမှာ ချက်ချင်းဆိုသလိုပင် မာကျောသွားကြပြီး ပထမအထပ်တွင် ရှိနေခဲ့သည့် ဝိညာဉ်ပင်လယ်ကြီးထဲမှ ဝိညာဉ်များသာမက ဒုတိယအထပ်ရှိ အလောင်းကောင်များမှာလည်း လှုပ်ရှားနိုင်စွမ်း မရှိတော့သည့်အလား ရပ်တန့်သွားရတော့သည်။

ဝိညာဉ်ပင်လယ်ကြီးမှာမူ တည်ငြိမ်နေပြီး သင်္ချိုင်းမြေကြီးမှာလည်း တိတ်ဆိတ်နေ၏။ တတိယအထပ်တွင်မူ ခေါင်းငုံ့ထားကြသည့် သားရဲကြီးများမှာလည်း မလှုပ်နိုင်ကြတော့ပေ။ အမှောင်အဆောင်ပစ္စည်းထဲမှ ကြောက်မက်ဖွယ်ရာ အသိစိတ်ကြီးတစ်ခုမှာ အမည်မသိ နည်းလမ်းတစ်ခုခုဖြင့် ထိုနေရာသို့ ရောက်ရှိလာသကဲ့သို့ပင်။

ထိုအသိစိတ်ကြီးမှာ အလွန်အင်မတန်မှ အားကောင်းနေပြီး သူ၏ ရောက်ရှိလာမှုကြောင့် သက်ရှိအားလုံးမှာ ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

အချင်းချင်း တိုက်ခိုက်နေကြသည့် ကောင်ကလေးနှင့် အနက်ရောင်ဝတ်ရုံကြီးတို့ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် အသားများတုန်ရီလာပြီး ထိုအသိစိတ်ကြီး၏ ရောက်ရှိလာမှုကြောင့် သူတို့၏ နှလုံးသားထဲ၌ ပုန်းကွယ်နေခဲ့သည့် ကြောက်စိတ်များနှင့် မှတ်ဉာဏ်များမှာနောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်ပေါက်လာရတော့သည်။ ထိုအချိန်တွင် ကောင်ကလေးမှာ ဒူးထောက်ကျသွားပြီး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။

” ကျနော် မှားပါတယ်။ ကျနော် မှားသွားပါတယ်။ အသက်ချမ်းသာပေးပါ သခင်ကြီး ” ထိုကောင်ကလေး ထိုကဲ့သို့ အော်ဟစ်လိုက်သောအခါ အနက်ရောင်ဝတ်ရုံကြီးမှာလည်း သူ့ထက်ပင်ပို၍ အံ့ဩတုန်လှုပ်သွားရ၏။ သို့သော် သူသည် အသနားခံနေခြင်းမရှိဘဲ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် လေသံဖြင့် ရေရွတ်မိလိုက်၏။

” ဒီအသိစိတ်ကြီးက…. မဖြစ်နိုင်တာ။ လုံးဝမဖြစ်နိုင်ဘူး။ သူ သေသွားခဲ့ပြီလေ။ အဲဒီတုန်းက တိုက်ပွဲကြီးထဲမှာ…သူ သေသွားခဲ့တာလေ ”

ကောင်ကလေး ဒူးထောက်ကာ အသနားခံနေပြီး အနက်ရောင်ဝတ်ရုံကြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မှင်တက်နေစဉ် ထိုအသိစိတ်ကြီးမှာ သူတို့အား လျစ်လျူရှုကာ သူတို့၏ဘေးမှ ဖြတ်သွားလိုက်ပြီး ဂူကြီးထဲသို့ ဝင်ရောက်သွားတော့သည်။

ဂူထဲတွင် ရှိနေသော ဝမ်ပေါင်လဲ့မှာမူ ဇဝေဇဝါဖြစ်နေရ၏။ သူသည် ထိုအသိစိတ်ကြီး၏ ရောက်ရှိလာမှုကိုသာမက ‌ဆင့်ခေါ်သံကြီးကိုပင် အာရုံမခံမိဘဲ ဖြစ်နေရ၏။ သူ ထိုချိုင့်ခွက်ကြီးထဲသို့ ဝင်လာခဲ့ပြီးနောက် ၎င်းတို့အားလုံးမှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။

ထိုမျှသာ မကပေ။ ချိုင့်ခွက်ကြီးထဲတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ရှိမနေဘဲ မည်းမှောင်နေသည့် ဗလာနတ္ထိ ဟင်းလင်းပြင်ကြီးသာ ရှိနေသည်။

ဝမ်ပေါင်လဲ့မှာ လှေတစ်စင်းပေါ်တွင် ရှိနေပြီး ထိုလှေကလေးမှာ ဟင်းလင်းပြင်ကြီးထဲသို့ တဖြည်းဖြည်းချင်း ဦးတည်သွားနေ၏။ ထိုလှေကလေးမှာ တစ်စင်းလုံး မည်းနက်နေသောကြောင့် ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်းပေါင်းစည်းနိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေပြီး စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ရှေးဆန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်၌ နဂိုမူလ အဝတ်အစားများ ရှိမနေတော့ဘဲ သူမြင်ဖူးနေသည့် အနက်ရောင်ဝတ်ရုံတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

ထို့အပြင် သူ၏ရှေ့တွင် လှော်တက်တစ်ချောင်းရှိနေ၏။ ပို၍တိတိကျကျဆိုရမည်ဆိုလျှင် ၎င်းမှာ မီးအိမ်လှော်တက်တစ်ချောင်း ဖြစ်နေ၏။ ၎င်း၏ထိပ်တွင် အစိမ်းရောင်မီးအိမ်တစ်လုံး ချိတ်ဆွဲထားသည်။

လှေတစ်စင်း၊ အနက်ရောင်ဝတ်ရုံ၊ မီးအိမ်လှော်တက်…

ဝမ်ပေါင်လဲ့မှာ ထိုအရာများအားလုံးကို မြင်လိုက်ရသည်နှင့် အင်္ဂါဂြိုဟ် လေ့လာရေးစက်ရုံထဲတွင် မြင်ခဲ့ရသည့် ကျောက်ပင်ဖန်း၏ နံရံဆေးရေးပန်းချီကြီးကို ပြန်၍ အမှတ်ရသွားတော့သည်။

ထို့ကြောင့် သူသည် ဇဝေဇဝါဖြစ်သွားရ၏။ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်လွန်းနေသောကြောင့် သူ၏ အတွေးများမှာလည်း ရီဝေဝေဖြစ်လာရ၏။ ထိုသို့ဖြင့် လှေကလေးမှာ တဖြည်းဖြည်းနှင့် ရှေ့သို့ဆက်လက်ရွေ့လျားသွားပြီး ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှာ ပို၍ပင် တိတ်ဆိတ်ငြိမ်သက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏မျက်လုံးများကို ဆက်၍ဖွင့်မထားနိုင်တော့ပေ။ သူသည် ထိုလှေထဲ၌ ထိုင်ချလိုက်ပြီး ဘေးဘက်သို့မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မည့် အခြေအနေသို့ ရောက်သွားတော့သည်။

သူသည် ထိုကဲ့သို့ အိပ်ပျော်ခါနီးဆဲဆဲတွင် အဝေးတစ်နေရာမှ သံစဉ်တစ်ခု ပျံ့လွင့်လာသည်ကို ခပ်ရေးရေးခန့် ကြားလိုက်ရ၏။ ထိုသံစဉ်မှာ ကလေးငယ်တစ်ယောက်၏ အသံမဟုတ်ဘဲ အသက်ကြီးပိုင်းလူတစ်ယောက်၏ နွေးထွေးမှုအပြည့်ရှိသော အသံဖြစ်နေသည်။ ၎င်းမှာ သူ၏ နားထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် သူ့အား အိပ်မက်ကမ္ဘာထဲသို့ ခေါ်ဆောင်သွားတော့သည်။

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

ထိုသံစဉ်လေးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အပြည့်အဝ နေရာယူသွား၏။ သူသည် ခေါင်းငိုက်စိုက်ကျသွားပြီး မျက်လုံးများ ပြန်ဖွင့်ရန် ကြိုးပမ်းလိုက်သောကြောင့် မျက်ခွံများ တုန်ရီသွားရ၏။ သို့သော် သူသည် မောပန်းနွမ်းနယ်လွန်းနေပြီဖြစ်ရာ နောက်ဆုံးတွင် သတိမေ့မျောသွားတော့သည်။

သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသောအခါ ထိုကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့သော အသိစိတ်ကြီးမှာ ဟင်းလင်းပြင်ကြီးထဲသို့ ဦးတည်သွားနေသည့် လှေကလေး၏ဘေးတွင် ပေါ်ပေါက်လာသည့်ပုံပင်။ ၎င်းမှာ တဖြည်းဖြည်းနှင့် အဘိုးကြီးတစ်ယောက်၏ ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး လှေကလေးပေါ်၌ရပ်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်မျိုးစုံ ရောယှက်နေပြီး နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။

” ဒီကမ္ဘာကြီးထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ သစ်စေ့ပါလား… ကြည့်ရတာ ဝိညာဉ်ပြန်ဝင်စားတဲ့တစ်‌ယောက် ထင်တယ် ”

” ထားလိုက်ပါတော့… ” ထိုအဘိုးကြီးမှာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ညာဘက်လက်အား မြှောက်ကာ ဝမ်ပေါင်လဲ့၏ နဖူးပေါ်သို့ ဖိရင်း တတွတ်တွတ် ရေရွတ်လိုက်၏။

” အမှောင်အိပ်မက် ”

ဝမ်ပေါင်လဲ့မှာ သူသည် အိပ်မက်တစ်ခုထဲသို့ ရောက်ရှိနေသည့်အလား အမှန်တကယ်ပင် ခံစားနေရ၏။ ထိုအိပ်မက်ကမ္ဘာထဲရှိ မီးရောင်စုံ တောက်ပနေသော အလင်းတန်းများကြောင့် သူသည် ထိုအိပ်မက်ထဲမှ နိုးထချင်စိတ် မရှိဘဲ ဖြစ်နေရသည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ထိုသံစဉ်လေးအား ထပ်၍ ကြားလိုက်ရပြန်သည်။ ထိုအသံမှာ ပထမအကြိမ်တုန်းကအတိုင်း နွေးထွေးဖော်ရွေမှုအပြည့် ရှိနေပြီး အဝေးတစ်နေရာမှ သူ့ဆီသို့ ချဉ်းကပ်လာနေသည့်ပုံပင်။ ၎င်းမှာ သူ၏နားထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် သူသည် မျက်လုံးများပွင့်လာ၏။

သူသည် လှေကလေးပေါ်တွင် ရှိနေဆဲဖြစ်ပါသော်လည်း သူ၏ ဘေးပတ်ပတ်လည်တွင် ဟင်းလင်းပြင်ကြီးရှိမနေတော့ဘဲ စကြဝဠာကြီး ရှိနေပြီဖြစ်သည်။

ထိုစကြဝဠာကြီးမှာ ကျယ်ပြောလွန်းလှပြီး အဆုံးအစမရှိလောက်အောင် ကြီးမားနေသောကြောင့် သူသည် ဝဲများကဲ့သို့ လည်ပတ်နေသည့် ကြယ်တာရာများနှင့် သူ လုံးဝမမြင်ဖူးသော ဖုန်မှုန့်များကိုပါ မြင်နေရ၏။ ထို့အပြင် ဥက္ကာခဲများ အဆက်မပြတ် လည်ပတ်ကာ မျောလွင့်နေကြသည်ကိုလည်း မြင်နေရသည်။

အရာအားလုံးမှာ ထူးဆန်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ အံ့ဩတုန်လှုပ်သွားရ၏။ တစ်ချိန်ထဲမှာပင် သူသည် အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက် မီးအိမ်လှော်တက်တစ်ချောင်းကိုကိုင်ကာ သူ၏ရှေ့၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

သူသည် ထိုမီးအိမ်လှော်တက်ကို အသုံးပြုကာ စကြဝဠာကြီးထဲ၌ လှည့်လည်သွားလာနေခြင်း ဖြစ်သည်။

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

ထိုအဘိုးကြီး၏ နှုတ်မှ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသည့် ခပ်အောအော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအဘိုးကြီးမှာ ဝမ်ပေါင်လဲ့ သတိရလာပြီဖြစ်ကြောင်း အာရုံခံမိလိုက်သောအခါ အသံတိတ်သွား၏။ ထို့နောက် သူသည် နောက်သို့လှည့်လာသောအခါ သူ၏ အနက်ရောင်ဝတ်ရုံ၏ အောက်တွင် ပါးရေနားရေများ တွန့်နေပါသော်လည်း ကြင်နာမှုအပြည့်ရှိနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် သူသည် နွေးထွေးမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ ပြုံး၍ မေးလိုက်၏။

” ပေါင်လဲ့။ မင်း ဘာဖြစ်သွားတာတုံး “

Comment

Leave a Reply

Options

not work with dark mode
Reset